အတ္တနောပုဗ္ဗကမ္မဝတ္ထု
၁။ ကိုယ်တော်မြတ်၏ ရှေးကံ ဝတ္ထု
မတ္တာ သုခပရိစ္စာဂါအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ကိုယ်တော်မြတ်၏ ရှေး၌ပြုအပ်သော ကံကို အကြောင်းပြု၍ ဟောတော်မူလေ၏။
ဝေသာလီပြည် ဘေးသုံးပါးဖြစ်ခြင်း
တစ်ပါးသောအခါ ဝေသာလီပြည်သည် ပြည့်စုံကြွယ်ဝ၏။ စည်ပင်ပြန့်ပြော၏။ များသောလူရှိ၏။ ပြွမ်းသောလူရှိ၏။ ထိုဝေသာလီပြည်၌ အလှည့်အလှည့်အားဖြင့် မင်းအဖြစ်ကို ပြုကုန်ကြသော မင်းတို့၏သာလျှင် ခုနစ်ရာအလွန်ရှိကုန်သော ခုနစ်ထောင်သော မင်းတို့သည်လည်းကောင်း၊ ခုနစ်ယောက်သော မင်းတို့သည်လည်းကောင်း ဖြစ်ကုန်၏။ (ခုနစ်ထောင် ခုနစ်ရာ ခုနစ် (၇၇၀၇)ယောက်ဖြစ်ကြကုန်၏။) ထိုခုနစ်ထောင် ခုနစ်ရာ ခုနစ်ယောက်သော မင်းတို့၏ နေရာအကျိုးငှာ ထိုမျှလောက် ခုနစ်ထောင် ခုနစ်ရာ ခုနစ်ဆောင်ကုန်သော ပြာသာဒ်တို့သည်လည်းကောင်း၊ ထိုမျှလောက်သာလျှင် ဖြစ်ကုန်သော စုလစ်မွမ်းချွန် တပ်သော အိမ်တော်တို့သည်လည်းကောင်း၊ ဥယျာဉ်၌ နေစရာအကျိုးငှာ ထိုမျှလောက်သာလျှင်ဖြစ်ကုန်သော အရံတို့သည်လည်းကောင်း၊ လေးထောင့် ရေကန်တို့သည်လည်းကောင်း ရှိသည်ဖြစ်ကုန်၏။ ထိုဝေသာလီပြည်သည် တစ်ပါးသောအခါ၌ ငတ်မွတ်ခေါင်းပါးသည်ဖြစ်၍ မကောင်းသော ပျက်စီးသော ကောက်စပါးရှိသည်ဖြစ်၏။ ထိုဝေသာလီပြည်၌ ငတ်မွတ်ဆာလောင်သော ဘေးကြောင့် ရှေးဦးစွာ ဆင်းရဲသောလူတို့သည် သေကျေပျက်စီးကြလေကုန်၏။ ထိုထိုအရပ်၌ စွန့်ပစ်အပ်ကုန်သော ထိုထိုအကောင်ပုပ်တို့၏ အနံ့ကြောင့် ဘီလူးတို့သည် မြို့တွင်းသို့ ဝင်ကြကုန်၏။ ဘီလူးတို့ နှိပ်စက်သောဘေးကြောင့် များစွာသော လူတို့သည် သေကျေပျက်စီးလေကုန်၏။ ထိုသေသောသူတို့၏ ပုပ်သောအနံ့ဖြင့် စက်ဆုပ်ဖွယ်ရှိသော အဖြစ်ကြောင့် သတ္တဝါတို့အား ယင်အနာရောဂါသည် ဖြစ်လေ၏။ ဤသို့လျှင် ငတ်မွတ်သောဘေးသည်လည်းကောင်း, ဘီလူးဘေးသည်လည်းကောင်း, အနာရောဂါဘေးသည်လည်းကောင်း သုံးပါးသော ဘေးတို့သည် ဖြစ်လေကုန်၏။
ဘေးကင်းအောင် ကြံစည်ကြခြင်း
မြို့၌နေသောသူတို့သည် စည်းဝေး၍ မင်းကြီးကို “မြတ်သောမင်းကြီး- ဤမြို့၌ သုံးပါးသော ဘေးတို့သည် ဖြစ်ကုန်၏၊ ဤယခုအခါမှ ရှေး၌ မင်းခုနစ်ဆက်တိုင်အောင် ဤသို့သဘောရှိသော ဘေးမည်သည် မဖြစ်စဖူးပါ၊ တရားမစောင့်သော မင်းတို့၏ လက်ထက်၌သာ ဤသို့သဘောရှိသောဘေးသည် ဖြစ်ပေါ်ပါသည်”ဟု လျှောက်ကြား သံတော်ဦးတင်ကြလေကုန်၏။ မင်းကြီးသည်လည်း မင်းကွန်း၌ အလုံးစုံသောသူတို့၏ အစည်းအဝေးပြုပြီးလျှင် “ငါ့အား တရားမစောင့်သောအဖြစ် အကယ်၍ ရှိသည်ဖြစ်အံ့၊ ထိုတရားမစောင့်သောအဖြစ်ကို စုံစမ်းကြပါကုန်လော့”ဟု မိန့်ဆိုလေ၏။ ဝေသာလီပြည်၌ နေသောသူတို့သည် အလုံးစုံသော အစဉ်အဆက်ကို စုံစမ်းကြရကုန်သည်ရှိသော် မင်းကြီး၏ တစ်စုံတစ်ခုသော အပြစ်ကို မမြင်ရသောကြောင့် “မြတ်သောမင်းကြီး- သင်မင်းကြီးအား ထိုအပြစ်ဒေါသသည် မရှိပါ”ဟု ဆိုပြီးလျှင် “အဘယ်သို့သော အကြောင်းဖြင့် ငါတို့အား ဤသေဘေးသည် ငြိမ်းခြင်းသို့ ရောက်ရာအံ့နည်း”ဟု စည်းဝေးတိုင်ပင်ကြလေကုန်၏။ ထိုသို့တိုင်ပင်ရာ၌ အချို့သောသူတို့သည် “ဗလိနတ်စာပေးခြင်းအမှုဖြင့် တောင်းပန်ခြင်းမင်္ဂလာကို ပြုလုပ်ခြင်းအားဖြင့် ငြိမ်းခြင်းသို့ ရောက်ရာ၏”ဟု ဆိုသည်ရှိသော် ထိုအစီအရင် အလုံးစုံကိုလည်း ပြုလုပ်သဖြင့် တားမြစ်ခြင်းငှာ မတတ်နိုင်ကြကုန်၏။ ထိုအခါ အချို့သောသူတို့သည် “ဆရာကြီးခြောက်ယောက် (ပူရဏကဿပ၊ မက္ခလိဂေါသာလ၊ အဇိတကေသကမ္ဗလ၊ ပကုဓကစ္စာယန၊ သဉ္စယဗေလဋ္ဌပုတ္တ၊ နိဂဏ္ဌနာဋပုတ္တ) တို့ကား ကြီးသော အာနုဘော်ရှိ၏။ ထိုဆရာခြောက်ယောက်တို့သည် ဤမြို့သို့ ရောက်လာကာမျှ ဖြစ်လတ်သည်ရှိသော် ဘေးသည် ငြိမ်းအေးရာ၏”ဟု ဤသို့သောစကားကို ဆိုကြလေကုန်၏။ ထိုမှတစ်ပါးသောသူတို့သည် “မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူ၏၊ ထိုမြတ်စွာဘုရားသည် ဘုန်းတော် အလွန်ကြီးသည်ဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့၏ အကျိုးစီးပွားအလို့ငှါ တရားတော်ကို ဟောကြားတော်မူ၏၊ ကြီးသောတန်ခိုးရှိ၏။ ကြီးသော အာနုဘော်ရှိ၏၊ ထိုမြတ်စွာဘုရားသည် ကြွရောက်လာသည်ရှိသော် ဤဘေးတို့သည် ငြိမ်းပျောက်ကုန်ရာ၏”ဟု ဆိုကြလေကုန်၏။
