သုဝဏ္ဏသာမဇာတ်တော်ကြီး
by ဦးပညာတိက္ခ
၄။ ပီဠိယက္ခမင်းနှင့် စကားဆိုခန်း
3972သုဝဏ္ဏသာမဇာတ်တော်ကြီး — ၄။ ပီဠိယက္ခမင်းနှင့် စကားဆိုခန်းဦးပညာတိက္ခ

ဤသို့ ဘုရားလောင်းသည် ၂-ခုမြောက်သောဂါထာဖြင့် ဆိုပြီး၍ တစ်ဖန် ထိုပစ်သောသူကိုပင်လျှင် အမျိုးအမည်အားဖြင့် မေးလိုသောကြောင့်-

“ကော ဝါ တွံ ကဿ ဝါ ပုတ္တော၊ ကထံ ဇာနေမု တံ မယံ။

ပုဋ္ဌော မေ သမ္မ အက္ခာဟိ၊ ကိံ မံ ဝိဒ္ဓါ နိလီယသိ။”

ဟူသော ဂါထာကို ဆိုလေ၏။

သမ္မ၊ အချင်း။ တွံ၊ သင်ကား။ ကော ဝါ၊ အဘယ်သူနည်း။ ကဿ၊ အဘယ်သူ၏။ ပုတ္တော ဝါ၊ သားနည်း။ ကထံ၊ အသို့မူ၍။ တံ၊ သင့်ကို။ မယံ၊ ငါတို့သည်။ ဇာနေမု၊ သိရကုန်အံ့နည်း။ ပုဋ္ဌော၊ မေးအပ်သောသင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။ ကိံ၊ အဘယ့်ကြောင့်။ မံ၊ အကျွန်ုပ်ကို။ ဝိဒ္ဓါ၊ ပစ်၍။ နိလီယသိ၊ ပုန်းလေဘိသနည်း။

ထိုသို့ အမျိုးအမည်ကိုမေးပြီးလျှင် ဘုရားလောင်းသည် ဆိတ်ဆိတ်နေလေ၏။

ထိုအခါ ပီဠိယက္ခမင်းသည် ဘုရားလောင်းဆိုသောစကားကိုကြား၍ “ဤယောက်ျားကား ငါသည် အဆိပ်လူးသောမြားဖြင့် ပစ်၍သော်လည်း ငါ့ကို မဆဲရေး မရေရွတ်။ ငါ၏နှလုံးကို ဆုပ်နယ်ဘိသကဲ့သို့ ချစ်ဖွယ်စကားကိုသာ ဆို၏။ ထိုယောက်ျား၏အထံသို့ သွားအံ့”ဟု ကြံပြီးလျှင်၊ ဘုရားလောင်း၏အထံ၌ရပ်လျက်-

“ရာဇာဟမသ္မိ ကာသီနံ၊ ပီဠိယက္ခောတိ မံ ဝိဒူ။

လောဘာ ရဋ္ဌံ ပဟိတွာန၊ မိဂမေသံ စရာမဟံ။”

“ဣဿတ္ထေ စသ္မိ ကုသလော၊ ဒဠှဓမ္မောတိ ဝိဿုတော။

နာဂေါပိမေ န မုစ္စေယျ။ အာဂတော ဥသုပါတနံ။”

ဟူသော ၂-ဂါထာကို ဆို၏။

ဘော မာဏဝ၊ အို-လုလင်။ အဟံ၊ ငါကား။ ကာသီနံ၊ ကာသိကရာဇ်ပြည်သူတို့၏။ ရာဇာ၊ မင်းသည်။ အသ္မိ၊ ဖြစ်၏။ ပီဠိယက္ခောတိ၊ ပီဠိယက္ခဟူ၍။ မံ၊ ငါ့ကို။ ဝိဒူ၊ လူတို့သိကုန်၏။ လောဘာ၊ သမင်သားကို စားကြူးသောကြောင့်။ ရဋ္ဌံ၊ ပြည်တိုင်းကားကို။ ပဟိတွာန၊ စွန့်ခဲ့၍။ မိဂံ၊ သမင်ကို၊ ဧသံ-ဧသန္တော၊ ရှာလျက်။ အဟံ၊ ငါသည်။ စရာမိ၊ သွား၏။

