ဗာလဝဂ်

၁။ ပသေနဒီကောသလမင်းကြီးနှင့် မထင်ရှားသော ယောက်ျားဝတ္ထု

ဒီဃာ ဇာဂရတော ရတ္တိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ပသေနဒီကောသလမင်းကြီးကိုလည်းကောင်း၊ မထင်ရှားသော ယောက်ျားကိုလည်းကောင်း အကြောင်းပြု၍ ဟောတော်မူလေ၏။

မယားလိုချင်သဖြင့် လင်အား ရာထူးပေးခြင်း

သာဝတ္ထိပြည်ကြီးကို အစိုးရတော်မူသော ဘုရင်ပသေနဒီကောသလမင်းကြီးသည် တစ်ခုသော ပွဲသဘင်နေ့၌ တန်ဆာဆင်ခြင်းနှင့်စပ်သော တစ်ကိုယ်လုံး ဖွေးဖွေးဖြူသော ပုဏ္ဍရိကမည်သော ဆင်တစ်စီးကို တက်စီး၍ ကြီးစွာသော မင်း၏အာနုဘော်ဖြင့် ပြည်ကို လက်ယာရစ် လှည့်လည်ခြင်းကို ပြုသတတ်။ များစွာသောလူတို့ အစုအရုံးသည် ဖြစ်လတ်သည်ရှိသော် ခဲ,တုတ် စသည်တို့ဖြင့် ပုတ်ခတ်အပ်ကာ ပြေးစေသော်လည်း လူများအပေါင်းသည် လည်ပင်းကို ပြန်လှည့်၍ပင် ကြည့်ရှုသေးသည်သာတည်း။

(ဤသို့ ပြန်ကြည့်ရှုခြင်းကား မင်းတို့၏ ကောင်းမွန်စွာ လှူခဲ့သော သက္ကစ္စဒါနအကျိုးဆက် အာနိသံသ ဖြစ်ပေသတတ်။)

မထင်ရှားသော လူဆင်းရဲတစ်ယောက်၏ မယားသည်လည်း ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ်၏ အထက်အပြင်၌ တည်နေလျက် တစ်ခုသော လေသာပြူတင်း တံခါးရွက်ကို ဖွင့်၍ကြည့်ပြီးမှ ဖဲသွားလေ၏။ ပဿနဒီကောသလမင်းကြီး၏စိတ်၌ လပြည့်ဝန်းသည် တိမ်တိုက်ကြားသို့ ဝင်၍သွားဘိသကဲ့သို့ အောက်မေ့မှတ်ထင်လေ၏။ မင်းကြီးသည် ထိုမိန်းမအား တပ်နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ဆင်ကျောက်ကုန်းထက်မှ လိမ့်ကျအံ့သော အခြင်းအရာသို့ ရောက်ဘိသကဲ့သို့ ဖြစ်ရကား လျင်မြန်စွာ ပြည်ကို လက်ယာရစ်လှည့်လျက် နန်းတော်တွင်းဝင်ပြီးလျှင် မင်းကျွမ်းဝင်သော အမတ်တစ်ယောက်ကို “ဤမည်သောအရပ်သို့ ရောက်လတ်သော် ငါကြည့်အပ်သော ပြာသာဒ်ကို သင်မြင်၏လော”ဟု မိန့်မြွက်တော်မူလေ၏။ “အရှင်မင်းကြီး- မြင်ပါသည်ဘုရား”ဟု လျှောက်တင်လတ်သော် “ထိုပြာသာဒ်၌ တစ်ယောက်သော မိန်းမကို မြင်မိ၏လော”ဟု မေးတော်မူပြန်၏။ “အရှင်မင်းကြီး- မြင်မိပါသည်ဘုရား”ဟု လျှောက်ကြားသောကာလ၌ “အချင်းအမတ်- သွားတဲ့ချေလော့၊ ထိုမိန်းမ၏ လင်ရှိသည်အဖြစ်, မရှိသည်အဖြစ်ကို သိအောင်ပြုလော့”ဟု ခိုင်းစေသောကြောင့် အမတ်သည် သွားပြီးလျှင် ထိုမိန်းမ၏ လင်ရှိသည်အဖြစ်ကို သိရသဖြင့် ပြန်လာ၍ မင်းကြီးအား လင်ရှိမယား ဖြစ်ပါကြောင်းနှင့် လျှောက်တင်လေ၏။ ထိုအခါ မင်းကြီးသည် “ထိုသို့ဖြစ်မူ ထိုမိန်းမ၏ခင်ပွန်းအရှင် လင်ယောက်ျားကို ခေါ်ဆောင်ခဲ့လော့”ဟု ဆိုပြန်သည်ရှိသော် အမတ်လည်း သွားရောက်၍ “အို.. အချင်းယောက်ျား- လာလော့၊ မင်းကြီးသည် သင့်ကို ခေါ်တော်မူ၏”ဟု ပြောဆိုလေ၏။ ထိုယောက်ျားလည်း ဤသို့ကြံစည်၏၊ “ငါ့အား မယားကိုမှီ၍ ဘေးဖြစ်ခြင်းသည် ဖြစ်ရာ၏”ဟု ကြံစည်လျက် မင်း၏အာဏာကို ဖီဆန်ခြင်းငှာ မတတ်နိုင်ရကား လိုက်သွား၍ မင်းကြီးကို ရှိခိုးကာ ရပ်တည်နေလေ၏။ ထိုအခါ မင်းကြီးသည် “အချင်းယောက်ျား- ယနေ့မှစ၍ ငါ့အား ခစားလုပ်ကျွေးရမည်”ဟု မိန့်တော်မူလေ၏။ “အရှင်မင်းကြီး- အလိုဆန္ဒမရှိလှပါ၊ မိမိ၏အမှုကို ပြုလုပ်၍ အရှင်မင်းကြီးတို့အား အခွန်အတုတ်ကို ဆက်သွင်းပါမည်။ အိမ်၌သာလျှင်နေ၍ ကျွန်တော်မျိုး၏ အသက်ရှည်ခြင်းသည် ဖြစ်ပါစေ”ဟု လျှောက်လေ၏။ “သင်၏ အခွန်အတုတ်ဖြင့် ငါ့အား အလိုမရှိ၊ ယနေ့မှစ၍ ငါ့အား ခစားလုပ်ကျွေးခြင်းကို ပြုဘိလော့”ဟု ဆို၍ ထိုယောက်ျားအား ကာကိုလည်းကောင်း၊ လက်နက်ကိုလည်းကောင်း ပေးစေတော်မူလေ၏။

(မင်းကြီး၏ အကြံကား ဤသို့ဖြစ်သတတ်။ “တစ်စုံတစ်ခုသောအပြစ်ကို ထိုယောက်ျားအပေါ်၌တင်၍ သတ်ပြီးမှ ထိုယောက်ျား၏မယားကို ငါယူမည်။” ဤကား မင်းကြီး၏ အကြံတည်း။

ထိုအခါ ထိုယောက်ျားသည် သေဘေးမှ တွေးတောရွံ့ကြောက်သည်ဖြစ်၍ မမေ့မလျော့သာလျှင် မင်းကြီးအား ခစားလုပ်ကျွေးရလေ၏။

ကြာပန်းနှင့်မြေနီ ယူခိုင်းခြင်း

ထိုအခါ မင်းကြီးသည် ထိုယောက်ျား၏အပေါ်၌ အပြစ်ဒေါသကို မမြင်သည်ရှိသော် ကာမဂုဏ်နှောင် ပူလောင်ပြင်းပြလှသည်ဖြစ်၍ “ထိုယောက်ျားအား တစ်ခုသောအပြစ်ကိုတင်၍ မင်း၏အာဏာကို ပြုအံ့”ဟု ကြံ၍ ထိုယောက်ျားကို ခေါ်စေပြီးလျှင် “အချင်းယောက်ျား- ဤနေပြည်တော်မှ တစ်ယူဇနာထက်၌ မြစ်တစ်ခု၏၊ ဤအမည်ရှိသော အရပ်သို့ သွားပြီးလျှင် ညချမ်းအခါ ငါဘုရင်မင်းမြတ် ရေချိုးချိန်၌ ကုမုဒြာကြာပန်းတို့ကိုလည်းကောင်း၊ အရုဏဝတီ မြေကိုလည်းကောင်း ဆောင်ချေလော့၊ ထိုအချိန်အခါ၌ အကယ်၍ မရောက်လာနိုင်ခဲ့သော် သင့်အား မင်းအာဏာကို ပြုအံ့”ဟု ဤသို့ မိန့်တော်မူလေ၏။ မင်းခယောက်ျားသည် ကျွန်လေးမျိုးတို့အောက် ယုတ်ညံ့လှစွာ၏၊ ငွေဝယ်ကျွန် စသည်တို့ကား “ငါ၏ ခေါင်းကိုက်၏၊ ငါ၏ ကျောက်ကုန်းနာ၏”ဟူသော စကားကို တောင်းပန်ပြောဆို၍ နေခြင်းငှာ ရကြကုန်သေး၏၊ မင်းခယောက်ျားအား ထိုသို့နေနိုင်ခွင့်မရှိ၊ စေခိုင်းအပ်သောအမှုကို ပြုခြင်းငှာသာ သင့်၏။ ထို့ကြောင့် ထိုမင်းခယောက်ျားသည် “မချွတ် ငါကား သွားရတော့အံ့၊ ကုမုဒြာကြာပန်းတို့နှင့် အရုဏဝတီ မြေမည်သည်ကား နဂါးပြည်၌သာလျှင် ရှိသည်ဖြစ်လေ၏၊ ငါသည် အဘယ်၌ ရနိုင်ပါအံ့နည်း”ဟု ကြံစည်လျက် သေအံ့သောဘေးမှ တွေးတော ကြောက်ရွံ့သည်ဖြစ်၍ လျင်မြန်စွာ အိမ်သို့ သွားပြီးလျှင် “ချစ်နှမ- ငါ့အလို့ငှာ ထမင်းကျက်ပြီလော”ဟု မေးလေ၏။ “အရှင်- ဖိုခနောက်ထက်၌သာ ရှိပါသေးသည်”ဟု ဆိုလတ်သော် ထိုယောက်ျားသည် ထမင်းအိုးချရာကာလတိုင်အောင် ဆိုင်းငံ့၍နေခြင်းငှာ မတတ်နိုင်ရကား ဟင်းချိုမှုတ်ဖြင့် ပအုံးရည်ကို ဆောင်စေ၍ ရတိုင်းသော ဟင်းလျာနှင့်တကွ ချွေးမတိတ်သေးသဖြင့် စိုစွတ်သော ထမင်းကိုသာလျှင် ပခြုပ်တောင်း၌ သိပ်ထည့်ကာ ယူဆောင်လျက် တစ်ယူဇနာရှိသော ခရီးတိုင်အောင် ပြေးသွားသည်ရှိသော် ထိုယောက်ျား၏သွားစဉ်ပင် ထမင်းသည် ကျက်ခြင်း,နပ်ခြင်း ဖြစ်ရလေ၏။