မြတ်စွာဘုရားကို ပင့်ဆောင်ခြင်း
ထိုသူတို့၏စကားကို ခပ်သိမ်းသောသူတို့သည်လည်း လွန်မင်းစွာ နှစ်သက်ကြသဖြင့် “ထိုမြတ်စွာဘုရားသည် ယခုအခါ အဘယ်အရပ်၌ သီတင်းသုံးနေထိုင်တော်မူသနည်း”ဟု ဆိုကြလေကုန်၏။ ထိုအခါ၌ကား မြတ်စွာဘုရားသည် ဝါဆိုအံ့သောအခါကာလ နီးကပ်လတ်သည်ရှိသော် ဗိမ္ဗိသာရမင်းကြီးအား ဝန်ခံခြင်းကို ပေးတော်မူ၍ ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေထိုင်တော်မူ၏။ ထိုအခါ၌လည်း ဗိမ္ဗိသာရမင်းကြီး၏ အစည်းအဝေး၌ ဗိမ္ဗိသာရမင်းကြီးနှင့် အတူတကွ သောတာပတ္တိဖိုလ်သို့ ရောက်သော မဟာလိအမည်ရှိသော လိစ္ဆဝီမင်းသည် ထိုပရိသတ်၌ နေလျက်ရှိ၏။ ဝေသာလီပြည်၌နေသောသူတို့သည် များစွာသော လက်ဆောင်ပဏ္ဏာကာရကို စီရင်၍ ဗိမ္ဗိသာရမင်းကြီးကို သိစေပြီးလျှင် “မြတ်စွာဘုရားကို ဤဝေသာလီပြည်သို့ ပင့်ဆောင်ကြပါကုန်လော့”ဟု မဟာလိလိစ္ဆဝီမင်းကိုလည်းကောင်း၊ ပုရောဟိတ်ပုဏ္ဏား၏ သားကိုလည်းကောင်း စေလွှတ်ကြလေကုန်၏။ ထိုမဟာလိမည်သော လိစ္ဆဝီမင်းနှင့် ပုရောဟိတ်ပုဏ္ဏား၏ သားတို့သည်သွား၍ ဗိမ္ဗိသာရမင်းကြီးအား လက်ဆောင်ပဏ္ဏာကာရကို ဆက်သပြီးလျှင် ထိုဝေသာလီပြည်၌ဖြစ်သော အကြောင်းကို သိသာအောင် လျှောက်တင်ပြောကြားကြ၍ “မြတ်သောမင်းကြီး- မြတ်စွာဘုရားကို အကျွန်ုပ်တို့၏ တိုင်းပြည်သို့ ပို့ကြပါကုန်လော့”ဟု တောင်းပန်ကြလေကုန်၏။ ဗိမ္ဗိသာရမင်းကြီးသည် “သင်တို့သည်သာလျှင် သိရအောင် ပြုကြပါကုန်လော့”ဟု ဆို၍ ဝန်ခံတော်မူလေ၏။ ထိုပင့်လာသောသူတို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် “ဘုန်းတော်အလွန်ကြီးမြတ်တော်မူသော မြတ်စွာဘုရား- ဝေသာလီပြည်၌ သုံးပါးသောဘေးတို့သည် ပေါ်ပေါက်နေကြပါသည်ဘုရား၊ ထိုဘေးတို့သည် ရှင်တော်မြတ်ဘုရားတို့ ကြွလာတော်မူကြကုန်သည်ရှိသော် ငြိမ်းပျောက်ကြပါကုန်လတ္တံ့၊ မြတ်စွာဘုရား- ကြွတော်မူကြပါ၊ သွားကြပါကုန်အံ့ဘုရား”ဟု တောင်းပန်ကြလေကုန်၏။ မြတ်စွာဘုရားသည် ထိုသူတို့၏စကားကို ကြားတော်မူရ၍ ဆင်ခြင်တော်မူလျက် “ဝေသာလီပြည်၌ ရတနသုတ်ပရိတ်ကို ဟောတော်မူရသည်ရှိသော် ထိုရတနသုတ် အစောင့်အရှောက်သည် စကြဝဠာတို့၏ ကုဋေတစ်သိန်းတိုင်အောင် ပျံ့နှံ့လတ္တံ့၊ ရတနသုတ်၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား သစ္စာလေးပါး တရားတော်ကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လတ္တံ့၊ ထိုသုံးပါးသော ဘေးတို့သည်လည်း ငြိမ်းပျောက်ကုန်လတ္တံ့”ဟု သိတော်မူသဖြင့် ထိုပင့်လာသောသူတို့၏စကားကို ဝန်ခံတော်မူလေ၏။
မြတ်စွာဘုရားကို ဗိမ္ဗိသာရမင်းကြီး လိုက်ပို့ခြင်း
ဗိမ္ဗိသာရမင်းသည် “မြတ်စွာဘုရားသည် ဝေသာလီပြည်သို့ ကြွသွားခြင်းကို ဝန်ခံတော်မူသတတ်”ဟု ကြားရလျှင် မြို့၌ ကြွေးကြော်ခြင်းကို ပြုစေလျက် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ “မြတ်စွာဘုရား- ဝေသာလီပြည်သို့ ကြွသွားခြင်းကို ဝန်ခံတော်မူပါပြီလောဘုရား”ဟု မေးလျှောက်လေ၏။ “မြတ်သောမင်းကြီး- ဝန်ခံအပ်ပေပြီ”ဟု မိန့်တော်မူလျှင် “မြတ်စွာဘုရား- ထိုသို့ဖြစ်ပါမူ ရှေးဦးစွာ ဆိုင်းငံ့တော်မူကြပါဦး၊ လမ်းခရီးကို စီရင်ပါဦးမည်ဘုရား”ဟု လျှောက်ကြားပြီးလျှင် ရာဇဂြိုဟ်ပြည်၏လည်းကောင်း၊ ဂင်္ဂါမြစ်၏လည်းကောင်း အကြား၌ ငါးယူဇနာရှိသော မြေကို ညီညွတ်စွာပြုလုပ်စေသဖြင့် ယူဇနာတိုင်း ယူဇနာတိုင်း၌ ကျောင်းကို တည်ထားဆောက်လုပ်ပြီးလျှင် မြတ်စွာဘုရားအား ကြွတော်မူအံ့သောအခါကို လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် ငါးရာသော ရဟန်းတို့နှင့် အတူတကွ လမ်းခရီးကို ကြွသွားတော်မူလေ၏။ ဗိမ္ဗိသာရမင်းကြီးသည် တစ်ယူဇနာအတွင်း၌ ပုဆစ်ဒူးမျှ အတိုင်းအရှည်ရှိသော အပိုင်းအခြားဖြင့် ငါးပါးသော အဆင်းရှိသော ပန်းတို့ကို ကြဲဖြန့်စေလျက် တံခွန် ကုက္ကား