အဟံ၊ ငါကား။ ဣဿတ္ထေ စ၊ လေးအတတ်၌လည်း။ ကုသလော၊ လိမ္မာသည်။ အသ္မိ၊ ဖြစ်၏။ ဒဠှဓမ္မောတိ၊ ကြမ်းတမ်းသောလေးကို တင်နိုင်,ချနိုင်သောမင်းဟူ၍။ ဝိဿုတော၊ ကျော်စော၏။ မေ၊ ငါ၏။ ဥသုပါတနံ၊ မြားကျရာအရပ်သို့။ အာဂတော၊ လာသော။ နာဂေါပိ၊ ဆင်ပြောင်သော်လည်း။ နမုစ္စေယျ၊ မလွတ်နိုင်ရာ။

အဓိပ္ပာယ်ကား-

“အို-လုလင်။ ငါကား ကာသိကရာဇ်ပြည်သူတို့၏နှလုံးကို ပွားစေတတ်သော မင်းတည်း။ ပီဠိယက္ခမင်းဟူ၍ လူတို့သည် သိကုန်၏။ သမင်သားကို စားကြူးသောကြောင့် ပြည်တိုင်းကားကိုစွန့်ခဲ့၍ သမင်ကိုရှာလျက် ငါ သွား၏။ လေးအတတ်၌လည်း လိမ္မာ၏။ ကြမ်းတမ်းသောလေးကို တင်နိုင်ချနိုင်သောမင်းဟူ၍ ကျော်စောထင်ရှား၏။ ငါ၏မြားကျရာအရပ်သို့ လာသည်ရှိသော် ဆင်ပြောင်သော်မှလည်း မလွတ်နိုင်ရာ”ဟူ၍ မိမိအစွမ်းကိုပြ၍ ချီးမွမ်း၏။

ဤသို့ ပီဠိယက္ခမင်းသည် မိမိအစွမ်းကိုချီးမွမ်းပြီးလျှင် ဘုရားလောင်း၏အမျိုးအမည်ကို မေးလို၍-

“ကော ဝါ တွံ ကဿ ဝါ ပုတ္တော၊ ကထံ ဇာနေမု တံ မယံ။

ပိတုနော အတ္တနော စာပိ၊ နာမဂေါတ္တံ ပဝေဒယ။”

ဟူသောဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“အို-လုလင်။ သင်ကား အဘယ်သူနည်း။ အဘယ်သူ၏သားနည်း။ အသို့မူ၍ သင့်ကို ငါတို့ သိရကုန်အံ့နည်း။ အမိအဖ၏လည်းကောင်း၊ မိမိ၏လည်းကောင်း အမျိုးအမည်ကို ကြားဘိလော့”ဟု ဆို၏။

ထိုသို့ဆိုသော ပီဠိယက္ခမင်းကြီး၏စကားကိုကြားလျှင် ဘုရားလောင်းသည် ဤသို့ကြံ၏။ “အကယ်၍ ငါသည် နဂါး, ကိန္နရာ, မင်း အစရှိသောသူတို့တွင် တစ်ယောက်ယောက်သောသူတည်းဟု ဆိုချေအံ့။ ဤမင်းကြီးသည် ငါ့စကားကို ယုံလေရာ၏။ ထိုသို့ယုံလေငြားသော်လည်း ယခုအခါ ထိုမင်းကြီးအား မှန်သောစကားကိုသာလျှင် ဆိုအံ့သောငှာအပ်၏”ဟု ကြံ၍-

“နေသာဒပုတ္တော ဘဒ္ဒန္တေ၊ သာမောဣတိ မံ ဉာတယော။

အာမန္တယိံသု ဇီဝန္တံ၊ သွဇ္ဇေဝါဟံ ဂတောသယေ။”

“ဝိဒ္ဓေါသ္မိ ပုထုသလ္လေန၊ သဝိသေန ယထာ မိဂေါ။

သကမှိ လောဟိတေ ရာဇ၊ ပဿ သေမိ ပရိပ္လုတော။”

“ပဋိဝါမဂတံ သလ္လံ၊ ပဿ ဓိမှာမိ လောဟိတံ။

အာတုရော တျာနုပုစ္ဆာမိ၊ ကိံ မံ ဝိဒ္ဓါ နိလီယသိ။”

“အဇိနမှိ ဟညတေ ဒီပိ၊ နာဂေါ ဒန္တေဟိ ဟညတေ။

အထ ကေန နု ဝဏ္ဏေန၊ ဝိဒ္ဓေယျံ မံ အမညထ။”

