သုမေဓဘုရားရှင်
၁၄။ သုမေဓဗုဒ္ဓဝင်
ပြင်ဆင်ရန်ပဒုမုတ္တရဘုရားရှင်ပွင့်တော်မူရာ ကပ်ကမ္ဘာကုန်ဆုံးပြီးနောက် ဘုရားမပွင့်သည့် သုည ကမ္ဘာ ခုနစ်သောင်းကို လွန်မြောက်ပြီးသောအခါ ဘုရားရှင်နှစ်ဆူပွင့်တော်မူသော မဏ္ဍကမ္ဘာ ပေါ်ပေါက်ခဲ့သည်။ ထိုမဏ္ဍကမ္ဘာသည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေသော် ကမ္ဘာပေါင်း သုံးသောင်း အထက်၌ ဖြစ်ခဲ့၏။ ပွင့်တော်မူခဲ့ကြသော ဘုရားရှင် နှစ်ဆူတို့မှာ သုမေဓ ဘုရားရှင်နှင့် သုဇာတ ဘုရားရှင်တို့ ဖြစ်ခဲ့ကြသည်။ ထိုနှစ်ဆူသော ဘုရားရှင်တို့အနက် သုမေဓဘုရားရှင်က ရှေးဦးစွာ ပွင့်တော်မူခဲ့၏။
သုမေဓဘုရားအလောင်းတော် ဖွားမြင်တော်မူခြင်း
ပြင်ဆင်ရန်သုမေဓဘုရားအလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူ ပြီးသည်၏အဆုံး၌ အလောင်း တော်တို့၏ ဓမ္မတာအရ တုသိတာနတ်ပြည်၌ စံနေတော်မူခဲ့သည်။ ထိုသို့ စံနေတော်မူစဉ် နတ်ဗြဟ္မာတို့က အလောင်းတော် နတ်သားအား ဘုံသုံးပါးတွင် ဘုရားဖြစ်တော်မူရန် အချိန် တန်ပြီဖြစ်၍ လူ့ပြည်သို့ ဆင်းသက်ကာ ပဋိသန္ဓေယူရန် တောင်းပန်ခဲ့ကြကုန်၏။ အလောင်း တော်သည် နတ်ဗြဟ္မာတို့ တောင်းပန်ချက်အရ တုသိတာနတ်ပြည်မှ စုတေ၍ လူ့ပြည် သုဒဿန နေပြည်တော် သုဒတ္တမင်းကြီး၏ တောင်ညာစံဒေဝီ၊ အဂ္ဂမဟေသီ သုဒတ္တာ ဒေဝီမိဖုရား ကြီး၏သန့်ရှင်းသိုက်မြိုက် ဝမ်းကြာတိုက်၌ ပဋိသန္ဓေစွဲနေစံပျော်၊ ကိန်းအောင်း တော်မူခဲ့သည်။ ဆယ်လလွန်မြောက် အချိန်ကာလရောက်သောအခါ မယ်တော် မိဖုရားကြီးသည် အလောင်းတော် မင်းသားကို သုဒဿနမင်္ဂလာ ဥယျာဉ် တော်အတွင်း၌ မီးရှူးသန့်စင်၊ ဖွားမြင်တော် မူခဲ့သည်။ အလောင်းတော်မင်းသား ပဋိသန္ဓေနေတော်မူသောအခါ ဖွားမြင်တော်မူသော အခါတို့၌ နိမိတ်ကြီးများ ထင်ခဲ့သည့်အပြင် အလောင်းတော်ဟူသမျှတို့၌ ဖြစ်ပေါ်လေ့ရှိသည့် ဓမ္မတာအတိုင်း အထူးအံ့ဩဖွယ် ရာ များဖြစ်ပေါ်ခဲ့သည်။
ထီးနန်းစိုးစံတော်မူခြင်း
