သုဝဏ္ဏသာမဇာတ်တော်ကြီး
by ဦးပညာတိက္ခ
၁၀။ ဇာတ်ပေါင်းခန်း
3978သုဝဏ္ဏသာမဇာတ်တော်ကြီး — ၁၀။ ဇာတ်ပေါင်းခန်းဦးပညာတိက္ခ

ဤသို့ မြတ်စွာဘုရားသည် “သုဝဏ္ဏသာမဇာတ်တော်၏ အတ္ထုပ္ပတ္တိအလုံးစုံတို့ကို ပြရာပြကြောင်းဖြစ်သော ဤဓမ္မဒေသနာကို ဆောင်တော်မူ၍- “သံသရာဘေးကို ရှုလေ့ရှိသော ရဟန်းတို့၊ အမိ အဖတို့ကို လုပ်ကျွေးမွေးမြူပေသော လူတို့မည်သည်ကား ရှေး၌ ပညာရှိတို့၏ အနွယ်အဆက်လျှင်တည်း”ဟု မိန့်တော်မူပြီးလျှင် သစ္စာ ၄-ပါးကို ပြတော်မူ၏။ သစ္စာ ၄-ပါးကို ပြတော်မူသည်၏အဆုံး၌ အမိ, အဖတို့ကို လုပ်ကျွေးမွေးမြူသော ရဟန်းသည် “သောတာပတ္တိဖိုလ်”သို့ ရောက်လေ၏။ တရားနာပရိသတ်တို့သည် တရားအရသာကို သောက်ရကုန်၏။

ဤသို့ မြတ်စွာဘုရားသည် တရားဒေသနာကို အကျယ်ဟောတော်မူ၍ စကားဆက်ဝေးသဖြင့် ရှေးဝတ္ထုအကြောင်းရင်း ပျောက်မည်စိုးသောကြောင့် “ချစ်သားရဟန်းတို့။ ငါ သုဝဏ္ဏသာမ ဖြစ်တော်မူသောအခါ ကာသိကရာဇ်တိုင်း၌ ဗာရာဏသီပြည်ကို အစိုးရတော်မူသော ပီဠိယက္ခမင်းကြီးသည် ယခု ငါဘုရားဖြစ်တော်မူသောအခါ ငါ၏သပိတ်, သင်္ကန်းတို့ကိုဆောင်ယူ၍ နောက်သို့ အစဉ်တစိုက်လိုက်ခြင်း စသည်တို့ဖြင့် မြတ်နိုးကြည်ညိုစွာ လိုရာမတရကြောင်း ကောင်းစွာလုပ်ကျွေးခြင်းရှိလျက် ကမ္ဘာ ၁-သိန်း ဖြည့်ဆည်းပူးအပ်သော ပါရမီအားလျော်စွာ ငါဘုရား၏ ဥပဋ္ဌာကအရာ၌ ဗဟုသုတအစရှိသော ဂုဏ် ၅-ပါးဖြင့် သာသနာတော်၌ ၂-ယောက်မရှိ အထွတ်ဖြစ်သော ဘထွေးတော်၏သား ငါ့ညီ “အာနန္ဒာထေရ်” ဖြစ်လာ၏။

ငါ သုဝဏ္ဏသာမဖြစ်တော်မူသောအခါ ငါ့ကို မပြတ်စောင်မလျက် ဂန္ဓမာဒနတောင်၌နေသော ဗဟုသုန္ဒရီနတ်သမီးသည် ယခု ငါ ဘုရားဖြစ်တော်မူသောအခါ ကမ္ဘာ ၁-သိန်း ဖြည့်ဆည်းပူးအပ်သော ပါရမီအားလျော်စွာ ငါ၏တပည့်တော်မ ဘိက္ခုနီအပေါင်းတို့တွင် ဒုတိယအဂ္ဂသာဝိကာ၏အရာဖြင့် တန်ခိုးအရာ၂-ယောက်မရှိ အထွတ်ဖြစ်သော “ဥပ္ပလဝဏ်”ထေရီ ဖြစ်လာ၏။