ဟူသော ၄-ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“ကာသိကရာဇ် ပြည်ကြီးသခင်ဖြစ်တော်မူသော အရှင်မင်းမြတ်။ ငါကား တံငါသားတည်း။ သုဝဏ္ဏသာမဟူ၍ အသက်ရှည်သော အမိ,အဖတို့သည် ငါ့ကို ခေါ်ကုန်၏။ ထိုငါသည် ယခု သေအံ့သောဘဝ၏အနီးသို့ ရောက်သည်ဖြစ်၍ အိပ်ရ၏။”

“ကာသိကရာဇ်ပြည်ကြီးကို အစိုးရတော်မူသောအရှင်မင်းမြတ်။ ငါ့ကို အဆိပ်လူးသောမြားဖြင့် သမင်ကိုပစ်သကဲ့သို့ ပစ်သည်ဖြစ်၍ ငါသည် မိမိသွေး၌နစ်လျက် အိပ်သည်ကို အရှင်မင်းကြီး ကြည့်ရှုတော်မူလော့။”

“လက်ယာနံတောင်းဖြင့်ဝင်၍ လက်ဝဲနံတောင်းဖြင့်ထွက်လေသော မြားကိုလည်း အရှင်မင်းကြီး ရှုတော်မူလော့။ ခံတွင်းဖြင့် သွေးကိုထွေးရသည်ကိုလည်း အရှင်မင်းကြီး ရှုတော်မူလော့။ အလွန်နာကျင်လျက် အရှင်မင်းကြီးအား အကျွန်ုပ်မေးပါအံ့။ အဘယ့်ကြောင့် အကျွန်ုပ်ကိုပစ်၍ ပုန်းပါသနည်း။”

“သစ်ကိုမူကား အရေကိုလိုသောကြောင့် ပစ်သတ်ရာ၏။ ဆင်ပြောင်ကိုမူကား အစွယ်ကိုလိုသောကြောင့် ပစ်သတ်ရာ၏။ အဘယ်အကြောင်းကြောင့် အကျွန်ုပ်ကို ပစ်အပ်၏ဟူ၍ အရှင်မင်းကြီးသည် အောက်မေ့တော်မူဘိသနည်း”

ဤသို့ ဘုရားလောင်းသုဝဏ္ဏသာမသည် သတိကို ထင်စွာဖြစ်စေလျက်, အလွန်နာကျင်လျက်, ခံတွင်းဖြင့် သွေးကိုစွန့်လျက် “အကျွန်ုပ်ကိုပစ်၍ အရှင်မင်းကြီး အဘယ့်ကြောင့် ပုန်း၍နေဘိသနည်း”ဟု ဆို၏။

ထိုသို့ ဘုရားလောင်းဆိုသောစကားကိုကြားလျှင် ပီဠိယက္ခမင်းကြီးသည် ဟုတ်မှန်သောအတိုင်း မကြားမူ၍ မမှန်သောစကားကို ဆိုလိုသောကြောင့်-

“မိဂေါ ဥပဋ္ဌိတော အာသိ၊ အာဂတော ဥသုပါတနံ၊

တံ ဒိသွာ ဥဗ္ဗိဇိ သာမ၊ တေန ကောဓော မမာဝိသိ။”

ဟူသော ဂါထာဖြင့် ဆို၏။

အဓိပ္ပာယ်ကား-

“သုဝဏ္ဏသာမ။ ငါ၏မြားကျရာသို့ လာသောသမင်သည် သင်၏အနီးအပါး၌ တည်သည်ဖြစ်၍ သင့်ကိုမြင်၍ လန့်လေ၏။ ထိုသို့လန့်သောကြောင့် အမျက်သည် ငါ့ကို ဖုံးလွှမ်းနှိပ်စက်လေ၏”ဟု ဆို၏။

ထိုသို့ဆိုသော ပီဠိယက္ခမင်းကြီး၏စကားကိုကြားလျှင် ဘုရားလောင်းသုဝဏ္ဏသာမသည် “ကာသိကရာဇ်ပြည်ကြီးသခင်ဖြစ်တော်မူသော အရှင်မင်းကြီး၊ အဘယ်သို့ ဆိုတော်မူသနည်း။ ဤဟိမဝန္တာတောအရပ်၌ အကျွန်ုပ်ကိုမြင်၍ ပြေးသောသားသမင်မည်သည် မရှိ” ဟု ဆိုလိုသောကြောင့်-

“ယတော သရာမိ အတ္တာနံ၊ ယတော ပတ္တောသ္မိ ဝိညုတံ။

န မံ မိဂါ ဥတ္တသန္တိ၊ အရညေ သာပဒါနိပိ။”

