အပျိုကြီး သဖြန်ပုလဲပေါက်
နှစ်ဆယ်ကျော် အစိတ်ပိုင်းမှာလ၊
အရွယ်တော် တဆိတ်ဟိုင်းပြီမို့၊
စိတ်တိုင်းကျ တွေ့မထင်။
မတန်မှရွေးလှချည့်ရဲ့၊
ကံပေးလျှင် လိုရာရောက်လိမ့်မပေါ့၊
ဘောက်စရာ မာန်ကိုယုံလို့၊
ကြောင်းမဆုံ နှောင်းပုံ အလုပ်ကယ်နှင့်၊
ခေါင်းသုန်လျှင် ရောင်းကုန်ပုပ်မှဖြင့်၊
(ခင်ရယ်) ကောင်း - ကောင်းမဟုတ်ချင်။
ရမလို လိုတာမရတာနဲ့၊
မ,အပျို ကိုယ်မှာ သ,တော့မဟဲ့ လို့၊
အိုခါမှ တန်းဆာဆင်၊
သြော် ... ဇရာအသွင်ဟာမို့ မြင်သူမုန်း။
စျေးမကွဲခင်၊
ကြေးနည်းတာ မမြော်မြင်နဲ့တော့၊
ခေါ်ငင်ကာ တွင်အောင်ရောင်းပါမှ၊
ကုန်ကောင်းစဉ် မြန်မနှင်လို့၊
အမှန်ပင် ရက်ကြာလို့ နှေးတော့ကမှ၊
လျှော့စျေး လေလံဆိုင်၌၊
စျေးမကိုင် အနိုင်ထုတ်ရတော့၊
ရေးမသာ ဆွေးကာစုတ်တယ်၊
(အိုကွယ်) ကြေးယုတ်လို့ရှုံး။ ။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |