မိရိုးဖလာလွန် ဗုဒ္ဓဘာသာ (၁၉၇၅ ခုနှစ်)
by ဆရာသောင်းလွင်
သံဃာရတနာ
4044မိရိုးဖလာလွန် ဗုဒ္ဓဘာသာ — သံဃာရတနာ၁၉၇၅ ခုနှစ်ဆရာသောင်းလွင် (ဘီအေ)

သံဃာရတနာ

အခန်း-၄

မေး။ ။ သံဃာဆိုတာ ဘာလဲ။ ဘာကြောင့် သံဃာခေါ်သလဲ။

ဖြေ။ ။ သောတပတ္တိမဂ်၊ သကဒါဂါမိမဂ်၊ အနာဂါမိမဂ်၊ အရဟတ္တမဂ် ဆိုတဲ့ မဂ်လေးပါးကို ရတဲ့ ပုဂ္ဂိုလ် ၄-ယောက် (မဂ္ဂဋ္ဌာန် လေးယောက်)နဲ့ သောတပတ္တိဖိုလ်၊ သကဒါဂါမိဖိုလ်၊ အနာဂါမိဖိုလ်၊ အရဟတ္တဖိုလ်ဆိုတဲ့ ဖိုလ်လေးပါးကိုရတဲ့ ပုဂ္ဂိုလ် (ဖလဋ္ဌာန် လေးယောက်) စုစုပေါင်း ပုဂ္ဂိုလ် (၈)ယောက်ကို သံဃာလို့ ခေါ်တယ်။

အပါယ်လေးပါးကို ကျရောက်စေတတ်တဲ့ ကိလေသာတရားဆိုးတွေကို ပယ်သတ်နိုင်လို့ ဘုရားရှင်၏အဆုံးအမကိုသာ လိုက်နာကြပြီး အယူသီလ တူညီကြလို့ ပုဂ္ဂိုလ် (၈)ယောက်ကို သံဃာလို့ ခေါ်တယ်။

မေး။ ။ သံဃာ ဘယ်နှစ်မျိုးရှိသလဲ။

ဖြေ။ ။ အရိယာသံဃာနဲ့ သမ္မုတိသံဃာဆိုပြီး သံဃာနှစ်မျိုးရှိတယ်။ မဂ္ဂဋ္ဌာန်လေးယောက်၊ ဖလဋ္ဌာန်လေးယောက် ပေါင်း (၈)ယောက်ကို ကိလေသာ အညစ်အကြေးတွေ လုံးဝမရှိ၊ ဖြူစင်သန့်ရှင်းမြင့်မြတ်တဲ့အတွက် အရိယာသံဃာလို့ ခေါ်တယ်။ အရိယာသံဃာကို ပရမတ္ထသံဃာလို့လဲ ခေါ်သေးတယ်။ ဒက္ခိဏေယျသံဃာလို့လဲ ခေါ်သေးတယ်။ မဂ်ဖို်လ်ကို မရသေးဘဲ မဂ်ဖို်လ် ရရာရကြောင်း တရားတော်တွေကို သင်အံနေဆဲဖြစ်တဲ့ ရဟန်းတော်တွေကိုတော့ ဘုရားဝိနည်းတော်အရ သံဃာလို့ ခေါ်ဝေါ် သမုတ်ထားတဲ့အတွက် သမ္မုတိသံဃာလို့ ခေါ်တယ်။