“ယတော နိဓိ ပရိဟရိံ၊ ယတော ပတ္တောသ္မိ ယောဗ္ဗနံ။

န မံ မိဂါ ဥတ္တသန္တိ၊ အရညေ သာပဒါနိပိ။”

“ဘီရူ ကိမ္ပုရိသာ ရာဇ၊ ပဗ္ဗတေ ဂန္ဓမာဒနေ။

သမ္မောဒမာနာ ဂစ္ဆာမ၊ ပဗ္ဗတာနိ ဝနာနိ စ။”

‘န မံ မိဂါ ဥတ္တသန္တိ၊ အရညေ သာပဒါနိပိ။

အထ ကေန နု ဝဏ္ဏေန၊ ဥတြာသန္တိ မိဂါ မမံ။”

ဟူသော ၄-ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“မြတ်သောမင်းကြီး။ အကြင်အခါမှစ၍ မိမိကိုယ်ကို အောက်မေ့၏။ အကြင်အခါမှစ၍ သိ,ကြားလိမ္မာသောအဖြစ်သို့ ရောက်၏။ ထိုအခါမှစ၍ သမင်တို့သည်လည်းကောင်း, သားရဲတို့သည်လည်းကောင်း ငါ့ကိုမြင်၍ မလန့်ကြကုန်”

“မြတ်သောမင်းကြီး။ အကြင်အခါမှစ၍ ဖန်ရည်စွန်းသော လျှော်တေသင်္ကန်းကို ဝတ်၏။ အကြင်အခါမှစ၍ ကြီးသောအရွယ်သို့ ရောက်၏။ ထိုအခါမှစ၍ သမင်တို့သည်လည်းကောင်း, သားရဲတို့သည်လည်းကောင်း ငါ့ကိုမြင်၍ မလန့်ကြကုန်။”

“မြတ်သောမင်းကြီး။ ဂန္ဓမာဒနတောင်ထိပ်၌ ကိန္နရာတို့သည် ကြောက်တတ်သောသဘော ရှိကုန်၏။ ထိုကိန္နရာတို့သည် ငါ့နှင့်အတူတကွ ဝမ်းမြောက်ဝမ်းသာ တောသို့လည်းကောင်း, တောင်သို့လည်းကောင်း သွားကြကုန်၏။”

“ထိုသို့ ဝမ်းမြောက်ဝမ်းသာ အတူတကွသွားကြကုန်လျက် အဘယ့်ကြောင့် သမင်တို့သည် ငါ့ကိုမြင်၍ ကြောက်ကုန်လတ္တံ့နည်း”ဟု ဆို၏။

ထိုသို့ဆိုသော ဘုရားလောင်း၏စကားကိုကြားလျှင် ပီဠိယက္ခမင်းကြီးသည် “အပြစ်မရှိသော ဤသုဝဏ္ဏသာမကို ငါပစ်၍ မမှန်သောစကားကို ဆို၏။ ယခု မှန်သောစကားကို ဆိုခြင်းသည်လျှင် သင့်သည်သာတည်း”ဟု ကြံ၍-

“န တံ တသ မိဂေါ သာမ၊ ကိံတာဟံ အလိကံ ဘဏေ။

ကောဓလောဘာဘိဘူတာဟံ၊ ဥသုံ တေ တံ အဝဿဇိံ။”

ဟူသောဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“သုဝဏ္ဏသာမ။ သင့်ကိုမြင်၍ သမင်သည် မလန့်ပေ။ အဘယ့်ကြောင့် သင့်အား ငါသည် မမှန်သောစကားကို ဆိုအံ့နည်း။ အမျက်ဒေါသ, လောဘဖြင့် နှိပ်စက်သည်ဖြစ်၍ မြားဖြင့်လွှတ်မိ၏” ဟူသောစကားကိုဆိုပြီးလျှင်

“ဤသုဝဏ္ဏသာမသည် ဤဟိမဝန္တာတောအရပ်၌ တစ်ယောက်အထီးတည်းသာ မနေရာ။ ထိုသုဝဏ္ဏသာမ၏ မိဘဆွေမျိုးတို့သည် ရှိရာ၏။ တစ်ဖန် သုဝဏ္ဏသာမကို မေးအံ့” ဟု ကြံ၍-

“ကုတော နု သာမ အာဂမ္မ၊ ကဿ ဝါ ပဟိတော တုဝံ။

ဥဒဟာရော နဒိံ ဂစ္ဆ၊ အာဂတော မိဂသမ္မတံ။”

ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“အချင်းသုဝဏ္ဏသာမ။ အဘယ်အရပ်မှ လာသနည်း။ “မြစ်သို့ ရေခပ်ချေ”ဟု အဘယ်သူစေသောကြောင့် သင်သည် ဤမိဂသမ္မတာမြစ်သို့ လာသနည်း”ဟု မေး၏။

ထိုသို့မေးသော ပီဠိယက္ခမင်းကြီး၏စကားကိုကြားလျှင် ဘုရားလောင်းသည် ဆင်းရဲဝေဒနာကိုသည်းခံ၍ ခံတွင်းဖြင့် သွေးကိုစွန့်ပြီးလျှင်-

“အန္ဓာ မာတာပိတာ မယှံ၊ တေ ဘရာမိ ဗြဟာဝနေ။

တေသာဟံ ဥဒကာဟာရော၊ အာဂတော မိဂသမ္မတံ။”

ဟူသောဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“ဗာရာဏသီပြည်ကြီးသခင် ဖြစ်တော်မူသော အရှင်မင်းကြီး။ အကျွန်ုပ်၏ အမိ, အဖတို့သည် ကန်းကုန်၏။ ထိုကန်းကုန်သော အမိ,အဖတို့ကို ဟိမဝန္တာ ကျယ်စွာသောတောကြီး၌ အကျွန်ုပ် မွေးကျွေး၏။ ထိုအမိ, အဖတို့အား ရေကိုအလိုရှိသည်ဖြစ်၍ အကျွန်ုပ်သည် ဤမိဂသမ္မတာမြစ်သို့ လာသတည်း”ဟုဆို၏။

ဤစကားကို ဆိုပြီးလျှင် အမိ,အဖတို့၏ ကျေးဇူးကြီးမားသောအဖြစ်တို့ကို အကြောင်းပြု၍ ငိုကြွေးမြည်တမ်းလိုသောကြောင့်-

“အတ္ထိ နေသံ ဥသာမတ္တံ၊ အထ သာဟဿ ဇီဝိတံ။

ဥဒကဿ အလာဘေန၊ မညေ အန္ဓာ မရိဿရေ။”

“န မေ ဣဒံ တထာ ဒုက္ခံ၊ လဗ္ဘာ ဟိ ပုမုနာ ဣဒံ။

ယဉ္စ အမ္မံ န ပဿာမိ၊ တံ မေ ဒုက္ခတရံ ဣတော။”

“န မေ ဣဒံ တထာ ဒုက္ခံ၊ လဗ္ဘာ ဟိ ပုမုနာ ဣဒံ။

ယဉ္စ တာတံ န ပဿာမိ၊ တံ မေ ဒုက္ခတရံ ဣတော။”

“သာ နူန ကပကာ အမ္မာ၊ စိရရတ္တာယ ရုစ္ဆတိ။

အဍ္ဎရတ္တေဝ ရတ္တေ ဝါ၊ နဒီဝ အဝသုဇ္ဈတိ။”

“သော နူန ကပကော တာတော၊ စိရရတ္တာယ ရုစ္ဆတိ။

အဍ္ဎရတ္တေဝ ရတ္တေ ဝါ၊ နဒီဝ အဝသုဇ္ဈတိ။”

“ဥဋ္ဌာနပါဒစရိယာယ၊ ပါဒသမ္ဗာဟနဿ စ။

သာမ တာတ ဝိလပန္တာ၊ ဟိဏ္ဍိဿန္တိ ဗြဟာဝနေ။”

“ဣဒမ္ပိ ဒုတိယံ သလ္လံ၊ ကမ္ပေတိ ဟဒယံ မမ။

ယဉ္စ အန္ဓေ န ပဿာမိ၊ မညေ ဟိဿာမိ ဇီဝိတံ။”

ဟူသော ၇-ဂါထာတို့ကို ဆို၏။

အဓိပ္ပာယ်ကား-

“ကာသိကရာဇ် ပြည်ကြီးသခင် ဖြစ်တော်မူသော အရှင်မင်းကြီး။ ၆-ရက် အသက်ရှည်သော အစာမျှသည် ထိုမိခင်,ဖခင်တို့၌ ရှိရစ်၏။ သောက်ရေကို မရကုန်သော မိခင်, ဖခင်တို့သည် သေရစ်လေအံ့ဟူ၍ ငါအောက်မေ့၏။”