အမျှဝေခြင်းအကျိုး

ထိုယောက်ျားသည် အကြွင်းအကျန်ဖြစ်အောင် မပြုလိုသဖြင့် အတန်ငယ်သော စားဦးထမင်းကိုဖယ်ထား၍ ထမင်းကို စားနေစဉ် ခရီးသွားတစ်ယောက်ကို မြင်ရလျှင် “အရှင်- ငါသည် ဖယ်၍ထားသော အကြွင်းအကျန်မဟုတ်သော အတန်ငယ်သော ထမင်းသည် ရှိ၏၊ ယူ၍စားပါလော့”ဟု ဆိုလေ၏။ ခရီးသွားယောက်ျားလည်း ယူ၍စားလေ၏။ မင်းခယောက်ျားလည်း မိမိစားပြီး၍ ထမင်းတစ်ဆုပ်ကို ရေ၌စွန့်ကြဲပြီးလျှင် ခံတွင်းကို ဆေးကြော၍ ကျယ်စွာသောအသံဖြင့် “ဤမြစ်အရပ်၌ စောင့်ရှောက် စိုးအုပ်ကာ နေကြကုန်သော နဂါး,ဂဠုန်,နတ်တို့သည် အကျွန်ုပ်၏စကားကို နာတော်မူကြပါကုန်လော့၊ မင်းကြီးသည် အကျွန်ုပ်အား မင်းအာဏာကို ပြုလိုသောကြောင့် ကုမုဒြာ ကြာပန်းနှင့်တကွ အရုဏဝတီ မြေကို ဆောင်ချေဟု မိန့်မြွက်၍ အကျွန်ုပ်ကို စေလွှတ်တော်မူ၏။ ခရီးသွားယောက်ျား လူတစ်ယောက်အားလည်း အကျွန်ုပ်သည် ထမင်း ပေးလှူအပ်ပါ၏။ ထိုအလှူသည် တစ်ထောင်သောအကျိုးအာနိသင် ရှိပါ၏။ ရေ၌ ငါးတို့အားလည်း ပေးလှူအပ်ပါ၏။ ထိုအလှူသည် တစ်ရာသော အကျိုးအာနိသင် ရှိပါ၏။ ဤမျှလောက်သော ကောင်းမှုအကျိုးကို အသင်တို့ အလို့ငှာ အဖို့ပြု၍ အမျှပေးဝေပါ၏။ အကျွန်ုပ်အား ကုမုဒြာကြာပန်းနှင့် အရုဏ၀တီမြေညက်ကို ဆောင်ယူ၍ ပေးသနားတော်မူကြပါကုန်လော့”ဟု ဆိုလျက် သုံးကြိမ်တိုင်အောင် ကြွေးကြော်လေ၏။

ထိုမြစ်အရပ်၌ စောင့်ရှောက် စိုးအုပ်ကာနေသော နဂါးမင်းကြီးသည် ထိုအသံကိုကြားရလျှင် သူအို၏အသွင်ဖြင့် ထိုမင်းခယောက်ျား၏ အထံသို့ သွားရောက်၍ “အသင်သည် အဘယ်ကို ဟစ်အော်ပြောဆိုသနည်း”ဟု မေးလေ၏။ ထိုယောက်ျားသည် နောက်ထပ်တစ်ဖန် ရှေးနည်းအတူသာလျှင် ပြောကြားပြန်သောကြောင့် “ငါ့အား ထိုအလှူအဖို့ကို ပေးပါလော့”ဟု နဂါးမင်းက ဆိုလတ်သည်ရှိသော် “ပေးဝေပါ၏”ဟု ပြောဆို၏။ နောက်ထပ်တစ်ဖန် “ပေးပါလော့”ဟု ဆိုပြန်သောအခါ “အရှင်-ပေးဝေပါ၏”ဟု ပြောဆို၏။ ဤသို့ နဂါးမင်းသည် နှစ်ကြိမ်,သုံးကြိမ်တိုင်အောင် အလှူအဖို့ကို ပေးဝေစေပြီးလျှင် ကုမုဒြာကြာပန်းနှင့်တကွ အရုဏ၀တီမြေညက်ကို ယူဆောင်၍ ပေးလိုက်လေ၏။

မြို့တံခါးပိတ်ထား၍ ကျောင်းသို့သွားရခြင်း

ပသေနဒီ ကောသလမင်းကြီးသည်လည်း “လူတို့မည်သည်ကား များသောလှည့်ပတ်ခြင်း ရှိကုန်၏၊ ထိုယောက်ျားသည် တစ်စုံတစ်ခုသော ဥပါယ်တံမျဉ် အကြောင်းအရာဖြင့် အကယ်၍ ရခဲ့သည်ဖြစ်အံ့၊ ငါ့အား ကိစ္စပြီးခြင်း မဖြစ်ရာ”ဟု ကြံဆင်ခြင်တော်မူ၏။ ဤသို့ ကြံဆင်ခြင်တော်မူပြီးလျှင် စောစောကလျှင် မြို့တံခါးကို ပိတ်ထားစေ၍ ကမ္ပည်းတံဆိပ် သံကောက်သော့ကို မိမိ၏အထံသို့ ဆောင်ယူလာစေ၏။ မင်းခယောက်ျားလည်း မင်းကြီး ရေချိုးအံ့သော အချိန်အခါ၌သာလျှင် လာရောက်၍ တံခါးကို ဝင်ခွင့်မရခြင်းကြောင့် တံခါးစောင့်ကိုခေါ်စေ၍ “တံခါးကို ဖွင့်ပါလော့”ဟု ဆိုလေ၏။ “တံခါးကိုဖွင့်ခြင်းငှာ မတတ်နိုင်ပါ၊ မင်းကြီးသည် စောစောကလျှင် တံဆိပ်ခပ်နှိပ်၍ သော့ခတ်၍ သော့ကို မင်းနန်းတော်သို့ ဆောင်ယူစေပါပြီ”ဟု ပြောဆို၏။ ထိုယောက်ျားက “ငါသည် မင်းကြီးစေလွှတ်အပ်သော တမန်ဖြစ်ပါသည်၊ တံခါးကို ဖွင့်၍ပေးပါလော့”ဟု ပြောဆိုသော်လည်း ဝင်ရန်တံခါးကို မရသည်ဖြစ်၍ “ဤယခုအခါ၌ ငါအား အသက်သည် ရှိတော့မည်မဟုတ်၊ အဘယ်သို့ ပြုရပါအံ့နည်း”ဟု ကြံစည်လျက် တံခါး၏အထက် တံခါးခုံ၌ မြေညက်စိုင်ခဲကို တင်ထားပြီးလျှင် ထိုမြေညက်စိုင်ခဲ၏ အထက်၌ ကြာပန်းတို့ကို ဆွဲထား၍ ကျယ်စွာသော အသံကိုပြုလျက် “အို.. တိုင်းသူပြည်သား လူအများတို့- မင်းကြီး၏ စေခိုင်းသော အာဏာဖြင့် အကျွန်ုပ် သွားရသည်အဖြစ်ကို အသင်တို့သည် သိကြပါကုန်လော့၊ မင်းကြီးသည် အကျွန်ုပ်ကို အကြောင်းမဲ့ ဖျက်ဆီးခြင်းငှာ အလိုရှိပါ၏”ဟု သုံးကြိမ်တိုင်အောင် ဟစ်အော်ပြီးမှ “ငါသည် အဘယ်အရပ်သို့ သွားရပါမည်နည်း”ဟု ကြံစည်၍ “ရဟန်းတော်တို့မည်သည်ကား နူးညံ့သိမ်မွေ့သော စိတ်နှလုံး ရှိကြကုန်၏။ ကျောင်းသို့သွား၍ အိပ်တော့အံ့”ဟု ဆုံးဖြတ်ခြင်းကို ပြုရလေ၏။

(ဤသတ္တဝါတို့မည်သည်ကား ချမ်းသာသောကာလ၌ ရဟန်းတော်တို့၏ ရှိသည့်အဖြစ်ကိုသော်လည်း မသိ၊ ဆင်းရဲဖြင့် နှိပ်စက်အပ်ကုန်သော်ကား ကျောင်းသို့ သွားခြင်းငှာ အလိုရှိကုန်သည်သာတည်း။)

ထို့ကြောင့် ထိုမင်းခယောက်ျားသည်လည်း “ငါ့အား တစ်ပါးသော ကိုးကွယ်ရာမည်သည် မရှိလေပြီ”ဟု ကြံ၍ ကျောင်းသို့သွားပြီးလျှင် ချမ်းသာရာ နေရာတစ်ခု၌ အိပ်လေ၏။ ထိုအခါ ပသေနဒီ ကောသလမင်းကြီးသည်လည်း ထိုညဉ့်၌ အိပ်ပျော်ခြင်းကို မရသဖြင့် ထိုမိန်းမကို အောက်မေ့ကြံစည်စဉ် ကာမတဏှာတည်းဟူသော ပြင်းစွာသော ပူလောင်ခြင်းသည် ဖြစ်လေ၏။ ထိုသို့ ကာမတဏှာ ပူလောင်ခြင်းဖြင့် နှိပ်စက်အပ်သော ထိုပသေနဒီ ကောသလမင်းကြီးသည် “မိုးလင်းစင်သော ခဏ၌သာလျှင် ထိုယောက်ျားကိုသတ်၍ ထိုမိန်းမကို ဆောင်ယူ သိမ်းပိုက်တော့အံ့”ဟု ကြံစည်အောက်မေ့၍ နေလေ၏။

