အပုတ္တကသေဋ္ဌိဝတ္ထု
၁၁။ အပုတ္တကသူဌေးဝတ္ထု
ဟနန္တိ ဘောဂါအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သားသမီးတစ်ယောက်မျှ မရှိသော အပုတ္တကသူဌေးကို အကြောင်းပြု၍ ဟောတော်မူလေ၏။
အပုတ္တကသူဌေးကြီး အနိစ္စရောက်ခြင်း
ထိုသူဌေးကြီး၏ ကွယ်လွန်ပျက်စီးခြင်းကို ကြားသိတော်မူရသဖြင့် ပသေနဒီ ကောသလမင်းကြီးသည် “သားသမီး အမွေခံမရှိသော ဥစ္စာနှစ်သည် အဘယ်သူအား ရောက်သနည်း”ဟု မေးမြန်းစိစစ်သဖြင့် “မင်းအား ရောက်၏”ဟူသော စကားကို ကြားရလျှင် ထိုအပုတ္တကသူဌေးကြီးအိမ်မှ ဥစ္စာကို မင်းအိမ်တော်သို့ ခုနစ်ရက်တို့ဖြင့် ဆောင်ယူစေပြီးလျှင် မင်းကြီးသည် မြတ်စွာဘုရား၏ အထံတော်သို့ ချဉ်းကပ်သဖြင့် “မြတ်သောမင်းကြီး- သင်မင်းကြီးသည် ယခုအခါ၌ နေ့လယ်ကြောင်တောင် အဘယ်မှ လာခဲ့သနည်း”ဟု မိန့်တော်မူလတ်သည်ရှိသော် “မြတ်စွာဘုရား- ဤသာဝတ္ထိပြည်၌ အပုတ္တကသူဌေးကြီး ကွယ်လွန်ခဲ့ပါသည်။ တပည့်တော်သည် သားသမီးမရှိသော ထိုဥစ္စာနှစ်ကို နန်းတော်တွင်းသို့ ဆောင်ပြီးလျှင် လာခဲ့ပါသည်ဘုရား”ဟု လျှောက်ထားလေသတတ်။
ထိုအပုတ္တက သူဌေးကြီးသည် ရွှေခွက်ဖြင့် အထူးထူး မွန်မြတ်သော အရသာရှိသော ဘောဇဉ်ကို ဆောင်ပို့အပ်သည်ရှိသော် “ဤသို့သဘောရှိသော ခဲဖွယ်ဘောဇဉ်မည်သည်ကို လူတို့သည် စားကြကုန်သတဲ့လော၊ သင်တို့သည် ငါနှင့်တကွ ဤအိမ်၌ ပြက်ရယ်မှု ပြုကြကုန်ဘိသလော”ဟု ဆို၍ ဘောဇဉ်အာဟာရအနီး၌ တည်လတ်သည်ရှိသော် အုတ်ခဲ, တုတ်, လှံတံ စသည်တို့ဖြင့် ပုတ်ခတ်ကာ ထွက်ပြေးစေပြီးလျှင် “ဤဘောဇဉ်သည် လူတို့၏ ဘောဇဉ်”ဆိုလျက် ပအုန်းရည်ဟင်းလျှင် နှစ်ခုမြောက်ရှိသော ဆန်ကွဲထမင်းကို စားသတတ်၊ နှစ်သက်ဖွယ်ရှိကုန်သော အဝတ်ပုဆိုးယာဉ် ထီးတို့ကိုလည်း ဆောင်၍ ထားအပ်ကုန်သည်ရှိသော် အုတ်ခဲ လှံတံ စသည်တို့ဖြင့် ပုတ်ခတ်လျက် ထွက်ပြေးစေ၍ ပိုက်ဆံလျှော်အဝတ်တို့ကို ဝတ်ဆင်၏၊ ဆွေးမြည့်သော ရထားဖြင့် ဆောင်အပ်သော သစ်ရွက်ထီးဖြင့် သွား၏၊ ဤသို့ ပသေနဒီကောသလမင်းကြီးသည် လျှောက်ကြားအပ်သည်ရှိသော် မြတ်စွာဘုရားသည် ထိုအပုတ္တကသူဌေးကြီး၏ ရှေး၌ ပြုအပ်သောကံကို ဟောကြားတော်မူလေ၏။