“ကာသိကရာဇ် ပြည်ကြီးသေဌ်နင်း ဖြစ်တော်မူသော အရှင်မင်းကြီး။ ဤမြားမှန်သောဆင်းရဲထက် မိခင်, ဖခင်တို့ကို မမြင်ရခြင်းသည် အထူးဆင်းရဲ၏။ ဤမြားမှန်သောဆင်းရဲကိုကား သံသရာ၌ကျင်လည်သော ယောက်ျားတကာတို့သည် ခံရမြဲလျှင်တည်း။ ငါ၏ မိခင်, ဖခင်တို့ကို အကြင်ကြောင့် မမြင်ရ၊ ထိုသို့မမြင်ရခြင်းသည်ကား ငါ့အား ဤမြားမှန်သောဆင်းရဲထက် လွန်သောဆင်းရဲ ဖြစ်ပါသတည်း။”

“ကာသိကရာဇ် ပြည်ကြီးသခင် ဖြစ်တော်မူသော အရှင်မင်းကြီး။ ငါ့အား မြားမှန်သောဆင်းရဲသည် ဆင်းရဲမဟုတ်သေး။ ဤမြားမှန်သောဆင်းရဲကိုကား သံသရာ၌ကျင်လည်သော ယောက်ျားတကာတို့သည် ခံရမြဲလျှင်တည်း။ ငါ၏မိခင်, ဖခင်တို့ကို အသက်ရှင်စဉ် မမြင်ရသောအကြောင်းကြောင့် ထိုမိခင်, ဖခင်တို့ကို မမြင်ရသောငါ့အား ဤမြားမှန်သောဆင်းရဲထက် အလွန်ဆင်းရဲ၏။”

“ကာသိကရာဇ် ပြည်ကြီးသခင်ဖြစ်တော်မူသော အရှင်မင်းကြီး။ အထီးကျန်သော ထိုမိခင်, ဖခင်တို့သည် အခါလေးမြင့်လျှင် ငိုကြွေးမြည်တမ်းရစ်လေအံ့သည်တကား။ သန်းခေါင်အခါ၌လည်းကောင်း, မိုးသောက်ယံအခါ၌လည်းကောင်း အမွန်တိုသောမြစ်ငယ်ကဲ့သို့ ခြောက်ထပ်လေအံ့သတည်း။”

“ကာသိကရာဇ်ပြည်ကြီးကို ထီးဖြူအုပ်၍ မင်းလုပ်တော်မူသောအရှင်မင်းကြီး။ အကျွန်ုပ်သည် လုံ့လအားထုတ်၍ လုပ်ကျွေးခြင်းကိုလည်းကောင်း, ခြေဆုပ်လက်နယ်ခြင်းကိုလည်းကောင်း ပြု၏။ ဤယခုအခါ အကျွန်ုပ်ကို မမြင်ရသောကြောင့် “ချစ်သား သုဝဏ္ဏသာမ”ဟု မြည်တမ်းကုန်လျက်၊ ဟိမဝန္တာတောကြီး၌ လှည့်လည်၍ သွားလေအံ့သည်တကား။”

“မြတ်သောမင်းကြီး။ ရှေးဦးစွာဝင်သော ဆိပ်လူးမြားထက် အမိအဖတို့ကို မမြင်ရခြင်းကြောင့်ဖြစ်သော စိုးရိမ်ခြင်းတည်းဟူသောမြားသည် အဆအရာ, အဆအထောင်, အဆအသိန်း, အဆအသန်းမက လွန်စွာသော ဆင်းရဲခြင်းသည် ငါ့အား ဖြစ်သည်”ဟု ဆို၏။

ပီဠိယက္ခမင်းကြီးသည် ထိုဘုရားလောင်း၏ ငိုကြွေးမြည်တမ်းသောစကားကို ကြား၍ “ဤသုဝဏ္ဏသာမသည် စင်စစ်လျှင် မြတ်သောအကျင့်တည်းဟူသော သူတော်ကောင်းတို့၏တရား၌ တည်သည်သာဖြစ်၍ အမိ, အဖတို့ကို လုပ်ကျွေးပေသောသူတည်း။ ယခု ဤသို့သော ဆင်းရဲသို့ရောက်သော်လည်း ထိုအမိ, အဖတို့၏အကျိုးငှာသာလျှင် ငိုကြွေးမြည်တမ်း၍၊ ဤသို့ကျေးဇူးနှင့် ပြည့်စုံသောသူ၌ ငါသည် ပြစ်မှားခြင်းကို ပြုမိ၏။ ထို့ကြောင့် ထိုသုဝဏ္ဏသာမကို နှစ်သိမ့်စေအံ့”ဟု ကြံ၍