“ဒု-သ-န-သော”ဟု ကြားရပုံ

ထိုခဏ၌ပင်လျှင် ယူဇနာခြောက်ဆယ်ရှိသော လောဟကုမ္ဘီငရဲ၌ ဖြစ်ကြကုန်သော ယောက်ျားလေးယောက်တို့သည် ကျိုက်ကျိုက်ဆူသော ထမင်းအိုး၌ ဆန်တို့ကဲ့သို့ တပြောင်းပြန်ပြန် ကျက်ကုန်လျက် အနှစ်သုံးသောင်းတို့ကြာမှ အောက်အပြင်သို့ရောက်၍ တစ်ပါးသော အနှစ်သုံးသောင်းတို့ကြာမှ တစ်ဖန် ငရဲအိုးမျက်နှာဝသို့ ရောက်ကြလေကုန်၏။ ထိုငရဲသား လေးယောက်တို့သည် ဦးခေါင်းကို ပင့်မြှောက်၍ အချင်းချင်းကို ကြည့်ရှုပြီးလျှင် ဂါထာတစ်ခု, တစ်ခုစီ ဆိုလိုကုန်လျက် ထိုဂါထာကို ရွတ်ဆိုခြင်းငှာ မစွမ်းနိုင်ကုန်ရကား အက္ခရာ တစ်လုံး, တစ်လုံးစီကိုသာ ရွတ်ဆိုနိုင်သဖြင့် ပြန်လည်၍ လောဟကုမ္ဘီငရဲသို့သာ နစ်မြုပ်ဝင်သွားပြန်လေကုန်၏။ ပသေနဒီ ကောသလမင်းကြီးသည် မအိပ်နိုင်မူ၍ သန်းခေါင်းယာမ်၏ အခြားမဲ့၌ ထိုအသံကိုကြားရလျှင် ကြောက်ရွံ့ထိတ်လန့်သော စိတ်ရှိရကား “အသို့နည်း- ငါ၏ အသက်အန္တရာယ်သည် ဖြစ်လတ္တံ့လေလော၊ သို့တည်းမဟုတ် ငါ၏ တောင်ညာဒေဝီ မဟေသီမိဖုရားကြီး၏ အသက်အန္တရာယ်တည်း ဖြစ်လတ္တံ့လေလော၊ သို့တည်းမဟုတ် ငါ၏ တိုင်းပြည်ကြီးသည်ပင် ပျက်စီးလတ္တံ့လော”ဟု ကြံစည်အောက်မေ့လျက် တစ်ညဉ့်ပတ်လုံး မျက်စိတို့ကိုမှိတ်ခြင်းငှာ မတတ်နိုင်ဘဲ ရှိလေ၏။ ထိုပသေနဒီ ကောသလမင်းကြီးသည် အရုဏ်တက်သောအခါ၌ပင် ပုရောဟိတ်ပုဏ္ဏားကို ခေါ်စေတော်မူ၍ “ဆရာပုဏ္ဏား- ငါဘုရင်မင်းမြတ်သည် သန်းခေါင်ယာမ်၏ အခြားမဲ့၌ ကြီးသော ကြောက်မက်ဖွယ်သော အသံကို ကြားအပ်၏။ တိုင်းပြည်အားလည်းကောင်း၊ မိဖုရားကြီးအားလည်းကောင်း၊ ငါဘုရင်မင်းမြတ်အားလည်းကောင်း အဘယ်သူအား အန္တရာယ်သည် ဖြစ်လတ္တံ့ဟု မသိရ၊ ထို့ကြောင့် ငါဘုရင်မင်းမြတ်သည် အသင်ဆရာကို ခေါ်စေအပ်၏”ဟု မိန့်ဆိုလေ၏။ “မြတ်သောမင်းကြီး- အဘယ်သို့သော အသံတို့ကို အရှင်မင်းကြီးသည် ကြားအပ်ပါကုန်သနည်း”ဟု မေးလျှင် “ဆရာပုဏ္ဏား- ဒု-ဟူ၍လည်းကောင်း၊ သ-ဟူ၍လည်းကောင်း၊ န-ဟူ၍လည်းကောင်း၊ သော-ဟူ၍လည်းကောင်း၊ ဤသို့ ဤအသံကို ကြားလေသည်၊ ဤအသံလေးခုတို့၏ အကျိုးအပြစ်ကို စူးစမ်းပါလော့”ဟု မိန့်တော်မူလေ၏။

ဒု-သ-န-သော ပုဏ္ဏား ကိန်းဆင်ပုံ

ထိုအခါ ပုရောဟိတ်ပုဏ္ဏားကြီးအား ကြီးစွာသော အမိုက်တိုက်သို့ သက်ဝင်သောသူအားကဲ့သို့ တစ်စုံတစ်ခုသော အကျိုးအပြစ်သည် မထင်ရှားလေ။ သို့ရာတွင် “အကျွန်ုပ်မသိပါ”ဟု အကယ်၍ လျှောက်ကြားအပ်သည်ဖြစ်အံ့၊ ငါ့အား လာဘ်ပူဇော်သက္ကာရသည် ဆုတ်ယုတ်ပေလတ္တံ့”ဟု ကြောက်သောကြောင့် “အရှင်မင်းမြတ်- ဝန်လေးလှပါသည်”ဟု လျှောက်လေ၏။ “ဆရာပုရောဟိတ်- အသို့ပါနည်း”ဟု မေးပြန်လတ်သော် “အရှင်မင်းမြတ်၏ အသက်အန္တရာယ်သည် ထင်ပေါ်လာပါသည်”ဟု ဆိုလျှင် မင်းကြီးသည် နှစ်ဆတက် ကြောက်လန့်သည်ဖြစ်၍ “ဆရာပုရောဟိတ်- ပယ်ဖျောက်တားမြစ်နိုင်သော တစ်စုံတစ်ခုသောအကြောင်း ရှိပါသလော”ဟု မေးတော်မူလေ၏။ “အရှင်မင်းမြတ်- တားမြစ်နိုင်သော အကြောင်းသည် ရှိပါ၏၊ ကြောက်လန့်တော်မမူပါလင့်၊ အကျွန်ုပ်သည် ဗေဒင်သုံးပုံတို့ကို သိပါ၏”ဟု လျှောက်တင်လေ၏။ “အဘယ်ကို ရခြင်းငှာ သင့်သနည်း”ဟု မေးတော်မူပြန်သော် “အရှင်မင်းမြတ်- “သဗ္ဗသတ”မည်သော ယဇ်ကို ပူဇော်သဖြင့် အသက်ကို ရပါလတ္တံ့”ဟု လျှောက်တင်လေ၏။ “အဘယ်ကိုရခြင်းငှာ သင့်သနည်း”ဟု ပုဏ္ဏားကို မေးပြန်သော် ဆင်တစ်ရာ, မြင်းတစ်ရာ, နွားလားဥသဘ တစ်ရာ, နို့ညှစ်နွားမ တစ်ရာ, ဆိတ်မြန်မာ တစ်ရာ, မြည်းတစ်ရာ, အာဇာနည်မြင်း တစ်ရာ, ဆိတ်ကုလား တစ်ရာ, ကြက်တစ်ရာ, ဝက်တစ်ရာ, သတို့သားတစ်ရာ, သူတို့သမီး တစ်ရာ, ဤသို့အားဖြင့် တစ်ဦးတစ်ဦးသော သတ္တဝါမျိုး၌ တစ်ရာစီပြု၍ ယူစေလေ၏။

(သားမျိုးချည်း သက်သက်ကိုသာလျှင် အကယ်၍ ယူစေငြားအံ့၊ “မိမိအလို့ငှာ စားဖွယ်ရာကိုသာလျှင် ယူစေဘိသည်”ဟု လူတို့ ဆိုကုန်လတ္တံ့။ ထို့ကြောင့် ဆင်,မြင်း,လူတို့ကိုလည်း ယူစေသတည်း ။)

မင်းကြီးလည်း “ငါ၏အသက်သည်သာလျှင် ငါ့အား ရထိုက်သော လာဘ်ကြီးတစ်ခု ဖြစ်ခဲ့၏”ဟု ကြံ၍ “အလုံးစုံ သတ္တဝါတို့ကို လျင်မြန်စွာ ဖမ်းဆီးကြကုန်လော့”ဟု စေခိုင်းတော်မူ၏။ စေခိုင်းအပ်သော လူတို့သည် စေခိုင်းသည်ထက် ပိုလွန်၍ ဖမ်းဆီးကြလေကုန်၏။

များစွာသော လူအပေါင်းသည်လည်း မိမိ,မိမိ၏ သားသမီး ဆွေမျိုး၏ သေဘေးမှ လွတ်စေခြင်းအကျိုးငှာ ဟစ်အော်ငိုကြွေး ပူဆွေးလျက် ကြီးစွာသောအသံကို ပြုကြလေကုန်၏။ မဟာပထဝီမြေကြီးသည် ပဲ့တင်ထပ်ဘိသကဲ့သို့ ဖြစ်လေ၏။

မင်းဖြစ်လျက် အသိဉာဏ်နည်း

ထိုအခါ မလ္လိကာမိဖုရားသည် ထိုအသံကို ကြားရ၍ မင်းကြီး၏ အထံသို့ သွားရောက်ပြီးလျှင် “မြတ်သောမင်ကြီး- အရှင်မင်းမြတ်၏ ဣန္ဒြေတို့သည် ပြကတေ့အတိုင်း မဟုတ်ကုန်၊ နွမ်းနယ်ပင်ပန်းဘိသကဲ့သို့ ထင်ရှား ဖြစ်ပေါ်ချေပြီတကား။ အကြောင်ကား အသို့ပါနည်း”ဟု မေးလျှောက်လေ၏။ “မလ္လိကာမိဖုရား- သင်သည် ငါ၏နားရင်း၌ လျင်သောအဆိပ်ရှိသောမြွေ သွားနေသည်ကိုလည်း မသိလေသလော”ဟု မိန့်တော်မူလတ်သော် “အရှင်မင်းကြီး- ဤအကြောင်းကား အဘယ်ပါနည်း”ဟု မေးလျှောက်ပြန်လေ၏။ “ညဉ့်အဖို့၌ ဤသို့သဘောရှိသော အသံမည်သည်ကို ကြားအပ်၏၊ ငါသည် ပုရောဟိတ် ပုဏ္ဏားကြီးကို မေးသည်ရှိသော် အသင်မင်းမြတ်၏ အသက်အန္တရာယ်သည် ထင်ပါ၏၊ ထို့ကြောင့် သဗ္ဗသတမည်သော ယဇ်ကြီးကို ပူဇော်ပါမှ အသက်ကို ရပေလတ္တံ့ဟု လျှောက်တင်သောကြောင့် ငါ၏အသက်သည်သာလျှင် ငါ၏ကြီးစွာသော ဆုလာဘ်တစ်ခုဟု နှလုံးပြု၍ ဤသတ္တဝါတို့ကို ဖမ်းယူစေဘိ၏”ဟု မိန့်တော်မူလေ၏။ မလ္လိကာ မိဖုရားသည်လည်း “မြတ်သောမင်းကြီး-အရှင်မင်ကြီးသည် အလွန်မိုက်သည်သာလျှင် ဖြစ်ပေ၏၊ အစားကြီးသောသူသည် အကယ်၍ကား ဖြစ်ခဲ့လေ၏။ များစွာသော စားမဲဟင်းလျာအထူးရှိသော တစ်စိတ်ချက်ထမင်းကို အကယ်၍ကား စားနိုင်ခဲ့၏၊ တိုင်းကြီးနှစ်တိုင်းတို့၌ မင်းအဖြစ်ကို အကယ်၍ကား ပြုနိုင်၏၊ ယင်းသို့ဖြစ်သော် လည်း အရှင်မင်းမြတ်၏ပညာကား နည်းပါးလှပေ၏”ဟု ဆိုလေ၏။

