4289မဟာဗုဒ္ဓဝင် — (၄၀) အရှင်ရာဓမထေရ်အကြောင်းမင်းကွန်းဆရာတော်

(၄၀) အရှင်ရာဓမထေရ်အကြောင်း

(က) မထေရ်၏ ရှေးဆုတောင်း

(ဤမထေရ်၏ ရှေးဆုတောင်းကို ဖော်ပြရာ၌ အင်္ဂုတ္တိုရ် အဋ္ဌကထာထက် ထေရဂါထာ အဋ္ဌကထာက အနည်းငယ် ကျယ်သောကြောင့် ထိုထေရဂါထာ အဋ္ဌကထာ ပဌမအုပ် စာမျက်နှာ ၃၂၁-လာအတိုင်း ဖော်ပြပေအံ့)-

     ဤအရှင်ရာဓမထေရ်အလောင်း သူတော်ကောင်းသည် ပဒုမုတ္တရမြတ်စွာ လက်ထက်တော်အခါဝယ် ဟံသာဝတီ မင်းနေပြည်၌ အမျိုးကောင်းသား ဖြစ်လတ်၍ သိကြားလိမ္မာသော အရွယ်သို့ ရောက်လတ်သော် ကျောင်းတိုက်သို့ သွားရောက်ကာ မြတ်စွာဘုရားကို ဆည်းကပ်,ရှိခိုးလျက် အပြစ်လွတ်ရာအရပ်၌ ထိုင်နေစဉ် မြတ်စွာဘုရားရှင်က ရဟန်းတော်တပါးကို ပဋိဘာနေယျက = မြတ်စွာဘုရားရှင်၏ တရားဟောဆိုကြောင်း ဓမ္မဒေသနာ ပဋိဘာန်ဉာဏ် အသစ်အသစ်ကို ဖြစ်စေသော အရာ”ဝယ် အသားဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူသည်ကို တွေ့မြင်ရ၍ ကိုယ်တိုင်ကလည်း ထိုရာထူး = ဌာနန္တရကို တောင့်တလျက် ကြီးစွာသော အလှူကြီးကို ဖြစ်စေလေ၏။ မြတ်စွာဘုရားရှင်အားလည်း ပြန့်ပြောကြီးကျယ်သော ပူဇော်မှုကို ပြုလေ၏။

နောက်တဖန် အမျိုးသားဘဝ

     ထိုအမျိုးကောင်းသားသည် ဤကဲ့သို့ မဟာသာဝက ဆုပန်မှုကိုပြုလျက် ထိုဘဝမှ စုတေလတ်သော် ထိုထိုဘဝတို့၌ ကောင်းမှုတို့ကို ဆည်းပူးခဲ့ရာ ဝိပဿီမြတ်စွာ လက်ထက်တော်အခါ၌ တဖန် အမျိုးကောင်းသားပင်ဖြစ်၍ သိကြားလိမ္မာသော အရွယ်သို့ ရောက်လတ်သော် တနေ့သ၌ ဆွမ်းခံကြွသော ဝိပဿီ မြတ်စွာဘုရားရှင်ကို ဖူးမြင်ရ၍ သဒ္ဓါရွှန်းစို ကြည်ညိုသောစိတ် တရိပ်ရိပ် ဖြစ်ရှိလျက် အလွန်ချိုမြိန်သော သရက်သီးမှည့်တို့ကို ပေးလှူပြန်လေ၏။



၅၇၈

(ခ) နောက်ဆုံးဘ၀ ရဟန်းပြုခြင်း

     ထိုအမျိုးကောင်းသားသည် ထိုကောင်းမှုကြောင့် နတ်ပြည်၌ ဖြစ်ပြီး၍ ဘဝအဆက်ဆက် ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်လျက် နတ်ပြည်, လူ့ပြည်တို့၌ ကျင်လည်ကျက်စားခဲ့ရာ ဤဘုရားမြတ်စွာ ပွင့်ထွန်းရာ ကာလဝယ် ရာဇဂြိုဟ်ပြည်၌ ရာဓအမည်ရှိသော ပုဏ္ဏားလုလင်ဖြစ်၍ အရွယ်သို့ရောက်လျှင် အိမ်ရာတည်ထောင် လူ့ဘောင်၌နေလျက် အသက်အရွယ် ကြီးရင့်သောအခါ၌ မိမိ၏ သားမယားတို့က ရှေးကလို မြတ်နိုးယုယမှု မပြုအပ်ရကား “ငါသည် ရဟန်းပြု၍ အချိန်အခါကို ကုန်လွန်စေတော့မည်”ဟု ကြံစည်၍ ကျောင်းတိုက်သို့ သွားရောက်ပြီးလျှင် မထေရ်တို့ကို ရှင်ရဟန်းပြုပေးကြပါရန် တောင်းပန် လျှောက်ထားလေ၏။ “ရွတ်တွယွင်းယို အိုလည်းအိုလျက် အသက်လည်းကြီးသော ပုဏ္ဏားဖြစ်သည်၊ ဝတ်ကြီးဝတ်ငယ်ကို ဖြည့်ကျင့်ရန် စွမ်းနိုင်မည်မဟုတ်”ဟု အောက်မေ့တော်မူကြကာ မထေရ်တပါးပါးကမျှ ရှင်ရဟန်းပြုပေးရန် အလိုမရှိချေ။

     ရာဓပုဏ္ဏားကြီးသည် အသက်လည်းကြီး, မိမိအလိုရှိသည့် ရှင်ရဟန်းအဖြစ်ကိုလည်း မရသောကြောင့် ပိန်လည်ပိန်ကြုံ, အသွေးအသားလည်း ခေါင်းပါး, ရုပ်အဆင်းလည်းပျက်, ဖက်ရွက်ရော်ကဲ့သို့ ဖျော့တော့သော အဆင်းလည်း ရှိသည့်ပြင် ကွန်ရက်(=ဇာ)ကို ဖြန့်ခင်းထားသကဲ့သို့ အကြောပြိုင်းပြိုင်းထသော ကိုယ်လည်း ရှိနေလေ၏။ တနေ့သ၌ ပုဏ္ဏားကြီးသည် ဘုရားရှင်ထံမှောက်သို့ သွားရောက်၍ အစေ့အစပ်စကား ပြောကြားမှု ပြုပြီးလျှင် အပြစ်လွတ်ရာအရပ်၌ ထိုင်လေ၏။ မြတ်စွာဘုရားရှင်သည် ထိုပုဏ္ဏားကြီး၏ မဂ်ဖိုလ်ရကြောင်း ရှေးဟောင်းမှုနှင့် ပြည့်စုံခြင်းကို သိမြင်တော်မူ၍ စကားစ-ဖြစ်စေရန် “ပုဏ္ဏား.. သင့်ကို သားမယားတို့က ပြုစုလုပ်ကျွေးကြ၏လော”ဟု မေးတော်မူ၏။ ပုဏ္ဏားကြီးက “အို အရှင်ဂေါတမ.. အကျွန်ုပ်ကို သားမယားတို့က ပြုစုလုပ်ကျွေးမှု အဘယ်မှာ ရှိအံ့နည်း = မရှိသည်သာ၊ အသက်ကြီးပြင်းသည့် လူအိုလူမင်းဟု အကျွန်ုပ်ကို



၅၇၉

သားမယားတို့က အပြင်ထုတ်၍ ထားကြပါသည်”ဟု လျှောက်ထားလေလျှင် မြတ်စွာဘုရားရှင်သည် ပုဏ္ဏားကြီးကို “ပုဏ္ဏား.. ထိုသို့ဖြစ်လျှင် သင့်အဖို့ရာ ရဟန်းပြုရန် မသင့်လျော်ဘူးလော”ဟု မေးတော်မူလေ၏။

အရှင်သာရိပုတ္တရာ၏ ကတညုတာ, ကတဝေဒိတာဂုဏ်

     ရာဓပုဏ္ဏားကြီးသည် မြတ်စွာဘုရားရှင်ကို “အို အရှင်ဂေါတမ.. အဘယ်သူက အကျွန်ုပ်ကို ရဟန်းပြုပေးလိမ့်မည်နည်း၊ အသက်ကြီးသောကြောင့် အကျွန်ုပ်ကို မထေရ်တပါးပါးက ရှင်ရဟန်းပြုပေးရန် အလိုမရှိချေ”ဟု လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားရှင်သည် ရဟန်းတို့ကို ရာဓပုဏ္ဏားကြီး၏ ကြုံလှီခေါင်းပါး အဆင်းပျက်ပြား ဖောက်ပြန်၍နေခြင်း၏ အကြောင်းကို မေးတော်မူ၍ ရဟန်းတို့က ရှင်ရဟန်းပြုပေးသူ မရှိသောကြောင့် ထိုပုဏ္ဏားကြီး ကြုံလှီခေါင်းပါး အဆင်းပျက်ပြား ဖောက်ပြန်၍နေကြောင်းကို ကြားလျှောက်ထားကြသဖြင့် “ရဟန်းတို့.. အဘယ်သူသည် ထိုပုဏ္ဏား၏ ကျေးဇူးကို အမှတ်ရသနည်း” ဟု ရဟန်းတို့ကို မေးတော်မူလေ၏။

     ထိုအခါ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. တပည့်တော်သည် ထိုပုဏ္ဏား၏ ကျေးဇူးကို အမှတ်ရပါ၏”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားက “ချစ်သားသာရိပုတ္တရာ.. သင်ချစ်သားသည် အဘယ်သို့လျှင် ထိုပုဏ္ဏား၏ကျေးဇူးကို အမှတ်ရသနည်း”ဟု မေးတော်မူလေလျှင် အရှင်သာရိပုတ္တရာသည် “မြတ်စွာဘုရား.. တချိန်က ဤရာဇဂြိုဟ်ပြည်ဝယ် ဆွမ်းခံလှည့်လည်သော တပည့်တော်အား ထိုပုဏ္ဏားသည် တယောက်ချိုမျှသော ဆွမ်းကို လှူဘူးပါ၏။ မြတ်စွာဘုရား.. တပည့်တော်သည် ထိုပုဏ္ဏား၏ (ဆွမ်းတယောက်ချို လှူဘူးသော) ကျေးဇူးကို အမှတ်ရပါ၏”ဟု ပြန်ကြား လျှောက်ထားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “သာရိပုတ္တရာ.. ကောင်းစွာ့၊ ချစ်သားသာရိပုတ္တရာ.. သူတော်ကောင်းတို့သည်



၅၈၀

သူ့ကျေးဇူးကို သိတတ်ကြကုန်၏။ ကျေးဇူးတုံ့ ဆပ်ရမည်ကို သိတတ်ကြကုန်၏။ ချစ်သားသာရိပုတ္တရာ.. ထိုသို့ဖြစ်လျှင် သင်ချစ်သားသည် ထိုပုဏ္ဏားကို ရှင်လည်း ပြုပေးလော့, ပဉ္စင်းလည်း ခံပေးလော့”ဟု မိန့်တော်မူလေ၏။

     ထိုအခါ အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားရှင်ကို “မြတ်စွာဘုရား.. တပည့်တော်သည် အဘယ်သို့လျှင် ထိုပုဏ္ဏားကို ရှင်ပြုပေးရပါမည်နည်း, ပဉ္စင်းခံပေးရပါမည်နည်း”ဟု မေးလျှောက်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် ဤအရှင်သာရိပုတ္တရာ မေးလျှောက်ခြင်းဟူသော အကြောင်းအရာကြောင့် တရားစကား ဟောကြားတော်မူပြီးလျှင် ရဟန်းတို့အား “ရဟန်းတို့.. ငါဘုရား ခွင့်ပြုခဲ့သော သရဏဂုံသုံးပါးဖြင့် ပဉ္စင်းခံပေးခြင်းကို ယနေ့မှစ၍ ပယ်ဖျက်အပ်ပြီ၊ ရဟန်းတို့.. ဉတ္တိစတုတ္ထ (=ဉတ်လျှင် လေးကြိမ်မြောက်ရှိသော) ကံဖြင့် ပဉ္စင်းခံပေးရန် ငါဘုရား ခွင့်ပြု၏။ ရဟန်းတို့.. ဤသို့ ပဉ္စင်းခံပေးရမည်” အစရှိသည်ဖြင့် ဉတ္တိစတုတ္ထ ကမ္မဝါစာကို ဟောကြားတော်မူလေ၏။

(အထူးမှတ်ရန်။ ။မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ကဆုန်လပြည့်နေ့၌ ဘုရားဖြစ်တော်မူပြီးနောက် ထိုနှစ် ဝါကို မိဂဒါဝုန်တော၌ သီတင်းသုံး ကပ်ဆိုနေတော်မူ၍ ဝါကျွတ်သောအခါ ခြောက်ကျိပ်သော ရဟန္တာတို့ကို သာသနာပြု စေလွှတ်တော်မူလေသည်။ ထိုသာသနာပြု ရဟန္တာမထေရ်တို့ ခေါ်ဆောင်ခဲ့သော ရှင်လောင်း ပဉ္စင်းလောင်းတို့ကို ပဌမရှေ့ပိုင်း၌ ကိုယ်တော်တိုင် သရဏဂုံဖြင့်ပင် ရှင်လည်း ပြုပေးတော်မူသည်၊ ပဉ္စင်းလည်း ခံပေးတော်မူသည်။ နောက်ပိုင်း၌ ရှင်လောင်း, ပဉ္စင်းလောင်း, သာသနာပြု မထေရ်များ = ဤသုံးဦးလုံးပင် (ခရီးဝေးကလည်း ခေါ်ဆောင်လာသောကြောင့်) ပင်ပန်းနွမ်းနယ်မှု ဖြစ်ကြသည်ကို အကြောင်းပြု၍ ရဟန်းတို့ ကိုယ်တိုင်ပင် ထိုထိုအရပ်ဌာနတို့၌ သရဏဂုံဖြင့် ရှင်ပြုပေးရန် ပဉ္စင်းခံပေးရန် ခွင့်ပြုတော်မူလေသည်။

ထိုနှစ် ပြာသိုလပြည့်နေ့တွင် ရာဇဂြိုဟ်ပြည်သို့ ရောက်တော်မူ၍ တပို့တွဲလဆန်း (၁) ရက်နေ့တွင် အဂ္ဂသာဝက ၂-ပါး တပည့်များနှင့်တကွ ရဟန်းပြုကြသည်။ ရဟန်းဖြစ်ပြီးနောက် ခုနစ်ရက်မြောက်၌



၅၈၁

အရှင်မဟာမောဂ္ဂလာန် ရဟန္တာဖြစ်၍ တဆယ့်ငါးရက် = တပက္ခမြောက် (=တပို့တွဲလပြည့်)နေ့၌ အရှင်သာရိပုတ္တရာ ရဟန္တာ ဖြစ်တော်မူသည်။ ဤရာဓပုဏ္ဏားကြီး၏ ပဉ္စင်းခံခြင်းကိစ္စကား တပို့တွဲလပြည့်နေ့နှင့် တပေါင်းလပြည့်နေ့တို့အကြား တလအတွင်း၌ ဖြစ်သည်။

ဤအရာ၌ “အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားရှင်က ဗာရာဏသီပြည် မိဂဒါဝုန်တော၌ နေတော်မူစဉ် သရဏဂုံသုံးပါးဖြင့် ရှင်ပြုပေးရန် ပဉ္စင်းခံပေးရန် ခွင့်ပြုထားတော်မူသည်ကို သိပါလျက် အဘယ့်ကြောင့် ဤရာဓပုဏ္ဏားကြီးကို ရဟန်းခံ = ပဉ္စင်းခံပေးရန်ကိစ္စအတွက် အထူးတလည် ပြုလုပ်ကာ ‘မြတ်စွာဘုရား.. တပည့်တော်သည် အဘယ်သို့လျှင် ထိုပုဏ္ဏားကို ရှင်ပြုပေးရပါမည်နည်း ပဉ္စင်းခံပေးရပါမည် နည်း’ဟူ၍ မေးလျှောက်နေရသေးသနည်း”ဟု မေးမြန်းဖွယ်ရှိ၏။

အဖြေကား- မြတ်စွာဘုရားရှင်သည် အဦးအစကာလ ရဟန်းတို့ မများကြသေးမီ သရဏဂုံသုံးပါးဖြင့် ပေါ့ပေါ့ပါးပါး ပဉ္စင်းခံပေးရန် ခွင့်ပြုတော်မူခဲ့သော်လည်း ရာဇဂြိုဟ်ပြည်သို့ရောက်၍ ရဟန်းတို့ များပြားလာသောအခါ (ထိုအချိန်၌ ရဟန္တာပေါင်း နှစ်သောင်းကျော် ရှိနေလေပြီ) ထိုပေါ့ပေါ့ပါးပါး သရဏဂုံသုံးပါးဖြင့် ရဟန်းပဉ္စင်းခံပေးခြင်းကို ပယ်ဖျက်၍ ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် အလေးဂရု ပဉ္စင်းခံပေးမှုကို ခွင့်ပြုတော်မူလိုသည်။ ထိုအခါ မြတ်စွာဘုရား၏ အလိုတော်ကိုသိ၍ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် “မြတ်စွာဘုရား.. တပည့်တော်သည် အဘယ်သို့လျှင် (=ဘယ်လို) ထိုပုဏ္ဏားကို ရှင်ပြုပေးရပါမည်နည်း ပဉ္စင်းခံပေးရပါမည်နည်း”ဟူ၍ မေးလျှောက်လေသည်။ မှန်၏- မြတ်စွာဘုရားရှင်တို့၏ ပရိသတ်တို့သည် ဘုရားအလိုတော်၌ လိမ္မာကျွမ်းကျင် သိမြင်ကြကုန်၏၊ ဤအရှင်သာရိပုတ္တရာ မထေရ်သည်လည်း မြတ်စွာဘုရား၏ ပရိသတ်တွင် အသာဆုံး အမြတ်ဆုံး ပရိသတ်ဖြစ်လေသည်၊ ထို့ကြောင့် ဘုရားရှင်၏ အလိုတော်ကို သိမြင်တော်မူသောကြောင့် အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ထိုသို့ မေးမြန်းတော်မူသည်ဟု သန္နိဋ္ဌာန်ကျ မှတ်ယူအပ်၏။

ဤတွင်မျှမကသေး- မြတ်စွာဘုရားရှင် ထိုမဟာသက္ကရာဇ် ၁၀၃-ခုနှစ် တပေါင်းလပြည့်နေ့မှစ၍ ၂-လတိုင်တိုင် တနေ့တယူဇနာကျ ရာဇဂြိုဟ်ပြည်မှ ကပိလဝတ်ပြည်သို့ ကြွရောက်၍ ၁၀၄-ခုနှစ် ကဆုန်လပြည့်နေ့၌ ကပိလဝတ်ပြည်သို့ ရောက်တော်မူပြီးနောက်

၅၈၂

ခုနစ်ရက်မြောက်နေ့ဝယ် အမွေတောင်း လိုက်လာသော ရာဟုလာမင်းသားကို မြတ်စွာဘုရားရှင်က ရှင်ပြုပေးရန် အရှင်သာရိပုတ္တရာကို စေခိုင်းတော်မူသောအခါမှာလည်း (ရှေးက သရဏဂုံဖြင့် ရှင်ပြုပေးမှုကို ခွင့်ပြုပြီး ရှိပါလျက်လည်း) အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားရှင်၏ အလိုတော်ကို အလိုက်သိကာ “ကထာဟံ ဘန္တေ ရာဟုလကုမာရံ ပဗ္ဗာဇေမိ = မြတ်စွာဘုရား.. တပည့်တော်သည် ရာဟုလာမင်းသားကို အဘယ်သို့ (=ဘယ်လို) ရှင်ပြုပေးရပါမည်နည်း”ဟု မေးမြန်း လျှောက်ထားလေသည်။