“ငါ၏ ငရဲ၌ခံရသော မင်း၏အဖြစ်သည် အဘယ်ပြုလတ္တံ့နည်း။ ဤသုဝဏ္ဏသာမသည် လုပ်ကျွေးသောနည်းဖြင့်သာလျှင် ထိုသုဝဏ္ဏသာမ၏ အမိ,အဖတို့ကို ငါ လုပ်ကျွေးအံ့။ ဤသို့လုပ်ကျွေးသည်ရှိသော် ဤသုဝဏ္ဏသာမသည် သေခြင်းသို့ရောက်သော်လည်း မသေသကဲ့သို့ ဖြစ်လတ္တံ့ သတည်း”ဟု ကြံ၍-

“မာ ဗာဠှံ ပရိဒေဝေသိ၊ သာမ ကလျာဏဒဿန။

အဟံ ကမ္မကရော ဟုတွာ၊ ဘရိဿံ တေ ဗြဟာဝနေ။”

“ဣဿတ္ထေ စသ္မိ ကုသလော၊ ဒဠှဓမ္မောတိ ဝိဿုတော။

အဟံ ကမ္မကရော ဟုတွာ၊ ဘရိဿ တေ ဗြဟာဝနေ။”

“မိဂါနံ ဝိဃာသမနွေသံ၊ ဝနမူလဖလာနိစ။

အဟံ ကမ္မကရော ဟုတွာ၊ ဘရိဿံ တေ ဗြဟာဝနေ။”

“ကတမံ တံ ဝနံ သာမ၊ ယတ္ထ မာတာ ပိတာ တဝ။

အဟံ တေ တထာ ဘရိဿံ၊ ယထာ တေ အဘရီ တုဝံ။”

ဟူသော ၄-ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“ကောင်းသောအမြင်ရှိသော သုဝဏ္ဏသာမ။ ပြင်းစွာငိုကြွေးမြည်တမ်းခြင်းကို မပြုလင့်။ ငါသည် အမှုလုပ်ဆောင်သည်ဖြစ်၍ သင်၏အမိအဖတို့ကို တောကြီး၌ သင်ကဲ့သို့ မွေးပါအံ့။”

“သုဝဏ္ဏသာမ။ ငါသည်ကား လေးအတတ်၌ လိမ္မာကျွမ်းကျင်၏။ ကြမ်းတမ်းသောလေးကို တင်နိုင်ချနိုင်သောသူဟူ၍လည်း ကျော်စောထင်ရှား၏။ ငါသည် အမှုကို လုပ်ဆောင်သည်ဖြစ်၍ သင်၏အမိ,အဖတို့ကို တောကြီး၌ ကျွေးမွေးပါအံ့။”

“သုဝဏ္ဏသာမ။ ခြင်္သေ့ သစ်, ကျားတို့ စားကြွင်းကိုလည်းကောင်း၊ တောသစ်မြစ်, တောသစ်သီးတို့ကိုလည်းကောင်း အစဉ်သဖြင့်ရှာ၍၊ ငါသည် အမှုကြီးငယ်ကိုပြုသည်ဖြစ်၍ သင်၏ အမိ,အဖတို့ကို တောကြီး၌ ကျွေးမွေးပါအံ့။”

“သုဝဏ္ဏသာမ။ အကြင်တောအရပ်၌ သင်၏အမိ,အဖတို့ နေကုန်၏။ ထိုတောအရပ်သည် အဘယ်မှာနည်း။ သင်၏ အမိအဖတို့၏ အဆောက်အဦးဖြစ်သော ကျောင်းသင်္ခမ်း နေရာအရပ်သည် အဘယ်မှာနည်း။ သင် ပြညွှန်ဦးလော့။ သင်၏အမိ,အဖတို့ကို ငါသည် သင်လုပ်ကျွေးသကဲ့သို့ လုပ်ကျွေးမွေးမြူပါအံ့”ဟု ဆို၏။

ထိုသို့ဆိုသော ပီဠိယက္ခမင်းကြီး၏စကားကိုကြားလျှင် ဘုရားလောင်းသုဝဏ္ဏသာမသည် “မြတ်သောမင်းကြီး။ သာဓု, သာဓု။ ကောင်းစွာ့,ကောင်းစွာ့။ ထိုသို့တပြီးကား ငါ၏မိခင်ဖခင်တို့ကို မွေးတော်မူပါလော့”ဟု ဆိုပြီးလျှင်၊ ထိုပီဠိယက္ခမင်းကြီးအား ခရီးကို ညွှန်ကြားလိုသောကြောင့်-

