အတ္တဒန္တဝတ္ထု
၁။ ကိုယ်တော်မြတ်ကို အကြောင်းပြု၍ ဟောတော်မူသောဝတ္ထု
အဟံ နာဂေါဝအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ကိုယ်တော်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
အဓိကရုဏ်းကို ဖြစ်ရာ၌သာ ငြိမ်းသင့်ခြင်း
မာဂဏ္ဍီမိဖုရားသည် ထိုသာမာဝတီအမှူးရှိသော နန်းတွင်းသူ မောင်းမငါးရာတို့အား တစ်စုံတစ်ခုသောအမှုကို ပြုခြင်းငှာ မစွမ်းနိုင်ရကား “ရဟန်းဂေါတမအားသာလျှင် ပြုသင့်ပြုထိုက်သောအမှုကို ပြုပေတော့အံ့”ဟု မြို့သူမြို့သားတို့အား တံစိုးလက်ဆောင်ပေးပြီးလျှင် “မြို့တွင်းသို့ကြွဝင်၍ လှည့်လည်သော ရဟန်းဂေါတမကို ကျွန်အမှုလုပ် ယောက်ျားတို့နှင့်တကွ ဆဲရေး၍ ရေရွတ်၍ ထွက်ပြေးစေကြကုန်လော့”ဟု စေခိုင်းလေ၏။ ရတနာသုံးပါးတို့၌ မကြည်ညိုကုန်သော မိစ္ဆာဒိဋ္ဌိတို့သည် မြို့တွင်းသို့ ကြွဝင်တော်မူလာသော မြတ်စွာဘုရားကို နောက်မှ အစဉ်လိုက်၍ ခိုးသူဖြစ်၏ ဟူ၍လည်းကောင်း၊ မိုက်မဲသောသူဖြစ်၏ ဟူ၍လည်းကောင်း၊ တွေဝေသူဖြစ်၏ ဟူ၍လည်းကောင်း၊ ဝှက်တတ်သူဖြစ်၏ ဟူ၍လည်းကောင်း၊ ကုလားအုပ်ဖြစ်၏ ဟူ၍လည်းကောင်း၊ နွားဖြစ်၏ ဟူ၍လည်းကောင်း၊ မြည်းဖြစ်၏ ဟူ၍လည်းကောင်း၊ ငရဲသားဖြစ်၏ ဟူ၍လည်းကောင်း၊ တိရစ္ဆာန်ဖြစ်၏ ဟူ၍လည်းကောင်း၊ အသင့်အား ကောင်းသောလားရာ သုဂတိမရှိဟူ၍လည်းကောင်း၊ အသင့်အလို့ငှာ မကောင်းသောလားရာ ဒုဂ္ဂတိကိုသာ အလိုရှိအပ်၏ ဟူ၍လည်းကောင်း ဤသို့ ဆယ်ပါးသော ဆဲရေးခြင်းတို့ဖြင့် ဆဲရေးကြ ရေရွတ်ကြကုန်၏။ ထိုဆဲရေးသောစကားကို ကြား၍ အရှင်အာနန္ဒာသည် မြတ်စွာဘုရားကို ဤသို့သောစကား လျှောက်ကြားလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤကောသမ္ဗီ မြို့သူမြို့သားတို့သည် တပည့်တော်တို့ကို ဆဲရေးကြ ရေရွတ်ကြပါကုန်၏။ ဤမြို့မှ တစ်ပါးသောမြို့သို့ ဖဲသွားကြပါကုန်အံ့ဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သားအာနန္ဒာ- အဘယ်အရပ်သို့ သွားကြရကုန်အံ့နည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- တစ်ပါးသောမြို့သို့ သွားကြပါကုန်အံ့ဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သားအာနန္ဒာ- ထိုမြို့၌ လူတို့သည် ဆဲရေးကြ၊ ရေရွတ်ကြပြန်သည်ရှိသော် အဘယ်အရပ်သို့ သွားကြရကုန်အံ့နည်း”ဟု မေးတော်မူပြန်လျှင် “မြတ်စွာဘုရား- ထိုအရပ်မှလည်း တစ်ပါးသောမြို့သို့ သွားကြပါကုန်အံ့ဘုရား”ဟု လျှောက်ကြားပြန်လေ၏။
“ချစ်သားအာနန္ဒာ- ထိုအရပ်၌ လူတို့သည် ဆဲရေးကြ၊ ရေရွတ်ကြပြန်သည်ရှိသော် အဘယ်အရပ်သို့ သွားကြရကုန်အံ့နည်း”ဟု မေးတော်မူပြန်လျှင် “မြတ်စွာဘုရား- ထိုအရပ်မှလည်း တစ်ပါးသောမြို့သို့ သွားကြပါကုန်အံ့ဘုရား”ဟု လျှောက်ကြားပြန်လေ၏။ “ချစ်သားအာနန္ဒာ- ဤသို့ပြုခြင်းငှာ မသင့်လျော်ချေ။ အကြင်အရပ်၌ အဓိကရုဏ်းဖြစ်၏။ ထိုအရပ်၌သာလျှင် ထိုအဓိကရုဏ်း ငြိမ်းအေးမှ တစ်ပါးသောအရပ်သို့ သွားခြင်းငှာ သင့်လျော်ပေသည်”ဟု မိန့်တော်မူပြီးလျှင် “ချစ်သားအာနန္ဒာ- ဆဲရေးကုန်၊ ရေရွတ်ကုန်သော ထိုသူတို့သည် အဘယ်သူတို့ ဖြစ်ကုန်သနည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- ကျွန်အမှုလုပ်တို့ကို အစပြု၍ ခပ်သိမ်းကုန်သောသူတို့သည် ဆဲရေးကြ၊ ရေရွတ်ကြပါကုန်သည်ဘုရား”ဟု လျှောက်ကြားလေ၏။ “ချစ်သားအာနန္ဒာ- ငါဘုရားသည် စစ်မြေပြင်အရပ်သို့ သက်ဝင်သော ဆင်ပြောင်ကြီးနှင့်တူ၏။ စစ်မြေပြင်အရပ်သို့ သက်ဝင်သော ဆင်ပြောင်ကြီးအား အရပ်လေးမျက်နှာတို့မှ လာကုန်သော မြားတို့ကို သည်းခံခြင်းငှာ တာဝန်ရှိသကဲ့သို့ ထို့အတူ များစွာသော ဒုဿီလပုဂ္ဂိုလ်တို့ ပြောဆိုအပ်သော စကားတို့ကို သည်းခံခြင်းမည်သည် ငါဘုရား၏ တာဝန်ပေတည်း”ဟု မိန့်တော်မူပြီးလျှင် ကိုယ်တော်မြတ်ကို အကြောင်းပြု၍ တရားဟောလိုရကား ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
အတိဝါကျံ တိတိက္ခိဿံ၊ ဒုဿီလော ဟိ ဗဟုဇ္ဇနော။
[၃၂၁] ဒန္တံ နယန္တိ သမိတိံ၊ ဒန္တံ ရာဇာဘိရူဟတိ။
ဒန္တော သေဋ္ဌော မနုဿေသု၊ ယော တိဝါကျံ တိတိက္ခတိ။