ပြင်ဆင်ရန်အလောင်းတော် သုမေဓမင်းသားသည် တရွေ့ရွေ့ကြီးမြောက် အရွယ် တော်သို့ ရောက်သောအခါ သုမနာဒေဝီ မင်းသမီးနှင့် ရွှေလက်ထပ်၍ နန်းရပ်ထီးဖြူ စိုးစံတော်မူခဲ့သည်။ ဥတုသုံးလီ၊ ရာသီနှင့် လိုက်အောင် ဆောက်လုပ်ထား သော သုစန္ဒနရွှေနန်းဆောင်၊ ကဉ္စနရွှေနန်းဆောင်၊ သိရိဝဍ္ဎ ရွှေနန်း ဆောင်ဟူသော နန်းပြာသာဒ်သုံးဆောင်တို့၌ သုမနာမိဖုရား အမှူးပြုသော ရံရွှေတော် လေးသောင်း ရှစ်ထောင်တို့၏ ဖြေဖျော်လုပ်ကျွေးခြင်းကို ခံယူတော်မူလျက် နှစ်ပေါင်းကိုးသောင်း တို့ပတ်လုံး ထီးနန်းစည်းစိမ်ကို ခံစား၊ စံစားတော်မူခဲ့သည်။ အလောင်းတော် ၏သားတော်မှာ ပုနဗ္ဗသု မင်းသားဖြစ်ခဲ့၏။
တောထွက်တော်မူခြင်း
ပြင်ဆင်ရန်အလောင်းတော် သုမေဓမင်းသားသည် ထိုသို့ မင်းစည်းစိမ်ကို ခံစားတော်မူနေစဉ် သုမနာ မိဖုရားကြီးမှ ပုနဗ္ဗသု သားတော်ကို မွေးဖွားတော် မူသောအခါ နတ်တို့ ဖန်ဆင်းပြသခဲ့သည့် သူအို, သူနာ, သူသေ, ရဟန်း ဟူသော နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူခဲ့ပြီး၍ သတိသံဝေဂ ကြီးစွာဖြစ်လျက် ဆင်ယာဉ်ကို စီးကာ တောထွက်တော်မူ၍ ရဟန်းပြု တော်မူခဲ့သည်။ အလောင်းတော်မင်းသား ရဟန်းပြုသည်ကို အတုလိုက်ကာ ကုဋေတစ်ရာသော ယောကျ်ားတို့ ရဟန်းပြုခဲ့ကြ၏။ သုမေဓ မြတ်စွာဘုရား အလောင်းတော်သည် ထိုရဟန်းတစ်ကုဋေတို့နှင် အတူတကွ တစ်ဆယ့် ငါးရက် ပတ်လုံး ဒုက္ကရစရိယာခေါ် လွန်ကဲ့သော အကျင့်မြတ်တို့ကို ကျင့် တော်မူခဲ့၏။ ဘုရားဖြစ်မည့် ကဆုန် လပြည့်နေ့ဝယ် နကုလနိဂုံးနေ “နကုလာ” အမည်ရှိသော သူဌေးသမီးလှူဒါန်းသည့် ဃနာ နို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူလျက် ထိုအရပ်ရှိ အင်ကြင်းတော၌ပင် နေခိုတော်မူခဲ့၏။
ဘုရားဖြစ်တော်မူခြင်း
ပြင်ဆင်ရန်အင်ကြင်းတော၌ နေခိုတော်မူပြီးနောက် ညနေချမ်းအချိန်သို့ ရောက်သော အခါ အခြံအရံရဟန်းတို့ကို စွန့်ခွာ၍ မဟာဗောဓိပင်ရှိရာအရပ်သို့ တစ်ပါးတည်း ကြွတော်မူခဲ့သည်။ လမ်းခရီးအကြား၌ သိရိဝဍ္ဎ အမည်ရှိသော တက္ကတွန်းလှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို အလှူခံတော်မူခဲ့ပြီး မဟာဗောဓိ ပင်သို့ ရောက်တော်မူလေလျှင် မဟာဗောဓိ(မအူကြီး)ပင်အရင်း ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် ငါးဆယ့်ခုနစ်တောင်ပမာဏရှိသော အပရာဇိတပလ္လင်တော်ပေါ်ပေါက်ခဲ့၏။ အလောင်းတော်သည် ထိုအပရာဇိတ ပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူ၍ အင်္ဂါလေးပါးရှိသော ဝီရိယတော်ကို ဆောက်တည်အားထုတ်တော်မူခဲ့သည်။ ထိုနေ့ နေမဝင်မီ မာရ်စစ်သည်တို့ကို နှင်ထုတ်အောင် မြင်တော်မူပြီးနောက် ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်၊ မိုးသောက်ယံ နေအရုဏ်တက်သည်နှင့် တစ်ပြိုင်နက် အာသဝက္ခယဉာဏ်တော်ကို ရတော် မူကာ လောကသုံးပါး၌ ဘုရားဖြစ်တော်မူခဲ့သည်။