ငှက်ပျောပင် စသည်တို့ကို စိုက်စေ၍ ထီးအဆင့်ဆင့် ပြုလုပ်သဖြင့် မြတ်စွာဘုရားအလို့ငှာ ထီးဖြူနှစ်စင်းတို့ကိုလည်းကောင်း၊ တစ်ပါးတစ်ပါးသော ရဟန်းအား တစ်စင်းတစ်စင်းသော ထီးဖြူကိုလည်းကောင်း အထက်၌ ဆောင်းစေပြီးလျှင် အခြံအရံနှင့်တကွ ပန်းနံ့သာ အစရှိသည်တို့ဖြင့် ပူဇော်ခြင်းကိုပြုလျက် မြတ်စွာဘုရားကို တစ်ခုတစ်ခုသော ကျောင်းတော်၌ သီတင်းသုံးစေ၍ ကြီးစွာသော အလှူစသည်တို့ကို ပေးလှူကာ ငါးရက်တို့ဖြင့် ဂင်္ဂါမြစ်ကမ်းနားသို့ ရောက်စေသဖြင့် ထိုဂင်္ဂါမြစ်၌ လှေကို တန် ဆာဆင်လျက် ဝေသာလီပြည်သားတို့၏အထံသို့ “လမ်းခရီးကိုစီရင်၍ မြတ်စွာဘုရားအား ခရီးဦးကြိုဆိုခြင်းကို ပြုကြစေကုန်သတည်း”ဟု သတင်းစကားကို စေလွှတ်လိုက်လေ၏။
ထိုဝေသာလီပြည်သားတို့သည် “နှစ်ဆတက် ပူဇော်ခြင်းကို ပြုလုပ်ကြကုန်စို့အံ့”ဟု ဝေသာလီပြည်၏လည်းကောင်း၊ ဂင်္ဂါမြစ်၏လည်းကောင်း အကြား၌ သုံးယူဇနာရှိသော မြေကို အညီအညွတ်ပြုစေပြီးလျှင် မြတ်စွာဘုရားအား လေးစင်းသော ထီးဖြူတို့ဖြင့် တစ်ပါးတစ်ပါးသော ရဟန်းအား နှစ်စင်းနှစ်စင်းသော ထီးဖြူတို့ဖြင့် ထီးအဆင့်ဆင့်တို့ကို စီရင်၍ ပူဇော်ခြင်းကိုပြုလျက် လာကြကုန်ပြီးလျှင် ဂင်္ဂါမြစ်ကမ်းနား၌ တည်နေကြလေကုန်၏။ ဗိမ္ဗိသာရမင်းကြီးသည် လှေနှစ်စင်းတို့ကို ဖွဲ့ချည်ယှဉ်စပ်၍ လှေအထက်၌ မဏ္ဍပ်ကို ပြုစေပြီးလျှင် ပန်းဆိုင်းစသည်တို့ဖြင့် တန်ဆာဆင်စေ၍ ဘုရားရှင်အလို့ငှာ အလုံးစုံသော ရတနာဖြင့်ပြီးသော နေရာကို ခင်းစေလေ၏။ မြတ်စွာဘုရားသည် ထိုခင်းသော နေရာ၌ နေတော်မူလေ၏။ ရဟန်းတို့သည်လည်း လှေသို့ တက်ကြပြီးလျှင် မြတ်စွာဘုရားကို ခြံရံလျက် နေကြလေကုန်၏။ ဗိမ္ဗိသာရမင်းကြီးသည် အပို့လိုက်လိုသည်ဖြစ်၍ လည်ပင်းအတိုင်းအရှည်ရှိသော ရေတိုင်အောင် သက်ဆင်းပြီးလျှင် “မြတ်စွာဘုရား- အကြင်မျှလောက် ရှင်တော်ဘုရားသည် ကြွလာတော်မူလတ္တံ့၊ ထိုမျှလောက် တပည့်တော်သည် ဤဂင်္ဂါမြစ်ကမ်းနား၌ နေပါဦးမည်ဘုရား”ဟု လျှောက်ကြား၍ လှေကို လွှတ်လိုက်ပြီးမှ ပြန်နှစ်လေ၏။
ဝေသာလီပြည်၌ ပေါက္ခရမိုး ရွာခြင်း
မြတ်စွာဘုရားသည် တစ်ယူဇနာမျှလောက်သော ခရီး အဓွန့်တိုင်အောင် ဂင်္ဂါမြစ်ဖြင့် ကြွသွားတော်မူလတ်သည်ရှိသော် ဝေသာလီပြည်သားတို့၏ မြေအပိုင်းအခြားသို့ ရောက်လေ၏။ လိစ္ဆဝီမင်းတို့သည် မြတ်စွာဘုရားကို ခရီးဦးကြိုဆိုခြင်းကို ပြုလိုသည်ဖြစ်၍ လည်ပင်းအတိုင်းအရှည်ရှိသော ရေသို့တိုင်အောင် သက်ဆင်းပြီးလျှင် လှေတော်ကို ကမ်းနားသို့သွင်းသဖြင့် လှေတော်ကို ကမ်းနားသို့ ဆောင်ယူ၍ မြတ်စွာဘုရားကို လှေတော်ထက်မှ ပင့်ဆောင်ကြလေကုန်၏။ မြတ်စွာဘုရားသည် သက်ဆင်းတော်မူ၍ ကမ်းနား၌ ခြေတော်ချကာမျှ၌သာလျှင် မိုးကြီးသည် တက်လတ်၍ ကြာတော၌ရွာသော မိုးနှင့်တူသော ပေါက္ခရဝဿမိုးသည် ရွာသွန်းချလေ၏။ ခပ်သိမ်းသော အရပ်တို့၌ ပုဆစ်ဒူးအတိုင်းအရှည်, ခါးအတိုင်းအရှည် စသည်ရှိကုန်သော ရေတို့သည် စီးကုန်သည်ဖြစ်၍ အလုံးစုံသော အကောင်ပုပ်တို့ကို ဂင်္ဂါမြစ်၌ ဝင်မျောကြလေကုန်၏။ မြေအဖို့သည် ထက်ဝန်းကျင် သန့်ရှင်းစင်ကြယ်လေ၏။ လိစ္ဆဝီမင်းတို့သည် မြတ်စွာဘုရားကို ယူဇနာတိုင်း, ယူဇနာတိုင်း၌ သီတင်းသုံးနေစေလျက် ကြီးစွာသော အလှူကြီးကို ပေးလှူပြီးလျှင် နှစ်ဆတက် ပူဇော်ခြင်းကို ပြုကြကုန်သည်ဖြစ်၍ သုံးရက်တို့ဖြင့် ဝေသာလီပြည်သို့ရောက်အောင် ပင့်ဆောင်ကြလေကုန်၏။
ရှင်အာနန္ဒာ ရတနသုတ်ပရိတ်တော် ရွတ်ပုံ
