သုဝဏ္ဏသာမဇာတ်တော်ကြီး/အခန်း-၀၈
ထိုသို့ သစ္စာပြုသောအကြောင်းကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားသည်-
“ဒိသွာန ပတိတံ သာမံ၊ ပုတ္တကံ ပံသုကုန္ထိတံ။
အဋ္ဋိတာ ပုတ္တသောကေန၊ မာတာသစ္စံ အဘာသထ။”
“ယေန သစ္စေန ယံ သာမော၊ ဓမ္မစာရီ ပုရေ အဟု။
ဧတေန သစ္စဝဇ္ဇေန၊ ဝိသံ သာမဿ ဟညတု။”
“ယေန သစ္စေန ယံ သာမော၊ ဗြဟ္မစာရီ ပုရေ အဟု။
ဧတေန သစ္စဝဇ္ဇေန၊ ဝိသံ သာမဿ ဟညတု။”
“ယေန သစ္စေန ယံ သာမော၊ သစ္စဝါဒီ ပုရေ အဟု။
ဧတေန သစ္စဝဇ္ဇေန၊ ဝိသံ သာမဿ ဟညတု။”
“ယေန သစ္စေန ယံ သာမော၊ မာတာပေတ္တိဘရော အဟု။
ဧတေန သစ္စဝဇ္ဇေန၊ ဝိသံ သာမဿ ဟညတု။”
“ယေန သစ္စေန ယံ သာမော၊ ကုလေ ဇေဋ္ဌာပစာယိကော။
ဧတေန သစ္စဝဇ္ဇေန၊ ဝိသံ သာမဿ ဟညတု။”
“ယေန သစ္စေန ယံ သာမော၊ ပါဏာ ပိယတရော မမ။
ဧတေန သစ္စဝဇ္ဇေန၊ ဝိသံ သာမဿ ဟညတု။”
“ယံ ကိဉ္စိတ္ထိ ကတံ ပုညံ၊ မယှဉ္စေဝ ပိတုစ္စ တေ။
သဗ္ဗေန တေန ကုသလေန၊ ဝိသံ သာမဿ ဟညတု။”
ဟူသော ၈-ဂါထာကို ဟောတော်မူ၏။
အဓိပ္ပာယ်ကား-
“သံသရာဘေးကို ရှုလေ့ရှိသော ချစ်သားတို့။ မြေမှုန့်အလိမ်းလိမ်းကပ်သော,မြေကြီးထက်၌လဲသော, သားဖြစ်သော သုဝဏ္ဏသာမကိုမြင်၍ သား၌ဖြစ်သောစိုးရိမ်ခြင်းဖြင့် ပြင်းစွာနှိပ်စက်သည်ဖြစ်၍ သုဝဏ္ဏသာမ၏အမိသည် သစ္စာစကားကို ဆိုလေ၏။”
“အကြင်သစ္စာစကားဖြင့် ဤ ငါ့သားသုဝဏ္ဏသာမသည် ရှေး၌ ၁၀-ပါးအပြားရှိသော ကုသိုလ်ကမ္မပထတရားကို ကျင့်၏။ ထိုသစ္စာစကားဖြင့် ငါ့သားသုဝဏ္ဏသာမအား မြားဆိပ် ပျောက်စေသတည်း။”
“အကြင်သစ္စာစကားဖြင့် ဤ ငါ့သားသုဝဏ္ဏသာမသည် ရှေး၌ မြတ်သောအကျင့်ကို ကျင့်၏။ ဤသို့ မှန်သောသစ္စာစကားဖြင့် ငါ့သားသုဝဏ္ဏသာမအား မြားဆိပ် ပျောက်စေသတည်း။”
“အကြင်သစ္စာစကားဖြင့် ဤ ငါ့သားသုဝဏ္ဏသာမသည် ရှေး၌ ဟုတ်မှန်သောစကားကိုသာ ဆိုတတ်၏။ ဤသို့ မှန်သောသစ္စာစကားဖြင့် ငါ့သားသုဝဏ္ဏသာမအား မြားဆိပ် ပျောက်စေသတည်း။”
“အကြင်သစ္စာစကားဖြင့် ဤ ငါ့သားသုဝဏ္ဏသာမသည် အမိ,အဖတို့ကို လုပ်ကျွေးမွေးတတ်၏။ ဤသို့ မှန်သောသစ္စာစကားဖြင့် ငါ့သားသုဝဏ္ဏသာမအား မြားဆိပ် ပျောက်စေသတည်း။”