“ငါ သုဝဏ္ဏသာမ ဖြစ်တော်မူသောအခါ အလုံးစုံသော ကာမဂုဏ်အသုံးအဆောင်တို့ကို အလိုရှိတိုင်းပြည့်စေနိုင်သော တန်ခိုးနှင့်ပြည့်စုံစွာ မျက်စိ ၁၀၀၀ အမြင်ဆောင်လျက် ငါတို့ကိုကြည့်ရှုပေသော သိကြားမင်းသည် ယခု ငါဘုရားဖြစ်တော်မူသောအခါ အလုံးစုံသော ကာမဂုဏ်စည်းစိမ်တို့ကို မရှိဟူ၍ မကြားရ၊ အလိုရှိတိုင်း ပြည့်စေနိုင်လျက် ကမ္ဘာ ၁-သိန်း ဖြည့်ဆည်းပူးအပ်သော ပါရမီသမ္ဘာရနှင့်ပြည့်စုံစွာ ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ငါ၏သာသနာ၌ ၂-ယောက်မရှိ အထွတ်ဖြစ်သော, ငါဘုရား ပရိနိဗ္ဗာန် စံလွန်ပြီးသည့်နောက်တိုင်အောင်လည်း ငါ၏သာသနာတော်ကို စောင်မကြည့်ရှုလတ္တံ့ဖြစ်သော ဘထွေးတော်သား ငါ့ညီ “အနုရုဒ္ဓါ”ထေရ် ဖြစ်လာ၏။

“ငါ သုဝဏ္ဏသာမ ဖြစ်တော်မူသောအခါ ငါ၏ခမည်းတော်ဖြစ်သော ဒုကူလသုခမိန်သည် ယခု ငါဘုရားဖြစ်တော်မူသောအခါ မဂဓရဌ်တိုင်း ဗြာဟ္မဏမဟာသာလအမျိုး၌ဖြစ်၍၊ လက်သို့ရောက်ပြီးသောကာမဂုဏ်ကို တံတွေးပေါက်ကဲ့သို့စွန့်ပစ်လျက် ကမ္ဘာ ၁-သိန်း ဖြည့်ဆည်းပူးအပ်သော ပါရမီအားလျော်စွာ ငါဘုရား တပည့်သားတော်အပေါင်းတို့တွင် ဓုတင်အရာဖြင့် ငါ၏သာသနာတော်၌ ၂-ယောက်မရှိ အထွတ်ဖြစ်သော, ငါဘုရားပရိနိဗ္ဗာန်စံလွန်ပြီးသည်နောက် ငါဘုရား၏သာသနာတော်ကို ချီးမြှောက်လတ္တံ့သော တတိယအဂ္ဂသာဝက “မဟာကဿပ”ထေရ် ဖြစ်လာ၏။”

“ငါ သုဝဏ္ဏသာမ ဖြစ်တော်မူသောအခါ ငါ၏မယ်တော်ဖြစ်သော ပါရိကာသည် ယခု ငါဘုရားဖြစ်တော်မူသောအခါ မဂဓရဌ်တိုင်း၌ ၁၈-ကုဋေမက ကြွယ်ဝသော ဗြဟ္မဏမဟာသာလ ပုဏ္ဏားသူကြွယ်မျိုး၌ဖြစ်၍ ကာမဂုဏ်၌ အပြစ်ကိုမြင်၍ အတိုင်းမသိသော ဆင်, မြင်း, ကျွဲ, နွား, စပါး, ဆန်, ရေ, ကျွန်ခြွေရွေတို့ကိုစွန့်ပစ်လျက် ကမ္ဘာ ၁-သိန်း ဖြည့်ဆည်းပူးအပ်သော ပါရမီအားလျော်စွာ ငါဘုရားတပည့်တော် ဘိက္ခုနီအပေါင်းတို့တွင် “ဘဒ္ဒါကာပိလာနီ”ထေရီ ဖြစ်လာ၏။”