ဗုဒ္ဓအဆုံးအဖြတ် ခံယူပါ

ထိုအခါ “အဘယ်မိဖုရား- သင်အဘယ့်ကြောင့် ဤသို့ဆိုဘိသနည်း”ဟု မေးလျှင် “သူတစ်ပါး၏သေခြင်းဖြင့် သူတစ်ပါး၏ အသက်ရခြင်းကို အဘယ်သို့လျှင် သင်မင်းကြီး မြင်ဖူးလေသနည်း၊ အလွန်မိုက်လှစွာသော ပုဏ္ဏား၏စကားကိုယူ၍ လူအပေါင်း၏အထက်၌ ဆင်းရဲဒုက္ခကို အဘယ့်ကြောင့် ပစ်ချလိုဘိသနည်း၊ မနီးမဝေးဖြစ်သော ဇေတဝန်ကျောင်းတော်၌ နတ်နှင့်တကွသော လူအပေါင်း၏ အထွတ်အမြတ်ပုဂ္ဂိုလ်ဖြစ်သော အတိတ် စသည်တို့၌ အပိတ်အပင် အဆီးအတားကင်းသော ဉာဏ်ရှိတော်မူသော မြတ်စွာဘုရားသည် သီတင်းသုံးနေတော်မူ၏။ ထိုမြတ်စွာဘုရားကို မေးလျှောက်၍ မြတ်စွာဘုရား၏ အဆုံးအမကိုသာ လိုက်နာပြုကျင့်တော်မူပါလော့”ဟု လျှောက်ကြားပြောဆိုအပ်သည်ရှိသော် ထိုအခါ မင်းကြီးသည် ပေါ့ပါးလျင်လျားသော ယာဉ်တို့ဖြင့် မလ္လိကာမိဖုရားနှင့်တကွ တက်စီး၍ ကျောင်းတော်သို့ သွားရောက်၍ သေသောဘေးဖြင့် ခြိမ်းခြောက်အပ်သောသူဖြစ်ရကား တစ်စုံတစ်ခုသော စကားကိုမျှ ဆိုခြင်းငှာ မတတ်နိုင်သဖြင့် မြတ်စွာဘုရားကို ရှိခိုးလျက် သင့်တင့်သောအရပ်၌ နေထိုင်လေ၏။ ထိုအခါ မင်းကြီးကို မြတ်စွာဘုရားသည် “ဒကာတော်မင်းကြီး- အသင်မင်းကြီးသည် ယခု နေ့လယ်ကြောင်တောင်ဖြစ်သော မွန်းတည့်အခါကာလ၌ အဘယ်အရပ်မှ လာခဲ့သနည်း”ဟု ရှေးဦးစွာ စတင်လျက် ပြောဆိုမေးမြန်းတော်မူလေ၏။ ပသေနဒီ ကောသလမင်းကြီးသည်ကား ဆိတ်ဆိတ်သာလျှင် ထိုင်နေလေ၏။

မင်းကြီး၏ အသက်အန္တရာယ်မရှိ

ထို့နောက်မှ မလ္လိကာ မိဖုရားသည် မြတ်စွာဘုရားအား “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အရှင်မြတ်၏ ဒကာတော်မင်းကြီးသည် သန်းခေါင်ယာမ်၏ အခြားမဲ့၌ မကောင်းသောအသံကို ကြားရလေသတတ်၊ ထိုအခါ ဤမင်းကြီးသည် ပုရောဟိတ်ပုဏ္ဏားအား ပြန်ကြားပြောဆိုပါသည်။ ထိုစကားကိုကြားရလျှင် ပုရောဟိတ်ပုဏ္ဏားသည် အသင်မင်းကြီး၏ အသက်အန္တရာယ်ဖြစ်လတ္တံ့ဟု ဆို၍ ထိုအန္တရာယ်ကို တားမြစ်ခြင်းအကျိုးငှာ အလုံးစုံ တစ်ရာ,တစ်ရာဖြစ်သော သတ္တဝါတို့ကို ဖမ်းယူ၍ ထိုသတ္တဝါတို့၏ လည်ချောင်းသွေးဖြင့် ယဇ်ကြီးပူဇော်ပါမှ အသက်ကိုရပါလတ္တံ့ဟု လျှောက်တင်ပါသည်ဘုရား၊ မင်းကြီးသည်လည်း သတ္တဝါတို့ကို ဖမ်းယူစေပါသည်၊ ထို့ကြောင့် တပည့်တော်မသည် ဤမင်းကြီးကို ရှင်တော်မြတ်ဘုရား၏ ခြေတော်ရင်းဖြစ်သော ဤအရပ်သို့ သွေးဆောင် ခေါ်ယူခဲ့ရပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ဒကာတော်မင်းကြီး- ဤမိဖုရား လျှောက်ကြားတိုင်း မှန်ပေသလော”ဟု မေးတော်မူသော် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဟုတ်မှန်ပါသည်ဘုရား”ဟု ဝန်ခံသဖြင့် “မင်းကြီး- အသင်သည် အဘယ်သို့သော အသံကို ကြားအပ်လေသနည်း”ဟု မေးတော်မူပြန်သော် မင်းကြီးသည် မိမိကြားသော နည်းဖြင့်သာလျှင် မြတ်စွာဘုရားအား လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် မင်းကြီးလျှောက်ထားသည်ကို ကြားတော်မူ၍သာလျှင် တစ်ပြိုင်နက် အရောင်အလင်းသည် ဖြစ်လေ၏။ ထိုအခါ မင်းကြီးကို “ဒကာတော်မင်းကြီး- မကြောက်မရွံ့လင့်၊ အသင်မင်းကြီးအား အန္တရာယ်သည် မရှိ၊ မကောင်းမှုကို ပြုဖူးကုန်သော သတ္တဝါတို့သည် မိမိ၏ ဆင်းရဲဒုက္ခကို သည်းခံခြင်းငှာ မတတ်နိုင်ကုန်ရကား ဤသို့သောအသံကို ရွတ်ဆိုကြကုန်၏”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ထိုသူတို့သည် ပြုအပ်ဖူးသော မကောင်းမှုသည်ကား အဘယ်ပါနည်းဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုသူတို့၏ မကောင်းမှုကို ဟောကြားတော်မူခြင်းငှာ “ထိုသို့ဖြစ်မူ ဒကာတော်မင်းကြီး နာကြားလေလော့”ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူလေ၏။

ဒု-သ-န-သော အတိတ်ဝတ္ထု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ အနှစ်,နှစ်သောင်းတမ်း အသက်ရှိသော လူတို့၌ ကဿပမည်သော မြတ်စွာဘုရားသည် လူတွင်ထင်ရှား ဘုရားဖြစ်တော်မူ၍ ရဟန္တာအပေါင်း နှစ်သောင်းတို့နှင့်တကွ ဒေသစာရီ ကြွချီတော်မူသည်ရှိသော် ဗာရာဏသီပြည်သို့ ရောက်တော်မူလေ၏။ ဗာရာဏသီ ပြည်သူပြည်သားတို့သည် နှစ်ယောက်သော သူတို့သည်လည်းကောင်း၊ သုံးယောက်သော သူတို့သည်လည်းကောင်း၊ များစွာသော သူတို့သည်လည်းကောင်း တစ်ပေါင်းတည်း ပေါင်းစည်းစုဝေး၍ အာဂန္တုရဟန်းတို့အား လှူအပ်သော အာဂန္တုကဒါနကို ဖြစ်စေကြကုန်၏။ ထိုအခါ ဗာရာဏသီပြည်၌ ကုဋေလေးဆယ်ကြွယ်ဝချမ်းသာသော စည်းစိမ်ရှိသောသူ လေးယောက်တို့သည် သူဌေးသားဖြစ်၍ အပေါင်းအဖော် အဆွေခင်ပွန်းတို့ ဖြစ်ကြလေကုန်၏။ ထိုသူတို့သည် တိုင်ပင်စကား ပြောကြားကြကုန်သည်မှာ “ငါတို့၏အိမ်၌ များစွာသော ရွှေငွေရတနာ ပစ္စည်းဥစ္စာသည် ရှိပေ၏။ ထိုပစ္စည်းဥစ္စာဖြင့် အဘယ်အမှုကို ပြုရကုန်အံ့နည်း”ဟု တိုင်ပင်ကြကုန်သော် “ဤသို့သဘောရှိသော မြတ်စွာဘုရား ဒေသစာရီ လှည့်လည်ကြွလာသည့်အခိုက် အလှူဒါနကို ပေးလှူကြကုန်အံ့၊ သီလကို စောင့်ရှောက်ကြကုန်အံ့၊ ပူဇော်ခြင်းကို ပြုကြကုန်အံ့”ဟု ထိုသူဌေးသား လေးယောက်တို့တွင် တစ်ယောက်သောသူမျှလည်း မပြောမဆိုမူ၍ တစ်ယောက်သော သူဌေးသားသည် ရှေးဦးစွာ ဤသို့ဆိုလေ၏။ “ထက်သော သေရည်ကို သောက်ကုန်လျက် မြိန်မြတ်သော အရသာရှိသော ငါးအမဲကို စားကုန်၍ သွားလာလှည့်ပတ်ကြကုန်စို့အံ့၊ ဤသို့ သောက်စား လှည့်လည်ရခြင်းသည် ငါတို့အား အသက်ရှည်ခြင်း၏အကျိုး ဖြစ်ပေလိမ့်မည်”ဟု ဆိုလေ၏။

တစ်ယောက်သော သူဌေးသားကလည်း “နေ့တိုင်းနေ့တိုင်း သုံးနှစ်လည်အောင် နံ့သာမွှေးကြိုင်သော သလေးထမင်းကို အထူးထူးသော အရသာကောင်းတို့နှင့် သုံးဆောင် စားသောက်ကုန်လျက် လှည့်လည်သွားလာကြကုန်စို့အံ့”ဟု ပြောဆိုလေ၏။ တစ်ယောက်သော သူဌေးသားကလည်း “အထူးထူးအပြားပြား များလှသော မုန့်ခဲဖွယ်အထူးကို ကြော်စေချက်စေ၍ စားသောက်ကုန်လျက် လှည့်လည်ကြကုန်စို့အံ့”ဟု ပြောဆိုလေ၏။ တစ်ယောက်သော သူဌေးသားကမူကား “အဆွေတို့- ငါတို့သည် တစ်ပါးသော တစ်စုံတစ်ခုသောကိစ္စကို မပြုလိုကြကုန်၊ “ပစ္စည်းဥစ္စာကို ပေးအံ့”ဟု ဆိုသည်ရှိသော် အလိုမရှိသော မိန်းမတို့မည်သည် မရှိ၊ ထို့ကြောင့် ပစ္စည်းဥစ္စာဖြင့် ဖြားယောင်းကုန်လျက် သူတစ်ပါး၏ ဇနီးမယားတို့၌ ပျော်ပါးခြင်းတည်းဟူသော ပရဒါရိက ကံအမှုကို ပြုကျင့်ကြကုန်စို့အံ့”ဟု ပြောဆိုလေ၏။ အလုံးစုံသော သူတို့သည် “ကောင်းပေ၏၊ ကောင်းပေ၏”ဟု ထိုသူ၏စကား၌သာ ရပ်တည်ကြလေကုန်၏။

