အရှင်ဘဒ္ဒိယမထေရ်အကြောင်း

4284မဟာဗုဒ္ဓဝင် — (၆) အရှင်ဘဒ္ဒိယမထေရ်အကြောင်းမင်းကွန်းဆရာတော်

(၆) အရှင်ဘဒ္ဒိယမထေရ်အကြောင်း

ဤသံဃရတနာအခဏ်း၌ ဘဒ္ဒိယမထေရ်တို့မှာ ယခု (၆)အမှတ်ပါ ဘဒ္ဒိယမထေရ်, (၇)အမှတ်ဖြင့် ဖော်ပြ လတ္တံ့သော လကုဏ္ဍကဘဒ္ဒိယ မထေရ်ဟူ၍ နှစ်ပါးတို့ ရှိကြလေသည်၊ ထိုနှစ်ပါးတို့တွင် ဤယခု ဖော်ပြမည့် ဘဒ္ဒိယမထေရ်မှာ ရှေး အရှင်အနုရုဒ္ဓါအကြောင်း၌ ဖော်ပြအပ်ခဲ့ပြီးသည့် သာကီဝင်မင်းသား ခြောက်ယောက်အဝင်အပါ ဘဒ္ဒိယမင်းသားဘဝမှ ရဟန်းပြုသော ဘဒ္ဒိယမထေရ်ဖြစ်သည်၊ ဤဘဒ္ဒိယမထေရ်၏ မယ်တော်မှာ “ကာဠီဂေါဓာ”မည်သော သာကီဝင်မင်းသမီး ဖြစ်သည်။ ထို့ကြောင့် ဤဘဒ္ဒိယမထေရ်ကို “ကာဠီဂေါဓာပုတ္တဘဒ္ဒိယမထေရ် = ကာဠီဂေါဓာ သာကီဝင်မင်းသမီး၏ သားဖြစ်သော ဘဒ္ဒိယမထေရ်”ဟု အသိအမှတ် ပြုအပ်လေသည်။



၁၇၈

(က) မထေရ်မြတ်၏ ရှေးဆုတောင်း

     ဤဘဒ္ဒိယမထေရ်သည်လည်း အတိတ်အခါ ကမ္ဘာတသိန်းထက်ဝယ် ပဒုမုတ္တရ မြတ်စွာဘုရား ပွင့်ထွန်းတော်မူရာအခါ၌ စည်းစိမ်ဥစ္စာ ပေါများသော မဟာဘောဂအမျိုး၌ သူဌေးသားဖြစ်၍ (ရှင်အနုရုဒ္ဓါဝတ္ထု၌) ဆိုအပ်ခဲ့သောနည်းအတိုင်း တရားနာရန် ကျောင်းတော်သို့ သွားရောက်လေသည်။

     ထိုနေ့၌ ပဒုမုတ္တရ မြတ်စွာဘုရားရှင်က ရဟန်းတပါးကို အမျိုးမြတ်ခြင်း ရှိသူတို့အနက် ဧတဒဂ်ဘွဲ့ထူး ပေးအပ်တော်မူသည်ကို တွေ့မြင်ရ၍ “ငါသည်လည်း နောက်အခါ တဆူဆူသော ဘုရားရှင်၏ သာသနာ၌ ဤယခုရဟန်းကဲ့သို့ပင် အမျိုးမြတ်ခြင်းရှိကြသော ရဟန်းတို့အနက် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရ ရဟန်းဖြစ်မှ သင့်တော်မည်”ဟု ကြံစည်ဆင်ခြင်ကာ မြတ်စွာဘုရားကို ပင့်ဖိတ်၍ ခုနစ်ရက်ကြာ ဘုရားအမှူးရှိသော သံဃာအား မဟာဒါနကြီး ပေးလှူပြီးလျှင် “မြတ်စွာဘုရား.. တပည့်တော်သည် ဤဒါန၏ အကျိုးကြောင့် အခြားတပါးသော စည်းစိမ်ကို မတောင့်တပါ၊ စင်စစ်သော်ကား နောက်အခါဝယ် တဆူဆူသော မြတ်စွာဘုရား၏ သာသနာ၌ အမျိုးမြတ်ခြင်းရှိကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရ-ရဟန်း ဖြစ်ရပါလို၏”ဟု ဆုတောင်း၍ မြတ်စွာဘုရားခြေတော်ရင်း၌ ဝပ်စင်းလျက် နေလေ၏။