ဓမ္မစကြာတရားဦးကို ဟောတော်မူခြင်း
ပြင်ဆင်ရန်သုမေဓဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီးနောက် မဟာဗောဓိပင် အနီးမှာပင် သတ္တသတ္တာဟ-လေးဆယ့်ကိုးရက် စံနေတော်မူခဲ့၏။ အဋ္ဌမ သတ္တာဟသို့ ရောက်သောအခါ တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်းမှုကို လက်ခံ တော်မူပြီး၍ တရားဟောရန် သတ္တလောကကို ဗုဒ္ဓစက္ခုဖြင့် ကြည့်ရှုတော်မူလေလျှင်၊ ကိုယ်တော်မြတ်နှင့် (ဖတူမိကွဲ)ညီတော် သရဏ မင်းသားနှင့် သဗ္ဗကာမမင်းသားတို့ကိုလည်းကောင်း၊ ကိုယ်တော်မြတ်နှင့် အတူ တောထွက်ရဟန်းပြုခဲ့ကြသည့် ရဟန်းတော် တစ်ကုဋေတို့ကို လည်းကောင်း မြင်တော်မူခဲ့၏။ ဘုရားရှင်သည် ထိုရဟန်းတော် များရှိရာ သုဒဿနမြို့ အနီး သုဒဿမင်းဥယျာဉ်ကြီးသို့ ကောင်းကင်ခရီးဖြင့် တစ်ခဏခြင်း ကြွသွားတော်မူခဲ့၏။ ဥယျာဉ်တော်သို့ ရောက်တော်မူသည့်အခါ ဥယျာဉ်မှူးကို စေလွှတ်၍ မင်းသားနှစ်ပါးအား ခေါ်စေပြီး ထိုမင်းသားနှစ်ပါး၊ ရဟန်းတစ်ကုဋေတို့နှင့်တကွ တရားနာရန် ရောက်လာကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါတို့အား ဓမ္မစက္ကပဝတ္တသုတ် ဒေသနာတော်ကို ဟောတော်မူ ခဲ့သည်။ ဒေသနာတော် ဆုံးသောအခါ ကုဋေတစ်သိန်းသော သတ္တဝါတို့ မဂ်ဖိုလ် တရားထူးကို ရခဲ့ကြကုန်၏။
ဂေါတမဘုရားအလောင်း ဗျာဒိတ်ခံခြင်း
ပြင်ဆင်ရန်သုမေဓဘုရားရှင်လက်ထက်တော်၌ ဂေါတမဘုရား အလောင်းတော်သည် ဥစ္စာကုဋေ ရှစ်ဆယ် ကြွယ်ဝသည့် ဥတ္တရလုလင်ဖြစ်ခဲ့သည်။ အလောင်းတော် ဥတ္တရလုလင်သည် သိုမှီးထားသည့် ကုဋေရှစ်ဆယ်သော ပစ္စည်းတို့ကို ဘုရားအမှူးရှိသော သံဃာတော်တို့အား လှူဒါန်းပြီးနောက် ဘုရားရှင်၏ တရားတော်ကို ကြားနာရ၍ သရဏဂုံ၌ တည်ခဲ့သည့်အပြင် ဘုရားရှင်၏ သာသနာ တော်၌ ရဟန်းပြုခဲ့လေသည်။ ဘုရားရှင်သည် အလောင်းတော်အား “နောင်သောအခါ ဘဒ္ဒကမ္ဘာဝယ် ဂေါတမမည်သော ဘုရားစင်စစ် ဖြစ်တော်မူ လတံ့”ဟု ဗျာဒိတ်စကား မိန့်ကြား တော်မူခဲ့သည်။ အလောင်းတော်သည် ဘုရားရှင်၏ ဗျာဒိတ်စကား ကြားရသောအခါ အလွန်အမင်း ဝမ်းသာ ခြင်းဖြင့် ပါရမီတော်တို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်ခဲ့ လေသည်။