သိကြားနတ်မင်းကြီးသည် နတ်အပေါင်းခြံရံလျက် ရောက်လာလေ၏။ ကြီးသော တန်ခိုးရှိကြကုန်သော နတ်တို့၏ စည်းဝေးခြင်းကြောင့် ဘီလူးတို့သည် များသောအားဖြင့် ထွက်ခွာရှောင်ရှား ပြေးလွှားကြရလေကုန်၏။ ဘုရားရှင်သည် ညချမ်းအခါ မြို့တံခါး၌ ရပ်တော်မူလျက် ရှင်အာနန္ဒာမထေရ်ကို “ချစ်သားအာနန္ဒာ- ရတနသုတ်ပရိတ်တော်ကို သင်ယူ၍ လိစ္ဆဝီမင်းသားတို့နှင့် အတူတကွ လှည့်လည်လျက် ဝေသာလီပြည်ကြီး၏ တံတိုင်းသုံးခုတို့၏အကြား၌ ပရိတ်အရံအတားကို ပြုချေလော့ (ရတနသုတ် ပရိတ်တော်ကို ရွတ်ချေလော့)”ဟု မိန့်တော်မူလေ၏။ အရှင်အာနန္ဒာ မထေရ်သည် မြတ်စွာဘုရားပေးအပ်သော ရတနသုတ် ပရိတ်တော်ကို သင်ယူပြီးလျှင် မြတ်စွာဘုရား၏ ကျောက်ညိုဖြင့်ပြီးသော သပိတ်တော်ဖြင့် ရေကိုဆောင်ယူ၍ မြို့တံခါး၌ရပ်လျက် ဘုရားဆုကို တောင်းသောအခါမှအစပြု၍ မြတ်စွာဘုရား၏ ဆယ်ပါးသော ပါရမီ၊ ဆယ်ပါးသော ဥပပါရမီ၊ ဆယ်ပါးသော ပရမတ္ထပါရမီ၊ ဤသို့အားဖြင့် အမျှသုံးဆယ်သော ပါရမီတော်တို့ကိုလည်းကောင်း၊ ငါးပါးသော စွန့်ခြင်းကြီးတို့ကိုလည်းကောင်း သတ္တလောက၏အကျိုးငှာ ကျင့်တော်မူခြင်း၊ ဆွေတော်မျိုးတော်တို့၏အကျိုးငှာ ကျင့်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်တော်၏အကျိုးငှာ ကျင့်တော်မူခြင်း ဤသုံးပါးသော ကျင့်တော်မူခြင်းတို့ကိုလည်းကောင်း၊ ဖြည့်ကျင့်ဆည်းပူး အားထုတ်တော်မူပြီးလျှင် အဆုံးစွန်သော ဘဝ၌ မယ်တော်၏ဝမ်းတိုက်သို့ သက်ဝင်တော်မူခြင်းကိုလည်းကောင်း၊ ဖွားမြင်တော်မူခြင်းကိုလည်းကောင်း၊ မြတ်သော တောထွက်တော်မူခြင်းကိုလည်းကောင်း၊ ဒုက္ကရစရိယာဟူသော ကမ္မဋ္ဌာန်းတရား ကျင့်တော်မူခြင်းကိုလည်းကောင်း၊ ဗောဓိပလ္လင်တော်၌ မာရ်နတ်သားကို အောင်တော်မူခြင်းကိုလည်းကောင်း၊ သဗ္ဗညုတဉာဏ်တော်ဖြင့် အလုံးစုံသောတရားကို ထိုးထွင်း၍ သိတော်မူခြင်းကိုလည်းကောင်း၊ ဓမ္မစကြာတရား ဟောတော်မူခြင်းကိုလည်းကောင်း၊ ကိုးပါးသော လောကုတ္တရာတရားတို့ကိုလည်းကောင်း ဤသို့ အစရှိသော အလုံးစုံလည်း ဖြစ်ကုန်သော ဤဘုရားရှင်၏ ဂုဏ်တော်ကျေးဇူးတော်တို့ကို ဆင်ခြင်တော်မူ၍ ဝေသာလီမြို့တွင်းသို့ ဝင်တော်မူပြီးလျှင် ညဉ့်သုံးယံပတ်လုံး တံတိုင်းသုံးထပ်တို့၏အကြားတို့၌ ရတနသုတ်ပရိတော် အရံအတားကို ပြုလုပ်ရွတ်ဆိုတော်မူလျက် လှည့်လည်တော်မူလေ၏။
စွန့်ခြင်းကြီးငါးပါးကား- အမျိုးမျိုးဆိုကြ၏၊ မြတ်သော ဥစ္စာ, သားသမီး, မယား, တိုင်းပြည်, အင်္ဂါကြီးငယ်တို့ကို စွန့်ခြင်း၊ ဤကား အဘိဓာန်အလို။ အင်္ဂါကြီးငယ်, မျက်စိ, ဥစ္စာ, တိုင်းပြည်, သားမယား၊ သုတ်သီလက္ခန်။ မူလပဏ္ဏာသ။ အင်္ဂုတ္တိုရ်အဋ္ဌကထာ။ အင်္ဂါကြီးငယ်, သားမယား, တိုင်းပြည်, မိမိကိုယ်, မျက်စိ၊ မူလပဏ္ဏာသ။ စူဠသီဟနာဒသုတ်အဋ္ဌကထာ။ အင်္ဂါကြီးငယ်, မျက်စိ, မိမိကိုယ်, တိုင်းပြည်, သားမယား၊ သုတ်မဟာဝါဋီကာ။ အင်္ဂါကြီးငယ်, မိမိကိုယ်, ဥစ္စာ, သားမယား, တိုင်းပြည်၊ ဣတိဝုတ်။ သုတ္တနိပါတ် အဋ္ဌကထာ။ အင်္ဂါကြီးငယ်, အသက်, ဥစ္စာ, တိုင်းပြည်, သားမယား၊ ဗုဒ္ဓဝင်အဋ္ဌကထာ။ ဥစ္စာ, အင်္ဂါကြီးငယ်, သားသမီး, မယား, အသက်၊ ဝေဿန္တရာဇာတ်အဋ္ဌကထာ။ ဥစ္စာ, သားသမီး, မယား, အင်္ဂါကြီးငယ်, အသက်, ဇိနာလင်္ကာရ။ ဤသို့ အမျိုးမျိုးဆိုကြ၏။ (အချို့ ရှေ့နောက်မျှသာ ကွဲသည်။)]
ရတနသုတ် ရွတ်ခြင်းအကျိုး
ထိုအရှင်အာနန္ဒာမထေရ်သည် “ယံကိဉ္စိ”ဟူသော ပုဒ်ကို ဆိုအပ်ကာမျှ၌လျှင် အထက်သို့ပစ်အပ်သော ရေသည် ဘီလူးတို့၏အပေါ်၌ ကျရောက်လေ၏။ “ယာနီဓ ဘူတာနိ”ဟူသော ဂါထာကို ရွတ်ဆိုတော်မူသည်မှစ၍ ငွေဖြင့် ပြုအပ်သော ဦးသျှောင်ပန်းတို့ကဲ့သို့ ရေပေါက်တို့သည် ကောင်းကင်ဖြင့်သွား၍ နာသောလူတို့၏ ကိုယ်ပေါ်၌ ကျကြလေကုန်၏၊ ထိုခဏ၌သာလျှင် ငြိမ်းချမ်းပျောက်ကင်းသော အနာရောဂါ ရှိကြကုန်သည်ဖြစ်၍ လူတို့သည် ထ၍,ထ၍ အရှင်အာနန္ဒာမထေရ်မြတ်ကို ဝန်းရံကြလေကုန်၏၊ “ယံကိဉ္စိ”ဟူ၍ ရွတ်ဆိုအပ်သော ပုဒ်မှစ၍ ရေပေါက်တို့ဖြင့် တွေ့ထိကုန်လျက် မပြေးကြမူ၍ တံမြက်ချေးစု, တိုက်နံရံအရပ်တို့၌မှီ၍ နေကြကုန်သော အလုံးစုံသော ဘီလူးတို့သည် ထိုထိုတံခါးဖြင့် ထွက်ခွာပြေးသွားရကြလေကုန်၏၊ ထိုတံခါးတို့သည် နေရာမဆံ့နိုင်လောက်အောင် ဖြစ်ကြလေကုန်၏၊ ထိုဘီလူးတို့သည် ထွက်ပြေးစရာ တံခါးပေါက် နေရာမရကြကုန်သည်ရှိသော် တံတိုင်းကို ဖောက်၍သော်လည်း ထွက်ပြေးကြရလေကုန်၏၊ များစွာသော လူအပေါင်းတို့သည် မြို့အလယ်၌ မင်းကွန်းကို ခပ်သိမ်းသောနံ့သာတို့ဖြင့် လိမ်းကျံသဖြင့် အထက်၌ ရွှေကြယ် အစရှိသည်တို့ဖြင့် ဆန်းကြယ်သော ဗိတာန်မျက်နှာကြက်ကို ဖွဲ့၍ ဘုရားရှင်အလို့ငှာ နေရာကို