ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၁၉။ အညတရဗြာဟ္မဏဝတ္ထု
4137ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗြာဟ္မဏဝဂ် — ၁၉။ အညတရဗြာဟ္မဏဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၁၉။ မထင်ရှားသော ပုဏ္ဏားဝတ္ထု

ယော ဒုက္ခဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အမှတ်မရှိသော ပုဏ္ဏားတစ်ယောက်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကျွန်ပြေးရဟန်း ဖမ်းဆီးခြင်း

ထိုပုဏ္ဏား၏ ကျွန်တစ်ယောက်သည် သိက္ခာပုဒ်ကို မပညတ်ရသေးမီ ထွက်ပြေး၍ ရဟန်းပြုသဖြင့် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ပုဏ္ဏားသည် ထိုကျွန်ကို ကြည့်ရှုရှာဖွေလတ်သည်ရှိသော် မမြင်ရမူ၍ တစ်နေ့သ၌ မြတ်စွာဘုရားနှင့် အတူတကွ ဆွမ်းအလို့ငှာ ဝင်ကြွလာသည်ကို တံခါးကြား၌ တွေ့မြင်ရ၍ သင်္ကန်းကို မြဲစွာ ဆွဲကိုင်လေ၏။ မြတ်စွာဘုရားသည် ပြန်လည်ဆုတ်နစ်တော်မူ၍ “ပုဏ္ဏား- ဤသို့ ဆွဲကိုင်ခြင်းအကြောင်းကား အဘယ်နည်း”ဟု မေးတော်မူသောကြောင့် “အို..ရှင်ဂေါတမ- တပည့်တော်၏ ကျွန်ဖြစ်ပါသည်ဘုရား”ဟု နားတော်လျှောက်လေ၏။ “ပုဏ္ဏား- ဤရဟန်းသည် ချအပ်ပြီးသော ဝန်ရှိ၏”ဟု မိန့်တော်မူ၏။ “ချအပ်ပြီးသော ဝန်ရှိ၏”ဟု မိန့်တော်မူလတ်သည်ရှိသော် ပုဏ္ဏားသည် ရဟန္တာဟူ၍ မှတ်သားမိလေ၏။ ထို့ကြောင့် တစ်ဖန်လည်း ထိုပုဏ္ဏားသည် “အို..ရှင်ဂေါတမ- ချအပ်ပြီးသော ဝန်ရှိသည်ဟူသောအတိုင်း မှန်ပါသလော”ဟု လျှောက်ပြန်လတ်သည်ရှိသော် “ပုဏ္ဏား- ချအပ်ပြီးသော ဝန်ရှိသည် မှန်ပေ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၄၀၂] ယော ဒုက္ခဿ ပဇာနာတိ၊ ဣဓေဝ ခယမတ္တနော။
ပန္နဘာရံ ဝိသံယုတ္တံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ယော၊ အကြင်သူသည်။ ဣဓေဝ၊ ဤဘဝ၌သာလျှင်။ အတ္တနော၊ မိမိ၏။ ဒုက္ခဿ၊ ခန္ဓာဝန်ဒုက္ခ၏။ ခယံ၊ ကုန်ခန်းရာနိဗ္ဗာန်ကို။ ပဇာနာတိ၊ အပြားအားဖြင့်သိ၏။ ပန္နဘာရံ၊ ချအပ်ပြီးသော ခန္ဓာဝန်ရှိသော။ ဝိသံယုတ္တံ၊ ယောဂလေးဖြာ ကိလေသာတို့မှ ကင်းကွာပြီးသော။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ထိုကျွန်ပျောက်ရှာသော ပုဏ္ဏားသည် သောတာပတ္တိဖိုလ်၌ တည်လ၏။ ရောက်လာသော ပရိသတ်တို့အားလည်း အကျိုးရှိသောဒေသနာတော် ဖြစ်တော်မူလေ၏။

မထင်ရှားသော ပုဏ္ဏားဝတ္ထု ပြီး၏။