ထင်ရှားစေဦးအံ့- ဤရှင်ပြုပေးသော အရာဝယ် မြတ်စွာဘုရားသည် ဗာရာဏသီပြည် မိဂဒါဝုန်တော၌ သီတင်းသုံးတော်မူစဉ်က သရဏဂုံ သုံးပါးတို့ဖြင့် ရှင်ပြုပေးရန်၎င်း, ပဉ္စင်းခံပေးရန်၎င်း ခွင့်ပြုအပ်ခဲ့လေသည်။ ထိုနှစ်မျိုးမှ ရာဇဂြိုဟ်ပြည်သို့ရောက်၍ ယခု ရာဓပုဏ္ဏားကြီး၏ အကြောင်းဝတ္ထု ပေါ်ပေါက်သောအခါ ပေါ့ပေါ့ပါးပါး သရဏဂုံ သုံးပါးတို့ဖြင့် ရဟန်းခံပေးခြင်းကို ပယ်ဖျက်၍ ဉတ္တိစတုတ္ထကမ္မဝါစာဖြင့် ရဟန်းပဉ္စင်းခံပေးရန် ခွင့်ပြုတော်မူအပ်ခဲ့လေသည်။ သရဏဂုံသုံးပါးတို့ဖြင့် ရှင်ပြုပေးခြင်းကိုမူ ပယ်လည်း မပယ်ဖျက်အပ် တဖန်ထပ်၍လည်း ခွင့်မပြုအပ်သေးချေ။ ထို့ကြောင့် အနာဂတ နောက်ကာလဝယ် ရဟန်းတို့သန္တာန်၌ “ဤရှင်ပြုပေးခြင်းသည် ရှေးအခါက ပဉ္စင်းခံပေးခြင်းနှင့် အတူတူဖြစ်လေသည်၊ ယခုအခါ၌လည်း ဤရှင်ပြုပေးမှုကို ပဉ္စင်းခံပေးခြင်းကဲ့သို့ပင် ကမ္မဝါစာဖြင့် ပြုရမည်လော၊ သို့မဟုတ် မူလအတိုင်း သရဏဂုံသုံးပါးတို့ဖြင့်ပင် ပြုရမည်လော”ဟု ယုံမှားသံသယ ဖြစ်ပေါ်လိမ့်မည်။ ဤအကြောင်းကို သိတော်မူ၍ မြတ်စွာဘုရားသည် ခိုင်မြဲလေအောင် သရဏဂုံ သုံးပါးတို့ဖြင့် ရှင်သာမဏေပြုပေးခြင်းကို တဖန်ထပ်၍ ခွင့်ပြုတော်မူလိုနေသည်။ ထို့ကြောင့် တရားစစ်မှူးကြီး ဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်မြတ်သည် မြတ်စွာဘုရားရှင်၏ အလိုတော်ကို သိရှိကာ မြတ်စွာဘုရားရှင်ကို တဖန်ထပ်၍ သရဏဂုံသုံးပါးတို့ဖြင့် ရှင်သာမဏေပြုပေးမှုကို အခိုင်အမာ ခွင့်ပြုတော်မူစေရန် “ကထာဟံ ဘန္တေ ရာဟုလကုမာရံ ပဗ္ဗာဇေမိ = မြတ်စွာဘုရား.. တပည့်တော်သည် ရာဟုလာမင်းသားကို အဘယ်သို့ (=ဘယ်လို) ရှင်ပြုပေးရပါမည်နည်း”ဟု မေးမြန်း လျှောက်ထားလေသည်၊ အလိုတော်ကို သိပါပေစွာ့။ ။ဤကား အထူးမှတ်ရန် ဝိနည်းမဟာ အဋ္ဌကထာမှ ထုတ်နုတ်ဖော်ပြချက်တည်း)။

၅၈၃

ရာဓပုဏ္ဏားကြီး ရဟန်းပြု၍ ရဟန္တာဖြစ်ခြင်း

     အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရား၏ အမိန့်စကားကို ဦးထိပ်ပန်ဆင်၍ ရာဓပုဏ္ဏားကြီးကို မိမိကိုယ်တိုင် ဥပဇ္ဈာယ်ဆရာပြုကာ ရှင်ပြုပေးပြီး, ပဉ္စင်းခံပေးပြီးနောက် “မြတ်စွာဘုရားရှင်သည် ဤရာဓပုဏ္ဏားကြီးကို တရိုတသေ အလေးဂရုပြုကာ ငါ့ကို ရှင်ရဟန်းပြုပေးရန် စေခိုင်းတော်မူလေသည်၊ ငါသည် ဤရာဓရဟန်းကြီးကို မရိုမသေ ပေါ့ပေါ့တန်တန် စောင့်ရှောက်ရန် မသင့်လျော်ချေ = ဂရုတစိုက် စောင့်ရှောက်မှ သင့်လျော်မည်”ဟု ကြံစည် ဆင်ခြင်တော်မူ၍ ရာဓမထေရ်ကို ခေါ်ဆောင်ကာ ရွာငယ်ကျောင်းတခုသို့ ကြွရောက်တော်မူလေ၏။

     ထိုရွာငယ်ကျောင်းတိုက်၌ ယခုမှ ရဟန်းဖြစ်စ ဖြစ်သောကြောင့် ကျောင်းအိပ်ရာနေရာ-စသည် ငြိငြင်ပင်ပန်း ဆင်းရဲလှသော ရာဓမထေရ်အား ဥပဇ္ဈာယ်ဆရာ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် မိမိအတွက် ဝါစဉ်အလိုက်ရသော ကျောင်းအိပ်ရာနေရာကောင်းကို ပေးကမ်း ချီးမြှောက်တော်မူသည့်ပြင် မိမိအတွက် ဝါစဉ်အလိုက် ဆိုက်ရောက်ရရှိသော ဆွမ်းကောင်းများကိုလည်း ထိုရာဓမထေရ်အား ပေးကမ်းချီးမြှောက်တော်မူ၍ ကိုယ်တော်တိုင်ကမူ ဆွမ်းခံလှည့်လည်၍ ရသော ဆွမ်းဖြင့် မျှတတော်မူလေ၏။ ရာဓမထေရ်သည် ဥပဇ္ဈာယ်ဆရာ အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ ချီးမြှောက်ချက်ဖြင့် သပ္ပါယဖြစ်သော ကျောင်းအိပ်ရာ နေရာ, သပ္ပါယဖြစ်သော ဆွမ်းခဲဖွယ် ဘောဇဉ်ကို ရ၍ အရှင်သာရိပုတ္တရာမထေရ်၏ အထံ၌ ကမ္မဋ္ဌာန်းတရားကို သင်ယူ၍ အားထုတ်လေရာ မကြာမြင့်မီပင် အရဟတ္တဖိုလ်သို့ ဆိုက်ရောက်တော်မူလေ၏ = ရဟန္တာဖြစ်လေ၏။

အလီနစိတ္တဇာတ်ကို ဟောတော်မူခြင်း

     ထို့နောက် အရှင်သာရိပုတ္တရာသည် ရာဓမထေရ်ကို ခေါ်ဆောင်၍ မြတ်စွာဘုရားရှင်ကို ဖူးမြော်ရန် လာရောက်လေ၏။



၅၈၄

မြတ်စွာဘုရားသည် သိတော်မူလျက်ပင် အရှင်သာရိပုတ္တရာမထေရ်ကို “ချစ်သားသာရိပုတ္တရာ.. သင်ချစ်သားအား ငါဘုရားသည် အကြင် နိဿယည်းယူတပည့် ရာဓရဟန်းကို ပေးအပ်လေပြီ၊ ထိုရာဓရဟန်း၏ ဖြစ်ရပ်ကား အသို့နည်း၊ ထိုရဟန်းသည် သာသနာဝယ် မပျင်းရိပဲ ရှိ၏လော”ဟု မေးတော်မူလေ၏။ အရှင်သာရိပုတ္တရာသည် “မြတ်စွာဘုရား.. သာသနာတော်၌ မွေ့လျော် ပျော်ပိုက်သော ရဟန်းမည်သည် ဤရာဓရဟန်းကဲ့သို့ သဘောရှိသောသူသာ ဖြစ်သင့်ပါ၏”ဟု လျှောက်ထားလေ၏။

     ထို့နောက် သံဃာတော်တို့ အလယ်၌ “ငါ့ရှင်တို့.. အရှင်သာရိပုတ္တရာသည် သူ့ကျေးဇူးကိုလည်း သိတော်မူပါပေ၏။ သူ့ကျေးဇူး တုံ့ဆပ်မှုကိုလည်း ပြုတော်မူပါပေ၏”ဟု အရှင်သာရိပုတ္တရာမထေရ်၏ ဂုဏ်ကျေးဇူးနှင့်စပ်သော ချီးမွမ်းစကား ဖြစ်ပွါးလာလေသည်။ ထိုစကားကိုကြား၍ မြတ်စွာဘုရားသည် ရဟန်းတို့ကို “ရဟန်းတို့.. သာရိပုတ္တရာ၏ ယခုနောက်ဆုံး ပစ္ဆိမဘဝ၌ သူ့ကျေးဇူးကိုသိခြင်း, ကျေးဇူးတုံ့ဆပ်မှုကို ပြုခြင်းသည် မအံ့ဩလောက်သေး၊ သာရိပုတ္တရာသည် အတိတ်ဝေးစွာ ရှေးအခါဝယ် အဟိတ်တိရစ္ဆာန် ပဋိသန္ဓေ ဖြစ်စဉ်ကလည်း သူ့ကျေးဇူးကို သိတတ်, ကျေးဇူးတုံ့ဆပ်မှုကို ပြုတတ်သည်သာ ဖြစ်၏”ဟု မိန့်တော်မူလေ၏။ ရဟန်းတို့က “မြတ်စွာဘုရား.. အဘယ်အခါ၌ပါနည်း”ဟု မေးလျှောက်ကြလေလျှင် မြတ်စွာဘုရားသည် ဤဆိုလတ္တံ့သောအတိုင်း အတိတ်ဖြစ်ရပ် (ဒုကနိပါတ်လာ) အလီနစိတ္တဇာတ်ကို ဟောတော်မူလေ၏။