အပုတ္တကသူဌေးကြီး၏ အတိတ်ကံ
“မြတ်သောမင်းကြီး- ထိုအပုတ္တက သူဌေးကြီးသည် ရှေး၌ သူဌေးသူကြွယ်ဖြစ်ဖူး၍ တဂရသိခီ အမည်ရှိသော ပစ္စေကဗုဒ္ဓါကို ဆွမ်းဖြင့် လှူဒါန်းဖူး၏။ “အရှင်ပစ္စေကဗုဒ္ဓါအား ဆွမ်းကို လှူဒါန်းကြကုန်လော့”ဟု ဆိုပြီးလျှင် ထိုသူဌေးသည် နေရာမှထ၍ ဖဲသွားလေ၏၊ သဒ္ဓါတရားမရှိသဖြင့် မလိမ္မာသော ထိုသူဌေးသည် ဤသို့ လှူဒါန်းကြကုန်လော့ဟုဆို၍ ဖဲသွားသည်ရှိသော် ထိုသူဌေး၏ သဒ္ဓါတရားနှင့်ပြည့်စုံ၍ ကြည်ညိုတတ်သော သူဌေးကတော်သည် “ဤသူဌေး၏ခံတွင်းမှ ပေးလော့ဟုဆိုသော စကားကို ငါ ကြားရခြင်းသည် ငါ့အား ကြာမြင့်လှလေပြီတကား၊ ယနေ့ ငါ၏နှလုံးအလိုကို ပြည့်စေလျက် ဆွမ်းကို လှူဒါန်းရပေတော့အံ့”ဟု အရှင်ပစ္စေကဗုဒ္ဓါ၏ သပိတ်တော်ကို ယူပြီးလျှင် မွန်မြတ်သော ဘောဇဉ်ဖြင့် ပြည့်စေလျက် လှူဒါန်းလေ၏၊ ထိုသူဌေးသည်လည်း ပြန်လည်လာခဲ့သည်ရှိသော် ထိုပစ္စေကဗုဒ္ဓါကို မြင်ရလျှင် “ရှင်ရဟန်း- အသို့နည်း၊ အရှင်ဘုရားသည် တစ်စုံတစ်ခုကို ရပါ၏လော”ဟု ဆိုသဖြင့် သပိတ်ကိုယူ၍ မွန်မြတ်သောဆွမ်းကို မြင်တဲ့လျှင် နှလုံးမသာယာခြင်း ရှိသည်ဖြစ်၍ “ဤမွန်မြတ်လှသောဆွမ်းကို ကျွန်တို့သည်လည်းကောင်း၊ အမှုလုပ်သော သူတို့သည်လည်းကောင်း အကယ်၍ စားကြကုန်သည်ဖြစ်အံ့, မြတ်သေး၏၊ ထိုကျွန်,အမှုလုပ်သောသူတို့သည် ဤဆွမ်းကိုစား၍ ငါ၏အမှုကို ပြုလုပ်ကြကုန်လတ္တံ့၊ ဤရဟန်းသည်ကား သွား၍ စားပြီးလျှင် အိပ်လတ္တံ့၊ ငါ၏ ထိုဆွမ်းကား ပျက်စီးခဲ့လေပြီတကား”ဟု ကြံစည် အောက်မေ့မိရှာလေ၏။