     မြတ်စွာဘုရားသည် အနာဂတ်ကို ရှုကြည့်တော်မူလတ်သော် ထိုသူဌေးသား၏ ဆုတောင်းချက် ပြည့်စုံမည်ကို မြင်တော်မူ၍ “သင်၏ ဤဆုတောင်းမှုသည် ပြည့်စုံလိမ့်မည်၊ ဤကမ္ဘာမှနောက် ကမ္ဘာတသိန်း အဆုံးရောက်သောအခါ၌ ဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်တော်မူလိမ့်မည်၊ ထိုအခါ သင်သည် ဂေါတမမြတ်စွာ သာသနာ၌ အမျိုးမြတ်ကြသော ရဟန်းတို့တွင် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ရ-ရဟန်း ဖြစ်လိမ့်မည်”ဟု ဗျာဒိတ်ကြားတော်မူ၍ ဆွမ်းအနုမောဒနာတရား ဟောကြားပြီးလျှင် ကျောင်းတော်သို့ ပြန်ကြွတော်မူလေ၏။



၁၇၉

     သူဌေးသားသည်လည်း ထိုဗျာဒိတ်ကို ရရှိပြီးနောက် မြတ်သောအမျိုး၌ ဖြစ်စေတတ်သော ကောင်းမှုကုသိုလ်များကို မေးမြန်း လျှောက်ထားပြီးလျှင် တရားဟောရာ ဓမ္မာသနပလ္လင်များကို ပြုလုပ်စေ၍ လှူဒါန်းလေသည်၊ ထိုပလ္လင်များ၌ အခင်းများကို ပြုလုပ်စေ၍ လှူဒါန်းလေသည်၊ ဓမ္မကထိကများ တရားဟောသောအခါ အသုံးပြုရန် ယပ်များကို၎င်း, ဓမ္မကထိက အရှင်မြတ်တို့အား ပူဇော်သက္ကာရမှုကို၎င်း, ဥပုသ်အိမ် သိမ်အပြင်၌ ဆီမီးတန်ဆောင်များကို၎င်း လှူဒါန်းလေသည်။ ဤသို့လျှင် အသက်ထက်ဆုံး များစွာသော ကောင်းမှုကို ပြုလုပ်၍ ထိုဘဝမှ စုတေလတ်သော် နတ်ပြည်, လူ့ပြည် အလှည့်အလည် ကျင်လည်ကျက်စားခဲ့၍ ကဿပမြတ်စွာဘုရားရှင်နှင့် ဤဂေါတမ မြတ်စွာဘုရားရှင်တို့၏ အကြားကာလဝယ် ဗာရာဏသီပြည် သူကြွယ်အိမ်၌ သူကြွယ်သား ဖြစ်ပြန်လေ၏။

     ထိုအခါဝယ် များစွာသော ပစ္စေကဗုဒ္ဓါ အရှင်မြတ်တို့သည် ဂန္ဓမာဒနတောင်မှ ကြွလာကြ၍ ဗာရာဏသီပြည် ဂင်္ဂါမြစ်ကမ်းဝယ် ရေမိုးချမ်းသာရာ နေရာတခု၌ ထိုင်၍ ဆွမ်းဘုဉ်းပေးကြကုန်၏။ အရှင်ဘဒ္ဒိယအလောင်း သူကြွယ်သည် ထိုပစ္စေကဗုဒ္ဓါ အရှင်မြတ်များ အမြဲမပြတ် ထိုနေရာ၌ ဆွမ်းဘုဉ်းပေးကြသည်ကို သိ၍ ကျောက်ပြားကြီးရှစ်ချပ် ခင်းလှူကာ အသက်ထက်ဆုံး ပစ္စေကဗုဒ္ဓါ အရှင်တို့ကို ပြုစုလုပ်ကျွေးလေ၏။