ထိုသူဌေးသားတို့သည် ထိုအခါမှစ၍ အဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာ ကောင်းစွာပြည့်ဝ လှပကုန်သော မိန်းမတို့အား ဥစ္စာကိုပေးပို့စေ၍ အနှစ်,နှစ်သောင်းတိုင်တိုင် သူတစ်ပါး သားမယားအား လွန်ကျူးပြစ်မှားသော အမှုကို ပြုမိခဲ့ကြ၍ စုတေသေလွန်သည်ရှိသော် အဝီစိငရဲကြီး၌ ဖြစ်ကြသဖြင့် ဘုရားနှစ်ဆူတို့၏ တစ်ခုသောအကြား ကာလပတ်လုံး ငရဲ၌ကျက်ပြီးလျှင် ထိုအဝီစိငရဲ၌ သေလွန်ပြန်ရကား ထိုမကောင်းမှုကံကြွင်း၏ အစွမ်းအားဖြင့် ယူဇနာခြောက်ဆယ်ရှိသော လောဟကုမ္ဘီငရဲအိုး၌ ဖြစ်ပြန်သဖြင့် အနှစ်သုံးသောင်းတို့ဖြင့် အောက်အပြင်သို့ ကျရောက်၍ တစ်ဖန် အနှစ်သုံးသောင်းတို့ဖြင့် လောဟကုမ္ဘီငရဲအိုး၏ အထက်မျက်နှာရေးဝသို့ ရောက်လာသောအခါ တစ်ခုစီသောဂါထာကို ရွတ်ဆိုလိုကုန်လျက် ရွတ်ဆိုခြင်းငှာ မစွမ်းနိုင်ရကား တစ်လုံး,တစ်လုံးစီသော အက္ခရာကို ရွတ်ဆိုမိပြီးလျှင် တစ်ဖန် ကျွမ်းပြန်လျက် ငရဲအိုးသို့သာ နစ်မြုပ်ကာဝင်သွားရလေ၏။ “ဒကာတော်မင်းကြီး- လျှောက်ဆိုလေလော့၊ အသင်မင်းကြီးသည် ရှေးဦးစွာ အဘယ်မည်သော အသံကို ကြားအပ်ပေသနည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- ဒု-ဟူသောအသံကို ကြားရပါသည်ဘုရား”ဟု လျှောက်လေ၏။ မြတ်စွာဘုရားလည်း ထိုငရဲသား သတ္တဝါသည် မပြည့်မစုံဘဲ ရွတ်ဆိုအပ်သော ဂါထာကို အပြည့်အစုံပြု၍ ဟောပြတော်မူလိုသောကြောင့် ဤသို့ မိန့်တော်မူလေ၏။

ဒု-သ-န-သော အကျယ်ဂါထာ

ဒုဇ္ဇီဝိတ မဇီဝိမှ၊ ယေ သန္တေ န ဒဒမှသေ။
ဝိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော။

ယေသံ၊ အကြင်ငါတို့အား။ တစ်နည်းကား။ ယေသံ နော၊ အကြင်ငါတို့သည်။ ဘောဂေသု၊ စည်းစိမ်ဥစ္စာတို့သည်။ ဝိဇ္ဇမာနေသု၊ ထင်ရှားရှိကုန်လျက်။ န ဒဒမှသေ၊ မပေးမလှူမိကုန်။ အတ္တနော၊ မိမိ၏။ ဒီပံ၊ မှီခိုရာ ကိုင်းကျွန်းသဖွယ်ဖြစ်သော ကုသိုလ်ကောင်းမှုကံကို။ န အကမှ၊ မပြုမိကုန်။ တေသံ နော၊ ထိုငါတို့သည်။ ဒုဇ္ဇီဝိတံ၊ မကောင်းသဖြင့် အသက်မွေးခြင်းကို။ အဇီဝိမှ၊ အသက်မွေးမိကြလေကုန်၏။

ထိုအခါ မင်းကြီးအား ဤဂါထာ၏အနက်ကို ပြတော်မူပြီးလျှင် “ဒကာတော်မင်းကြီး- သင်မင်းကြီးသည် နှစ်ခုမြောက်သော အသံ, သုံးခုမြောက်သော အသံ, လေးခုမြောက်သောအသံကို အဘယ်သို့ ကြားအပ်ပေသနည်း”ဟု မေးတော်မူပြန်သဖြင့် “ဤသို့မည်သော အသံပါဘုရား”ဟု လျှောက်ကြားအပ်သည်ရှိသော် အကြွင်းအကျန်ကို အပြည့်အစုံ ပြုတော်မူလျက်-

သဋ္ဌိဝဿသဟဿာနိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။
နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘဝိဿတိ။

နိရယေ၊ လောဟကုမ္ဘီ ဤသည်ငရဲ သံရေထဲ၌။ ပစ္စမာနာနံ၊ ကျက်ကြရကုန်သော ငါတို့အား။ သဗ္ဗသော၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်။ သဋ္ဌိဝဿသဟဿာနိ၊ အနှစ် ခြောက်သောင်းတို့သည်။ ပရိပုဏ္ဏာနိ၊ ပြည့်ကုန်ပြီ။ ကဒါ၊ အဘယ်နံရောအခါ၌။ အန္တော၊ အဆုံးသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့နည်း။

နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿတိ။
တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ။

အမှာကံ၊ ငါတို့အား။ အန္တော၊ အဆုံးအပိုင်းအခြားသည်။ နတ္ထိ၊ မရှိခဲ့။ အန္တော၊ ငရဲ၏ အဆုံးကား။ ကုတော၊ အဘယ်မှာ ရှိအံ့နည်း။ အန္တော၊ ငရဲခံရခြင်း၏ အပိုင်းအခြားသည်။ န ပဋိဒိဿတိ၊ မထင်။ ဟိ၊ ထိုစကားသင့်စွ။ မာရိသာ၊ ငါနှင့်တူသောသူ။ တဒါ၊ ထိုဗာရာဏသီပြည်တွင် လူဖြစ်စဉ်အခါ၌။ မမ စ၊ ငါသည်လည်းကောင်း။ တုယှဉ္စ၊ သင်သည် လည်ကောင်း။ ပါပံ၊ မကောင်းမှုကို။ ပကတံ၊ များစွာ ပြုမိခဲ့လေပြီ။

သောဟံ နူန ဣတော ဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။
ဝဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ။

သောဟံ၊ ထိုငါသည်။ ဣတော၊ ဤသံရေပူငရဲမှ။ ဂန္တွာ၊ သွားရ၍။ မာနုသိံ၊ လူဖြစ်သော။ ယောနိံ၊ ဘဝကို။ လဒ္ဓါန၊ ရပါမူကား။ ဝဒညူ၊ အလှူခံသူ လူပုဂ္ဂိုလ်တို့၏စကားကို သိလေ့ရှိသည်ဖြစ်၍။ သီလသမ္ပန္နော၊ သီလနှင့် ပြည့်စုံသည်ဖြစ်၍။ နူန၊ စင်စစ်အားဖြင့်။ ဗဟုံ၊ များစွာ။ ကုသလံ၊ ကုသိုလ်ကောင်းမှုကို။ ကာဟာမိ၊ ပြုပါတော့အံ့။

ဤသို့ အစဉ်အတိုင်း ဤဂါထာတို့ကို ယှဉ်စပ်ဟောပြတော်မူပြီးလျှင် ထို့နောက်မှ မြတ်စွာဘုရားသည် အနက်ကို ပြတော်မူလိုရကား “ဒကာတော်မင်းကြီး- ဤသို့လျှင် ထိုလေးယောက်ကုန်သော သူတို့သည် တစ်ခု,တစ်ခုသော ဂါထာကို ရွတ်ဆိုခြင်းငှာ မတတ်နိုင်ကြကုန်ရကား တစ်လုံး, တစ်လုံးသာလျှင်ဖြစ်သော အက္ခရာကို ရွတ်ဆိုပြီး တစ်ဖန် ထိုငရဲသားသတ္တဝါတို့သည် လောဟကုမ္ဘီငရဲသို့သာ ဝင်ရပြန်လေတော့သည်”ဟု မိန့်တော်မူလေ၏။

သူ့မယား ပြစ်မှားလိုစိတ် ပယ်

ထိုတရားဒေသနာတော်ကို ကြားရလျှင် ပသေနဒီ ကောသလမင်းကြီး၏သန္တာန်၌ ကြီးစွာသော ထိတ်လန့်ခြင်းသည် ဖြစ်ပေါ်လာလေ၏။ “သူတစ်ပါး၏မယား၌ ကျူးလွန်စော်ကား ပြစ်မှားသော ထိုမကောင်းမှုမည်သည် ဝန်လေးလှ၏တကား၊ နှစ်ဆူသောဘုရားရှင်တို့၏ တစ်ခုသော အကြားကာလပတ်လုံး ဤသို့ ငရဲ၌ကျက်ပြီးလျှင် ထိုငရဲမှ စုတေသည်ရှိသော် ယူဇနာခြောက်ဆယ်ရှိသော လောဟကုမ္ဘီငရဲအိုး၌ ဖြစ်ရ၍ ထိုလောဟကုမ္ဘီငရဲအိုး၌ အနှစ်ခြောက်သောင်းတို့ပတ်လုံးကျက်၍ ခံစားကာနေရပါလျက်လည်း ထိုငရဲသားတို့အား ဆင်းရဲမှ လွတ်အံ့သောအခါသည် မထင်ရှားခဲ့။ ငါသည်လည်း သူ့မယား၌ ချစ်ခင်ခြင်းကို ပြုမိသောကြောင့် အလုံးစုံသော ညဉ့်သုံးယာမ်ပတ်လုံး အိပ်ပျော်ခြင်းကို မရလေ။ ယခုအခါ ဤနေ့မှစ၍ သူတစ်ပါး၏မယား၌ ပြစ်မှားသောစိတ်ကို မဖွဲ့တော့အံ့(မဖြစ်စေတော့အံ့)”ဟု ပသေနဒီကောသလမင်းကြီး ကြံလျက် မြတ်စွာဘုရားကို “ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား- ဒကာတော်သည် ယနေ့ညဉ့်၏ တာရှည်သည့်အဖြစ်ကို သိရပါပြီဘုရား”ဟု လျှောက်ကြားလေ၏။ မင်းကြီး စေလွှတ်အပ်သော ထိုမင်းခယောက်ျားသည်လည်း ထိုနေရာ၏အနီး၌သာလျှင် ထိုင်နေရကား မင်းကြီးလျှောက်ထားသောစကားကို ကြားရသည်ရှိသော် “ငါ့အား အားကိုးရာ အထောက်အပံ့ကို ရအပ်ပေပြီ”ဟု ကြံလျက် မြတ်စွာဘုရားကို “ဘုန်းကြီးတော်မူသော မြတ်စွာဘုရား- ပြည့်ရှင်မင်းမြတ်သည် ညဉ့်၏ တာရှည်သည့်အဖြစ်ကို ရှေးဦးစွာ သိလေပြီဘုရား၊ တပည့်တော်သည်လည်း ယမန်နေ့က တစ်ယူဇနာမျှလောက်သောခရီး၏ ရှည်ဝေးသည့်အဖြစ်ကို သိရပါသည်ဘုရား”ဟူ၍ လျှောက်လေ၏။ မြတ်စွာဘုရားသည် နှစ်ဦးနှစ်ယောက်လည်းဖြစ်သော သူတို့၏စကားကို နှီးနှောတော်မူ၍ “အချို့သောသူအား ညဉ့်သည် တာရှည်၏၊ အချို့သောသူအား တစ်ယူဇနာမျှသော ခရီးသည် ရှည်ဝေး၏၊ မိုက်မဲ တွေဝေသောသူအား သံသရာသည် ကြာရှည်၏”ဟု မိန့်တော်မူ၍ တရားဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

လူမိုက်အတွက် သံသရာရှည်ကြာ

[၆၀] ဒီဃာ ဇာဂရတော ရတ္တိ၊ ဒီဃံ သန္တဿ ယောဇနံ။
ဒီဃော ဗာလာန သံသာရော၊ သဒ္ဓမ္မံ အဝိဇာနတံ။