မေး။ ။ သံဃံ ပူဇေမိ သံဃံ သရဏံ ဂစ္ဆာမိမှာ ဘယ်သံဃာကို ပူဇော်ဆည်းကပ်ရမလဲ။

ဖြေ။ ။ သံဃံ ပူဇေမိ သံဃံ သရဏံ ဂစ္ဆာမိမှာ အရိယာသံဃာ၊ ပရမတ္ထသံဃာ၊ ဒက္ခိဏေယျသံဃာ (၈)ပါးကို သံဃာအဖြစ် ပူဇော်ဆည်းကပ်ရမယ်။ ကင်္ခါဝိဘရဏီဋီကာ ကျမ်းပြုဆရာတော်က မလှူမီ ရှေ့အဖို့မှာဖြစ်တဲ့ လှူဒါန်းလိုတဲ့ စေတနာကို ဒါနစေတနာအဖြစ် သတ်မှတ်ရသလို မဂ်ဖိုလ် မရသေးသော်လည်း ရအောင် အားထုတ်နေဆဲဖြစ်တဲ့ ပုထုဇဉ် သံဃာတွေကိုလဲ သံဃာအဖြစ် ပူဇော်ရမယ်။ ကိုးကွယ်ဆည်းကပ်ရမယ်လို့ ဆိုပါတယ်။ ဒီအဆိုကို မဏိမဉ္စူသာဋီကာကျမ်းပြု ဆရာတော်က ထောက်ခံတယ်။ ဆရာတော်ရဲ့ အကြောင်းပြချက်ကတော့ ကလျာဏပုထုဇဉ် ပုဂ္ဂိုလ်ကို နိဗ္ဗာန်ရောက်အောင် ကျင့်နေတဲ့ သေက္ခပုဂ္ဂိုလ် စာရင်းထဲမှာ ထည့်သွင်းရလို့ပဲလို့ အကြောင်းပြတယ်။

မေး။ ။ ရဟန်း၊ ဦးပဉ္စင်း၊ ဘုန်းကြီး၊ ဆရာတော်ဆိုတဲ့ ဝေါဟာရတွေရဲ့ အဓိပ္ပာယ်ဟာ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။

(က) အလင်္ကာရဆိုတဲ့ ပါဠိပုဒ်မှာ ရှေ့က (အ)နဲ့ နောက်က (ရ)ကို ဖြုတ်ပြီး လင်္ကာဆိုတဲ့ မြန်မာစာလုံး ဖန်တီးယူလိုက်သလို အရဟန္တဆိုတဲ့ ပါဠိပုဒ်မှာ ရှေ့က (အ)နဲ့ နောက်က (တ)ကို ဖြုတ်ပြီး ရဟံ - ရဟန်းလို့ မြန်မာဝေါဟာရ ဖြစ်လာတယ်။ အရဟန္တဆိုတဲ့ မူလပါဠိပုဒ်က အရိယာ (၈)ယောက်မှာ နောက်ဆုံး အဆင့်အမြင့်ဆုံး ရဟန္တာပုဂ္ဂိုလ်ကို ဆိုလိုပေမယ့် မြန်မာဝေါဟာရ ဖြစ်လာတော့ ရိုးရိုးပုထုဇဉ် ဘုန်းကြီးတွေကို ရဟန်းလို့ ခေါ်တယ်။

(ခ) ရဟန်းအဖြစ်ခံယူတဲ့အခါ အင်္ဂါငါးပါး အချက်အလက်ငါးခုနဲ့ ပြည့်စုံရတယ်။ အဲဒီ အင်္ဂါငါးပါးကို ပါဠိလို ပဉ္စင်္ဂလို့ ခေါ်တယ်။ မဂ္ဂင်္ဂ မဂ္ဂင် ဖြစ်သလို ပဉ္စင်္ဂက ပဉ္စင်း ပဉ္စင်းလို့ မြန်မာဝေါဟာရ ဖြစ်လာတယ်။ လေးစားမှုနဲ့ ရှေ့က (ဦး) ထည့်လိုက်တော့ ဦးပဉ္စင်း ဖြစ်လာတယ်။

ရဟန်းလို့ အဓိပ္ပာယ်ရတဲ့ ပါဠိစကား ဥပသမ္ပန္နပုဒ်က ဥပသမ်း ဥပစမ်း ဥပစင်းလို့ ပြောင်းလာတယ်လို့လဲ ကြံဆကြတယ်။ ယုတ္တိလဲ ရှိပါရဲ့။ ယနေ့အသံထွက်နဲ့လဲ ညီပါရဲ့၊ ဒါပေမယ့် ယနေ့ရေးနေတဲ့ ဦးပဉ္စင်းဆိုတဲ့ စာလုံးပေါင်းနဲ့က မကိုက်တော့ဘူး။ ရဟံက ရဟန်းဖြစ်သလို ဥပစမ်းက ဦးပစင်းဖြစ်လာတယ်ဆိုရင် ဖြစ်နိုင်တဲ့ ရေးထုံးပါပဲ။