ထိုသူဌေးသည် အစ်ကိုမှ ပေါက်ဖွားသော တစ်ယောက်သော သားငယ်ကို ဥစ္စာနှစ်ဟူသော အကြောင်းကြောင့် အသက်မှ ချဖူး၏၊ ထိုသူငယ်သည် ထိုသူဌေး၏ လက်ချောင်းကို ဆွဲကိုင်လျက် လှည့်လည်စဉ် “ဤလှည်းကား ကျွန်တော့်ဖခင်၏ ဥစ္စာဖြစ်သော လှည်းတည်း၊ ဤနွားသည် ထိုဖခင်၏နွား ဖြစ်သည်။” ဤသို့စသော စကားတို့ကို ပြောဆိုဘိသတတ်၊ ထိုအခါ သူငယ်ကို ထိုသူဌေးသည် “ယခုအခါ၌ပင် ဤသို့ ဆိုသေး၏၊ ဤသူငယ် အရွယ်ကြီးခြင်းသို့ ရောက်လတ်သောအခါ ဤအိမ်၌ ဥစ္စာတို့ကို အဘယ်သူ စောင့်နိုင်လတ္တံ့နည်း”ဟု ကြံ၍ ထိုသူငယ်ကို တောသို့ဆောင်သဖြင့် တစ်ခုသော ချုံအနီးတွင် လည်ပင်း၌ ဆွဲကိုင်လျက် သစ်မြစ်သစ်ဖုတို့ကဲ့သို့ လည်ကုပ်ချိုး၍ သတ်ပြီးလျှင် ထိုချုံ၌သာလျှင် စွန့်ပစ်ခဲ့လေ၏၊ ဤကား ထိုသူဌေး၏ ရှေးကံတည်း။
မဟာရောရုဝ ငရဲသို့ ကျခြင်း
“မြတ်သောမင်းကြီး- ထိုသူဌေးသူကြွယ်သည် တဂရသိခီ ပစ္စေကဗုဒ္ဓါကို ဆွမ်းဖြင့် အကြင်လှူဒါန်းလေ၏၊ ထိုကောင်းမှုကံ၏ အကျိုးအားဖြင့် ခုနစ်ကြိမ်တိုင်တိုင် သုဂတိဘဝဟု ဆိုအပ်သော နတ်ပြည်၌ ဖြစ်၏။ ထိုကုသိုလ်ကံ၏သာလျှင် အကျိုးကြွင်းအားဖြင့် ဤသာဝတ္ထိပြည်၌သာ ခုနစ်ကြိမ် သူဌေးအဖြစ်ကို ပြုစေလေဖူးပြီ၊ မြတ်သောမင်းကြီး- ထိုသူဌေးသူကြွယ်သည် လှူဒါန်းပြီးမှ နောက်ကာလ၌ “ဤမွန်မြတ်လှသော ဆွမ်းကို ကျွန်တို့သည်လည်းကောင်း၊ အမှုလုပ်တို့သည်လည်းကောင်း အကယ်၍ စားကြကုန်သည်ဖြစ်အံ့၊ မြတ်သေး၏”ဟု အကြင်နှလုံးမသာယာခြင်း ရှိသည်ဖြစ်၏၊ ထိုနှလုံးမသာယာခြင်း၏ အကျိုးအားဖြင့် ထိုသူဌေးကြီးအား မွန်မွန်မြတ်မြတ် ထမင်းကို စားသောက်သုံးဆောင်ခြင်းငှာ စိတ်မညွတ်၊ ထိုသူဌေးကြီးအား မွန်မွန်မြတ်မြတ် အဝတ်လှည်းယာဉ်တို့ကို သုံးဆောင်ခြင်းငှာ စိတ်မညွတ်၊ ထိုသူဌေးကြီးအား အထူးထူး မွန်မြတ်သော ကာမဂုဏ်ငါးပါးတို့ကို သုံးဆောင်ခံစားခြင်းငှာ စိတ်မညွတ်၊ မြတ်သောမင်းကြီး- ထိုသူဌေးသူကြွယ်သည် အစ်ကို၏ တစ်ယောက်သော သားငယ်ကို ဥစ္စာနှစ်၏ အကြောင်းကြောင့် အသက်မှ အကြင်ချသတ်၏၊ ထိုအကုသိုလ်ကံ၏ အကျိုးအားဖြင့် များစွာသော နှစ်အရာတို့ပတ်လုံး၊ များစွာသော နှစ်အထောင်တို့ပတ်လုံး၊ များစွာသော