ဇာဂရတော၊ အိပ်၍မပျော် နိုးကြား၍နေသောသူအား။ ရတ္တိ၊ သုံးယာမ်မျှသာရှိသော ညဉ့်သည်။ ဒီဃာ၊ ရှည်ကြာသကဲ့သို့ ဖြစ်ပေ၏။ သန္တဿ၊ ခရီးပန်းသောသူအား။ ယောဇနံ၊ လေးဂါဝုတ်သာ တစ်ယူဇနာမျှသော ခရီးသည်။ ဒီဃံ၊ ရှည်ဝေးသကဲ့သို့ ဖြစ်ပေ၏။ သဒ္ဓမ္မံ၊ သူတော်ကောင်းတရားကို။ အဝိဇာနတံ-အဝိဇာနန္တာနံ၊ မသိကုန်သော။ ဗာလာနံ၊ သူမိုက်တို့အား။ သံသာရော၊ ကျင်လည်ပြေးသွားရာ သံသရာသည်။ ဒီဃော၊ အလွန် ရှည်ဝေးလှသည်သာတည်း။

မင်းခယောက်ျား သောတာပန်ဖြစ်

ဒေသနာတော်၏အဆုံး၌ ထိုမင်းခစား ယောက်ျားသည် သောတာပတ္တိဖိုလ်သို့ ရောက်လေ၏။ တစ်ပါးလည်း ဖြစ်ကုန်သော များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ လူများ အပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။ ပသေနဒီ ကောသလမင်းကြီးသည် မြတ်စွာဘုရားကို ရိုသေမြတ်နိုးရှိခိုးပြီး၍ နန်းတော်သို့ ပြန်သွားသဖြင့်သာလျှင် ချုပ်နှောင်ဖမ်းဆီး၍ ထားအပ်ကုန်သော ထိုသတ္တဝါတို့ကို အနှောင်အဖွဲ့မှ လွတ်စေလေ၏။

မလ္လိကာ၏ ဂုဏ်ကျေးဇူး ပြောဆိုကြခြင်း

ထိုယဇ်စီမံရာ၌ အနှောင်အဖွဲ့မှ လွတ်ကုန်သော မိန်မယောက်ျားတို့သည် ဦးခေါင်းကို ရေဖြင့်ဆေးကြောသုတ်သင်ပြီးလျှင် မိမိတို့၏အိမ်တို့သို့ သွားကြကုန်သည်ရှိသော် “ငါတို့အရှင် မလ္လိကာမိဖုရားကြီးသည် ကြာမြင့်စွာ သက်တော်ရှည်ပါစေသတည်း”ဟု ဆုတောင်းလျက် “ထိုမလ္လိကာမိဖုရားကြီးကို အမှီပြု၍ ငါတို့သည် အသက်ကို ရကြလေကုန်ပြီ”ဟု မလ္လိကာမိဖုရားကြီး၏ ဂုဏ်ကျေးဇူးနှင့်စပ်သောစကားကို ပြောဆိုကြလေကုန်၏။

ညချမ်းသောအခါ ရဟန်းတို့သည်လည်း တရားသဘင်၌ “ဤမလ္လိကာမိဖုရားကြီးသည် ဪ အလွန်ပညာရှိပေစွတကား၊ မိမိ၏ပညာကိုမှီ၍ ဤမျှလောက်သော သတ္တဝါအပေါင်းအား ဇီဝိတဒါနကို ပေးလှူလေဘိသည်တကား”ဟု ချီးမွမ်းထောမနာသော စကားကို ဖြစ်စေကြလေကုန်၏။

မြတ်စွာဘုရားသည် ဂန္ဓကုဋီတိုက်၌ သီတင်းသုံးနေတော်မူလျက်သာလျှင် ထိုရဟန်းတို့၏စကားကို ကြားသိတော်မူရသဖြင့် ဂန္ဓကုဋီတိုက်မှ ထွက်ကြွတော်မူပြီးလျှင် တရားသဘင်သို့ ဝင်တော်မူ၍ ခင်းထားအပ်သော ဘုရားနေရာ၌ သီတင်းသုံးနေတော်မူပြီးလျှင် “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်မည်သောစကားဖြင့် ပြောကြားစည်းဝေးနေကြကုန်သနည်း”ဟု မေးတော်မူသဖြင့် “ဤမည်သောစကားဖြင့် ပြောကြားစည်းဝေးနေကြပါသည်ဘုရား”ဟု လျှောက်ထားအပ်သည်ရှိသော် “ချစ်သားရဟန်းတို့- မလ္လိကာမိဖုရားကြီးသည် ဤယခုဘဝ၌သာလျှင် မိမိ၏ပညာကိုမှီ၍ များစွာသော လူအပေါင်းအား ဇီဝိတဒါနကို ပေးလှူသည် မဟုတ်သေး။ ရှေး၌လည်း ပေးလှူဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ မြတ်စွာဘုရားသည် ထိုအကြောင်းကို ထင်စွာပြတော်မူလိုသောကြောင့် အတိတ်ကို ဆောင်တော်မူလေ၏။

ဗလိနတ်စာပူဇော်ခြင်း အတိတ်ဝတ္ထု

ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်ကြီး၌ ပြည့်ရှင်မင်းကြီး၏သားတော် မင်းသားတစ်ပါးသည် တစ်ခုသော ပညောင်ပင်သို့ ချဉ်းကပ်၍ ထိုပညောင်ပင်၌ စောင့်ရှောက်နေထိုင်သောနတ်အား “အရှင်နတ်မင်း- ဤဇမ္ဗူဒီပါကျွန်း၌ တစ်ရာ့တစ်ပါးသော မင်းတို့သည်လည်းကောင်း၊ တစ်ရာ့တစ်ပါးသော မိဖုရားတို့သည်လည်းကောင်း ရှိကြပါကုန်၏၊ အကျွန်ုပ်သည် ဘခမည်းတော် ကွယ်လွန်သဖြင့် မင်းအဖြစ်ကို အကယ်၍ အကျွန်ုပ်ရလေသည်ဖြစ်ပါအံ့၊ ထိုတစ်ရာ့တစ်ပါးသော မင်း,မိဖုရားတို့၏ လည်ချောင်းသွေးဖြင့် ဗလိနတ်စာကို ပြုလုပ်ပါအံ့”ဟု တောင်းပန်လေ၏။ ထိုမင်းသားသည်လည်း ခမည်းတော် နတ်ရွာစံလွန်သည်ရှိသော် မင်းအဖြစ်သို့ရောက်၍ “ငါသည် နတ်မင်း၏ အာနုဘော်ကြောင့် မင်းအဖြစ်သို့ ရောက်ရပေပြီ၊ ထိုနတ်မင်းအား ဗလိနတ်စာကို ပြုလုပ်ပေတော့အံ့”ဟု ကြံ၍ များစွာသော စစ်သည်အပေါင်းနှင့်ထွက်၍ တစ်ဦးသောမင်းကို မိမိ၏အလိုသို့ လိုက်ပါစေပြီးလျှင် ထိုမင်းနှင့်အတူတကွ ပေါင်းသင်း၍ တစ်ပါးသောမင်းကိုလည်းကောင်း၊ တပါးသောမင်းကိုလည်းကောင်း မိမိ၏အလိုသို့ လိုက်ပါစေလေ၏။ ဤသို့သောနည်းဖြင့် အလုံးစုံသောမင်းတို့ကို မိမိအလိုသို့ လိုက်ပါစေသည်ကို ပြုပြီးလျှင် မိဖုရားကြီးတို့နှင့်တကွ ခေါ်ဆောင်ယူငင်၍ သွားသည်ရှိသော် အလုံးစုံသောမင်းတို့အောက် အငယ်ဆုံးဖြစ်သော ဥဂ္ဂသေနမည်သော မင်း၏ ဓမ္မဒိန္နာအမည်ရှိသော မိဖုရားကြီးသည်ကား လေးသော ကိုယ်ဝန်ရှိသောကြောင့် ထိုမိဖုရားကြီးကို ချန်ထားကာ လာခဲ့ပြီးလျှင် “ဤမျှလောက်သော လူအပေါင်းကို အဆိပ်ဆေးဖြင့်ရောသော အဖျော်ကို သောက်စေ၍ သတ်တော့အံ့”ဟု ကြံစည်ကာ ပညောင်ပင်ရင်းကို သုတ်သင်စေလေ၏။

ပညောင်ပင်စောင့်နတ်မင်းသည် ဤသို့ ကြံစည်လေ၏။ “ဤမင်းကြီးသည်ကား ဤမျှလောက် အတိုင်းအရှည်ရှိကုန်သော မင်းတို့ကို ဖမ်းယူစဉ် ငါ့ကိုမှီ၍ ဖမ်းယူအပ်ကုန်၏ဟု ကြံစည်အောက်မေ့၍ ထိုမင်းတို့၏ လည်ချောင်းသွေးဖြင့် ငါ့အား ဗလိနတ်စာပြုခြင်းငှာ အလိုရှိ၏၊ ပူဇော်ခြင်းကို ပြုလို၏။ ဤမင်းကြီးသည် ထိုမင်းတို့ကို အကယ်၍ သတ်သည်ဖြစ်အံ့၊ ဤသို့ သတ်သည်ရှိသော် ဇမ္ဗူဒီပါကျွန်း၌ မင်းဆက်မင်းနွယ်သည် ပြတ်ပေတော့လတ္တံ့၊ ငါ၏စံရာ ကောင်းစွာသန့်ရှင်း ပညောင်ပင်ရင်းသည်လည်း မစင်ကြယ် မသန့်ရှင်းသည် ဖြစ်ပေတော့လတ္တံ့၊ ထိုမင်း ပြုလတ္တံ့သောအမှုကို ငါသည် တားမြစ်ခြင်းငှာ တတ်စွမ်းနိုင်လတ္တံ့လော”ဟု ကြံစည်၍ ထိုပညောင်ပင်စောင့်နတ်သည် စူးစမ်းဆင်ခြင်လတ်သည်ရှိသော်ကား “မတတ်စွမ်းနိုင်လတ္တံ့”ဟု သိရသဖြင့် တစ်ပါးသောနတ်သို့ ချဉ်းကပ်၍ ဤအကြောင်းကို ပြောကြားလျက် “သင်နတ်မင်းသည် တားမြစ်ခြင်းငှာ တတ်နိုင်ကောင်းအံ့လော”ဟု မေးမြန်းပြောဆိုလေ၏။ ထိုနတ်မင်းကလည်း မတတ်နိုင်ပါဟု ပယ်မြစ်လေ၏။ တစ်ပါးသော နတ်မင်း၏ထံသို့လည်း ချဉ်းကပ်ပြန်၍ ထိုနတ်မင်းကလည်း ပယ်မြစ်ပြန်လေ၏။ ဤသို့သောနည်းအားဖြင့် စကြဝဠာတိုက်အလုံး၌ နေကုန်သော နတ်တို့သို့ ချဉ်းကပ်ပြန်သဖြင့်လည်း ထိုနတ်တို့သည့် ပယ်မြစ်ပြန်လေ၏။