(ဂ) ဘုန်းကြီးဆိုတဲ့ ဝေါဟာရကတော့ ဘုန်းကံကြီးမားသူလို့ အဓိပ္ပာယ်ရတယ်။ ပဗ္ဗဇ္ဇိတဘာဝေါဒုလ္လဘော = ရဟန်းအဖြစ်ဆိုတာ ရခဲတယ်။ ရဟန်းအဖြစ်ရတဲ့ ပုဂ္ဂိုလ်တွေဟာ ရှေးဘုန်း ရှေးကံရှိလို့ ယူဆပြီး ဘုန်းကြီးလို့ ခေါ်တာပါပဲ။ တစ်ခါတစ်ရံ ဘုန်းကြီးအစား ကိုယ်တော်ကို သုံးကြတယ်။ တောင်ကျောင်းကိုယ်တော်၊ ဆွမ်းခံကိုယ်တော်၊ မန္တလေးကကိုယ်တော်၊ ကိုယ်တော်တို့ ဘယ်က ကြွလာသလဲ။

(ဃ) ဘုရင့်ရဲ့ သားသမီးတွေကို သားတော်၊ သမီးတော် ခေါ်သလို ဘုရင်ကိုးကွယ်ခံရတဲ့ ဘုန်းကြီးကိုလဲ ဘုရင့်ဆရာတော်၊ နောက်တော့ ဆရာတော်လို့ ခေါ်တယ်။ ဘုရင်မရှိလို့ ဘုရင့်ဆရာတော်မရှိပေမယ့် သက်တော် ဝါတော်ကြီးတဲ့ ကျောင်းထိုင်ဘုန်းကြီးတွေကိုလဲ ဆရာတော်လို့ ခေါ်ကြတယ်။ ဘုရင့်ဆရာ မဟုတ်ပေမယ့် သူဌေးသားတွေ၊ အရာရှိကြီးတွေရဲ့ ဆရာဖြစ်လို့ ဆရာတော်လို့ ခေါ်တယ်ဆိုရင်လဲ မမှားပါဘူး။

အားလုံးခြုံပြီးပြောရရင်တော့ သက်တော် ဝါတော်ငယ်ပြီး ကိုယ်ပိုင်ကျောင်းမရှိသေးတဲ့ မှီခိုသူ သာသနာ့ဝန်ထမ်းတွေကို ရဟန်း၊ ဦးပဉ္စင်းလို့ ခေါ်ပြီး ကျောင်းပိုင်ရှိပြီး သက်တော် ဝါတော်ကြီးတဲ့ သာသနာ့ဝန်ထမ်းတွေကို ဘုန်းကြီး၊ ဆရာတော်လို့ ခေါ်တယ်။ ဒါကြောင့် ရဟန်းခံတယ်၊ ပဉ္စင်းခံတယ်လို့သာ သုံးပြီး ဘုန်းကြီးခံတယ်၊ ဆရာတော်ခံတယ်လို့တော့ မသုံးရဘူး။

မေး။ ။ ရဟန်းခံတယ်၊ ပဉ္စင်းဘောင် တက်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။

ဖြေ။ ။ နိမ့်သောလူဘဝ၊ သာမဏေဘဝမှ မြင့်မြတ်တဲ့ ရဟန်းဘဝ၊ ဦးပဉ္စင်းဘဝကို တက်သွားတာဖြစ်လို့ ရဟန်းဘောင်တက်တယ် ပဉ္စင်းဘဝကို တက်သွားတာဖြစ်လို့ ရဟန်းဘောင်တက်တ် ပဉ္စင်းဘောင်တက်တယ်လို့ ခေါ်ကြတယ်။ သာသနာ့ဘောင် တက်တယ်လို့လဲ သုံးကြတယ်။ ရဟန်းအဖြစ် ပဉ္စင်းအဖြစ် ခံယူတာဖြစ်လို့ ရဟန်းခံတယ်။ ပဉ္စင်းခံတယ်လို့လဲ သုံးကြတယ်။ ရှေးခေတ် (၁၂)ရာသီဘွဲ့ လူးတားတွေမှာ ပဉ္စင်းခံပွဲလို့ အသုံးများပြီး အခုခေတ် ဖိတ်စာတွေမှာတော့ ရဟန်းခံရှင်ပြုလို့ အသုံးများတယ်။

