3942ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၁၂။ သုဘဒ္ဒပရိဗ္ဗာဇကဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

မလဝဂ်

၁၂။ သုဘဒ္ဒ ပရိဗိုဇ်ဝတ္ထု

အာကာသေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ကုသိနာရုံပြည်ဝယ် အကွေ့ဖြစ်သော မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ ပရိနိဗ္ဗာန်ပြုအံ့သော ညောင်စောင်းထက်၌ လျောင်းစက်တော်မူစဉ် သုဘဒ်ပရိဗိုဇ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

နောက်ဆုံးမှ ဘုရားနှင့် တွေ့ရခြင်း

ထိုသုဘဒ်ပရိဗိုဇ်ကား လွန်လေပြီးသောအခါ၌ ညီနှင့်အစ်ကို နှစ်ယောက်သည် တစ်ကြိမ်စိုက်ပျိုးသော စပါး၌ ကိုးကြိမ်တိုင်တိုင် အဦးအဖျားဟူသော အလှူကို ပေးလှူလတ်သည်ရှိသော် အလှူပေးလှူခြင်းငှာ အလိုမရှိခြင်းကြောင့် ဆုတ်နစ်ကာ ချန်နေခဲ့၍ အဆုံး၌ ပေးလှူလေ၏။ ထို့ကြောင့် ပထမ ဗောဓိ၌လည်းကောင်း၊ မဇ္ဈိမဗောဓိ၌လည်းကောင်း မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှာ မရခဲ့ရှာလေသတတ်။ ပစ္ဆိမဗောဓိ၌ကား မြတ်စွာဘုရားသည် ပရိနိဗ္ဗာန်ပြုရန်ကာလ ရောက်လတ်သော် “ငါသည် သုံးပါးသော ပြဿနာတို့၌ မိမိ၏ ယုံမှားခြင်းကို အသက်အရွယ် ကြီးရင့်ကုန်သော ပရိဗိုဇ်ရဟန်းတို့ကို မေးမြန်းပြီးလျက် ရဟန်းဂေါတမကိုကား ငယ်၏ဟူသော အမှတ်သညာဖြင့် မမေးမိ၊ ရဟန်းဂေါတမအားလည်း ယခုအခါ ပရိနိဗ္ဗာန်ပြုတော်မူအံ့သော အခါဖြစ်၏၊ နောင်သောအခါ ငါ့အား ရဟန်းဂေါတမကို မမေးလိုက်မိသော အကြောင်းကြောင့် နှလုံးမသာယာခြင်းသည် ဖြစ်ရာ၏”ဟု နှလုံးပြုလျက် မြတ်စွာဘုရားသို့ ချဉ်းကပ်လေသောကြောင့် ရှင်အာနန္ဒာမထေရ်သည် တားမြစ်အပ်သော်လည်း မြတ်စွာဘုရားသည် အခွင့်ပေးခြင်း ပြုတော်မူသဖြင့် “ချစ်သားအာနန္ဒာ- သုဘဒ်ပရိဗိုဇ်ကို မတားမြစ်လင့်၊ ငါဘုရားကို ပြဿနာမေးပါစေ”ဟု မိန့်တော်မူလတ်သော် တင်းတိမ်၏အတွင်းသို့ ဝင်စေ၍ ညောင်စောင်းအောက်၌နေလျက် “အို..အရှင် ရဟန်းဂေါတမ- အသို့ပါနည်း၊ ကောင်းကင်၌ ခြေရာမည်သည် ရှိပါသလော၊ ဤသာသနာတော်မှ အပ၌ ရဟန်းမည်သည် ရှိပါသလော၊ မြဲသော သင်္ခါရတို့မည်သည် ရှိကုန်သလော”ဟု ဤပြဿနာတို့ကို မေးမြန်းလေ၏။ ထိုအခါ သုဘဒ်ပရိဗိုဇ်အား မြတ်စွာဘုရားသည် ထိုခြေရာစသည်တို့၏ မရှိခြင်းကို မိန့်ကြားတော်မူလိုလျက် ဤဂါထာတို့ဖြင့် တရားဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၅၄] အာကာသေဝ ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ။
ပပဉ္စာဘိရတာ ပဇာ၊ နိပ္ပပဉ္စာ တထာဂတာ။

[၂၅၅] အာကာသေဝ ပဒံ နတ္ထိ၊ သာမဏော နတ္ထိ ဗာဟိရေ။
သင်္ခါရာ သဿတာ နတ္ထိ၊ နတ္ထိ ဗုဒ္ဓါနမိဉ္ဇိတံ။

အာကာသေ၊ ကောင်းကင်၌။ ပဒံ၊ ခြေရာသည်။ နတ္ထိဧဝ၊ မရှိသည်သာလျှင်တည်း။ ဗာဟိရေ၊ ငါ၏ သာသနာတော်မှ အပ၌။ သမဏော၊ မဂ်ရ,ဖိုလ်ရ ရဟန်းမည်သည်။ နတ္ထိဧဝ၊ မရှိသည်သာလျှင်တည်း။ ပဇာ၊ သတ္တဝါအပေါင်းသည်။ ပပဉ္စာဘိရတာ၊ သံသရာစက်ကို ချဲ့တတ်ကုန်သော ပပဉ္စ တရားတို့၌သာ အလွန်မွေ့လျော်ကြကုန်၏။ တထာဂတာ၊ ဘုရားရှင်တို့သည်။ နိပ္ပပဉ္စာ၊ သံသရာစက်ကို ချဲ့တတ်သော ပပဉ္စတရား မရှိကြကုန်။

အာကာသေ၊ ကောင်းကင်၌။ ပဒံ၊ ခြေရာသည်။ နတ္ထိ၊ မရှိသည်သာလျှင်တည်း။ ဗာဟိရေ၊ ဤသာသနာတော်မှ အပ၌။ သမဏော၊ မဂ်ရ,ဖိုလ်ရ ရဟန်းမည်သည်။ နတ္ထိ၊ မရှိ။ သဿတာ၊ မြဲကုန်သော။ သင်္ခါရာ၊ ခန္ဓာငါးပါး သင်္ခါရတရားတို့သည်။ နတ္ထိ၊ မရှိကုန်။ ဗုဒ္ဓါနံ၊ ဘုရားရှင်တို့အား။ ဣဉ္ဇိတံ၊ တဏှာ, မာန, ဒိဋ္ဌိတို့ဖြင့် တုန်လှုပ်ခြင်းသည်။ နတ္ထိ၊ မရှိ။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ သုဘဒ်ပရိဗိုဇ်သည် အနာဂါမိဖိုလ်၌ တည်လေ၏။ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သုဘဒ္ဒပရိဗိုဇ်ဝတ္ထု ပြီး၏။