“အယံ ဧကပဒီ ရာဇ၊ ယောယံ ဥဿီသကေ မမ။

ဣတော ဂန္တွာ အဍ္ဎကောသံ၊ ယတ္ထ တေသံ အဂါရကံ။

တတ္ထ မာတာပိတာ မယှံ၊ တေ ဘရဿု ဣတော ဂတော။

ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“ကာသိကရာဇ် ပြည်ကြီးသခင် ဖြစ်တော်မူသော အရှင်မင်းမြတ်။ ငါ၏ဦးခေါင်းရင်း၌ တစ်ယောက်သွားလောက်ရုံသော ခရီးသည် ရှိ၏။ ဤအရပ်မှ တစ်ခေါ်ခွဲမျှလောက်သောအရပ်သို့ သွား၍ အကြင်အရပ်၌ ငါ၏မယ်တော်, ခမည်းတော်တို့သည် နေကုန်၏။ ငါတို့တောအရပ်၌ ငါ၏မယ်တော်, ခမည်းတော်တို့ သင်္ခမ်းသည် ရှိ၏။ ထိုငါ၏ မယ်တော်, ခမည်းတော်တို့ကို အရှင်မင်းကြီးသည် ဤမိဂသမ္မတာမြစ်မှသွားလေ၍ မွေးတော်မူပါလော့”ဟု ဆို၏။

ဤသို့လျှင် ဘုရားလောင်းသုဝဏ္ဏသာမသည် ပီဠိယက္ခမင်းကြီးအား သွားအံ့သောခရီးကို ညွှန်ကြား၍ အမိ, အဖတို့၌ ပြင်းစွာသောချစ်ခြင်းဖြင့် မြားမှန်သောကြောင့်ဖြစ်သော ဆင်းရဲဝေဒနာကိုသည်းခံ၍ ထိုမိခင်,ဖခင်တို့ကို မွေးစိမ့်သောငှာ လက်အုပ်ချီ၍ တောင်းပန်လိုသောကြောင့်-

“နမော တေ ကာသိရာဇတ္ထု၊ နမော တေ ကာသိဝဍ္ဎန။

အန္ဓာ မာတာ ပိတာ မယှံ၊ တေ ဘရဿု ဗြဟာဝနေ။”

“အဉ္ဇလိံ တေ ပဂ္ဂဏှာမိ၊ ကာသိရာဇ နမတ္ထု တေ။

မာတရံ ပိတရံ မယှံ၊ ဝုတ္တော ဝဇ္ဇာသိ ဝန္ဒနံ။”

ဟူသော ၂-ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“ကာသိကရာဇ် ပြည်ကြီးသခင် ဖြစ်တော်မူသောအရှင်မင်းကြီး။ အရှင်မင်းကြီးအား ရှိခိုးခြင်းသည် ဖြစ်စေသတည်း။ ကာသိကရာဇ်ပြည်သူတို့၏ အစီးအပွားကိုဆောင်တတ်သော အရှင်မင်းကြီး။ အရှင်မင်းကြီးအား ရှိခိုးခြင်းသည် ဖြစ်စေသတည်း။ ငါ၏မိခင်, ဖခင်တို့သည် ကန်းခဲ့ကုန်၏။ ထိုကန်းကုန်သော မိခင်,ဖခင်တို့ကို ဤဟိမဝန္တာတောကြီးအလယ်၌ မွေးတော်မူပါလော့။”

“ကာသိကရာဇ် ပြည်သူတို့၏နှလုံးကို ပွားစေတတ်သော အရှင်မင်းကြီးအား လက်အုပ်ချီ၍ ရှိခိုးပါ၏။ ငါ၏မယ်တော်ကိုလည်းကောင်း, ခမည်းတော်ကိုလည်းကောင်း “သင်တို့၏သားဖြစ်သော သုဝဏ္ဏသာမသည် မိဂသမ္မတာမြစ်နား၌ အဆိပ်လူးသောမြားဖြင့်ပစ်မိ၍ ငွေပြားအဆင်းနှင့်တူသော သဲစု၌ လက်ယာနံတောင်းဖြင့်လျောင်းသည်ဖြစ်၍ လက်အုပ်ချီလျက် သင်တို့၏ခြေအစုံကို ရှိခိုးလိုက်ပါ၏”ဟု အရှင်မင်းကြီး အကျွန်ုပ်မှာလိုက်အပ်သည်ဖြစ်၍ မိခင်ဖခင်တို့အားရှိခိုးခြင်းကို ပြောပါလေလော့”ဟု ဆို၏။