မေး။ ။ ဘုရား၊ တရား၊ သံဃာသုံးပါးကို ဘာဖြစ်လို့ ရတနာမြတ်လို့ ခေါ်သလဲ။

ဖြေ။ ။ နှစ်သက်ဝမ်းမြောက်ပီတိကို ဖြစ်စေတတ်တဲ့ အရာဝတ္ထုတွေကို ရတနာလို့ခေါ်တယ်။ ရွှေ၊ ငွေ၊ စိန်၊ ကျောက်၊ သားသမီးတွေကို ရတနာလို့ ခေါ်တယ်။ ဒါပေမယ့် အထက်ပါ ရွှေ၊ ငွေ၊ စိန်၊ ကျောက်၊ သားသမီးရတနာတွေက နှစ်သက်မှုကို ဖြစ်စေသလို စိတ်ဆင်းရဲမှုကိုလဲ ရံခါ ဖြစ်စေတတ်ကြသေးတယ်။ ဘုရား၊ တရားနဲ့ အရိယာ သံဃာတော်တွေကတော့ သူတို့ကို ကိုးကွယ်ဆည်းကပ်သူ၊ သူတို့ရဲ့ဂုဏ်တွေကို ပွားများအောက်မေ့သူတွေရဲ့ နှစ်သက်မှုကိုသာ အမြဲဖြစ်စေတယ်။ စိတ်ဆင်းရဲမှု နှလုံးမသာယာမှုကို ဘယ်တော့မှ မဖြစ်စေဘူး။ ဒါကြောင့် ရွှေ၊ ငွေ၊ စိန်၊ ကျောက် ဆိုတဲ့ ရတနာတွေထက် မြတ်လို့ ဘုရား၊ တရား၊ သံဃာတွေကို ရတနာမြတ်သုံးပါးလို့ ခေါ်တယ်။

မေး။ ။ ဘုရားရှင်ဟာ သံဃာအဖွဲ့ကို ဘာရည်ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့သလဲ။

ဖြေ။ ။ ဘုရားရှင်ဟာ လေးသချေင်္နဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ကျင့်ပြီးမှ ရရှိထားတဲ့ တရားတော်တွေကို ဝေနေယျသတ္တဝါတွေကို ဖြန့်ဝေလိုတယ်။ ဘုရားရှင်တစ်ပါးတည်း ဖြန့်ဝေနေရုံနဲ့လဲ မပျံ့နိုင်ဘူး။ ဘုရားရှင် တစ်သက်ဟောကြားရုံနဲ့လဲ ဝေနေယျတွေဟာ မကုန်နိုင်ဘူး။ ဘုရားရှင် သက်တော်ထင်ရှား ရှိနေစဉ်မှာလဲ ဘုရားရှင်ရဲ့ ကိုယ်စားလှယ်တော်အဖြစ်၊ ပရိနိဗ္ဗာန် စံတော်မူပြီးတဲ့ နောက်မှာလဲ သာသနာ့ အမွေခံတွေအဖြစ်နဲ့ ဝေနေယျတွေကို ဆက်လက်ဟောကြားနိုင်ဖို့အတွက် သံဃာအဖွဲ့ကြီးကို ဖွဲ့စည်းတော် မူခဲ့တယ်။ ဒီနေ့အထိ သာသနာတော် တည်နေတာဟာ သံဃာတော်တွေ ဆက်လက် ထိန်းသိမ်းထားလို့သာ ဖြစ်ပါတယ်။

မေး။ ။ သိကြားမင်းက ဘယ်သူ့ကိုလှူတာ အကျိုးများသလဲ မေးတဲ့အခါမှာ၊ မိထွေးတော် ဂေါတမီက သင်္ကန်းကို ကိုယ်တိုင် ယက်လုပ်လှူဒါန်းတဲ့အခါမှာ ဘုရားရှင်က သံဃာတော်ကို ပေးလှူကြ။ သံဃာတော်ကို လှူတာ အကျိုးအများဆုံးပဲလို့ မိန့်ကြားခဲ့တယ်။ ဘာကြောင့်ပါလဲ။