ထို့နောက် လေးယောက်ကုန်သော စတုမဟာရာဇ်နတ်မင်းကြီးတို့၏အထံသို့ သွားရောက်ချဉ်းကပ်၍ တောင်းပန်ပြောဆိုပါသော်လည်း ထိုနတ်မင်းကြီးတို့က ပြောဆိုသောအခါ ဖြစ်ပေါ်သောဘေးကို ငါတို့ မတတ်စွမ်းနိုင်ကြကုန်ဟု ပြောလတ်သော် သိကြားမင်း၏အထံသို့ ချဉ်းကပ်၍ ထိုအကြောင်းအလုံးစုံကို အကုန်ပြန်ကြားပြီးလျှင် “အရှင်သိကြားမင်း- အရှင်တို့သည် ကြောင့်ကြမဲ့နေခြင်းသို့ ရောက်ခဲ့ကုန်သည်ရှိသော် ဇမ္ဗူဒိပ်ကျွန်း၌ မင်းမျိုးမင်းနွယ် ပြတ်ပါလိမ့်မည်၊ ထိုမင်းတို့၏ ကိုးကွယ် မှီခိုရာသည် ဖြစ်တော်မူကြပါကုန်လော့”ဟု လျှောက်ထားလေ၏။ သိကြားမင်းက “ငါသည်လည်း တားမြစ်ခြင်းငှာ မတတ်စွမ်းနိုင်”ဟု ဆိုပြီးလျှင် “အကြောင်းဥပါယ်တံမျဉ်ကိုမူကား သင့်အား ညွှန်ကြား ပြောဆိုလိုက်ပေအံ့”ဟု ဆို၍ အကြောင်းဥပါယ်တံမျဉ်ကို ဤသို့ ညွှန်ကြားလိုက်လေ၏။ “သွားချေ၊ အသင်သည် မင်းကြီး၏ ကြည့်ရှုထင်ထင် မြင်စဉ်ပင်လျှင် နီမြန်းသော အဝတ်ပုဆိုးကိုဝတ်လျက် မိမိ၏သစ်ပင်မှ ထွက်၍သွားအံ့သော အခြင်းအရာကို ပြလေလော့၊ ထိုအခါ မင်းကြီးသည် ပညောင်ပင်စောင့်နတ်မင်း ထွက်သွားလေ၏ဟုဆို၍ ထိုနတ်မင်းကို ဆုတ်နစ်ပြန်လည်စေအံ့ဟု အထူးထူးအပြားပြား များစွာသော အခြင်းအရာဖြင့် တောင်းပန်လတ္တံ့။ ထိုသို့ တောင်းပန်သောအခါ ထိုမင်းကြီးကို “အရှင်မင်းကြီး- အသင်သည် အဂ္ဂမဟေသီ မိဖုရားကြီးတို့နှင့်တကွဖြစ်သော တစ်ရာ့တစ်ပါးသောမင်းတို့ကို ဖမ်းဆောင်ယူငင်၍ ထိုမင်းမိဖုရားတို့၏ လည်ချောင်းသွေးဖြင့် ဗလိနတ်စာပူဇော်မှုကို ပြုလုပ်ပါမည်ဟု ငါ့အား တောင်းပန်ပြီးလျှင် ဥဂ္ဂသေနမင်း၏မိဖုရားကို ချန်ထားခဲ့၍ လာရောက်ပေ၏၊ ငါသည် ထိုသို့သဘောရှိသော မုသားဆိုသောသူ၏ ပူဇော်ခြင်းကို မခံယူလို”ဟူ၍ ပြောဆိုလေလော့”ဟု အကြောင်းဥပါယ်တံမျဉ်ကို ညွှန်ကြားလိုက်လေ၏။

(ဤသို့ ပြောဆိုအပ်သည်ရှိသော် “မင်းကြီးသည် ဓမ္မဒိန္နာမိဖုရားကို အာဏာဖြင့်စေလွှတ်၍ ခေါ်ဆောင်စေလတ္တံ့၊ ထိုဓမ္မဒိန္နာမိဖုရားသည် မင်းကြီးအား တရားဟော၍ ဤမျှလောက်သော လူအပေါင်းအား အသက်အလှူတည်းဟူသော ဇီဝိတဒါနကို ပေးလှူလတ္တံ့”ဟူသော ဤအကြောင်းဖြင့် သိကြားမင်းသည် ထိုပညောင်ပင်စောင့်နတ်အား ဤသို့သော အကြောင်းဥပါယ်တံမျဉ်ကို ပြောကြားလိုက်လေသတတ်။)

ဓမ္မဒိန္နာမိဖုရား ငိုခြင်းနှင့် ရယ်ခြင်း

ပညောင်ပင်စောင့်သော နတ်သည်လည်း သိကြားမင်း ပြောကြားတိုင်း ပြုလေ၏။ ဗာရာဏသီမင်းကြီးသည်လည်း ဓမ္မဒိန္နာမိဖုရားကို ခေါ်ဆောင်စေရန် စေလွှတ်၏။ ဓမ္မဒိန္နာမိဖုရားသည် လာရောက်၍ ထိုအလုံးစုံသော မင်းတို့အောက် အငယ်ဆုံးဖြစ်၍ အစွန်ဆုံးဖြစ်သောနေရာ၌ ထိုင်နေသော မိမိ၏အရှင်ဖြစ်သော ဥဂ္ဂသေနမင်းကိုသာ ရိုသေစွာရှိခိုးလျက် ထိုင်နေလေ၏။ ဗာရာဏသီပြည့်ရှင်မင်းကြီးသည် “အလုံးစုံသောမင်းတို့၏ အကြီးအမှူးဖြစ်သော ငါသည် တည်နေပါလျက် အလုံးစုံသောမင်းတို့အောက် ငယ်သောအရွယ်ရှိသော မိမိ၏ခင်ပွန်းလင် အရှင်ဖြစ်သော ဥဂ္ဂသေနမင်းကိုသာ ရှိခိုးလေဘိသည်”ဟု ထိုဓမ္မဒိန္နာမိဖုရားအား အမျက်ထွက်လေ၏။ ထိုအခါ ဓမ္မဒိန္နာမိဖုရားက ဗာရာဏသီပြည့်ရှင်မင်းကြီးကို ဤသို့ ပြောဆိုလေ၏။ “အရှင်မင်းကြီး၌ အကျွန်ုပ်အား အဘယ်သို့ တော်စပ်ခြင်းရှိဖူးပါသနည်း၊ ဤဥဂ္ဂသေနမင်းမြတ်သည်ကား အကျွန်ုပ်၏ အရှင်ခင်ပွန်း ဖြစ်တော်မူ၏၊ အစိုးရခြင်း စည်းစိမ်ချမ်းသာကို ပေးသနားတော်မူပေ၏။ ထိုဥဂ္ဂသေနမင်းမြတ်ကို ရှိမခိုးဘဲ အဘယ့်ကြောင့် အသင် ဗာရာဏသီမင်းကြီးကို ရှိခိုးနိုင်ပါလတ္တံ့နည်း”ဟု ပြောဆိုလေ၏။ ထိုအခါ ပညောင်ပင်စောင့်နတ်သည် များစွာသော လူအပေါင်း၏ ကြည့်ရှုစဉ်ပင်လျှင် “အရှင်မ- အသင့်စကားသည် ဟုတ်မှန်လှပေ၏”ဟု ပြောဆိုချီးမွမ်း၍ ဓမ္မဒိန္နာမိဖုရားကို ပန်းတစ်လက်ဆုပ်ဖြင့် ပူဇော်လေ၏။

တစ်ဖန် ဗာရာဏသီပြည့်ရှင်မင်းကြီးက “ငါ့ကို အကယ်၍ ရှိမခိုးသည်ရှိသော် ငါ့အား မင်း၏စည်းစိမ်ချမ်းသာ အသရေကို ပေးတော်မူတတ်သော ဤသို့ ကြီးမြတ်သော တန်ခိုးအာနုဘော် ရှိတော်မူပေသော နတ်မင်းကြီးကို အဘယ့်ကြောင့် နင်ရှိမခိုးလေဘိသနည်း”ဟု ဆိုပြန်လတ်သော် “အရှင်မင်းမြတ်- အရှင်မင်းမြတ်သည် မိမိ၏ကောင်းမှု ဘုန်းကံတော်၌တည်၍ မင်းတို့ကို ဖမ်းယူအပ်ကုန်၏၊ နတ်မင်းသည် ဖမ်းယူ၍ ပေးအပ်ကုန်သည်မဟုတ်”ဟု ပြောဆိုပြန်လေ၏။ တစ်ဖန်လည်း ထိုဓမ္မဒိန္နာမိဖုရားကို နတ်မင်းသည် “အရှင်မ- ဟုတ်မှန်လှပေ၏၊ အရှင်မ- ဟုတ်မှန်လှပေ၏”ဟု ပြောဆိုချီးမွမ်း၍ ရှေးနည်းအတူသာလျှင် ပူဇော်ပြန်လေ၏။ တစ်ဖန် ဓမ္မဒိန္နာမိဖုရားသည် မင်းကြီးကို ဤသို့ ပြောဆိုလေ၏။ “အရှင်မင်းကြီး- အရှင်မင်းကြီးက ဤပညောင်ပင်စောင့်နတ်မင်းသည် ငါ့အား ဤမျှလောက်သောမင်းတို့ကို ဖမ်းယူ၍ ပေး၏ဟု ဆိုဘိ၏။ ယခုအခါ အရှင့်ထိုနတ်မင်းကြီး၏ အထက်လက်ဝဲနံပါး၌ သစ်ပင်မီးကျွမ်းနေသည်၊ အရှင့်ထိုနတ်မင်းကြီးသည် ယင်းသို့ ကြီးကျယ်သော တန်ခိုးအာနုဘော်ရှိပါလျက် ထိုမီးကို ငြိမ်းအေးစိမ့်သောငှာ မတတ်နိုင်ရှာလတ္တံ့”ဟု ပြောဆိုပြန်လေ၏။ တစ်ဖန်လည်း ဓမ္မဒိန္နာမိဖုရားကို နတ်မင်းသည် “အရှင်မ- ဟုတ်မှန်လှပေ၏။ အရှင်မ- ဟုတ်မှန်လှပေ၏”ဟု ပြောဆိုချီးမွမ်းပြီးလျှင် ရှေးနည်းအတူသာလျှင် ပူဇော်ပြန်လေ၏။

ဓမ္မဒိန္နာမိဖုရားသည် ထိုစကားကို ပြောဆိုနေစဉ်ပင် ငိုလည်း ငို၏၊ ရယ်လည်း ရယ်၏။ ထိုအခါ ဓမ္မဒိန္နာမိဖုရားကို ဗာရာဏသီမင်းကြီးသည် “အသို့နည်း၊ နင်ရူးသွပ်လေသလော”ဟု ဆိုလေသဖြင့် “အရှင်မင်းကြီး- အဘယ့်ကြောင့် ဤသို့ဆိုလေဘိသနည်း၊ အကျွန်ုပ်ကဲ့သို့သော မိန်းမတို့သည် ရူးသွပ်ကြသည် မဟုတ်ကုန်”ဟု ပြန်ပြောလေ၏။ ထိုအခါ ဓမ္မဒိန္နာမိဖုရားကို “အဘယ့်ကြောင့် ငိုလည်း ငို, ရယ်လည်း ရယ်လေဘိသနည်း”ဟု မေးပြန်သော် “အရှင်မင်းကြီး- နားထောင်တော်မူပါလော့၊ ချဲ့၍ ပြောဆိုပေအံ့၊ ကျွန်တော်မသည် ရှေးလွန်လေပြီးသောအခါ အမျိုးသမီးဖြစ်၍ ခင်ပွန်းသည် လင်ယောက်ျား၏အိမ်၌နေစဉ် အရှင်လင်ယောက်ျား၏ အဆွေခင်ပွန်းဖြစ်သော ဧည့်သည်ကိုမြင်၍ ထိုဧည့်သည်အလို့ငှာ ထမင်းကို ချက်ပြုတ်လိုသောကြောင့် အမဲသားကို ဆောင်ခဲ့ချေလောဟု ကျွန်မတစ်ယောက်အား အသပြာကိုပေးလိုက်ရာ ထိုကျွန်မသည် အမဲသားကို မရခဲ့သောကြောင့် ပြန်လာ၍ အမဲသား မရှိပါဟု ပြောဆိုသောအခါ အိမ်နောက်အဖို့၌ အိပ်နေသော ဆိတ်မတစ်ကောင်၏ ဦးခေါင်းကို ဖြတ်ပိုင်း၍ ထမင်းကို ကောင်းစွာ ချက်ပြုတ်ကျွေးမွေးလေ၏။