ခင်းပြီးလျှင် ဘုရားရှင်ကို ပင့်ဆောင်ကြလေကုန်၏၊ ဘုရားရှင်သည် ခင်းထားအပ်သောနေရာ၌ သီတင်း သုံးနေတော်မူလေ၏၊ ရဟန်းသံဃာအပေါင်းသည်လည်းကောင်း၊ လိစ္ဆဝီမင်း အပေါင်းသည်လည်းကောင်း မြတ်စွာဘုရားကို ခြံရံလျက် ထိုင်နေလေ၏။ သိကြားနတ်မင်းကြီးသည် နတ်အပေါင်းခြံရံလျက် တင့်အပ်လျောက်ပတ်သော အရပ်တစ်ခု၌ တည်နေလေ၏၊ ရှင်အာနန္ဒာမထေရ်သည်လည်း တစ်မြို့လုံးကို အထပ်ထပ် လှည့်ပတ်တော်မူပြီးလျှင် ငြိမ်းချမ်းပျောက်ကင်းသော အနာရှိသော များစွာသော လူအပေါင်းနှင့် အတူတကွ ကြွလာ၍ ဘုရားရှင်ကို ရှိခိုးလျက် နေတော်မူလေ၏။ မြတ်စွာဘုရားသည် မထေရ်မြတ်ကို လည်းကောင်း၊ ပရိသတ်ကိုလည်းကောင်း ကြည့်ရှုတော်မူလျက် ထိုရတနသုတ် ပရိတ်တော်ကိုပင်လျှင် ဟောကြားတော်မူလေ၏၊ ဒေသနာတော်၏အဆုံး၌ ရှစ်သောင်း လေးထောင်သော သူတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍ သိခြင်းသည် ဖြစ်လေ၏။
ဝေသာလီပြည်မှအပြန် ပူဇော်ကြပုံ
ဤသို့လျှင် တစ်ဖန် မိုးသောက်သောနေ့၌လည်း ဟောတော်မူ၍ ခုနစ်ရက်ပတ်လုံး ထိုရတနသုတ်ကိုသာလျှင် ဟောကြားတော်မူပြီးလျှင် ခပ်သိမ်းသော ဘေးတို့၏ ငြိမ်းအေးသည့်အဖြစ်ကို သိတော်မူသဖြင့် လိစ္ဆဝီမင်းအပေါင်းကို ပန်ကြားသိစေတော်မူ၍ ဝေသာလီပြည်မှ ထွက်ခွာတော်မူလေ၏၊ လိစ္ဆဝီမင်းတို့သည် နှစ်ဆတက်သော ပူဇော်သက္ကာရကို ပြုကြကုန်လျက် တစ်ဖန် သုံးရက်တို့ဖြင့် မြတ်စွာဘုရားကို ဂင်္ဂါမြစ်ကမ်းနားသို့ ပင့်ဆောင်ကြလေကုန်၏။
ဂင်္ဂါ၌ ပေါက်ဖွားနေထိုင်ကြကုန်သော နဂါးမင်းတို့သည် “လူတို့ကား မြတ်စွာဘုရားအား ပူဇော်သက္ကာရကို ပြုကြကုန်၏၊ ငါတို့သည် အဘယ့်ကြောင့် မပြုဘဲနေကြပါကုန်အံ့နည်း”ဟု ကြံကြလေကုန်၏၊ ထိုနဂါးမင်းသည် ရွှေ,ငွေ,ပတ္တမြားဖြင့်ပြီးကုန်သော လှေတို့ကို ဖန်ဆင်း၍ ရွှေ,ငွေ,ပတ္တမြားဖြင့်ပြီးသော ပလ္လင်တို့ကိုလည်း ခင်းကျင်းစေသဖြင့် ငါးပါးသော အဆင်းရှိသော ပဒုမ္မာကြာပန်းတို့ဖြင့် ဖုံးလွှမ်းခြင်းရှိသော ဂင်္ဂါမြစ်ရေကို ပြုလုပ်ပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်တို့အားလည်း ချီးမြှောက်ခြင်းကို ပြုတော်မူကြပါဦးဘုရား”ဟု မိမိ,မိမိ၏လှေပေါ်သို့ တက်စိမ့်သောအကျိုးငှာ မြတ်စွာဘုရားကို လျှောက်ထား တောင်းပန်ကြလေကုန်၏။
နတ်,ဗြဟ္မာ,နဂါးတို့ ပူဇော်ကြပုံ
“လူတို့သည်လည်းကောင်း၊ နဂါးတို့သည်လည်းကောင်း မြတ်စွာဘုရားအား ပူဇော်ခြင်းကို ပြုလုပ်ကြကုန်၏။ ငါတို့သည်ကား အဘယ့်ကြောင့် မပြုဘဲ နေကြကုန်အံ့နည်း”ဟု ဘုမ္မစိုးနတ်တို့ကိုလည်း အစပြု၍ အကနိဋ္ဌဗြဟ္မာပြည်တိုင်အောင် ခပ်သိမ်းသော နတ်ဗြဟ္မာတို့သည် ပူဇော်ခြင်းကို ပြုလုပ်ကြလေကုန်၏၊ ထိုပူဇော်သော သူတို့တွင် နဂါးတို့သည် တစ်ယူဇနာရှိသော ထီးအဆင့်ဆင့်တို့ကို မိုးကြလေကုန်၏၊ အောက်၌ နဂါးတို့သည်လည်းကောင်း၊ မြေပြင်၌ သစ်ပင်ကြီး,သစ်ပင်ငယ်,တောင် အစရှိသည်တို့၌ ဘုမ္မစိုးနတ်တို့သည်လည်းကောင်း၊ ကောင်းကင်၌ အာကာသစိုး နတ်တို့သည်လည်းကောင်း ဤသို့ နဂါးပြည်ကို အစပြု၍ စကြဝဠာအဆုံး အပိုင်းအခြားအားဖြင့် ဗြဟ္မာပြည်တိုင်အောင် ထီးအဆင့်ဆင့်တို့ကို စိုက်ထူမိုးကာကြလေကုန်၏၊ ထီးတို့၏အကြားတို့၌ တံခွန်တို့သည် ရှိကုန်၏၊ တံခွန်တို့၏အကြားတို့၌ ကုက္ကားတို့သည် ရှိကုန်၏၊ ထိုထီး,တံခွန်,ကုက္ကားတို့၏ အကြား၌ ပန်းဆိုင်း,အထုံ,အမှုန့်,အခိုး စသည်တို့ဖြင့် ပူဇော်ခြင်းသည် ဖြစ်လေ၏၊ နတ်သားတို့သည်လည်း ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်ကြကုန်သည်ဖြစ်၍ သဘင်အသွင်ကို ယူသဖြင့် ကြွေးကြော်ကြကုန်လျက် ကောင်းကင်၌ လှည့်လည်သွားလာကြလေကုန်၏။
နိမ္မိတဘုရား ဖန်ဆင်းခြင်းနှင့် နဂါးပြည်သို့ ကြွတော်မူခြင်း