ဖြေ။ ။ ဘုရားရှင်ဟာ လေးဆယ့်ငါးဝါ ကာလပတ်လုံး သတ္တဝါတွေကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတော်မူခဲ့တယ်။ ဒါနဲ့လဲ အားရတော်မမူသေးဘူး။ ပရိနိဗ္ဗာန် စံပြီးတဲ့နောက် လူတွေကိုးကွယ်ဖို့ ဓာတ်တော်တွေ ထားခဲ့တယ်။ ဘုရားကိုယ်စား တရားတော်တွေ ထားခဲ့တယ်။ ဒီတရားတွေကို သင်အံလေ့လာဖို့ သံဃာအဖွဲ့အစည်းကိုလည်း ဖွဲ့စည်းခဲ့တယ်။ ဒီသာသနာ့ဝန်ဆောင် သာသနာ့ အမွေခံ သံဃအဖွဲ့ကြီး အစဉ်တည်တံ့ရေးအတွက် ဝိနည်းသိက္ခာပုဒ်တွေကို ပညတ်ခဲ့တယ်။ ဒီသံဃအဖွဲ့ကြီး ကြီးပွားမှ အနာဂတ် သာသနာဟာ တည်တံ့ကြီးပွားမယ်ဆိုတာကို မြင်တော်မူတဲ့အတွက် သက်တော်ထင်ရှား ရှိစဉ်ကပင် သံဃာတော်တွေကို ဦးစားပေးခဲ့တယ်။ သံဃာကို ပေးလှူ ပူဇော်တာဟာ ငါဘုရားကို ပေးလှူပူဇော်ရာရောက်တယ်လို့ သံဃာအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ပေးခဲ့ခြင်း ဖြစ်တယ်။ ဘုရားရှင် မြော်မြင်တော်မူတဲ့အတိုင်း ဘုရားရှင် သာသနာတော်ဟာ ယနေ့အထိ တည်တံ့နေတာဟာလဲ သံဃာတော်တွေရဲ့ ကျေးဇူးကြောင့်ပဲ ဖြစ်တယ်။ ဒါကြောင့် သာသနာတော် အရှည်တည်တံ့လိုရင် ဘုရားရှင် ဟောတော်မူချက်အတိုင်း သံဃာတော်တွေကို ပေးလှူပူဇော် ချီးမြှောက် လှူဒါန်းကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

မေး။ ။ လူတွေဟာ ဘာဖြစ်လို့ သံဃာတော်တွေကို ပစ္စည်းလေးပါး လှူဒါန်းရသလဲ။

ဖြေ။ ။ ဘုရားရှင်က သံဃာတော်တွေကို စားဝတ်နေရေး ကိစ္စတွေမှာ အချိန်မကုန်စေချင်ဘူး။ ပရိယတ် ပဋိပတ်လုပ်ငန်းတွေမှာ အားစိုက်စေချင်တယ်။ စားရေးအတွက် ဆွမ်းခံစားစေတ်။ ဝတ်ရေးအတွက် ပံ့သကူသင်္ကန်း ဝတ်စေတ်။ နေရေးအတွက် သစ်ပင်အောက် သစ်ရွက်မိုးတဲ့ကျောင်းမှာ နေစေတယ်။ ဒါပေမယ့် လူတွေက သံဃာတော်တွေကို မွန်မြတ်တဲ့ ဆွမ်းတွေကျွေးတယ်။ လူနေအိမ်တွေထက် ကောင်းတဲ့ ကျောင်းကြီးတွေမှာ နေစေတယ်။

လူတွေဟာ စားဝတ်နေရေးကိစ္စ လုပ်နေရလို့ ပရိယတ်စာပေ မသင်နိုင်ကြဘူး၊ ရဟန်းသံဃာတော်တွေ ပရိယတ်စာပေ သင်အံနိုင်ဖို့အတွက် စား၊ ဝတ်၊ နေ ပစ္စည်းတွေနဲ့ ထောက်ပံ့ပူဇော်ပေးကြတယ်။ ရဟန်းတော်တွေက စားဝတ်နေရေးအတွက် မပူပင်ရလို့ ပရိယတ်ကို သင်အံနိုင်တယ်။ သူတို့ တတ်သိတဲ့ ပရိယတ်တွေကို သူတို့ကို ပစ္စည်းလေးပါး ထောက်ပံ့တဲ့ ဒကာ ဒကာမတွေကို ဟောပြော ပြသကြတယ်။ ဘာသာရေးကိစ္စတွေမှာ ခေါင်းဆောင်တယ်။ ရဟန်းတော်တွေ အေးအေးဆေးဆေး စာသင်နိုင်အောင်လို့ ပစ္စည်းလေးပါးနဲ့ ထောက်ပံ့လှူဒါန်းကြတယ်။

