သူများ မကောင်းကြံ ကိုယ့်ဘေးရန်
သင်ခန်းစာ (၃၇)
သူများ မကောင်းကြံ ကိုယ့်ဘေးရန်
ပြင်ဆင်ရန်ရှေးအခါက ဗာရာဏသီပြည်အနီး ရွာတစ်ရွာ၌ သူဌေးကြီးတွင် “မောင်သာ”ဟု ခေါ်သော သားလေး တစ်ယောက် ရှိသည်။ တစ်နေ့၌ မောင်သာသည် ကစားဖော် သူငယ်ချင်းများနှင့်အတူ အရိပ်ကောင်းသော ညောင်ပင်ကြီးအောက်၌ ပျော်ရွှင်စွာ ကစားနေသည်။
ထိုအချိန်တွင် အခြားရွာမှလာသော ဆေးဆရာတစ်ယောက်သည် ဆေးမကုရသည်မှာ ကြာနေ ပြီဖြစ်ရာ လူနာ တွေ့လိုတွေ့ငြား ရွာစဉ်လျှောက်လာခဲ့သည်။ ထိုသို့ လျှောက်လာရင်း မောင်သာတို့ ကစားနေကြသော ညောင်ပင်ရိပ်သို့ ရောက်လာခဲ့သည်။ ဆေးဆရာက ညောင်ပင်ခွကြား၌ အိပ်နေသော မြွေကို မြင်သည့်အခါ “ငါ ဆေးမကုရတာ ကြာပြီ၊ အခုထွက်လာခဲ့တဲ့ ရွာမှာလည်း ဆေးမကုခဲ့ရလို့ ဘာမှ မရခဲ့ဘူး၊ ဒီကလေးတွေကို လိမ်ညာပြီး မြွေကိုက်အောင်လုပ်မယ်၊ မြွေကိုက်တဲ့အခါ ငါ ဆေးကုရမယ်၊ ဆေးကုမှ ငွေရမယ်”ဟု တွေးမိသည်။
ထိုသို့ တွေး၍ မောင်သာတို့ကို “ဒီသစ်ပင်ခွကြားမှာ ဆက်ရက်ငှက်လေးတစ်ကောင် ရှိတယ်၊ တက်ဖမ်းကြပါလား”ဟု ပြောလိုက်သည်။ မောင်သာလည်း အမှန်တကယ် ဆက်ရက်ရှိနေသည်ထင်၍ သစ်ပင်ခွကြားသို့ တက်ဖမ်းသည်။ ထိုသို့ ဖမ်းသောအခါ သစ်ပင်ခွကြား၌ အိပ်နေသော မြွေ၏ လည်ပင်းကို ဆုပ်ကိုင်မိသည်။ မောင်သာသည် မြွေကို ကိုင်မိမှန်းသိသည်နှင့် တစ်ပြိုင်နက် ကြောက်လန့်ကာ အောက် သို့ အမြန် ပစ်ချလိုက်သည်။
ထိုမြွေသည် ဆေးဆရာ၏ လည်ပင်းပေါ်သို့ မထင်မှတ်ဘဲ ကျသွားသည်။ မြွေသည် ဆေးဆရာ၏ လည်ပင်းကို ရစ်ပတ်၍ ကိုက်ပြီး ထွက်ပြေးသွားလေသည်။ အနီးအနား ပတ်ဝန်းကျင်မှ လူများသည် ဆေးဆရာကို ကူညီရန် ဝိုင်းအုံလာကြသည်။ သို့သော် ပြင်းထန်သော မြွေဆိပ်ကြောင့် ဆေးဆရာသည် ထိုနေရာ၌ သေဆုံးသွားခဲ့သည်။ ဆေးဆရာသည် အပြစ်မဲ့သော ကလေးသူငယ်များကို မကောင်းကြံခဲ့မိ သောကြောင့် မကောင်းကျိုးကို သူသာလျှင် ပြန်၍ ခံစားခဲ့ရလေသည်။