“အကြင်သစ္စာစကားဖြင့် ဤ ငါ့သားသုဝဏ္ဏသာမသည် အမျိုး၌ အသက်ကြီးသောသူတို့ကိုလည်းကောင်း၊ အမိအဖတို့ကိုလည်းကောင်း ရိုသေ၏။ ဤသို့ မှန်သောသစ္စာစကားဖြင့် သားသုဝဏ္ဏသာမအား မြားဆိပ် ပျောက်စေသတည်း။”
“အကြင်သစ္စာစကားဖြင့် ဤ ငါ့သားသုဝဏ္ဏသာမကို ငါသည် ငါ၏အသက်ထက် ချစ်မြတ်နိုး၏။ ဤသို့ မှန်သောသစ္စာစကားဖြင့် ငါ့သားသုဝဏ္ဏသာမအား မြားဆိပ် ပျောက်စေသတည်း။”
“ငါသည်လည်းကောင်း, ချစ်သားသုဝဏ္ဏသာမ၏အဖသည် လည်းကောင်း အမှတ်မရှိပြုအပ်သော ကောင်းမှုရှိ၏။ ထိုသို့ပြုအပ်သော ခပ်သိမ်းသောကောင်းမှုကြောင့် ငါ့သားသုဝဏ္ဏသာမအား မြားဆိပ်ပျောက်စေသတည်း”
ဤသို့ သုဝဏ္ဏသာမ၏အမိသည် သစ္စာပြုသည်ရှိသော် သုဝဏ္ဏသာမသည် နံပါးတစ်ဘက်ဖြင့် ပြန်၍အိပ်၏။ ထိုသို့အိပ်သောအခါ သုဝဏ္ဏသာမ၏အဖသည် “ငါ့သား အသက်ရှင်သေး၏။ ငါသည်လည်း သစ္စာပြုအံ့”ဟု ထိုပါရိကာအတူလျှင် သစ္စာပြု၏။
ထို ဒုကူလသုခမိန်၏ သစ္စာပြုသောအကြောင်းကို ထင်ရှားပြတော်မူလိုသော မြတ်စွာဘုရားသည်-
“ဒိသွာန ပတိတံ သာမံ၊ ပုတ္တကံ ပံသုကုန္ထိတံ။
အဋ္ဋိတာ ပုတ္တသောကေန၊ မာတာသစ္စံ အဘာသထ။”
“ယေန သစ္စေန ယံ သာမော၊ ဓမ္မစာရီ ပုရေ အဟု။
ဧတေန သစ္စဝဇ္ဇေန၊ ဝိသံ သာမဿ ဟညတု။”
“ယေန သစ္စေန ယံ သာမော၊ ဗြဟ္မစာရီ ပုရေ အဟု။
ဧတေန သစ္စဝဇ္ဇေန၊ ဝိသံ သာမဿ ဟညတု။”
“ယေန သစ္စေန ယံ သာမော၊ သစ္စဝါဒီ ပုရေ အဟု။
ဧတေန သစ္စဝဇ္ဇေန၊ ဝိသံ သာမဿ ဟညတု။”
“ယေန သစ္စေန ယံ သာမော၊ မာတာပေတ္တိဘရော အဟု။
ဧတေန သစ္စဝဇ္ဇေန၊ ဝိသံ သာမဿ ဟညတု။”
“ယေန သစ္စေန ယံ သာမော၊ ကုလေ ဇေဋ္ဌာပစာယိကော။
ဧတေန သစ္စဝဇ္ဇေန၊ ဝိသံ သာမဿ ဟညတု။”
“ယေန သစ္စေန ယံ သာမော၊ ပါဏာ ပိယတရော မမ။
ဧတေန သစ္စဝဇ္ဇေန၊ ဝိသံ သာမဿ ဟညတု။”
“ယံ ကိဉ္စိတ္ထိ ကတံ ပုညံ၊ မယှဉ္စေဝ မာတုစ္စ စ တေ။
သဗ္ဗေန တေန ကုသလေန၊ ဝိသံ သာမဿ ဟညတု။”
ဟူသော ၈-ဂါထာကို ဟောတော်မူ၏။
အဓိပ္ပာယ်ကား-
“သံသရာဘေးကို ရှုလေ့ရှိကုန်သော ချစ်သားရဟန်းတို့၊ သုဝဏ္ဏသာမ၏အဖဖြစ်သော ဒုကူလသုခမိန်သည် မြေမှုန့်အလိမ်းလိမ်းကပ်သောကိုယ်ဖြင့် ငွေပြားအဆင်းနှင့်တူသော သဲစု၌လဲသော သုဝဏ္ဏသာမကိုမြင်လျှင် သား၌ဖြစ်သော စိုးရိမ်ခြင်းဖြင့် ပြင်းစွာနှိပ်စက်သည်ဖြစ်၍ သစ္စာစကားကို ဆိုပေ၏။”