[၃၂၂] ဝရမဿတရာ ဒန္တာ၊ အာဇာနီယာ စ သိန္ဓဝါ။
ကုဉ္ဇရာ စ မဟာနာဂါ၊ အတ္တဒန္တာ တတော ဝရံ။
နာဂေါ၊ စစ်တိုက်ဆင်သည်။ သင်္ဂါမေ၊ စစ်မြေပြင်၌။ စာပတော၊ လေးမှ။ ပတိတံ၊ လွတ်၍ကျလာသော။ သရံ၊ မြားကြီး,မြားငယ် အသွယ်သွယ်ကို။ တိတိက္ခတိ ဣဝ၊ သည်းခံသကဲ့သို့။ ဧဝံ၊ ဤအတူ။ အဟံ၊ ငါဘုရားသည်။ အတိဝါကျံ၊ လွန်ကျူးဖြစ်ပွား ဆိုစကားကို။ တိတိက္ခိဿံ၊ သည်းခံတော်မူပေအံ့။
ဟိသစ္စံ၊ သည်းခံသင့်စွ။ ဇနော၊ လောကီနယ်သား လူအများသည်။ ဗဟုဒုဿီလော၊ သီလမရှိသူ လွန်စွာများ၏။
သမိတိံ၊ လူများအပေါင်း၏အလယ်သို့။ ဂစ္ဆန္တာ၊ သွားကြသောသူတို့သည်။ ဒန္တံ၊ ယဉ်ကျေးပြီးသောနွား, ယဉ်ကျေးပြီးသောမြင်းကို။ နယန္တိ ၊ လှည်းယာဉ်ယှဉ်က ဆောင်ကုန်ကြ၏။
ရာဇာ၊ ပြည့်ရှင်မင်းသည်။ ဒန္တံ၊ ယဉ်ကျေးသော ဆင်ယာဉ်, မြင်းယာဉ်ကို။ အဘိရူဟတိ၊ စီးနင်း၏။
မနုဿေသု၊ လူတို့တွင်။ ယော၊ အကြင်သူသည်။ အတိဝါကျံ၊ လွန်ကျူးပြစ်မှား ရမ်းကားပြောဆိုသော စကားကို။ တိတိက္ခတိ၊ သည်းခံနိုင်၏။ သော၊ ထိုသို့သဘောရှိသောသူသည်။ ဒန္တော၊ ယဉ်ကျေးသောသူဖြစ်၍။ သေဋ္ဌော၊ အထူးသဖြင့် မြတ်၏။ ဝါ၊ အထူးသဖြင့် ချီးမွမ်းအပ်၏။
အဿတရာ၊ မြည်းဖိုနှင့် မြင်းမစပ်၍ ကျသော အဿတိုရ်မြင်းတို့သည်လည်းကောင်း။ အာဇာနီယာ၊ အကြောင်းဟုတ်,မဟုတ် လျင်စွာသိနိုင်သော အာဇာနည်မြင်းတို့သည်လည်းကောင်း။ သိန္ဓဝါစ၊ သိန္ဓဝတိုင်း၌ဖြစ်သော မြင်းတို့သည်လည်းကောင်း။ ကုဉ္ဇရာ၊ ကုဉ္ဇရဟုဆိုအပ်ကုန်သော။ မဟာနာဂါစ၊ ဆင်ပြောင်ကြီးတို့သည်လည်းကောင်း။ ဒန္တာ၊ ဆုံးမအပ်သဖြင့် ယဉ်ကျေးကုန်မှသာလျှင်။ ဝရာ၊ မြတ်ကြကုန်၏။
အတ္တဒန္တော၊ လေးပါးသော မဂ်ဉာဏ်ဖြင့် ဆုံးမအပ်သည်ဖြစ်၍ ယဉ်ကျေးပြီးသောသူသည်။ တတော၊ ထိုဆိုအပ်ပြီးသောသူတို့ထက်။ ဝရံ-ဝရတရံ၊ အလွန်မြတ်လှပေ၏။
ဒေသနာတော်၏အကျိုး
ဒေသနာတော်၏အဆုံး၌ တံစိုးလက်ဆောင်ကို ယူသဖြင့် ခရီးမ,ခရီးဆုံ စသည်တို့၌တည်၍ ဆဲရေးကြ ရေရွတ်ကြကုန်သော ထိုအလုံးစုံလည်းဖြစ်ကုန်သော လူများအပေါင်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။