     ရဟန်းတို့.. လွန်လေပြီးသောအခါဝယ် တောင်ခြေ (တောင်ရင်း)၌ နေထိုင်ကြသည့် လက်သမားယောက်ျား (၅၀၀) ငါးရာတို့သည် တောအုပ်ကြီးအတွင်းသို့ ဝင်၍ သစ်အဆောက်အဦတို့ကို ဖြတ်တောက် ခုတ်ရွေကြပြီးလျှင် ကြီးစွာသောဖောင်ကို ဖွဲ့ကြလျက် မြစ်အတိုင်း မျှောဆောင်လေ့ရှိကြကုန်၏။ ထို့နောက် ဆင်ပြောင်ကြီးတကောင်သည် မြေမညီညွတ်သည့် တခုသောနေရာ၌ နှာမောင်းဖြင့် သစ်ခက်ကို ချိုးယူလတ်သော် သစ်ခက်ကျိုးက



၅၈၅

ကြီးမားလှသဖြင့် ထိုသစ်ခက်ကျိုး၏ အဟုန်ကို မထိန်းမဆောင်နိုင်တော့ပဲ ထက်လှစွာသော သစ်ငုတ်တခု၌ ခြေဖြင့် နင်းမိလေ၏။ ခြေထောက်ကို သစ်ငုတ် စူးဝင်သဖြင့် ဆင်ပြောင်ကြီး၏ကိုယ်မှာ ဒုက္ခဝေဒနာတို့ ပြင်းစွာ ဖြစ်လေကုန်၏။ ဆင်ပြောင်ကြီးသည် အလွန်နာကျင်လှ၍ ခရီးဆက်၍ မသွားနိုင်တော့ပဲ ထိုနေရာ၌ပင် လဲလျောင်း၍ နေရလေ၏။

     ဆင်ပြောင်ကြီးသည် နှစ်ရက် သုံးရက် လွန်သောအခါ ထိုလက်သမားများ မိမိ၏အနီးဖြင့် သွားကြသည်တို့ကို မြင်၍ “ဤလက်သမားတို့ကို အမှီပြုပြီးလျှင် ငါသည် အသက်ရှင်မှုကို ရပေလိမ့်မည်”ဟု ကြံစည် အောက်မေ့ကာ ထိုလက်သမားတို့၏နောက်သို့ ထ၍ လိုက်ပါလေ၏။ လက်သမားတို့သည် ပြန်နစ်၍ ဆင်ပြောင်ကြီးကို မြင်လတ်သော် အလွန် ကြောက်လန့်ကြလျက် ပြေးသွားကြလေ၏။ ဆင်ပြောင်ကြီးသည် လက်သမားများ ကြောက်၍ ပြေးသောအခါ ရပ်တည်နေ၍ တဖန် လက်သမားတို့ ရပ်နေပြန်သောအခါ လိုက်ပြန်လေ၏။

     ပညာအမြော်အမြင်ရှိသော လက်သမားဆရာကြီးသည် “ဤဆင်ကြီးကား ငါတို့ ရပ်ကြလျှင် လိုက်လာ၍ ငါတို့ ပြေးကြလျှင် ရပ်တည်နေ၏၊ ဤသို့ ပြုလုပ်ရာ၌ အကြောင်းတခုခု ရှိရမည်”ဟု ကြံစည် ဆင်ခြင်မိလေ၏။ ထို့နောက် လက်သမားများ အားလုံးပင် ထိုထိုသစ်ပင်ထက်သို့ တက်ကြ၍ ဆင်ပြောင်ကြီးအလာကို စောင့်နေကြကုန်၏။ ဆင်ပြောင်ကြီးသည် ထိုလက်သမားတို့အထံသို့ သွားရောက်၍ မိမိ၏ သစ်ငုတ်စူးနေသောခြေကို ပြန်လှည့်လျက် ပြသကာ လဲလျောင်းနေလေ၏။ ထိုအခါ လက်သမားတို့ စိတ်သန္တာန်ဝယ် “အချင်းတို့.. ဤဆင်ကြီးသည် မကျန်းမာသောကြောင့် ငါတို့နောက်သို့



၅၈၆

လိုက်ပါလာ၏။ အခြားအကြောင်းကြောင့် မဟုတ်”ဟု အမှတ်အသိဉာဏ် ဝင်ရောက်ပြီးလျှင် ဆင်ပြောင်ကြီးအနီးသို့ သွားရောက်ကြည့်ရှုကြလေလျှင် ခြေဖဝါး၌ စူးဝင်နေသော သစ်ငုတ်ငြောင့်ကြီးကို မြင်ကြ၍ “ဤငြောင့်စူးနေခြင်းဟူသောအကြောင်းကြောင့် ဤဆင်ကြီးသည် ငါတို့နောက်သို့ လိုက်ပါလာ၏”ဟု အမှန်အတိုင်း စဉ်းစားသိရှိကြပြီးလျှင် ထက်လှစွာသော ပဲခွပ်ဖြင့် သစ်ငုတ်ကြီး၏ အစွန်အဖျား၌ အရေးအရစ် ထွင်းလှစ်ကြ၍ မြဲမြံစွာ ကြိုးဖြင့် ဖွဲ့ချည်ကာ ဆွဲငင် ထုတ်ကြလေကုန်၏၊ ထို့နောင်မှ ဆင်ပြောင်ကြီး၏ ဖဝါးအနာဝကို ညှစ်၍ ပြည်သွေးများကို ထုတ်ပစ်ကြလျက် ဖန်ဆေးကြပြီးနောက် မိမိတို့ တတ်သိမှတ်မိသော ဆေးဝါးများကို လိမ်းကျံပေးကြ၍ မကြာမီပင် ပကတိချမ်းသာအောင် ပြုစုကုသပေးကြလေ၏။

     ဆင်ပြောင်ကြီးသည် နာလန်ထပြီးနောက် “ဤလက်သမားတို့သည် ငါ၏အပေါ်၌ အလွန်ကျေးဇူး များကြကုန်၏၊ ငါသည် လက်သမားတို့အပေါ်၌ ကျေးဇူးကိုသိသူ ကျေးဇူးကို တုံ့ဆပ်သူဖြစ်မှ သင့်တော်တော့မည်”ဟု ကြံစည်ကာ မိမိနေရာ တောအရပ်သို့ သွားရောက်၍ ကိုယ်လုံး ဆွတ်ဆွတ်ဖြူသော ဂန္ဓအမျိုး မင်္ဂလာဆင်ဖြူတော် သားငယ်ကို ခေါ်ဆောင်၍ လာလေ၏။ လက်သမားတို့သည် ဆင်ဖြူတော် သားငယ်ကို မြင်ရလေလျှင် “ငါတို့၏ ဆင်ကြီးသည် သားကိုလည်း ခေါ်ဆောင်၍လာပြီ”ဟု အလွန်အားရ ဝမ်းမြောက် သောစိတ် ရှိကြလေကုန်၏။ ထို့နောင် ဆင်ပြောင်ကြီးသည် “ဤအရပ်၌ ဆက်လက် တည်ရှိနေလျှင် ‘အဘယ့်ကြောင့် ဤဆင်ကြီး လာသည်’ဟု ငါ၏ လာရောက်ခြင်းအကြောင်းကို လက်သမားများ သိကြလိမ့်မည်မဟုတ်”ဟု ကြံစည်၍ မိမိ ရပ်တည်နေရာဌာနမှ ဖဲသွားလေ၏။

     ဆင်ဖြူတော် သားငယ်သည် ဖခင်ဆင်ပြောင်ကြီး၏ နောက်မှ ကောက်ကောက်လိုက်လေ၏၊ ဆင်ပြောင်ကြီးသည် သားငယ် လိုက်ပါလာသည်ကို သိ၍ လက်သမားတို့ထံ ပြန်နစ်ရန် အသံအမှတ်ကို ပေးလေ၏။ သားငယ် ဆင်ဖြူတော်ကလေးသည် ဖခင် ဆင်ပြောင်ကြီး၏ စကားအသံကို ကြားသိ၍ ပြန်နစ်ပြီးလျှင် လက်သမားတို့အထံသို့ သွားရောက်လေ၏။ ထိုအခါမှ လက်သမားတို့သည် “ဤဆင်ပြောင်ကြီးကား မိမိသားငယ် ဆင်ဖြူတော်ကလေးကို ငါတို့အားပေးရန် လာရောက်သည်



၅၈၇

ဖြစ်လိမ့်မည်”ဟု သိကြ၍ သားငယ် ဆင်ဖြူတော်ကလေးကို “ငါတို့၏အထံ၌ သင် ပြုလုပ်ရမည့်ကိစ္စ မရှိပါ၊ သင့်ဖခင်၏ အထံသို့သာလျှင် ပြန်သွားလော့”ဟု ခွင့်ပြုစေလွှတ်ကြကုန်၏။ ဆင်ပြောင်ကြီးသည် မိမိ၏သားငယ်ကို သုံးကြိမ်တိုင်တိုင် မိမိအထံသို့ လာရောက်သော်လည်း တဖန် လက်သမားတို့၏ အထံသို့သာလျှင် ပြန်၍ စေလွှတ်လေ၏။ ထိုအချိန်မှစ၍ လက်သမားတို့သည် ဆင်ဖြူတော်ငယ်ကို မိမိတို့အထံ၌သာ ထား၍ မွေးကျွေးကြလေကုန်၏။ ထမင်းစားချိန်၌ လက်သမား တယောက် တယောက်လျှင် ထမင်းတဆုပ် တဆုပ်ကျ ဆင်ဖြူတော်ငယ်အား ပေးကြလေ၏၊ သို့ရကား ထိုဆင်ဖြူတော်ငယ်၏ အဖို့ရာ အစာထမင်းသည် လိုအပ်သလောက် ပြည့်စုံနေလေ၏။ ဆင်ဖြူတော်ငယ်သည် လက်သမားများ တောတွင်း၌ ဖြတ်တောက် ခုတ်ရွေအပ်ပြီးသမျှသော သစ်အဆောက်အဦ အားလုံးကို တောမှ ထုတ်ဆောင် သယ်ယူခဲ့၍ ဟင်းလင်းလွင်ပြင်၌ စုပုံ၍ထားလေ၏။ ဤနည်းဖြင့်ပင် လက်သမားတို့အပေါ်ဝယ် အခြားကျေးဇူး ဥပကာရကိုလည်း ပြုပေ၏။

(အင်္ဂုတ္တရအဋ္ဌကထာ၌ အလီနစိတ္တဇာတ်ကို ဤမျှ (အရှင်သာရိပုတ္တရာ၏ သူ့ကျေးဇူး သိတတ်ပုံ ထင်ရှားရုံ)သာ ဖော်ပြအပ်လေသည်။ ဇာတ်တော်ကား မဆုံးသေးချေ။ ဆက်လက်၍ အကျဉ်းချုပ် ဖော်ပြဦးအံ့)-

     (အလီနစိတ္တဇာတ်တော်အဆက်)။ ။ထိုအချိန်မှစ၍ ဆင်ဖြူကလေးသည် လက်သမားတို့၏ စကားကိုလိုက်နာ, ဆုံးမသည်ကို ခံယူလျက် ခပ်သိမ်းသော အလုပ်ကိစ္စတို့ကို ရွက်ဆောင် ပြုလုပ်ပေးလေသည်။ လက်သမားတို့ကလည်း ဆင်ဖြူတော်ကလေးကို နေ့စဉ် နေ့စဉ် ထမင်း တလုပ်ကျစီပေး၍ မွေးမြူကြကုန်၏။ ဆင်ဖြူတော်ကလေးသည် အလုပ်ပြီးဆုံးလျှင် မြစ်သို့ဆင်း၍ ရေချိုး, ရေကစားပြီးမှ ပြန်လာ၏။ လက်သမားတို့၏ သားငယ်များသည်လည်း ဆင်ဖြူတော်ကလေးကို နှာမောင်း- စသည်တို့၌ ဆွဲကိုင်ကြကာ ရေ၌၎င်း, ကုန်း၌၎င်း ဆင်တော်ကလေးနှင့် အတူတကွ ကစားကြကုန်၏။



၅၈၈

အထူးအားဖြင့် ဆင်အာဇာနည်, မြင်းအာဇာနည်, ယောက်ျားအာဇာနည်တို့သည် ရေ၌ ကျင်ကြီးကျင်ငယ်ကို မစွန့်ကြကုန်၊ ထို့ကြောင့် ဆင်ဖြူတော်ကလေးသည်လည်း မြစ်အတွင်း၌ ကျင်ကြီးကျင်ငယ်ကို မစွန့်ပဲ မြစ်မှလွတ်ရာ အပြင်အပ၌သာ ကျင်ကြီးကျင်ငယ်ကို စွန့်လေသည်။

     တနေ့သ၌ ဗာရာဏသီပြည်မှ အထက်မြစ်ညာ ဆင်ဖြူတော်ကလေးများနေရာ၌ မိုးသည်းစွာ ရွာသွန်းလေ၏။ ထိုအခါ ဆင်ဖြူတော်ကလေး မြစ်အပြင်အပ၌ စွန့်၍ထားသော ကျင်ကြီးခြောက်တခုသည် မိုးကျရေဖြင့် မြစ်အတွင်းသို့ သက်ရောက်ကာ သွားလျက် ဗာရာဏသီမြို့တော် ရေဆိပ်ဝယ် တခုသောချုံ၌ ငြိတွယ်၍ တည်လေ၏။ ထိုအခါ မင်းကြီး၏ ဆင်ထိန်းတို့သည် “ဆင်များကို ရေချိုးပေးကြကုန်အံ့”ဟု ဆင်အစီး (၅၀၀) ငါးရာတို့ကို မြစ်ဆိပ်သို့ မောင်းနှင် ခေါ်ဆောင်လာကြကုန်၏။ အာဇာနည် ဆင်ဖြူတော်ကလေး၏ ကျင်ကြီးနံ့ကို နမ်းရှူမိကြ၍ ဆင်တကောင်မျှ မြစ်တွင်းသို့ မဆင်းဝံ့ကြပဲ ဆင်အားလုံးတို့ပင် အမြီးကိုထောင်၍ ပြေးရန် အားထုတ်ကြကုန်၏။ ဆင်ထိန်းတို့သည် ဆင်ဆေးဆရာတို့အား ထိုအကြောင်းကို ပြောကြားကြကုန်၏။ ဆင်ဆေးဆရာတို့သည် “ရေထဲ၌ တစုံတခု ဘေးရန်ရှိသည် ဖြစ်လိမ့်မည်”ဟု ရေကို သုတ်သင်စေကြသည်ရှိသော် ချုံဖုတ်၌ ကပ်ငြိနေသော ဆင်အာဇာနည်၏ ကျင်ကြီးကို တွေ့မြင်ကြ၍ “ဤဆင်များ ပြေးသွားရန် အားထုတ်မှု၌ ဤကျင်ကြီးသည် အကြောင်းရင်းဖြစ်သည်”ဟု သိရှိကြကာ အိုးစရည်းကို ယူဆောင်စေ၍ ရေအပြည့် ထည့်ကြလျက် ထိုဆင်အာဇာနည်၏ ကျင်ကြီးကို အိုးစရည်းအတွင်း၌ နယ်စေကြပြီးလျှင် ငါးရာသော ဆင်တို့၏ကိုယ်၌ လောင်းစေကြကုန်၏၊ ဆင်များ၏ ကိုယ်တို့ သည် ရနံ့ကောင်း မွှေးကြိုင်လှိုင်၍ နေကုန်၏။ ထိုအခါမှာမှ ဆင်တို့သည် မြစ်သို့ဆင်း၍ ရေချိုးကြလေကုန်၏။



၅၈၉

     ဆင်ဆေးဆရာတို့သည် ထိုအကြောင်းကို မင်းကြီးအား ပြောကြားကြ၍ “အရှင်မင်းကြီး.. ထိုဆင်အာဇာနည်ကို တွေ့အောင်ရှာ၍ ရွှေနန်းတော်အရောက် ဆောင်ယူမှ သင့်တော်မည်”ဟု လျှောက်ထားကြလေ၏။ မင်းကြီးသည် လှေအပေါင်းတို့ဖြင့် မြစ်ကို ဆန်တက်ခဲ့ရာ အထက်မြစ်ညာသို့ ဆန်သော လှေအပေါင်းတို့ဖြင့် လက်သမားများနေရာ တောင်ခြေတောအုပ်သို့ ရောက်လေ၏။ ဆင်ဖြူတော်ကလေးသည် မြစ်ဆိပ်၌ ရေကစားစဉ် စည်သံကိုကြား၍ ပြေးသွားကာ လက်သမားတို့၏ အနီး၌ ရပ်တည်လာလေ၏။ လက်သမားတို့သည် မင်းကြီးအား ခရီးဦး ကြိုဆိုကြပြီးလျှင် “အရှင်မင်းကြီး.. အကယ်၍ သစ်သားတို့ကို အလို တော်ရှိပါလျှင် အဘယ့်ကြောင့် မင်းကြီးကိုယ်တိုင် ကြွရောက်တော်မူလာရသနည်း၊ တမန်စေလွှတ်၍ ဆက်သစေခြင်းငှါ (=အဆက်အသခိုင်းရန်) မသင့်လျော်ဘူးလော”ဟု လောကဝတ် ပျူငှာစကား လျှောက်ထားကြကုန်၏။ မင်းကြီးက “အချင်းလက်သမားတို့.. ငါသည် သစ်သားတို့ကို ရယူရန်အကျိုးငှါ လာသည်မဟုတ်၊ စင်စစ်သော်ကား သင်တို့ထံမှာရှိနေသည့် ဤဆင်ဖြူငယ်ကို ရယူရန်အကျိုးငှါ ငါလာရောက်ပေသည်”ဟု မိန့်ဆိုလေလျှင် လက်သမားတို့သည် “အရှင်မင်းကြီး.. ထိုသို့ဖြစ်လျှင် အလိုတော်ရှိတိုင်း ဖမ်းယူစေ၍ ကြွသွားတော်မူကြကုန်လော့”ဟု ခွင့်ပြုစကား လျှောက်ထားကြကုန်၏။

     ဆင်ဖြူတော်ကလေးသည် လိုက်ပါခြင်းငှါ အလိုမရှိ = ဆင်ဆရာတို့က ဖမ်းယူ ဆွဲဆောင်ကြသော်လည်း ကြံ့ကြံ့ရပ်တည်၍သာ နေ၏။ ထိုအခါ မင်းကြီးက ဆင်ဆရာတို့ကို “အချင်း ဆင်ဆရာတို့.. ဆင်ဖြူတော်သည် အဘယ်အမှုကို ပြုစေလိုသနည်း”ဟု မေး၍ ဆင်ဆရာတို့က “အရှင်မင်းကြီး.. ဆင်ဖြူတော်သည် လက်သမားတို့အား ကျွေးမွေးခကို ပေးဆောင်စေလိုပါ၏”ဟု လျှောက်ထားလေလျှင် မင်းကြီးသည် “ကောင်းပြီ အချင်းတို့..”ဟု ဆို၍ ဆင်ဖြူတော်၏ ခြေလေးဖက်, နှာမောင်း, အမြီး = ဤခြောက်ဌာနတို့ အနီး၌ အသပြာ တသိန်းစီ တသိန်းစီကို စုပုံထားစေလေ၏။