“ဟိမဝန္တာ ဗြဟာရည တောဝမြိုင်ခွင်၌ မိခင်,ဖခင် မျက်မမြင်ကို ချိုချဉ်သစ်သီး လုံးကြီးလုံးငယ် အသွယ်သွယ်တို့ဖြင့်လည်းကောင်း၊ သောက်ရေချိုးရေတို့ဖြင့်လည်းကောင်း နေ့ညဉ့်မပြတ် လုပ်ကျွေးမွေးမြူသော သုဝဏ္ဏသာမ သုခမိန်သည်ကား ယခုအခါ ကပိလဝတ်နေပြည်တော်ကြီး၌ မဟာသမ္မတမင်းမှဆင်းသက်၍ မပြတ်သောအနွယ်ရှိသော သာကီဝင်မင်းမျိုး၌ဖြစ်၍၊ အရွယ်သို့ရောက်လတ်သော် ဘုန်းတော်ကြောင့်ဖြစ်သော ရွှေအိုးကြီး ၄-လုံးနှင့်တကွ ဥတု ၃-ပါးတို့၌ အချမ်း,အပူမျှသော ရွှေနန်းပြာသာဒ် ၃-ဆောင်၌ ယသောဓရာ ဗိမ္ပာဒေဝီအမှူးရှိသော မင်းသမီးအပေါင်း ၄-သောင်း ၂-ထောင်တို့ဖြင့် ခြံရံလျက် ရွှေနန်းစည်းစိမ်ကို ၂၉-နှစ်တိုင်အောင် စိုးစံတော်မူစဉ် ၄-လတစ်ကြိမ်, ၄-လတစ်ကြိမ် ဥယျာဉ်သို့ထွက်တော်မူရာတွင် သိကြားမင်းအမှူးရှိသော တစ်သောင်းသော စကြဝဠာ၌နေကုန်သော နတ်အပေါင်းတို့သည် ဗုဒ္ဓုပ္ပါဒ ခဏသင့်လျော် အချိန်တော်ပြီဟု တောထွက်တော်မူလိုသောစိတ်, လန့်ထိတ်ခြင်းဟူသော သံဝေဂတရားကို ရစေခြင်းငှာ သူအို, သူနာ, သူသေ, ရဟန်းဟူသော ၄-ပါးသော အကြောင်းနိမိတ်တို့ကိုပြ၍ မြင်တည့်ရသောခဏ၌ ငါ၏ရူပသမ္ပန္န အဆင်းအင်္ဂါ လက္ခဏာသည်လည်းကောင်း၊ ဇမ္ဗူဒီပါကျွန်းအပြင်၌နေသော ၁၀၁-စင်းသော ထီးဆောင်းမင်းအပေါင်းတို့သည် ဝပ်စင်းညွတ်ပျပ် ဆက်ကပ်လာသော ရွှေ, ငွေ, ကျောက်, သံ, ပတ္တမြား၊ ကျွဲ, နွား, မြင်း, ဆင်, ယာဉ်, သံလျင်း, ရထား, စပါး, ဆန်, ရေ တို့သည်လည်းကောင်း၊ ဆောင်း, နွေ, ဝသန်ဟုဆိုအပ်သော ဥတု၃-ပါးတို့၌ ၄-ပါးသော မဟာဘုတ်တို့ကိုမျှစေလျက် သပ္ပါယဖြစ်စေခြင်းငှာ စွမ်းနိုင်သော ကပိလဝတ်နေပြည်တော်နှင့်တကွ ရမ္မ, သုဘ, သုရမ္မ, အစရှိသော အတိုင်းမသိသော အဝိညာဏက, သဝိညာဏကတို့သည်လည်းကောင်း၊ တစ်သက်တစ်ဘဝ တစ်ခဏအခိုက်အတန့်သာ ဖြစ်ချေသည်တကားဟု များစွာသောဝတ္ထု၊ ဘောဂက္ခန္ဓ ဓနအစုတို့ကို ဟူးဟူးပြောင်းပြောင် ထိန်ထိန်လောင်သော မီးကျီးတွင်းကဲ့သို့လည်းကောင်း၊ မစင်ဘင်ပုပ်, မြွေကောင်ပုပ်, ခွေးကောင်ပုပ်ကဲ့သို့လည်းကောင်း ကြပ်ကြပ်စွဲသုံး နှလုံးထားတော်မူ၍ သားတော်ရာဟုလာကိုဖွားမြင်တော်မူသည့်နေ့ ဖွားဖက်တော်ရင်းဖြစ်သော ငဆန်, ကဏ္ဍကနှင့်တကွ တောထွက်၍ သဲဖြူသာယာ အနောမာမြစ်နား၌ ဆံတော်ကိုပယ်ဖြတ်၍ ဃဋိကာရဗြဟ္မာမင်းသည် ကောင်းစွာရှေးရှု ကပ်လှူအပ်သော ကမ္ဘာ့တန်ဆာ ကြာသင်္ကန်းနှင့် ရဟန်းပြုတော်မူပြီးလျှင် အနုပိယတောတွင် သမဏသုခကို ခံစားတော်မူလျက် ၇-ရက်ပတ်လုံး ကျင့်သုံးတော်မူပြီးလျှင် ရာဇဂြိုဟ်ပြည်တွင်းသို့ ဆွမ်းခံဝင်တော်မူပြီးမှ ပဏ္ဍဝတောင်ဝှမ်း၌ ဆွမ်းဘုဉ်းတော်မူစဉ် ဗိမ္ဗိသာရမင်းကြီး၏ တောင်းပန်ခြင်းကို ငြင်းဆန်ဖီတား စကားပဋိညာဉ်ကို ပေးတော်မူပြီးမှ အာဠာရ, ဥဒကရသေ့တို့ထံတွင် ဆက်ဆံခြင်းတည်းဟူသော အညမညကျေးဇူးကို ခံစားတော်မူပြီးမှ ခပ်သိမ်းသောသူအပေါင်းတို့သည်ပြုခြင်းငှာ စွမ်းနိုင်ခဲလှသော “ဒုက္ကရစရိယာ”အကျင့်ကို ၆-နှစ်ပတ်လုံး ကျင့်တော်မူပြီးမှ သေနာနိဂုံး၌ သူဌေးသမီးသုဇာတာသည် ကောင်းစွာရှေးရှုကပ်လှူအပ်သော ဃနာနို့ဆွမ်းကို ရွှေခွက်နှင့်တကွ ခံတော်မူပြီးလျှင် “နေရဉ္ဇရာ”မြစ်သာချောင်းနား၌ နို့ဃနာဆွမ်းကို ဘုဉ်းပေးတော်မူပြီးမှ ထိုနေရဉ္ဇရာ၌ ရွှေခွက်ကိုမျှောတော်မူပြီးလျှင် နေ့သန့်စံပယ် တော်မူပြီးမှ ညချမ်းသောအခါ၌ ၈-ဥသဘ အနံကျယ်သော မဟာမဂ္ဂ နတ်လမ်းမဖြင့် ကြွတော်မူ၍၊ မဟာဗောဓိ မဏ္ဍိုင်၌ နေမဝင်မီ ဒေဝပုတ္တမာရ်ကို အောင်တော်မူ၍၊ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်, သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်, မိုးသောက်ယံ အရုဏ်တက်လုနီးဆဲဆဲတွင် အာသဝက္ခယဉာဏ်ကို ရတော်မူ၍ ဉေယျဓံတရား ၅-ပါးတို့ကို သူတစ်ပါးမညွှန် ကိုယ်တော်တိုင်သာလျှင် အလိုလိုသိတော်မူလျက် မရေတွက်နိုင်သော ဂုဏ်တော်အပေါင်းနှင့်တကွ သဗ္ဗညုတအဖြစ်သို့ ရောက်တော်မူပြီးသော ငါဘုရား ဖြစ်တော်မူ၏။

သုဝဏ္ဏသာမ ဇာတ်တော်ကြီးဝတ္ထု

ဤတွင်ရွေ့ ပြီး၏။