“အကြင်သစ္စာစကားဖြင့် ဤ ငါ့သားသုဝဏ္ဏသာမသည် ရှေး၌ ကုသိုလ်ကမ္မပထတရား ၁၀-ပါးကိုကျင့်၏။ ထိုသို့ မှန်သောသစ္စာစကားဖြင့် ငါ့သားသုဝဏ္ဏသာမအား မြားဆိပ် ပျောက်စေသတည်း။”
“အကြင်သစ္စာစကားဖြင့် ဤ ငါ့သားသုဝဏ္ဏသာမသည် ရှေး၌ မြတ်သောအကျင့်ကို ကျင့်၏။ ဤသို့ မှန်သောသစ္စာစကားဖြင့် ငါ့သားသုဝဏ္ဏသာမအား မြားဆိပ် ပျောက်စေသတည်း။”
“အကြင်သစ္စာစကားဖြင့် ဤ ငါ့သားသုဝဏ္ဏသာမသည် ရှေး၌ ဟုတ်မှန်သောစကားကိုသာ ဆိုတတ်၏။ ဤသို့ မှန်သောသစ္စာစကားဖြင့် ငါ့သားသုဝဏ္ဏသာမအား မြားဆိပ် ပျောက်စေသတည်း။”
“အကြင်သစ္စာစကားဖြင့် ဤ ငါ့သားသုဝဏ္ဏသာမသည် အမိ,အဖတို့ကို လုပ်ကျွေးမွေးတတ်၏။ ဤသို့ မှန်သောသစ္စာစကားဖြင့် ငါ့သားသုဝဏ္ဏသာမအား မြားဆိပ် ပျောက်စေသတည်း။”
“အကြင်သစ္စာစကားဖြင့် ဤ ငါ့သားသုဝဏ္ဏသာမသည် အမျိုး၌ အသက်ကြီးသောသူတို့ကိုလည်းကောင်း၊ အမိအဖတို့ကိုလည်းကောင်း ရိုသေ၏။ ဤသို့ မှန်သောသစ္စာစကားဖြင့် ငါ့သားသုဝဏ္ဏသာမအား မြားဆိပ် ပျောက်စေသတည်း။”
“အကြင်သစ္စာစကားဖြင့် ဤ ငါ့သားသုဝဏ္ဏသာမကို ငါသည် ငါ၏အသက်ထက် ချစ်မြတ်နိုး၏။ ဤသို့ မှန်သောသစ္စာစကားဖြင့် ငါ့သားသုဝဏ္ဏသာမအား မြားဆိပ် ပျောက်စေသတည်း။”
“ငါသည်လည်းကောင်း, သင်ချစ်သား သုဝဏ္ဏသာမ၏အမိသည်လည်းကောင်း, အမှတ်မရှိပြုအပ်သော ကောင်းမှုရှိ၏။ ခပ်သိမ်းသောထိုကောင်းမှုကြောင့် ငါ့သားသုဝဏ္ဏသာမအား မြားဆိပ် ပျောက်စေသတည်း”ဟု သစ္စာပြု၏။
ဤသို့ ဒုကူလသုခမိန်သည် “ယေန သစ္စေန” အစရှိသော ၇-ဂါထာတို့ဖြင့် သစ္စာပြုသည်ရှိသော် သုဝဏ္ဏသာမသည် ဤမှတစ်ပါးသော နံတောင်းဖြင့် ပြန်၍အိပ်၏။
ထိုသို့အိပ်သောအခါ ဘုရားလောင်းအား ၃-ကြိမ်မြောက်အောင် သစ္စာပြုခြင်းကို ဗဟုသုန္ဒရီနတ်သမီးသည် ပြုလေ၏။
ထို ဗဟုသုန္ဒရီနတ်သမီး၏ သစ္စာပြုသောအဖြစ်ကို ပြတော်မူလိုသော မြတ်စွာဘုရားသည်-
“သာ ဒေဝတာ အန္တရဟိတာ၊ ပဗ္ဗတေ ဂန္ဓမာဒနေ။
သာမဿ အနုကမ္ပာယ၊ ဣမံ သစ္စံ အဘာသထ။”
“ပဗ္ဗတျာဟံ ဂန္ဓမာဒနေ၊ စိရရတ္တနိဝါသိနီ။
န မေ ပိယတရော ကောစိ၊ အညော သာမေန ဝိဇ္ဇတိ။”
ဧတေန သစ္စဝဇ္ဇေန၊ ဝိသံ သာမဿ ဟညတု။”
သဗ္ဗေ ဝနာ ဂန္ဓမယာ၊ ပဗ္ဗတေ ဂန္ဓမာဒနေ။
ဧတေန သစ္စဝဇ္ဇေန၊ ဝိသံ သာမဿ ဟညတု။”