၅၉၀

ဆင်ဖြူတော်သည် ဤမျှ (ခြောက်သိန်းသော အသပြာ)ဖြင့်လည်း မလိုက်ပါပြန်လေသော် လက်သမား အားလုံးတို့အား ဝတ်စုံ တစုံစီ, လက်သမား မယားတို့အား ထဘီဝတ်စုံ တစုံစီ, မိမိနှင့် ကစားဖော် သူငယ်တို့အား သူငယ်တို့အသုံးအဆောင် အစုံအလင် မင်းကြီးက ပေးစေလေသည်၊ ထိုသို့ ပေးစေမှသာလျှင် ဆင်ဖြူတော်သည် လက်သမားများ လက်သမားမိန်းမများ ကစားဖော် သူငယ်များကို ပြန်နစ်ကာ ကြည့်လျက် ကြည့်လျက်ပင် မင်းကြီးနှင့် အတူတကွ လိုက်ပါလေ၏။

     မင်းကြီးသည် ဆင်ဖြူတော်ကို ယူဆောင်၍ မြို့သို့ ရောက်လေသော် မြို့ကို၎င်း, ဆင်တင်းကုပ်ကို၎င်း တန်းဆာဆင်စေ၍ ဆင်ဖြူတော်ကို မြို့ကို လက်ျာရစ် လှည့်လည်စေလျက် ဆင်တင်းကုပ်သို့ သွင်းပြီးလျှင် ဆင်တော်ဆိုင်ရာ အဆင်တန်းဆာ အစုံတို့ဖြင့် တန်းဆာဆင်ကာ မင်္ဂလာအဘိသိက် သွန်းတော်မူပြီးလျှင် မင်းစီးဆင် ပြုလုပ်၍ မိမိ၏ အဆွေအရာ၌ထားလျက် ပြည်စည်းစိမ်တဝက်ကို ဆင်ဖြူတော်အား ပေးပြီးလျှင် မိမိနှင့် အဆောင်အယောင် အခမ်းအနားတူ ပြုမူ ချီးမြှောက်တော်မူလေ၏။ ဆင်ဖြူတော် ရောက်သည့်အချိန်မှစ၍ ဗာရာဏသီမင်းကြီး၏ အဖို့ရာ ဇမ္ဗူဒိပ် တကျွန်းလုံး၌ မင်းအဖြစ် (=မင်းစည်းစိမ်)သည် လက်ရောက်ရပြီးလျှင် ဖြစ်လေ၏။

     ဤနည်းဖြင့် အချိန်ကာလ အတန်ကြာလွန်လတ်သော် ဘုရားအလောင်းတော်သည် ထိုဗာရာဏသီမင်းကြီး၏ အဂ္ဂဒေဝီ မဟေသီ မိဖုရားခေါင်ကြီးဝမ်း၌ ပဋိသန္ဓေ ယူနေတော်မူလာ၏။ မိဖုရားကြီး၏ကိုယ်ဝန် ရင့်ကျက်သောအခါ၌ ဗာရာဏသီ မင်းကြီးသည် နတ်ရွာစံလေ၏။ ဆင်ဖြူတော်သည် အကယ်၍ မင်းကြီး နတ်ရွာစံကြောင်း သိရှိလျှင် ထိုသိရာနေရာမှာပင် နှလုံးကွဲ၍ သေပွဲဝင်လေရာ၏။ ထို့ကြောင့် မှူးမတ်တို့က ဆင်ဖြူတော်ကို မင်းကြီး နတ်ရွာစံကြောင်း မသိကြစေပဲ ပြုစုလုပ်ကျွေးမြဲ လုပ်ကျွေး၍ ထားကြကုန်၏။



၅၉၁

     အထူးအားဖြင့် ဗာရာဏသီမင်းကြီး နတ်ရွာစံကြောင်း ကြားသိရ၍ “ဗာရာဏသီပြည်သည် မင်းမှ ဆိတ်သုဉ်းနေသတဲ့”ဟု အခြားမဲ့ အနီးအပါး ကောသလတိုင်းရှင် (=ကောသလဘုရင်) မင်းတပါးသည် များစွာသော စစ်တပ်ကြီးဖြင့် လာရောက်၍ မြို့ကို ဝန်းရံထားလေ၏။ ဗာရာဏသီမြို့သားတို့သည် ကောသလမင်းအထံသို့ “အကျွန်ုပ်တို့မင်းကြီး၏ မိဖုရားခေါင်ကြီးသည် ယခုအခါ ကိုယ်ဝန်အရင့်အမာ ဖြစ်ရှိလျက် ‘ယနေ့မှနောက် ခုနစ်ရက်မြောက်၌ သားတော်ကို ဖွားမြင်လိမ့်မည်’ဟု အင်္ဂဝိဇ္ဇာတတ် လက္ခဏာဖတ်ဆရာတို့က ဟောဆိုကြပါသည်။ အကယ်၍ မိဖုရားကြီးက သားတော်ကို ဖွားမြင်ခဲ့ပါလျှင် ကျွန်ုပ်တို့သည် ခုနစ်ရက်မြောက်သောနေ့၌ တိုင်းပြည်ကိုကား မပေး စစ်ထိုးခြင်းကိုသာလျှင် ပေးကြပါကုန်အံ့၊ ဤမျှ (ခုနစ်ရက်ကြာ) ကာလပတ်လုံး စောင့်ဆိုင်းကုန်လော့”ဟု သတင်းစကား သဝဏ်လွှာ ပို့သကြကုန်၏။ ကောသလမင်းသည် “ကောင်းပြီ”ဟု သဘောတူ လက်ခံလေ၏။

     မိဖုရားကြီးသည် ခုနစ်ရက်မြောက် ရောက်သောနေ့၌ သားတော်ကို မီးရှူးသန့်စင် ဖွားမြင်လေ၏။ ထိုမင်းသား၏ အမည်မှည့်သောနေ့၌ တိုင်းသားပြည်သူ လူအပေါင်း၏ မဆုတ်နစ်သောစိတ်ကို ချီးမြှောက်လျက် ဖွားမြောက် သန့်စင်လာသောကြောင့် “အလီနစိတ္တမင်းသား”ဟူ၍ မင်းသား၏အမည်ကို မှည့်ခေါ်ကြလေကုန်၏။ (အလီနစိတ္တ = မဆုတ်နစ်သောစိတ်ကို ဖြစ်တတ်သော မင်းသားဟု ဆိုလိုသည်)။

     အထူးအားဖြင့် မင်းသား ဖွားမြင်သောနေ့မှ စ၍ ဗာရာဏသီ မြို့သားတို့သည် ကောသလမင်းနှင့် ပြိုင်ဆိုင် စစ်ထိုးကြလေကုန်၏၊ သို့ပါသော်လည်း စစ်မြေဦးစီး ဘုရင်မင်းတရား မရှိသောကြောင့် စစ်သည်ဗိုလ်ပါ များလှစွာသော်လည်း စစ်ထိုးရင်း ထိုးရင်းပင် အနည်းငယ် အနည်းငယ် စိတ်ဓာတ်ကျဆင်း ဆုတ်နစ်၍ လာလေ၏။ အမတ်တို့သည် ထိုအကြောင်းကို မိဖုရားကြီးအား ပြောကြားကြ၍ “အရှင်မိဖုရား.. အကျွန်ုပ်တို့သည် ဤနည်းအတိုင်းသာ



၅၉၂

စစ်သည်ဗိုလ်ပါများ စိတ်ဓာတ်ကျဆင်း ဆုတ်နစ်နေပါလျှင် စစ်ရှုံးမည်မှ ကြောက်လန့်ကြရပါသည်။ အထူး လျှောက်ထားလိုပါသည်မှာ- အကျွန်ုပ်တို့မင်းကြီး နတ်ရွာစံကြောင်း, သားတော် ဖွားမြင်ကြောင်း, ကောသလမင်း လာရောက်၍ အကျွန်ုပ်တို့၏ပြည်ကို စစ်ထိုးနေကြောင်း = ဤအကြောင်းများကို မင်းကြီး၏အဆွေ မင်္ဂလာဆင်ဖြူတော် မသိရှိသေးပါ။ ထိုအကြောင်းများကို မင်္ဂလာဆင်ဖြူတော်ကို သိစေကြကုန်စို့လား”ဟု မေးမြန်း တိုင်ပင်စကား ပြောကြားကြကုန်၏။ မိဖုရားကြီးသည် “ကောင်းပြီ”ဟု ဝန်ခံ၍ သားတော်ကို တန်းဆာဆင်ပြီးလျှင် ဘွဲ့ဖြူခင်းနှီး၌ လဲလျောင်းစေကာ ပြာသာဒ်မှဆင်း၍ အမတ်ပေါင်း ခြံရံအပ်လျက် ဆင်တင်းကုပ်သို့ သွားရောက်ပြီးလျှင် ဘုရားအလောင်းတော် မင်းသားကို ဆင်ဖြူတော်၏ ခြေရင်း၌ သိပ်ထား၍ “အို အရှင်ဆင်ဖြူတော်မင်း.. အရှင်မင်း၏ သူငယ်ချင်းကား နတ်ရွာစံလေပြီ၊ အကျွန်ုပ်တို့သည် အရှင်ဆင်မင်း နှလုံးကွဲ၍ သေပွဲဝင်မည့်ဘေးမှ ကြောက်သဖြင့် မလျှောက်ထားခဲ့ကြပါကုန်၊ ဤမင်းသားကား အရှင်ဆင်မင်းသူငယ်ချင်း၏ သားတော်ဖြစ်ပါသည်။ ယခုအခါ ကောသလမင်း လာရောက်၍ မြို့ကို ဝန်းရံပြီးလျှင် အရှင်ဆင်မင်း၏ သားတော်နှင့် စစ်ထိုးလျက် ရှိပါသည်၊ ဗိုလ်ပါများလည်း စိတ်ဓာတ်ကျဆင်း ဆုတ်နစ်လျက် ရှိနေကြပါသည်။ အရှင်ဆင်မင်း၏ သားတော်ကို အရှင်ဆင်မင်းပင်လျှင် သတ်လိုမူလည်း သတ်လော့၊ သို့မဟုတ် ထိုမင်းသားအား မင်းအဖြစ်ကို အရှင်ဆင်မင်းပင် ယူ၍ ပေးလိုမူလည်း ပေးလော့”ဟု မိဖုရားကြီးက ပြောဆိုလေ၏။