(ခ) နောက်ဆုံးဘဝ ရဟန်းပြုခြင်း

     ထို့နောက် ကဿပမြတ်စွာဘုရားနှင့် ဂေါတမ မြတ်စွာဘုရားရှင်တို့၏ အကြားကာလ = ဗုဒ္ဓန္တရအသင်္ချေယျ အချိန်ပိုင်းကာလပတ်လုံး အပါယ်မလားပဲ နတ်ပြည်, လူ့ပြည်တို့၌သာ ကျင်လည်ခဲ့၍ ဤဘုရားလက်ထက်တော်အခါဝယ် ကပိလဝတ်ပြည် သာကီဝင်မင်းမျိုး၌ ဖြစ်လေ၏။ ထိုမင်းသား၏ အမည်ကို ဘဒ္ဒိယမင်းသားဟု မိဖတို့က မှည့်ခေါ်ကြလေသည်။



၁၈၀

     ထိုဘဒ္ဒိယမင်းသားသည် အရွယ်သို့ ရောက်ရှိလတ်သော် (အောက်မဟာဗုဒ္ဓဝင် တတိယတွဲ စာမျက်နှာ ၁၄၅-မှ ၁၆၀-တိုင် ဖော်ပြအပ်ခဲ့သည့် သာကီဝင်မင်းသား ခြောက်ဦးတို့ ဥပါလိ ဆေတ္တာသည်နှင့်တကွ ရဟန်းပြုကြသော အခဏ်း၌ ဆိုအပ်ခဲ့ပြီးသည့်အတိုင်း) မင်းသားခြောက်ဦးတို့တွင် ခေါင်းဆောင်မင်းသားတဦး အပါအဝင်ဖြစ်ကာ မြတ်စွာဘုရားရှင် အနုပိယမြို့၏အနီး “သရက်တော ကျောင်းတိုက်”၌ သီတင်းသုံး နေတော်မူစဉ် ဘုရားရှင်အထံ၌ ရဟန်းပြု၍ ထိုနှစ်ဝါတွင်းမှာပင် ရဟန္တာအဖြစ်သို့ ရောက်တော်မူသည်။

(ထိုဘဒ္ဒိယ ရဟန္တာအရှင်မြတ်၏ ရဟန္တာဖြစ်ပြီးနောက် ဖလသမာပတ်ဖြင့် ချမ်းသာစွာ နေတော်မူရ၍ “အဟော သုခံ, အဟော သုခံ = ဩ.. ချမ်းသာစွာ့, ဩ.. ချမ်းသာစွာ့”ဟု ဥဒါန်း ကျူးရင့်တော်မူသည်ကို ပုထုဇန်ရဟန်းတို့ မသိရှိကြ၍ မင်းစည်းစိမ်ဟောင်းကို အောက်မေ့ကာ ဥဒါန်းကျူးသည် ထင်မှတ်ကြလျက် မြတ်စွာဘုရားရှင်အား လျှောက်ထားကြသော အကြောင်းအရာ စသည်ကို ပိဋကတ်တော်မြန်မာပြန် ဥဒါန်းပါဠိတော် (ခု-မြန် ၁၊ စာမျက်နှာ ၉ဝ)၌ ကြည့်ရှုကုန်ရာ၏)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     မြတ်စွာဘုရားရှင်သည် နောက်တချိန်ဝယ် ဇေတဝန်ကျောင်းတိုက်၌ နေတော်မူစဉ် ရဟန်းတော်တို့အား ဧတဒဂ်ဘွဲ့ထူး နှင်းအပ်သောသဘင် ဆင်ယင်ကျင်းပသောအခါ ဤဘဒ္ဒိယရဟန္တာ အရှင်မြတ်အား-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ဥစ္စာကုလိကာနံ ယဒိဒံ ဘဒ္ဒိယော ကာဠိဂေါဓာယ ပုတ္တော = ရဟန်းတို့.. မြတ်သောအမျိုး၌ ဖြစ်ကြသည့် ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ကာဠိဂေါဓာ သာကီဝင်မင်းသမီး၏သား ဘဒ္ဒိယသည် အသာဆုံး အမြတ်ဆုံး ဖြစ်ပေ၏”-