“တေသံ လာလပ္ပမာနာနံ၊ ဗဟု့ ကာရုညသဉှိတံ။
ခိပ္ပံ သာမော သမုဋ္ဌာသိ၊ ယုဝါ ကလျာဏ ဒဿနော။”
ဟူသော ၄-ဂါထာကို ဟောတော်မူ၏။
အဓိပ္ပာယ်ကား-
“ငါသည် အခါလေးမြင့် “ဂန္ဓမာဒန” အမည်ရှိသောတောင်၌ နေ၏။ ဤငါ့သားသုဝဏ္ဏသာမမှတစ်ပါး တစ်စုံတစ်ယောက်သော ချစ်မြတ်နိုးသောသူသည် မရှိ။ ဤသို့ မှန်သောသစ္စာစကားကြောင့် ငါ့သားသုဝဏ္ဏသာမအား မြားဆိပ် ပျောက်စေသတည်း။”
“ဂန္ဓမာဒန အမည်ရှိသောတောင်၌ ခပ်သိမ်းသောတောတို့သည် နံ့သာအတိသာ ပြီးကုန်၏။ တစ်စုံတစ်ခုသော သစ်ပင်မည်သည် မရှိ။ ဤသို့ မှန်သောသစ္စာစကားကြောင့် ငါ့သားသုဝဏ္ဏသာမအား မြားဆိပ်ပျောက်စေသတည်း”
“ချစ်သား ရဟန်းတို့။ ထိုဒုကူလ, ပါရိကာတို့၏ များစွာသောသနားခြင်းနှင့်ယှဉ်သော ငိုကြွေးခြင်းဖြင့် ငိုကြွေးကုန်စဉ်လျှင် ဗဟုသုန္ဒရီနတ်သမီး၏ သစ္စာပြုသောအဆုံး၌ ဘုရားလောင်းသုဝဏ္ဏသာမသည် လျင်စွာထ၏။ ပဒုမ္မာကြာဖက်မှ လျှောကျသောရေကဲ့သို့ သုဝဏ္ဏသာမ၏ မြားဆိပ်သည် ပြယ်လေ၏။ မြားမှန်သောအနာသည်လည်း ပြကတေ့ရှိလေ၏။ “ဤအရပ်၌ ပစ်မိလေသလော, ထိုအရပ်၌ ပစ်မိလေသလော”ဟု ပစ်မိရာအရပ်သည်မျှလည်း မထင်”
ဤသို့လျှင် ဘုရားလောင်း၏ အနာမရှိသောအဖြစ်သည်လည်းကောင်း၊ မယ်တော် ခမည်းတော်တို့၏ မျက်စိကိုရခြင်းသည်လည်းကောင်း၊ နေအရုဏ်တက်သောအခါ နတ်၏အာနုဘော်အားဖြင့် ၄-ယောက်ကုန်သော ဒုကူလ, ပါရိကာ, ပီဠိယက္ခ, သုဝဏ္ဏသာမတို့၏သင်္ခမ်း၌သာ ထင်ရှားစွာဖြစ်ခြင်းသည်လည်းကောင်း၊ ဤအလုံးစုံသည် တစ်ပြိုင်နက် တစ်ချက်တည်းဖြစ်၍၊ သုဝဏ္ဏသာမ၏မယ်တော်, ခမည်းတော်တို့သည် “မျက်စိကို ငါတို့ရကုန်ပြီ။ သုဝဏ္ဏသာမလည်း အနာမရှိပြီ” ဟု အတိုင်းထက်အလွန် နှစ်သက်ခြင်းဖြစ်ကုန်၏။
ထိုအခါ မယ်တော်, ခမည်းတော်တို့ကို သုဝဏ္ဏသာမသုခမိန်သည်-
“သာမော ဟမသ္မိ ဘဒ္ဒံ ဝေါ၊ သောတ္ထိနာမှိ သမုဋ္ဌိတော။
မာ ဗာဠှံ ပရိဒေဝေထ၊ မဉ္ဇုနာဘိဝဒေထ မံ။”
ဟူသော ဂါထာကိုဆို၏။
အဓိပ္ပာယ်ကား-
“မယ်တော်, ခမည်းတော်တို့။ ငါသည်ကား သင်တို့သားဖြစ်သော သုဝဏ္ဏသာမတည်း။ ချမ်းသာသဖြင့် ကောင်းစွာထမြောက်ပြီး ပြင်းစွာမငိုကြွေးကြလင့်။ သာယာစွာသောစကားဖြင့် ငါ့ကို ခေါ်ကြကုန်လော့”ဟု ဘုရားလောင်းဆို၏။