နှစ်အသိန်းတို့ပတ်လုံး ငရဲ၌ကျက်ပြီးလျှင် ထိုအကုသိုလ်ကံ၏သာ အကျိုးကြွင်းအားဖြင့် ခုနစ်ကြိမ်မြောက် သားသမီး အမွေခံမရှိသော ဤဥစ္စာနှစ်ကို မင်း၏ရွှေတိုက်တော်သို့ သွင်းကြရကုန်၏၊ မြတ်သောမင်းကြီး- ထိုအပုတ္တကသူဌေးကြီးအား ရှေးကောင်းမှုကံသည်လည်း ကုန်ခဲ့လေပြီ၊ အသစ်ဖြစ်သော ကောင်းမှုကံကိုလည်း ဆည်းပူးခြင်းမရှိ၊ မြတ်သောမင်းကြီး- ယခုအခါ ထိုသူဌေးသူကြွယ်ကြီးသည် မဟာရောရုဝငရဲ၌ ခံရလေပြီ”ဟု မိန့်တော်မူလေ၏။ မင်းသည် မြတ်စွာဘုရား၏ စကားတော်ကို ကြားနာရပြီးလျှင် “မြတ်စွာဘုရား- အလွန်ဝန်လေးသော ကံဖြစ်ပေစွတကား၊ ဤမျှလောက် ထင်ရှား ရှိသည်မည်သော စည်းစိမ်ဥစ္စာဖြင့် မိမိလည်း မသုံးဆောင်၊ ရှင်တော်ဘုရားတို့ကဲ့သို့သော မြတ်စွာဘုရားသည် အနီးဖြစ်သောကျောင်း၌ သီတင်းသုံး နေပါလျက် ကောင်းမှုကံကိုလည်း မပြုစုပါဘုရား”ဟု လျှောက်လေ၏၊ မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး- ဤသင် လျှောက်သော စကားသည် သင်လျှောက်သည့်အတိုင်း မှန်ပေ၏၊ ပညာမရှိသော ပုဂ္ဂိုလ်တို့မည်သည်ကား ဥစ္စာတို့ကို ရသော်လည်း နိဗ္ဗာန်ကို မရှာနိုင်ကြကုန်၊ ဥစ္စာတို့ကို မှီ၍ဖြစ်သော တဏှာသည်ကား ဤပညာမရှိသော ပုဂ္ဂိုလ်တို့ကို ရှည်ကြာစွာသော ညဉ့်နေ့ကာလပတ်လုံး သတ်တတ်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
ဘောဂတဏှာယ ဒုမ္မေဓော၊ ဟန္တိ အညေဝ အတ္တာနံ။
ဘောဂါ၊ စည်းစိမ်တို့သည်။ ဒုမ္မေဓံ၊ ပညာမရှိသောသူကို။ ဟနန္တိ၊ သတ်တတ်ကုန်၏။ ပါရဂဝေသိနော၊ နိဗ္ဗာန်ကို ရှာကြကုန်သော ပုဂ္ဂိုလ်တို့ကို။ ဘောဂါ၊ စည်းစိမ်တို့သည်။ နော ဟနန္တိ၊ မသတ်နိုင်ကြကုန်။ ဘောဂတဏှာယ၊ စည်းစိမ်ကိုမှီသော တဏှာဖြင့်။ ဒုမ္မေဓော၊ ပညာမရှိသောသူသည်။ အညေ၊ တစ်ပါးသော သူတို့ကို။ ဟနတိ ဣဝ၊ သတ်သကဲ့သို့။ အတ္တာနံ၊ မိမိကိုယ်ကို။ ဟန္တိ-ဟနတိ၊ သတ်၏။
ဒေသနာတော်၏အကျိုး
ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။