ထိုကျွန်တော်မသည် တစ်ကောင်သောဆိတ်မ၏ ဦးခေါင်းကို ဖြတ်ပိုင်းခဲ့သောကြောင့် ငရဲ၌ကျက်ရ၍ အကျိုးအကြွင်းအကျန်အားဖြင့် ထိုဆိတ်မ၏ အမွေးအရေအတွက်နှင့်အမျှ ဦးခေါင်းပြတ်ခြင်းသို့ ရောက်ရပါပြီ၊ အရှင်မင်းမြတ်သည် ဤမျှလောက်သော မင်းအပေါင်းကို သတ်သည်ရှိသော် အဘယ်အခါကာလဝယ် ဆင်းရဲဒုက္ခမှ လွတ်ရပေလတ္တံ့နည်း၊ ဤသို့သော အကြောင်းကြောင့် ကျွန်တော်မသည် အသင်မင်းကြီး၏ ဆင်းရဲဒုက္ခကို အောက်မေ့ စဉ်းစားလျက် စိုးရိမ်ပူဆွေး ငိုကြွေးမိပါသည်”ဟု ပြောဆို၍ ထိုဓမ္မဒိန္နာမိဖုရားသည် ဤဂါထာကို ရွတ်ဆိုလေ၏။

ဧကိဿာ ကဏ္ဌံ ဆေတွာန၊ လောမဂဏနာယ ပစ္စိသံ။
ဗဟူနံ ကဏ္ဌေ ဆေတွာန၊ ကထံ ကာဟသိ ခတ္တိယ။

ခတ္တိယ၊ ရေမြေစိုးကြပ် အိုမင်းမြတ်။ အဟံ၊ ကျွန်တော်မသည်။ ဧကိဿာ၊ တစ်ကောင်သော ဆိတ်မ၏။ ကဏ္ဌံ၊ လည်ပင်းကို။ ဆေတွာန၊ ဖြတ်မိသောကြောင့်။ လောမဂဏနာယ၊ အမွေး၏အရေအတွက်အားဖြင့်။ ဝါ၊ အမွေး၏အရေအတွက်နှင့်အမျှ။ ပစ္စိသံ၊ ငရဲ၌ကျက်ပြီး လည်ပင်း အဖြတ်ခံရလေပြီ။ တွံ၊ အရှင်ဗာရာဏသီမင်းကြီးသည်။ ဗဟူနံ၊ များစွာသော မင်း,မိဖုရားတို့၏။ ကဏ္ဌေ၊ လည်ပင်းတို့ကို။ ဆေတွာန၊ ဖြတ်ခဲ့သည်ရှိသော်။ ကထံ ကာဟသိ၊ အဘယ်သို့ ဆင်းရဲမှ လွတ်ကြောင်းပြုနိုင်ပါတော့အံ့နည်း။

ထိုသို့ ဂါထာ ရွတ်ဆိုပြီးသောအခါ “အဘယ့်ကြောင့် သင် ရယ်လေဘိသနည်း”ဟု မေးပြန်လတ်သော် “အရှင်မင်းမြတ်- ကျွန်တော်မသည် ထိုဆင်းရဲမှ လွတ်မြောက်သူ ဖြစ်ခဲ့ပေပြီဟု နှစ်သက်ဝမ်းမြောက်သဖြင့် ရယ်မိပါသည်”ဟု လျှောက်ကြားလေ၏။ တစ်ဖန်လည်း ဓမ္မဒိန္နာမိဖုရားကို ပညောင်ပင်စောင့်နတ်သည် “အရှင်မ- ဟုတ်မှန်လှပေ၏၊ အရှင်မ- ဟုတ်မှန်လှပေ၏”ဟု ပြောဆိုချီးမွမ်းပြီးလျှင် ပန်းတစ်လက်ဆုပ်ဖြင့် ပူဇော်ပြန်လေ၏။

ဗာရာဏသီမင်းကြီး တောင်းပန်ကန်တော့ခြင်း

ဗာရာဏသီပြည့်ရှင်မင်းကြီးသည် “ဪ-အလွန်ဝန်လေးသောအမှုကို ငါပြုမိလေစွတကား၊ ဤဓမ္မဒိန္နာမိဖုရားကား ဆိတ်မတစ်ကောင်ကို သတ်မိခြင်းကြောင့် ငရဲ၌ကျက်ပြီးမှ အကျိုးအကြွင်းအကျန်အားဖြင့် ဆိတ်မ၏ အမွေးအရေအတွက်နှင့်အမျှ ဦးခေါင်းဖြတ်ခြင်းသို့ ရောက်ရပေသတတ်၊ ငါသည် ဤမျှလောက်သော မင်းအပေါင်းကို သတ်ခဲ့သည်ရှိသော် အဘယ်အခါ ချမ်းသာခြင်းသို့ ရောက်နိုင်ပါလတ္တံ့နည်း”ဟု အောက်မေ့စဉ်းစား နှလုံးထားလျက် အလုံးစုံသော မင်းတို့ကိုလွှတ်၍ မိမိထက် အသက်အရွယ် ကြီးရင့်ကုန်သော မင်းတို့ကို ရှိခိုးလျက် ငယ်ကုန်,ငယ်ကုန်သောမင်းတို့ကို လက်အုပ်ချီလျက် အလုံးစုံသော မင်းတို့ကို သည်းခံစေလျက် တောင်းပန်ကန်တော့၍ မိမိ,မိမိ၏ စံရာဖြစ်သော တိုင်းနိုင်ငံနေပြည်တော်သို့သာ ပြန်၍လွှတ်လေ၏။

မြတ်စွာဘုရားသည် ဤတရားဒေသနာတော်ကို ဆောင်တော်မူ၍ “ချစ်သားရဟန်းတို့- ဤသို့လျှင် မလ္လိကာမိဖုရားသည် ဤယခုအခါ၌သာ မိမိ၏ပညာကိုမှီ၍ များစွာသော လူအပေါင်းအား ဇီဝိတဒါန အသက်အလှူကို ပေးလှူသည် မဟုတ်သေး၊ ရှေးအခါကာလ၌လည်း ပေးလှူဖူးသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ အတိတ်ဇာတ်ကို ပေါင်းတော်မူလေ၏။ “ထိုအခါ ဗာရာဏသီမင်းသည် ယခုအခါ ပသေနဒီကောသလမင်းကြီး ဖြစ်လာ၏။ ထိုအခါ ဓမ္မဒိန္ဒာမိဖုရားသည် ယခုအခါ မလ္လိကာမိဖုရား ဖြစ်လာ၏။ ထိုအခါ ပညောင်ပင်စောင့်နတ်သည် ယခုအခါ ငါဘုရားသာလျှင် ဖြစ်လာ၏”ဟု အတိတ်ဇာတ်ကို ပေါင်းတော်မူလေ၏။ ဤသို့ အတိတ်ဇာတ်ကို ပေါင်းတော်မူပြီးလျှင် တစ်ဖန် တရားဟောကြားတော်မူလိုရကား “ချစ်သားရဟန်းတို့- သူ့အသက်ကို သတ်ခြင်းမည်သည်ကို ပြုခြင်းငှာ မသင့်တင့် မလျောက်ပတ်သော အမှုပေတည်း။ ထိုစကားမှန်၏၊ သူ့အသက်ကို သတ်လေ့ရှိသောသူတို့သည် ရှည်စွာသော နေ့ညဉ့်ကာလပတ်လုံး စိုးရိမ်ကြရကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဣဓ သောစတိ ပေစ္စ သောစတိ၊ ပါပကာရီ ဥဘယတ္ထ သောစတိ။
သော သောစတိ သော ဝိဟညတိ၊ ဒိသွာ ကမ္မကိလိဋ္ဌမတ္တနော။
ဧဝံ စေ သတ္တာ ဇာနေယျုံ၊ ဒုက္ခာယံ ဇာတိသမ္ဘဝေါ။
န ပါဏော ပါဏိနံ ဟညေ၊ ပါဏဃာတီ ဟိ သောစတိ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့ ပါပကာရီ၊ မကောင်းမှုကို ပြုလေ့ရှိသောသူသည်။ ဣဓ၊ ပစ္စုပ္ပန်လောက ဤဘဝ၌လည်း။ သောစတိ၊ စိုးရိမ်ရ၏။ ပေစ္စ၊ တမလွန်လောက နောင်ဘဝ၌လည်း။ သောစတိ၊ စိုးရိမ်ရ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန်,တမလွန် နှစ်တန်သော ဘဝ၌။ သောစတိ၊ စိုးရိမ်ရ၏။ သော၊ ထိုသူသည်။ အတ္တနော၊ မိမိ၏။ ကမ္မကိလိဋ္ဌံ၊ ညစ်ညူးသော အကုသိုလ်ကံကြမ္မာကို။ ဒိသွာ၊ မြင်၍။ သောစတိ၊ စိုးရိမ်ရ၏။ သော၊ ထိုသူသည်။ ဝိဟညတိ၊ ပင်ပန်းရ၏။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ အယံ ဇာတိသမ္ဘဝေါ၊ ဤပဋိသန္ဓေနေခြင်း သဘောသည်။ ဒုက္ခော၊ ဆင်းရဲလှလေစွတကား။ ဧဝံ၊ ဤသို့။ သတ္တာ၊ သတ္တဝါတို့သည်။ စေ ဇာနေယျုံ၊ အကယ်၍ သိကုန်ငြားအံ့။ ပါဏော၊ သတ္တဝါတစ်ဦးသည်။ ပါဏိနံ၊ သတ္တဝါတစ်ဦးကို။ န ဟညေ၊ မသတ်မညှဉ်းဆဲရာ။ ဟိ၊ ထိုစကားသင့်စွ။ ပါဏဃာတီ၊ သတ္တဝါကို သတ်လေ့ရှိသော သူသည်။ သောစတိ၊ စိုးရိမ်ပူပန်ရ၏။

ဤတရားဒေသနာတော်၏အဆုံး၌ များစွာကုန်သောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ပဿနဒီကောသလမင်းကြီးနှင့် မထင်ရှားသော ယောကျာ်းဝတ္ထု ပြီး၏။