     ထိုအခါ ဆင်ဖြူတော်သည် ဘုရားအလောင်း (=အလီနစိတ္တ မင်းသားငယ်)ကို နှာမောင်းဖြင့် သုံးသပ် ပွေ့ပိုက် မြှောက်ချီ၍ ဦးကင်း၌ထားကာ သည်းစွာ ငိုကြွေးလျက် ဘုရားအလောင်းကို ဦးကင်းမှ တဖန်ပြန်၍ချပြီးလျှင် မိဖုရားကြီး၏လက်၌ သိပ်ထားစေပြီးမှ “ကောသလမင်းကို အရှင်လတ်လတ် ငါဖမ်းယူအံ့”ဟု ကြုံးဝါးလျက် ဆင်တင်းကုပ်မှ ထွက်လေ၏။ ထိုအခါ အမတ်တို့သည်



၅၉၃

ဆင်ဖြူတော်အား ချပ်ဝတ်တန်းဆာများ ဝတ်ဆင်ပေးကြ၍ မြို့တံခါးကို ဖွင့်ကြကာ ဆင်ဖြူတော်ကို ဝန်းရံကုန်လျက် မြို့မှ ထွက်ကြလေကုန်၏။ ဆင်ဖြူတော်သည် မြို့မှထွက်ပြီးလျှင် ကြိုးကြာသံကိုဟစ်လျက် လူအပေါင်းကို ထိတ်လန့်ပြေးသွား ဖယ်ရှားစေ၍ ရန်သူမင်း၏ ဗိုလ်ရဲမက်အစုကို ဖောက်ထွင်းပြီးနောက် ရန်သူကောသလမင်းကို ဦးသျှောင်၌ ဆွဲယူ ဖမ်းဆောင်ခဲ့၍ ဘုရားအလောင်းတော် အလီနစိတ္တမင်းသားငယ်၏ ခြေရင်း၌ လဲလျောင်းစေ၍ ထိုမင်းကိုသတ်ရန် ထကြွလှုပ်ရှားသော မိမိတို့ဖက် ရဲမက်များကို ဟန့်တားပြီးလျှင် “အသင် ကောသလမင်းသည် ဤအခါမှစ၍ မမေ့မလျော့သူ ဖြစ်လေလော့၊ ‘မင်းသား ကလေး ငယ်သော’ဟု အမှတ်မပြုလင့်”ဟူ၍ သတိပေးစကား ပြောကြားဆုံးမ၍ လွှတ်လိုက်လေ၏။

     ထိုအချိန်မှစ၍ ဇမ္ဗူဒိပ်ကျွန်းအလုံး၌ မင်းစည်းစိမ်သည် အလောင်းတော် အလီနစိတ္တမင်းသား၏လက် ရောက်ပြီးသည်သာလျှင် ဖြစ်တော့၏။ အခြားရန်သူ တဦးတယောက် ထကြွဝံ့သောမည်သည် မရှိဖြစ်လေ၏။ ဘုရားအလောင်းသည် အသက်တော် ခုနစ်နှစ်ရှိသောအခါ၌ ရာဇအဘိသိက်သွန်းခံ၍ အလီနစိတ္တ မည်သော မင်းဖြစ်လျက် တရားသဖြင့် မင်းပြုပြီးလျှင် အသက်အဆုံး၌ နတ်ပြည်သို့ လားရောက်တော်မူလေ၏။

(ဤအလီနစိတ္တဇာတ်တော်အရင်းကို မူလပဌမ၌ လုံ့လဝီရိယ လျှော့ချသော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူသည်။ နောက်အခါ အရှင်ရာဓမထေရ်ဝတ္ထု ဖြစ်ပေါ်လာသောအချိန်၌ အရှင်သာရိပုတ္တရာမထေရ်၏ ကတညူ, ကတဝေဒိတာဂုဏ် ထင်ရှားစေရန် ဖခင်ဆင်ပြောင်ကြီးက သားငယ် ဆင်ဖြူတော်ကလေးကို လက်သမားတို့အား ပေးအပ်သောအခဏ်းတိုင်အောင် ဟောကြားတော်မူပြန်၏ဟု အထူးမှတ်ယူရာ၏)။

     မြတ်စွာဘုရားရှင်သည် ဤအတိတ်ဇာတ် အဋ္ဌုပ္ပတ်ကို ထုတ်ဆောင် ဟောကြားတော်မူ၍ ယခု ဘုရားဖြစ်တော်မူသောအခါ ဤဆိုလတ္တံ့သော ၂-ဂါထာတို့ကို ဟောကြားတော်မူလေ၏-



၅၉၄

(၁) အလီနစိတ္တံ နိဿာယ၊ ပဟဋ္ဌာ မဟတီ စမူ။

ကောသလံ သေနာသန္တုဋ္ဌံ၊ ဇီဝဂ္ဂါဟံ အဂါဟယိ။

ဘိက္ခဝေ = ရဟန်းတော်များ အို ချစ်သားတို့..။ အလီနစိတ္တံ = အလီနစိတ္တ အမည်ရသည့် ဘုရားအလျာ သူမြတ်ငါကို။ နိဿာယ = အားထားသမှု အမှီပြု၍။ ပဟဋ္ဌာ = နှစ်လိုအားရမ်း ဝမ်းမြောက်သော။ မဟတီ စမူ = ဗာရာဏသီဘက်သား ကြီးမားသော စစ်တပ်ကြီးသည်။ သေန = မိမိပိုင်စံ တိုင်းနိုင်ငံဖြင့်။ အသန္တုဋ္ဌံ = လောဘထန်ကဲ မရောင့်ရဲသော။ ကောသလံ = ကောသလတိုင်းရှင် ရန်သူဘုရင်မင်းကို။ ဇီဝဂ္ဂါဟံ = ဆင်ဖြူတော်ဝင် သူ့စွမ်းအင်ဖြင့် အရှင်ဖမ်းယူခြင်းကို။ အဂါဟယိ = အခွင့်ပိုင်ပိုင် ဖမ်းယူနိုင်ခဲ့လေပြီ။

(၂) ဧဝံ နိဿယသမ္ပန္နော၊ ဘိက္ခု အာရဒ္ဓဝီရိယော။

ဘာဝယံ ကုသလံ ဓမ္မံ၊ ယောဂက္ခေမဿ ပတ္တိယာ။

ပါပုဏေ အနုပုဗ္ဗေန၊ သဗ္ဗသံယောဇနက္ခယံ။

ဧဝံ = ဤအတူ။ နိဿယသမ္ပန္နော = ဘုရားမြတ်စွာ အရိယာသာဝက တည်းဟူသော ကလျာဏ မိတ္တကုံလုံ မှီရာနှင့်ပြည့်စုံသော။ အာရဒ္ဓဝီရိယော = ဖန်ဖန်ပွါးလစ် အားသစ်အပ်သော လုံ့လဝီရိယရှိသော။ ဘိက္ခု = သံသရာဘေး ခန္ဓာရေးကို ထောက်တွေးသိမြင် ပညာရှင်သည်။ ယောဂက္ခေမဿ = ယောဂလေးတန် ကုန်ရာမှန်သား နိဗ္ဗာန်ကြငှန်း ဘေးမဲ့နန်းသို့။ ပတ္တိယာ = လျင်မြန်ထုတ်ချောက် ရောက်စိမ့်သောငှါ။ ကုသလံ ဓမ္မံ = အပြစ်မဲ့ငြား ဗောဓိပက္ခိယတရားကို။ ဘာဝယံ = ဘာဝယန္တော = သမ္မပ္ပဓာန်လေးပါး လုံ့လအားဖြင့် ပွါးများလတ်သည်ရှိသော်။ သဗ္ဗသံယောဇနက္ခယံ = သံယောဇန်ဆယ်သင်း အကုသိုလ်ခပင်းတို့၏ အကြွင်းမဲ့ကုန်ဆုံးရာ အရဟတ္တဖိုလ်သို့။ အနုပုဗ္ဗေန = မဂ်ဉာဏ်လေးပါး အစဉ်အားဖြင့်။



၅၉၅

ပါပုဏေ = ပါပုဏေယျ = ရည်ရွယ်သလောက် ခရီးပေါက်၍ ဆိုက်ရောက်လေရာ၏။

     ဤသို့လျှင် မြတ်စွာဘုရားသည် အမြိုက်နိဗ္ဗာန်ဖြင့် တရားဒေသနာ၏ အထွတ်ကို တပ်ဆင်ကာ ထို၏အထက် တဖန်ဆက်၍ သစ္စာလေးပါးတရားကို ပြတော်မူ၍ ဇာတ်တော်ကို ပေါင်းတော်မူလေ၏။ သစ္စာလေးပါးတရားကို ဟောပြသည်၏အဆုံး၌ လုံ့လဝီရိယ လျှော့ချသော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်လေ၏။ ထိုအခါ မယ်တော်သည် ယခုအခါ မဟာမာယာမိဖုရား, ထိုအခါ ခမည်းတော်သည် ယခုအခါ သုဒ္ဓေါဒနမင်းတရားကြီး ဖြစ်၍လာ၏။ ထိုအခါ မင်းစည်းစိမ်ကို အရယူ၍ပေးသော ဆင်ဖြူတော်သည် ယခုအခါ လုံ့လဝီရိယ လျှော့ချသော ရဟန်း, ဖခင် ဆင်ပြောင်ကြီးသည် ယခုအခါ အရှင်သာရိပုတ္တရာမထေရ်, ပြည်နီးဖြစ်ဖြစ်သော ကောသလမင်းသည် ယခုအခါ အရှင်မဟာမောဂ္ဂလာန်ဖြစ်၍ ထိုစဉ်အခါ အလီနစိတ္တမင်းသားသည် ယခုအခါ ငါဘုရားဖြစ်လာ၏-ဟု ဇာတ်တော်ကို ပေါင်းတော်မူလေ၏။ ။ဤကား ဒုကနိပါတ်လာ အလီနစိတ္တဇာတ်တည်း။