သုမေဓဘုရားရှင်၏ တပည့်သာဝကများ
ပြင်ဆင်ရန်သုမေဓဘုရားရှင်၏ (အဂ္ဂသာဝက) တပည့်မြတ်အစုံတို့ကား အရှင်သရဏ မထေရ်နှင့် အရှင်သဗ္ဗကာမ မထေရ် တို့ဖြစ်ခဲ့ကြကုန်၍ အလုပ်အကျွေး ရဟန်းတော်မှာ အရှင်သာဂရ မထေရ် ဖြစ်ခဲ့သည်။ (အဂ္ဂသာဝိကာ) မြတ်သော တပည့်မ အစုံတို့သည် အရှင်မ ရာမဏရီနှင့် အရှင်မ သုရာမာ ထေရီတို့ဖြစ်ခဲ့ကြကုန်ပြီး ပွင့်တော်မူရာ ဗောဓိပင်ကား မအူကြီးပင် ဖြစ်ခဲ့သည်။ (အဂ္ဂဥပဋ္ဌာက) မြတ်သော အလုပ်အကျွေး ဒါယကာ တို့သည် ဥရုဝေလ သူဌေးနှင့် ယသဝါသူဌေး တို့ဖြစ်ခဲ့ကြကာ (အဂ္ဂဥပဋ္ဌိကာ) အလုပ်အကျွေး ဒါယိကာမအစုံတို့ကား ယသောဓရာ ဥပါသိကာမနှင့် သိရိမာ ဥပါသိကာမတို့ ဖြစ်ခဲ့ကြကုန်၏။ သုမေဓဘုရားရှင်၏ အရပ်တော်သည် ရှစ်ဆယ့်ရှစ်တောင် မြင့်၍ ကိုယ်တော် မှထွက်သော ရောင်ခြည်တော်သည် ထက်ဝန်းကျင်တစ်ယူဇနာအတွင်း အမြဲပင် ထွန်းလင်းပျံ့နှံ့၍ နေခဲ့၏။
(ဓမ္မာဘိသမယ) တရားပွဲကြီးများ
ပြင်ဆင်ရန်သုမေဓဘုရားရှင်သည် သုဒဿနမြို့အနီး သုဒဿနမင်္ဂလာ ဥယျာဉ် တော်ကြီး၌ ညီတော်မင်းသား နှစ်ပါး၊ ရဟန်း တော် တစ်ကုဋေတို့နှင့်တကွ တရားနာရန် လာကြကုန်သော လူနတ်ဗြဟ္မာသတ္တဝါ တို့အား ဓမ္မစကြာ တရားဦးဟော တော်မူသော တရားပွဲသည် ရှေးဦးစွာသော (ဓမ္မာဘိသမယ) တရားပွဲကြီးဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ ကုဋေတစ်သိန်း သော နတ်လူဗြဟ္မာ သတ္တဝါတို့ မဂ်ဖိုလ်တရားထူးကို ရကြပြီး ကျွတ်တမ်းဝင် ခဲ့ကြကုန်၏။ သုမေဓဘုရားရှင်သည် တစ်နေ့သောအခါ မိုးသောက်ယံအချိန်တွင် မဟာကရုဏာ သမာပတ်ကို ဝင်စားတော်မူ၍ ကျွတ်ထိုက်သော သတ္တဝါ တို့ကို ကြည့်ရှုဆင်ခြင်တော်မူခဲ့၏။ ထိုအခါ တစ်ခုသော တောအုပ်၌ ကြောက်မက်ဖွယ် ကောင်းသော အသွင်ကို ဆောင်ကာ လူသားတို့ကို စားသောက်တတ်သည့် ကုမ္ဘကဏ္ဏဘီလူးကို မြင်တော်မူခဲ့သည်။ ဘုရားရှင်သည် ထိုဘီလူးကြီးကို ချေချွတ်အံ့သောငှာ အဖော်မပါ တစ်ပါးတည်း ထိုဘီလူးကြီး၏ ဗိမာန်သို့ ကြွသွားတော်မူခဲ့သည်။ ဘီလူးကြီးသည် ဘုရားရှင်ကို တွေ့မြင်ရသော် လွန်စွာဒေါသ ထွက်သဖြင့် ကြောက်မက် ဖွယ်ကောင်းသော ပုံပန်းသဏ္ဌာန် အကြည့်ရဆိုးသော ဟန်အမူအရာဖြင့် ဘုရားရှင်၏ ရှေ့တော်တွင် ရပ်တည်ကာ ဘုရားရှင်အား ချောက်လှန့်ခဲ့သည်။ ဘုရားရှင်က ကြောက်ရွံ့ခြင်း အလျဉ်း မရှိ၊ ပကတိ တည်ငြိမ်သော ဣန္ဒြေ တော်ဖြင့် ထိုင်တော်မူနေသည်ကို တွေ့ရပြန်သော် ဘီလူးကြီးသည် ပို၍ ဒေါသထွက်ကာ အခိုးအလျှံလွှတ်ခြင်း၊ ကျောက်ခဲမိုး၊ တောင်လုံးမိုး၊ မီးလျှံမိုး၊ ရေပူမိုး၊ ရွှံ့ညွန်မိုး၊ ပြာပူမိုး၊ လက်နက်မိုး၊ မီးကျီးမိုး၊ သဲပူမိုး စသည်တို့ကို ရွာစေခြင်းဖြင့် ဘုရားရှင်အား တိုက်ခိုက် ချောက်လှန့်ခဲ့ပြန်သည်။ သို့သော်လည်း ဘုရားရှင်၏ မွေးညင်းတော် တစ်ပင်ကိုမျှ တုန်လှုပ်အောင် မစွမ်းဆောင်နိုင်ခဲ့။ နောက်ဆုံးတွင် ဘီလူးကြီးသည် ဘုရားရှင်အား “ပြဿနာပုစ္ဆာကို မေး၍ သတ်အံ့”ဟု ကြံစည် ပြီးလျှင် ပြဿနာပုစ္ဆာများကို မေးခဲ့ သည်။ ထိုအခါ သုမေဓဘုရားရှင် သည် ပြဿနာပုစ္ဆာတို့ကို ဖြေဆို၍ ကုမ္ဘကဏ္ဏဘီလူးကြီးကို ယဉ်ကျေးအောင် ဆုံးမတော်မူခဲ့လေသည်။ ထိုသတင်းကို ကြားကြကုန်သော လူနတ်ဗြဟ္မာ သတ္တဝါတို့သည် ဘုရားရှင်ထံ ချဉ်းကပ်ခဲ့ကြကုန်၏။ ဘုရားရှင်သည် ထိုအခါ ဘီလူးနှင့်တကွ လာရောက်ကြကုန်သော လူနတ်ဗြဟ္မာသတ္တဝါတို့အား ဟောကြားခဲ့သော တရားပွဲသည် ဒုတိယ အကြိမ်မြောက် (ဓမ္မာဘိသမယ) တရားပွဲကြီးဖြစ်ခဲ့သည်။ ထိုတရား ပွဲကြီး၌ ကုဋေကိုးသောင်းသော သတ္တဝါတို့ မဂ်ဖိုလ်တရားထူးကိုရကာ ကျွတ်တမ်း ဝင်ခဲ့ကြ၏။ ထို့နောက် အခါတစ်ပါး၌ သုမေဓဘုရားရှင်၏ ဥပကာရီမြို့အနီး သိရိနန္ဒန ဥယျာဉ်ကြီးအတွင်း၌ နတ်လူဗြဟ္မာသတ္တဝါ အပေါင်းတို့အား သစ္စာလေးပါးတရားကို ဟောကြား တော်မူခဲ့သော တရားပွဲသည် တတိယ အကြိမ်မြောက်(ဓမ္မာဘိသမယ) တရားပွဲ ကြီးဖြစ်ခဲ့သည်။ ထိုတရားပွဲကြီး၌ လည်း ကုဋေရှစ်သောင်း သော နတ်လူဗြဟ္မာသတ္တဝါတို့ မဂ်ဖိုလ်တရား ထူးကိုရကာ ကျွတ်တမ်းဝင် ခဲ့ကြပြန်သည်။
သာဝက (သန္နိပါတ) အစည်းအဝေးကြီးများ