ထိုမှာဘက်ကမ်း၌ ဗိမ္ဗိသာရမင်းကြီးသည်လည်း လိစ္ဆဝီမင်းတို့သည် ပြုအပ်သော ပူဇော်သက္ကာရထက် နှစ်ဆတက်သော ပူဇော်သက္ကာရကို စီရင်၍ မြတ်စွာဘုရား၏ ကြွလာတော်မူခြင်းကို မျှော်လင့်လျက်နေလေ၏၊ ဘုရားရှင်သည် ဂင်္ဂါမြစ်၏ နံပါးနှစ်ဖက်တို့၌ မင်းတို့၏ များစွာသော စွန့်ကြဲခြင်းကို ကြည့်ရှုတော်မူ၍ နဂါးစသည်တို့၏ အလိုကိုလည်း သိတော်မူ၍ တစ်စင်း,တစ်စင်းသောလှေ၌ ငါးရာ,ငါးရာသော ရဟန်းတို့ဖြင့် ခြံရံအပ်သော တစ်ဆူ,တစ်ဆူသော ဘုရားရှင်၏အသွင်ကို ဖန်ဆင်းတော်မူလေ၏၊ ထိုဖန်ဆင်းအပ်သော နိမ္မိတဘုရားသည် တစ်စင်း,တစ်စင်းသော ထီးဖြူ၏လည်းကောင်း၊ ပဒေသာပင်၏လည်းကောင်း မျိုးစုံသော ပန်းဆိုင်း၏လည်းကောင်း အောက်၌ နဂါးအပေါင်း ခြံရံတော်မူအပ်သည်ဖြစ်၍ သီတင်းသုံးနေထိုင်တော်မူ၏၊ ဘုမ္မစိုးနတ် အစရှိသည်တို့ထံ၌လည်း တစ်ခု,တစ်ခုသော အရပ်၌ အခြံအရံနှင့်တကွ တစ်ဆူ,တစ်ဆူသော နိမ္မိတဘုရားကို ဖန်ဆင်းတော်မူလေ၏၊ ဤသို့ အလုံးစုံသော စကြဝဠာတိုက်၌ တစ်ခုတည်းသော တန်ဆာဆင်ခြင်း, တစ်ခုတည်းသော အစည်းအရုံး, တစ်ခုတည်းသော ပွဲလမ်းသဘင်သည်သာလျှင် ဖြစ်လတ်သည်ရှိသော် မြတ်စွာဘုရားသည် နဂါးတို့အား ချီးမြှောက်ခြင်းကို ပြုလိုသည်ဖြစ်၍ တစ်ခုသော ရတနာဖြင့်ပြီးသော လှေပေါ်သို့ တက်တော်မူလေ၏၊ ရဟန်းတို့တွင်လည်း တစ်ပါး,တစ်ပါးသော ရဟန်းသည် တစ်စင်း,တစ်စင်းသော လှေပေါ်သို့သာလျှင် တက်တော်မူလေ၏၊ နဂါးမင်းတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းကို နဂါးပြည်သို့ ဆောင်ယူပင့်သွားပြီးလျှင် ညဉ့်သုံးယံပတ်လုံး မြတ်စွာဘုရား၏အထံတော်၌ တရားစကားကို နာကြား၍ နှစ်ရက်မြောက်သောနေ့၌ နတ်၌ဖြစ်သော ခဲဖွယ်ဖြင့်လည်းကောင်း၊ ဘောဇဉ်ဖြင့်လည်းကောင်း ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းကို လုပ်ကျွေးသမှု ပြုစုကြလေကုန်၏။
မြတ်စွာဘုရားသည် တရားအနုမောဒနာ ပြုပြီးလျှင် နဂါးပြည်မှ ထွက်ခဲ့သဖြင့် အလုံးစုံသော စကြဝဠာ၌ နေကြကုန်သော နတ်တို့သည် ပူဇော်အပ်သည်ဖြစ်၍ ငါးရာသော လှေတို့ဖြင့် ဂင်္ဂါမြစ်ကို လွန်မြောက်တော်မူလေ၏၊ ဗိမ္ဗိသာရမင်းကြီးသည် ခရီးဦးကြိုဆိုလျက် ဘုရားရှင်ကို လှေတော်မှ ပင့်ချဆောင်ယူပြီးလျှင် ကြွလာတော်မူသောအခါ လိစ္ဆဝီမင်းတို့သည် ပြုအပ်သော ပူဇော်သက္ကာရထက် နှစ်ဆတက်သော ပူဇော်သက္ကာရကိုပြု၍ ရှေးနည်းအားဖြင့်သာလျှင် ငါးရက်တို့ဖြင့် ရာဇဂြိုဟ်မြို့တော်သို့ ရှေးရှုပင့်ဆောင်လေ၏။
ရဟန်းတို့ အစည်းအဝေး၌ ပြောကြားခြင်း
နှစ်ရက်မြောက်သောနေ့၌ ရဟန်းတို့သည် ဆွမ်းခံရွာမှ ဖဲခဲ့ကြပြီးသည်ဖြစ်၍ ညချမ်းသောအခါ တရားသဘင်၌ စည်းဝေးကုန်လျက် “မြတ်စွာဘုရားတို့၏ အာနုဘော်သည် အံ့သြဖွယ်ရှိပေစွ၊ မြတ်စွာဘုရား၌ နတ်လူတို့၏ ကြည်ညိုခြင်းသည် အံ့ဩဖွယ်ရှိပေစွ၊ ဂင်္ဂါမြစ်ကြီး၏သော်မှလည်း ဤမှာဘက်မှလည်းကောင်း၊ ထိုမှာဘက်မှလည်းကောင်း ရှစ်ယူဇနာရှိသော လမ်းခရီး၌ ဘုရားရှင်၌ဖြစ်သော ကြည်ညိုခြင်းဖြင့် ပြည့်ရှင်မင်းကြီးတို့သည် ညီညွတ်သော အပြင်ရှိအောင် မြေကိုပြု၍ သဲတို့ကို ကြဲကြကုန်လျက် ပုဆစ်ဒူးမျှလောက်သော အပိုင်းအခြားဖြင့် အထူးထူးသော အဆင်းရှိသော ပန်းတို့ကို ခင်းအပ်ကုန်၏။ ဂင်္ဂါမြစ်၌ ရေသည် နဂါးတို့၏ အာနုဘော်ကြောင့် ငါးပါးသော အဆင်းရှိသော ပဒုမ္မာတို့ဖြင့် ဖုံးလွှမ်းအပ်သည်ဖြစ်၍ အကနိဋ္ဌဘုံတိုင်အောင် ထီးအဆင့်ဆင့်တို့ကို စိုက်ထူအပ်ကုန်၏၊ အလုံးစုံသော စကြဝဠာတိုက်သည် တစ်ခုတည်းသော တန်ဆာဆင်ခြင်း ရှိသည်ဖြစ်၍ တစ်ခုတည်းသော ပွဲလမ်းသဘင် အစုအရုံးကဲ့သို့ ဖြစ်ရလေ၏”ဟူသော စကားကို ဖြစ်စေကြလေကုန်၏၊ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာဆဲဖြစ်သောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်လတ်သည်ရှိသော် “ချစ်သားရဟန်းတို့- ဤသို့သော ပူဇော်သက္ကာရသည် ငါဘုရား၏ အာနုဘော်အားဖြင့် ဖြစ်သည်မဟုတ်၊ နဂါး,နတ်ဗြဟ္မာတို့၏ အာနုဘော်အားဖြင့် ဖြစ်သည်မဟုတ်။ လွန်လေပြီးသောအခါ အနည်းငယ်မျှကို စွန့်ခြင်း၏ အာနုဘော်အားဖြင့် ဖြစ်၏”ဟု မိန့်တော်မူလတ်သည်ရှိသော် ရဟန်းတို့သည် တောင်းပန်အပ်သည်ဖြစ်၍ ရှေးလွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။
သုသီမပစ္စေကဗုဒ္ဓါ အတိတ်အကြောင်း