မေး။ ။ သံဃာတော်တွေကို ဆွမ်းလောင်းလှူတဲ့အခါ ဆွမ်းကပ်တဲ့အခါ ဘယ်လိုဂုဏ်တွေကို ရည်မှန်းပြီး လှူဒါန်းရမလဲ။

ဖြေ။ ။ ငါတို့ဟာ တစ်လမှာ လေးရက်တောင် မှန်မှန် ဥပုသ်မစောင့်နိုင်ဘူး။ ရဟန်းသံဃာတွေဟာ နှစ်ရာနှစ်ဆယ့်ခုနှစ်သွယ်သော သိက္ခာပုဒ်တွေကို နေ့စဉ် အမြဲမပြတ် လုံခြုံအောင် ထိန်းသိမ်းတော်မူကြတယ်။ ဒီသံဃာတော်တွေ ပိဋကတ်တွေကို အစဉ်ဆောင်ရွက် သင်အံလာခဲ့လို့ ဗုဒ္ဓရဲ့ တရားအစစ်အမှန်တွေကို အခုတို့တတွေ သိခွင့် ကျင့်ခွင့် ကြုံရတယ်။ ဒီလို သံဃာတွေက ဘာသာရေးကိစ္စမှာ ဦးဆောင်မှုပေးတဲ့အတွက် အပါယ်လေးပါးမှလွတ်၍ နတ်ရွာ လူ့ပြည်ရောက်စေနိုင်တဲ့ အကျင့်တွေကို ကျင့်ကြံနိုင်ပြီး မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို ရနိုင် ရောက်နိုင်ကြတာ ဖြစ်တယ်လို့ သံဃာတော်တွေရဲ့ လက်တွေ့ကျတဲ့ ဂုဏ်ကျေးဇူးတွေကို အောက်မေ့ပြီး လှူဒါန်းပူဇော်ရမယ်။

မေး။ ။ အချို့ သံဃာတွေဟာ ဝိနည်းတော်အတိုင်း မကျင့်ကြဘူး။ ဒီသံဃာတွေကို ဘယ်လို သဘောထားရမလဲ။

ဖြေ။ ။ လူတွေဟာ လူ့ကျင့်ဝတ်တွေကို အကုန်မဖြည့်ဆည်းနိုင်ကြသလို ရဟန်းတော်တွေဟာလဲ ပုထုဇဉ်ဖြစ်သည့်အလျောက် အချို့ အငယ်စား သိက္ခာပုဒ်တွေကို မလွဲမရှောင်သာ ကျူးလွန်မိကြတာပဲ၊ ကင်းခြေများဟာ ခြေတစ်ချောင်း နှစ်ချောင်းကျိုးလို့ အသွားမပျက်သလို နှစ်ရာနှစ်ဆယ့် ခုနှစ်သွယ်ထဲက တစ်ခု နှစ်ခုပျက်တာဟာ မပြောပလောက်ပါဘူး။ ရဟန္တာတွေတောင်မှ လောကအမြင်အရ အပြစ်မမြင်နိုင်တဲ့ အာပတ်မျိုးသာ မသင့်တော့တာ၊ ဘုရားရှင်ပညတ်ချက်အရ သင့်တဲ့အာပတ် အပြစ်မျိုးတော့ လွန်ကျူးကြသေးတာပဲလို့ နှလုံးသွင်းပြီး သူတို့ သန္တာန်မှာ ရှိတဲ့ ကျန်တဲ့ သိက္ခာပုဒ်တွေကို ရည်မှန်းပြီး ကြည်ညိုကြရမယ်။ အနေအထိုင် အကျင့်သီလ ကြည်ညိုစရာမရှိဘူး ဆိုတာတောင်မှ သူတို့ သင်အံ လေ့ကျက်ထားတဲ့ တရားတော်တွေကို ပူဇော်တဲ့အနေနဲ့ ပူဇော်နိုင်ကြရမယ်။