ဟု ချီးကျူး မြွက်ဆိုတော်မူကာ “ဥစ္စာကုလိက = မြတ်သောအမျိုး၌ ဖြစ်သောအရာ”ဝယ် ဧတဒဂ် ထားတော်မူလေ၏။



၁၈၁

(ဤ၌။ ။မထေရ်၏မိခင် သာကီဝင်မင်းသမီး၏ အမည်ရင်းမှာ “ဂေါဓာ”ဟူ၍ ဖြစ်သည်၊ အသားအရေ စဉ်းငယ် မည်းနက်သောကြောင့် ထိုမင်းသမီးကို “ကာဠိဂေါဓာ သာကီဝင်မင်းသမီး”ဟု ခေါ်၏။ ထိုမင်းသမီး၏ သားဖြစ်သောကြောင့် အရှင်ဘဒ္ဒိယ ရဟန္တာမထေရ်ကို “ကာဠီဂေါဓာပုတ္တ ဘဒ္ဒိယမထေရ် = ကာဠီဂေါဓာ သာကီဝင်မင်းသမီး၏သား အရှင်ဘဒ္ဒိယမထေရ်”ဟု ခေါ်ဆိုလေသည်။

ကာဠီဂေါဓာ သာကီဝင်မင်းသမီးသည် သာကီဝင် မင်းသမီးတကာတို့တွင် အရွယ်အားဖြင့် အကြီးဆုံးဖြစ်၏၊ မြတ်စွာဘုရားအလောင်းတော် ဘုရားဖြစ်တော်မူချိန်၌ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးမှာ အသက် ကိုးဆယ်ကျော်အရွယ်သို့ ရောက်ရှိလေပြီ (သေချာစဉ်းစားမှ ဤအကြောင်းကို ခန့်မှန်းနိုင်၏)။ ထိုအချိန်၌ သုဒ္ဓေါဒနမင်းကြီးမှာ ငယ်စဉ်ကကဲ့သို့ ပြည်၏တာဝန်ကို ရှေ့ဆောင်မင်းအဖြစ်ဖြင့် ဆောင်ရွက်နိုင်သောအင်အား မရှိတော့ချေ။ ထို့ကြောင့် သုဒ္ဓေါဒနမင်းကြီးမှာ သာကီဝင်မင်းတို့၏ နာယကကြီး အဖြစ်လောက်ဖြင့်သာ တည်ရှိနေပေလိမ့်မည်။ ထို့ကြောင့် ထိုအချိန်တွင် သာကီဝင်မင်းတို့အထဲမှ အမျိုးကြီး,ငယ် အစဉ် အလိုက် မင်းပြုထိုက်သူကို ရွေးချယ်သောအခါ အမျိုးအမြတ်ဆုံး အကြီးဆုံးဖြစ်သည့် ဘဒ္ဒိယမင်းသားကို ရွေးချယ်၍ ရှေ့ဆောင်မင်းအဖြစ် ခန့်အပ်ကြလေသည်။ ဘဒ္ဒိယမင်းသားသည် မိမိလက်ဝယ် ရရှိပြီးသော သာကီဝင် ရှေ့ဆောင်မင်းအဖြစ်ကို စွန့်၍ ရဟန်းပြုခဲ့သူဖြစ်သည်၊ ထို့ကြောင့် ယခု ဧတဒဂ်ဘွဲ့ထူး နှင်းအပ်သောအခါ “အမျိုးမြတ်ကြသူတို့အနက် အသာဆုံး အမြတ်ဆုံး” ဧတဒဂ်ဘွဲ့ထူးကို နှင်းအပ်တော်မူသည်။

တနည်း- ဤဘဒ္ဒိယမထေရ်သည် ရှေးဆုတောင်း ပတ္ထနာ၏ အာနုဘော်ကြောင့် ဘဝငါးရာဆက်၍ မင်းမျိုး၌ဖြစ်ကာ မင်းဖြစ်ခဲ့လေသည်။ ထို့ကြောင့် ဥစ္စာကုလိက-ဧတဒဂ်ဘွဲ့ကို ရတော်မူသည်။ ဤကား အထူးမှတ်ဖွယ်တည်း)။

ဤကား အရှင်ဘဒ္ဒိယမထေရ်အကြောင်းတည်း။

**********