လွန်လေပြီးသောအခါ တက္ကသိုလ်ပြည်၌ သင်္ခအမည်ရှိသော ပုဏ္ဏားတစ်ယောက်သည် ရှိလေ၏၊ ထိုပုဏ္ဏား၏ သားဖြစ်သော သုသီမအမည်ရှိသော လုလင်သည် တစ်ဆယ့်ခြောက်နှစ်အရွယ် ရှိသည်ဖြစ်၍ တစ်နေ့သ၌ ဖခင်သို့ ချဉ်းကပ်ပြီးလျှင် “ဖခင်- ကျွန်တော်သည် ဗာရာဏသီပြည်သို့သွား၍ ဗေဒင်တို့ကို သင်ကြားခြင်းငှာ အလိုရှိပါသည်”ဟု ဆိုလတ်သည်ရှိသော် ထိုအခါ၌ သုသီမလုလင်ကို ဖခင်ပုဏ္ဏားကြီးသည် “ချစ်သား- ထိုသို့ဖြစ်မူ ဤမည်သော ပုဏ္ဏားသည် ငါ၏အဆွေခင်ပွန်း ဖြစ်၏၊ ထိုပုဏ္ဏား၏အထံသို့ သွား၍ သင်ကြားချေလော့”ဟု ဆိုလေ၏၊ ထိုသုသီမလုလင်သည် “ကောင်းပါပြီ”ဟု ဝန်ခံပြီးလျှင် အစဉ်အတိုင်းအားဖြင့် ဗာရာဏသီပြည်သို့သွား၍ ထိုပုဏ္ဏားသို့ ချဉ်းကပ်လျက် ဖခင်စေလွှတ်လိုက်သောအဖြစ်ကို ပြောကြားလေ၏၊ ထိုသို့ ပြောကြားသောအခါ သုသီမလုလင်ကို ဗာရာဏသီပုဏ္ဏားသည် “ငါ့အဆွေခင်ပွန်း၏သားတည်း”ဟု ဝန်ခံ၍ ငြိမ်းအေးသော ပင်ပန်းခြင်းရှိသောအခါ ကောင်းသောနေ့ရက်အားဖြင့် ဗေဒင်တို့ကို သင်ပေးပို့ချခြင်းငှာ အားထုတ်လေ၏။ ထိုသုသီမလုလင်သည် ဗေဒင်ကို များစွာသာလျှင် သင်ယူလျက် သင်ယူတိုင်း,သင်ယူတိုင်း ဗေဒင်ကို ရွှေခွက်၌ထည့်အပ်သော ခြင်္သေ့ဆီကဲ့သို့ မပျောက်မပျက်အောင် ဆောင်လတ်သည်ရှိသော် မကြာမြင့်မီသာလျှင် ဆရာ၏ မျက်မှောက်မှ သင်ယူအပ်သော အတတ်ကို သင်ယူပြီးလျှင် သရဇ္ဈာယ်ခြင်းကို ပြုလတ်သည်ရှိသော် မိမိသင်ယူအပ်သော ဗေဒင်အတတ်၏ အစ,အလယ်ကိုသာလျှင် မြင်ရ၏၊ အဆုံးကို မမြင်၊ ထိုသုသီမလုလင်သည် ဆရာသို့ချဉ်းကပ်၍ “ကျွန်တော်သည် ဤဗေဒင်အတတ်၏ အစ,အလယ်ကိုသာ မြင်ရပါသည်။ အဆုံးကို မမြင်ရပါ”ဟု ဆိုလတ်သည်ရှိသော် ဆရာသည် “ချစ်သား- ငါသည်လည်းမမြင်”ဟု ဆိုလျှင် “ဆရာ- ထိုသို့ မမြင်သည်ရှိသော် အဘယ်ဆရာသည် အဆုံးကို သိပါသနည်း”ဟု မေးလေသောကြောင့် “ချစ်သား- ဤရသေ့တို့သည် ဣသိပတနတော၌ နေကြကုန်၏၊ ထိုရသေ့တို့သည် သိကုန်ရာ၏၊ ထိုရသေ့တို့၏အထံသို့ ချဉ်းကပ်၍ မေးမြန်းချေလော့”ဟု ဆိုလေ၏။
သုသီမလုလင် ပစ္စေကဗုဒ္ဓါဖြစ်၍ ပရိနိဗ္ဗာန်စံခြင်း
ထိုသုသီမလုလင်သည် ဆရာဆိုအပ်သည်ရှိသော် ပစ္စေကဗုဒ္ဓါတစ်ဆူသို့ ချဉ်းကပ်၍ “အရှင်ဘုရားတို့သည် အဆုံးကို သိတော်မူကြကုန်၏ဟု ကြားရပါသည်။ မှန်ပါသလောဘုရား”ဟု မေးလျှောက်လေ၏၊ “သိသည် မှန်၏”ဟု ဆိုလတ်သော် “ထိုသို့ဖြစ်မူ တပည့်တော်အား မိန့်ကြားတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ “ငါတို့သည် ရဟန်းမဟုတ်သောသူအား မပြောကြားကြကုန်၊ အကယ်၍ သင့်အား အဆုံးဖြင့် အလိုရှိသည်ဖြစ်အံ့၊ ရဟန်း ပြုလေလော့”ဟု ဆိုလတ်သည်ရှိသော် ထိုသုသီမလုလင်သည် “ကောင်းလှပါပြီဘုရား”ဟု ဝန်ခံ၍ ထိုပစ္စေကဗုဒ္ဓါတို့၏ အထံတော်၌ ရဟန်းပြုလေ၏။ ထိုအခါ သုသီမရဟန်းအား ပစ္စေကဗုဒ္ဓါတို့သည် “ဤအတတ်ကို ရှေးဦးစွာ သင်ဦးလော့”ဟု မိန့်ဆို၍ “သင်သည် ဤသို့ ဝတ်အပ်၏။ ဤသို့ ရုံအပ်၏”ဟု ဤသို့ အစရှိသောနည်းဖြင့် အဘိသမာစာရိကအကျင့်ဝတ်ကို မိန့်ကြားကြလေကုန်၏။ ထိုသုသီမ ရဟန်းသည် ထိုအဘိသမာစာရိက အကျင့်ဝတ်၌သာလျှင် ကျင့်လတ်သည်ရှိသော် အကြောင်းဥပနိဿယနှင့် ပြည့်စုံသည်အဖြစ်ကြောင့် မကြာမြင့်မီသာလျှင် ပစ္စေကသမ္ဗောဓိဉာဏ်ကို ထိုးထွင်း၍ သိတော်မူသဖြင့် အလုံးစုံသော ဗာရာဏသီပြည်၌ ကောင်းကင်အပြင်ဝယ် လပြည့်ဝန်းကဲ့သို့ ထင်ရှားသည်ဖြစ်၍ လာဘ်၏ပြန့်ပြောခြင်း၊ အကျော်အစော၏ ပြန့်ပြောခြင်းသို့ ရောက်တော်မူလေ၏၊ ထိုသုသီမ ပစ္စေကဗုဒ္ဓါသည် အသက်တိုခြင်းကို ဖြစ်စေတတ်သော ကံကို ပြုဖူးသည်အဖြစ်ကြောင့် မကြာမြင့်မီသာလျှင် ပရိနိဗ္ဗာန် ပြုတော်မူလေ၏၊ ထိုသို့ ပရိနိဗ္ဗာန်ပြုသောအခါ ထိုသုသီမပစ္စေကဗုဒ္ဓါအား ပစ္စေကဗုဒ္ဓါတို့သည် လည်းကောင်း၊ များစွာသော လူအပေါင်းတို့သည်လည်းကောင်း အလောင်းတော် သင်္ဂြိုဟ်ခြင်းကိစ္စကို ပြု၍ ဓာတ်တော်ကိုလည်းယူ၍ မြို့တံခါး၌ စေတီတည်ထား ပြုလုပ်ကြလေကုန်၏။
ဖခင်သင်္ခပုဏ္ဏား စေတီကို ပူဇော်ခြင်း