အကျင့်သီလ လုံးဝမရှိတဲ့ ဒုဿီလပုဂ္ဂိုလ် ဖြစ်နေရင်တောင်မှ အရိယာသံဃာအဖြစ် ရည်မှန်းပြီး လှူဒါန်းရင် အကျိုးကြီးတယ်လို့ ဟောထားတာကို သတိပြုပြီး လှူဒါန်းပူဇော်နိုင်ရမယ်။ မလှူလို မပူဇော်လိုဘူး ဆိုသည့်တိုင်အောင် မပြစ်မှား မကျူးလွန်မိအောင် ခွင့်လွှတ်နိုင်ကြရမယ်။

မေး။ ။ ကိုရင်လေးတွေကို ဘယ်လို ကြည်ညိုရမလဲ။

ဖြေ။ ။ ကိုရင်လေးတွေဟာ အသက်အရွယ် ငယ်တဲ့အတွက် အနေအထိုင်ဟာ ဆရာတော်ကြီးတွေလောက် မသိမ်မွေ့ဘူး။ ကလေးဖြစ်တော့ ကလေးသဘာဝ မပျောက်ဘူး။ ဒါကြောင့် အချို့က ကိုရင်လေးတွေကို မကြည်ညိုကြဘူး။ ကိုရင်လေးတွေ တွေ့ရင် တို့ဟာ တစ်လမှာ ဥပုသ် ၄-ရက်တောင် မှန်မှန် မစောင့်နိုင်ဘူး။ ဒီကိုရင်လေးတွေဟာ ၁၀-ပါးသီလ နေ့စဉ်လုံအောင် ထိန်းနေကြရတယ်။ သေခိယ သိက္ခာပုဒ် ၇၅-ပါးနဲ့ ညီညွတ်အောင် နေထိုင်စားသောက် ကျင့်ကြံရတယ်။ တို့လေးစားနေတဲ့ ဆရာတော်တွေဟာလဲ ဒီလိုကိုရင်လေးဘဝက ကြီးလာရပြီး အကျင့်သီလ ကောင်းလာကြရတယ်။ ဒီကိုရင်လေးဟာလဲ တစ်နေ့မှာ ဆရာတော်ကြီးဖြစ်မယ့် သာသနာမျိုးစေ့ ကလေးတွေပဲ ဖြစ်တယ်။ ဒီကိုရင်လေးတွေသာ မရှိရင် ဒီနေ့ဆရာတော်ကြီးတွေ ပျံတော်မူသွားရင် သာသနာတော် အဆက်ပြတ်သွားတော့မယ်။ သာသနာ မပြတ်အောင် ဆက်ထိန်းသွားမယ့် သာသနာ့ အမွေခံလေးတွေ ဖြစ်တယ်လို့ နောင်တစ်ချိန်မှာ ဖြစ်လာမယ့် ဆရာတော်ကြီးဘဝကို မျှော်မှန်းပြီး ကြည်ညိုနိုင်ရမယ်။ ကိုရင်လေးတွေ သာသနာ့ဘောင်မှာ ပျော်အောင် အားပေးထောက်ပံ့ ချီးမြှင့်ကြရမယ်။

ရှေးလူတွေ စိုက်ခဲ့တဲ့ အပင်က အသီးတွေကို ယခုစားနေကြတယ်။ နောက်လူတွေ စားဖို့လဲ ကိုယ်က စိုက်ခဲ့ရမယ်။ ရှေးလူတွေ ချီးမြှောက်ထောက်ပံ့ခဲ့တဲ့ ဆရာတော်ကြီးတွေကိုလဲ ကြည်ညိုလေးစား ကိုးကွယ်သလို နောက် သားစဉ်မြေးဆက် ကိုးကွယ်ဆည်းကပ်ဖို့ သာသနာ့အညွှန့် အညှောက်ကလေးတွေကိုလဲ ချီးမြှောက် ထောက်ပံ့ရမယ်လို့ သဘောထားပြီး ကြည်ညိုနိုင်ရမယ်။ ကိုရင်လေးတွေ ဆော့နေပေမယ့် သူတို့ သင်အံလေ့လာထားတဲ့ တရားတော်တွေကို ပူဇော်တဲ့အနေနဲ့ ရိုသေရှိခိုးကြရမယ်။

++++++++++++++++++++++++++++