ပြင်ဆင်ရန်သုမေဓဘုရားရှင်လက်ထက်တွင် သာဝကအစည်းအဝေးကြီး သုံးကြိမ် ဖြစ်ခဲ့သည်။ ဘုရားရှင်သည် တစ်နေ့သောအခါ သုဒဿနနေပြည်တော်သို့ ကြွသွားတော်မူခဲ့သည်။ ထိုအခါ ကုဋေတစ်ရာသော ရဟန္တာတို့ စည်းဝေးမိခဲ့ ကြကုန်၏။ ထိုအစည်းအဝေးကြီးကား ရှေးဦးစွာသော သာဝက (သန္နိပါတ) အစည်းအဝေးကြီးဖြစ်ခဲ့သည်။ ထို့နောက်အခါ တစ်ပါး ဝယ် မြတ်စွာဘုရားရှင်သည် ဒေဝကူဋ တောင် တွင် ဝါကပ်တော်မူခဲ့၏။ ဝါကျွတ်သောအခါ ထိုနေရာ၌ ကထိန်ခင်း ပွဲသဘင် ဆင်ယင် ကျင်းပသဖြင့် ကုဋေကိုးဆယ်သော ရဟန်းတို့စုဝေးမိခဲ့ကြကုန်၏။ ထိုအစည်း အဝေးသည် ဒုတိယ မြောက် သာဝက (သန္နိပါတ) အစည်းအဝေး ကြီးဖြစ်ခဲ့သည်။ ထို့နောက် တစ်ဖန် ဘုရားရှင်သည် လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အကျိုးငှာ ဒေသစာရီလှည့်လည်တော်မူခဲ့၏။ ယင်းသို့ ကြွချီတော်မူရာ၌ နောက်တော် ပါဖြစ်သော ရဟန်းပေါင်းကုဋေရှစ်ဆယ်တို့ စည်းဝေး မိခဲ့ကြပြန်သည်။ ထိုအစည်းအဝေး သည် တတိယအကြိမ်မြောက် သာဝက (သန္နိပါတ) အစည်းအဝေးကြီးဖြစ်ခဲ့သည်။
ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း
ပြင်ဆင်ရန်သုမေဓဘုရားရှင်သည် အနှစ်ကိုးသောင်း အသက်တမ်း၌ ပွင့်တော်မူ ခဲ့သည်။ ထိုမျှလောက်သော အသက်တည်နေ လျက် များစွာသော သတ္တဝါ အပေါင်းကို ကယ်တင်တော်မူခဲ့၏။ ဘုရားရှင်၏ သာသနာတော်သည် ဝိဇ္ဇာသုံးပါး၊ အဘိညာဉ်ခြောက်ပါးနှင့် ပြည့်စုံကုန်၍ တန်ခိုးစွမ်းအားရှိကာ တာဒိဂုဏ်နှင့် ပြည့်စုံကုန်သော ရဟန္တာသူတော် ကောင်းတို့ဖြင့် တင့်တယ်တော် မူလှဘိ၏။ မနှိုင်းယှဉ် အပ်သော အခြံအရံ အကျော်အစော ရှိကုန်၍ ကိလေသာမှ ကင်းကုန်ကာ ဥပဓိလေးပါး မရှိကုန်သော ဘုရား ရဟန္တာ တို့သည် ပရိနိဗ္ဗာန်ပြုတော်မူခဲ့ကြကုန်ပြီ။
ဓါတ်တော်များ တည်ရှိတော်မူခြင်း
ပြင်ဆင်ရန်သစ္စာလေးပါးကို သိတော်မူသော သုမေဓဘုရားရှင်သည် ပရိနိဗ္ဗာန်ဝင် စံခါနီးတွင် “ငါဘုရားမရှိ သည့်နောက် အလုံးစုံ သော သတ္တဝါတို့ နတ်ရွာ နိဗ္ဗာန်ရောက်ကြစေရန် ငါဘုရား၏ ဓါတ်တော် တို့သည် သက်တော်ရှည် ဘုရားရှင်တို့၏ ဓမ္မတာအရ အစိတ်စိတ်မကွဲ တစ်လုံးတစ်ခဲ တည်းသော အသမ္ဘိန္နဓါတ်တော်မဖြစ်စေဘဲ အစိတ်စိတ် အ>မာ>မာ ကွဲပြား ပျံ့နှံ့၍ တည်ကြပါစေ သတည်း”ဟု ဓိဋ္ဌာန်တော်မူခဲ့ပြီး မေဓာရာမကျောင်းတိုက်ကြီး၌ ပရိနိဗ္ဗာန်ပြု တော်မူခဲ့၏။ သုမေဓဘုရားရှင်၏ ဓါတ်တော်တို့သည် ဘုရားရှင်၏ အဓိဋ္ဌာန်အတိုင်း ဇမ္ဗူဒိပ်ကျွန်း တစ်ခွင်၌ ပျံ့နှံ့တည်ရှိကုန်၍ လူနတ် ဗြဟ္မာ သတ္တဝါတို့၏ အပူဇော်ကို ခံတော်မူခဲ့လေသတည်း။