သင်္ခမည်သော ပုဏ္ဏားကြီးသည်လည်း “ငါ့သားသွားသည်က ကြာမြင့်လှပြီ၊ ထိုငါ့သား၏အကြောင်းအရာကို သိအောင်ပြုအံ့”ဟု နှလုံးပြု၍ ထိုသားကို မြင်လိုသည်ဖြစ်ရကား တက္ကသိုလ်ပြည်မှထွက်ခဲ့၍ အစဉ်အတိုင်းအားဖြင့် ဗာရာဏသီပြည်သို့ ရောက်သွားလတ်သည်ရှိသော် စည်းဝေးသော များစွာသော လူအပေါင်းကို မြင်ရလျှင် “မချွတ် ဤသူတို့တွင် တစ်ယောက်သောသူသည်လည်း ငါ့သား၏အကြောင်းအရာကို သိလတ္တံ့”ဟု နှလုံးသွင်း၍ ချဉ်းကပ်ပြီးလျှင် “သုသီမမည်သော လုလင်သည် ဤဗာရာဏသီပြည်သို့ ရောက်လာပါသည်။ ထိုသုသီမလုလင်၏ အကြောင်းအရာကို သိကြပါကုန်သလော”ဟု မေးမြန်းလေ၏၊ “ပုဏ္ဏားကြီး- အကျွန်ုပ်တို့ သိကြပါ၏၊ ဤမည်သော ပုဏ္ဏား၏အထံ၌ ဗေဒင်သုံးပုံတို့ကို သင်အံလေ့လာပြီးလျှင် ရဟန်းပြုသဖြင့် ပစ္စေကဗောဓိဉာဏ်တော်ကို မျက်မှောက်ပြုသည်ဖြစ်၍ ပရိနိဗ္ဗာန် စံယူတော်မူပါပြီ၊ တည်ထားအပ်သော ဤစေတီကား ထိုသုသီမပစ္စေကဗုဒ္ဓါ၏ စေတီတည်း”ဟု ပြောဆိုလတ်သည်ရှိသော် ထိုသင်္ခပုဏ္ဏားသည် မြေကြီးကို လက်ဖြင့်ပုတ်ကာ ငိုကြွေးမြည်တမ်းလျက် ထိုစေတီရင်ပြင်သို့ သွားပြီးလျှင် မြက်တို့ကိုနုတ်၍ အပေါ်ရုံပုဆိုးဖြင့် သဲကိုယူဆောင်သဖြင့် စေတီရင်ပြင်၌ လောင်းပြီးလျှင် ကရားမှရေဖြင့် ဖျန်းပက်သဖြင့် တောပန်းတို့ဖြင့် ပူဇော်ခြင်းကိုပြု၍ ပုဆိုးဖြင့် ကုက္ကားကို တင်လှူပြီးလျှင် စေတီ၏အထက်၌ မိမိ၏ထီးကို ဖွဲ့ချည်၍ ဖဲသွားလေ၏။
ကုသိုလ်နှင့်အကျိုး တွဲပြခြင်း
မြတ်စွာဘုရားသည် လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူ၍ “ချစ်သားရဟန်းတို့- ထိုအခါ ငါဘုရားသည် သင်္ခပုဏ္ဏားကြီး ဖြစ်ဖူး၏၊ ငါသင်္ခပုဏ္ဏားသည် သုသီမပစ္စေကဗုဒ္ဓါ၏ စေတီရင်ပြင်၌ မြက်တို့ကို နုတ်အပ်ဖူးကုန်၏၊ ငါ၏ ထိုကံအကျိုးဆက်အားဖြင့် ရှစ်ယူဇနာရှိသော လမ်းခရီးကို နုတ်အပ်သော သစ်ငုတ်,ဆူးငြောင့်ရှိသည်ကို ပြုလုပ်၍ စင်ကြယ်သော ညီညွတ်သော မြေအပြင်ကို ပြုလုပ်ကြရလေကုန်၏၊ ငါသင်္ခပုဏ္ဏားသည် ထိုသုသီမပစ္စေကဗုဒ္ဓါ၏ စေတီတော်၌ သဲတို့ကို ကြဲဖျန်းခဲ့ဖူး၏။ ငါ၏ ထိုကုသိုလ်ကံ၏ အကျိုးဆက်အားဖြင့် ရှစ်ယူဇနာရှိသော လမ်းခရီးကို သဲဖြန့်ကြဲကြရလေကုန်၏။ ထိုစေတီ၌ တောပန်းတို့ဖြင့် ပူဇော်ခြင်းကို ပြုဖူး၏၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်အားဖြင့် ရှစ်ယူဇနာရှိသော လမ်းခရီး၌ အထူးထူးသော အဆင်းရှိသော ပန်းတို့ကို ဖြန့်ကြဲကြရလေကုန်၏။ တစ်ယူဇနာရှိသောအရပ်၌ ဂင်္ဂါမြစ်ရေကို ငါးပါးအဆင်းရှိသော ပဒုမ္မာကြာတို့ဖြင့် ဖုံးလွှမ်းအပ်လေ၏၊ ငါသင်္ခပုဏ္ဏားသည် ထိုစေတီတော်၌ ရေကရားမှရေဖြင့် ရေဖျန်းခဲ့ဖူး၏၊ ထိုကုသိုလ်ကံ၏ အကျိုးဆက်အားဖြင့် ဝေသာလီပြည်၌ ကြာတော၌ရွာသော မိုးနှင့်တူသော ပေါက္ခရမိုးသည် ရွာသွန်းလေ၏၊ ငါသင်္ခပုဏ္ဏားသည် ထိုစေတီ၌ ကုက္ကားတို့ကို စိုက်ထူအပ်ဖူးကုန်၏၊ ထီးကိုလည်း ဖွဲ့လှူဖူး၏၊ ငါ၏ ထိုကုသိုလ်ကံ၏ အကျိုးဆက်အားဖြင့် အကနိဋ္ဌဗြဟ္မာ့ဘုံတိုင်အောင် တံခွန်ကုက္ကား, အဆင့်ဆင့်သောထီး စသည်ဖြင့် အလုံးစုံသော စကြဝဠာတိုက်သည် တစ်ခုတည်းသော ပွဲလမ်းသဘင် အစုအရုံးကဲ့သို့ ဖြစ်ရလေ၏၊ ချစ်သာရဟန်းတို့- ဤသို့လျှင် ဤပူဇော်သက္ကာရသည် ငါဘုရား၏ အာနုဘော်ကြောင့် ဖြစ်သည်လည်းမဟုတ်၊ နဂါး,နတ်,ဗြဟ္မာတို့၏ အာနုဘော်ကြောင့် ဖြစ်သည်လည်းမဟုတ်၊ လွန်လေပြီးသောဘဝ၌ အနည်းငယ်မျှကို စွန့်ကြဲခြင်း၏ အာနုဘော်ကြောင့် ဖြစ်ရပေ၏”ဟု မိန့်တော်မူ၍ တရားဟောလိုရကား ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
စဇေ မတ္တာ သုခံ ဓီရော၊ သမ္ပဿံ ဝိပုလံ သုခံ။
မတ္တာသုခပရိစ္စာဂါ၊ အနည်းငယ်သော အတိုင်းအရှည်ရှိသော ချမ်းသာကို စွန့်ခြင်းကြောင့်။ ဝိပုလံ၊ ကြီးကျယ်ပြန့်ပြောသော။ သုခံ၊ နိဗ္ဗာန်ချမ်းသာကို။ စေပဿေ၊ အကယ်၍ မြင်ငြားအံ့။ အထ၊ ထိုသို့ မြင်သည်ရှိသော်။ ဝိပုလံ၊ ကြီးကျယ်ပြန့်ပြောသော။ သုခံ၊ နိဗ္ဗာန်ချမ်းသာကို။ သမ္ပဿံ-သမ္ပဿန္တော၊ ကောင်းစွာမြင်သော။ ဓီရော၊ ပညာရှိသောသူသည်။ မတ္တာသုခံ၊ အနည်းငယ်သော ချမ်းသာကို။ စဇေ၊ စွန့်ရာ၏။
ဒေသနာတော်၏အကျိုး
ဒေသနာတော်အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။