     မြတ်စွာဘုရားရှင်သည် ဤအလီနစိတ္တဇာတ်တော်ကို ထုတ်ဆောင်ဟောပြ၍ ရှေးအခါကလည်း အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ သူ့ကျေးဇူး သိတတ်သည်၏ အဖြစ်ကို ပြတော်မူ၏။ ထို့ပြင် အရှင်ရာဓမထေရ်ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်သည် သံယုတ္တနိကာယ် ခန္ဓဝဂ္ဂသံယုဂ်၌ ဝဂ်ပေါင်း ၄-၀ဂ် သုတ်ပေါင်း ၄၆-သုတ်တို့ဖြင့် တန်းဆာဆင်အပ်သော (၂) ရာဓသံယုတ်ကို ဟောတော်မူအပ်လေသည်။

     ထို့ပြင်လည်း အရှင်သာရိပုတ္တရာ မထေရ်မြတ်က အရဟတ္တဖိုလ်သို့ရောက်ပြီးသော အရှင်ရာဓမထေရ်ကို ခေါ်ဆောင်၍ မြတ်စွာဘုရား ထံတော်မှောက်သို့ လာရောက်ရှိခိုး ထိုင်နေသောအခါ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာမထေရ်ကို “ချစ်သားသာရိပုတ္တရာ.. သင်၏ အန္တေဝါသိက = အနီးနေတပည့်ဖြစ်သူ



၅၉၆

ရာဓရဟန်းသည် ဆုံးမလွယ်သူ ဖြစ်၏လော”ဟု မေးတော်မူသဖြင့် အရှင်သာရိပုတ္တရာမထေရ်က “မြတ်စွာဘုရား.. ရာဓရဟန်းသည် အလွန်ပင် ဆုံးမလွယ်သူဖြစ်ပါ၏၊ တစုံတရာ အပြစ်ကို ပြောဆိုအပ်လျှင် အမျက်ထွက်ဘူးသည်ဟူ၍ မရှိပါ”ဟု ပြန်ကြား လျှောက်ထားသောအခါ မြတ်စွာဘုရားရှင်က “ချစ်သား သာရိပုတ္တရာ.. ဤသို့ ဆုံးမလွယ်သော တပည့်များကိုရလျှင် သင်ချစ်သားသည် အဘယ်မျှ (ဘယ်နှစ်ဦးလောက်) ရယူလိုသနည်း”ဟု မေးတော်မူ၏။ အရှင်သာရိပုတ္တရာ မထေရ်ကလည်း “မြတ်စွာဘုရား.. ဤရာဓရဟန်းကဲ့သို့ ဆုံးမလွယ်သော တပည့်တို့ကို ရပါမူ တပည့်တော်သည် များစွာသော တပည့်တို့ကိုလည်း ရယူလိုပါ၏”ဟု ပြန်ကြား လျှောက်ထားလေ၏။

     ထို့နောက် ရဟန်းတို့က အရှင်သာရိပုတ္တရာ၏ ကတညုတာ ကတဝေဒိတာ ဂုဏ်ကျေးဇူးကို ချီးမွမ်း ပြောဆိုကြသောအခါ မြတ်စွာဘုရားရှင်သည် ဖော်ပြရာပါ အလီနစိတ္တဇာတ်ကိုဟော၍ အဟိတ်တိရစ္ဆာန် ဘဝ၌ပင်သော်လည်း အရှင်သာရိပုတ္တရာ၏ သူ့ကျေးဇူးသိတတ်ပုံကို ထင်ရှားစေတော်မူပြီးနောက် အရှင်ရာဓမထေရ်ကို အကြောင်းပြု၍ “ရဟန်းတို့.. ရဟန်းဖြစ်သောသူမည်သည် ဤရာဓရဟန်းကဲ့သို့ ဆိုဆုံးမလွယ်သူ ဖြစ်သင့်၏၊ အပြစ်ကိုပြ၍ ဆရာသမားတို့က ဆိုဆုံးမအပ်လျှင် အမျက်မထွက်ရာ၊ အဆုံးအမ ဩဝါဒပေးသော ဆရာကို ရွှေအိုး, ငွေအိုးကို ညွှန်ပြသောသူကဲ့သို့ မှတ်ယူရမည်”ဟု မိန့်တော်မူ၍ စကားအနုသန္ဓေ ဆက်စပ်ကာ တရားဒေသနာကို ဟောတော်မူလိုသည်ဖြစ်၍ ဓမ္မပဒဝယ် ဤဂါထာကို မိန့်ဆို ဟောကြားတော်မူလေ၏-

နိဓီနံ ပဝတ္တာရံ၊

ယံ ပဿ ဝဇ္ဇဒဿိနံ။

နိဂ္ဂယှဝါဒိံ မေဓာဝိံ၊

တာဒိသံ ပဏ္ဍိတံ ဘဇေ။

တာဒိသံ ဘဇမာနဿ၊

သေယျော ဟောတိ န ပါပိယော။



၅၉၇

ဘိက္ခဝေ = ရဟန်းတော်များ အို ချစ်သားတို့..။ နိဓီနံ = ရတနာမျိုး ရတနာအိုးကို။ ပဝတ္တာရံ ဝိယ = အကျိုးလိုလား ညွှန်ကြားပြောဆိုသော သူကိုကဲ့သို့။ ဝဇ္ဇဒဿိနံ = မိမိအပေါ် အကျိုးကိုမြော်၍ မလျော်သည့်အပြစ်ကို စိစစ်ရှုကြည့်လေ့ရှိသော။ ယံ = အကြင်ဆရာသခင် ပညာ့ရှင်ကို။ ပဿေ = ပဿေယျ = ရှေးကုသိုလ်ကံ စီမံထောက်မ တွေ့ကြုံရငြားအံ့။ နိဂ္ဂယှဝါဒိံ = အပြစ်အလျောက် ခြိမ်းခြောက်နှိပ်ကွပ်၍ ပြောဆို ဆုံးမလေ့ရှိသော။ မေဓာဝိံ = တရားခပင်း ထိုးထွင်းမြင်သိ ဓမ္မောဇပညာလည်း ရှိပေထသော။ တာဒိသံ ပဏ္ဍိတံ = ထိုသို့ရှုအပ် မြတ်သောပညာ့ရှင် ဆရာသခင်ကို။ ဘဇေ = ဘဇေယျ = နေ့ညဉ့်မကွာ ဆည်းကပ်ရာ၏။ တာဒိသံ = ထိုသို့ရှုအပ် မြတ်သောပညာ့ရှင် ဆရာသခင်ကို။ ဘဇမာနဿ = နေ့ညဉ့်မလပ် ဆည်းကပ်သောသူ၏ (အဖို့ရာ)။ သေယျော = အထူးသဖြင့် ချီးမွမ်းအပ်လျှင်း ကြီးပွါးခြင်းသည်သာ။ ဟောတိ = ဖြစ်၏။ ပါပိယော = ယုတ်ညံ့ဘိလျှင်း ဆုတ်ယုတ်ခြင်းသည်။ န ဟောတိ = မဖြစ်။

     ဒေသနာနိဂုံး ဆုံးလတ်သောအခါ များစွာသောသူတို့ သောတာပတ္တိဖိုလ် စသည်တို့သို့ ဆိုက်ရောက်ကြလေသည်။ (ဓမ္မပဒ ဋ္ဌ ၁၊ မျက်နှာ ၃၄၆-မှ)။

(ဂ) ဧတဒဂ်ဘွဲ့ထူး ရတော်မူခြင်း

     နောက်တချိန်၌ မြတ်စွာဘုရားသည် မထေရ်မြတ်တို့ကို အစဉ်အတိုင်း ဧတဒဂ်ရာထူး = ဌာနန္တရ၌ ထားတော်မူသည်ရှိသော် အရှင်ရာဓမထေရ်ကို-

“ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ပဋိဘာနေယျကာနံ ယဒိဒံ ရာဓော = ရဟန်းတို့.. ငါဘုရား တရားဟောဆိုကြောင်း = ဓမ္မဒေသနာ ဉာဏ်ပညာပဋိဘာန်ကို



၅၉၈

ဖြစ်စေတတ်ကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့တွင် ရာဓရဟန်းသည် အသာဆုံး အမြတ်ဆုံး ဖြစ်၏”-

ဟု ချီးကျူး မိန့်မြွက်တော်မူကာ “ပဋိဘာနေယျက = မြတ်စွာဘုရား၏ တရားဟောကြောင်း = ဓမ္မဒေသနာ ဉာဏ်ပညာပဋိဘာန်ကို ဖြစ်စေသောအရာ”ဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ရာထူး၌ ထားတော်မူလေ၏။

(ဤအရာ၌။ ။အရှင်ရာဓမထေရ်၏ အသိအမြင် ဉာဏ်ဖြစ်ပုံ, တရားတော်၌ သက်ဝင်ယုံကြည်မှု သဒ္ဓါတရား ကြီးမားပုံတို့ကို အကြောင်းပြု၍ မြတ်စွာဘုရားရှင်၏ သန္တာန်တော်ဝယ် အသစ်အသစ်ဖြစ်သော တရားဟောဆိုကြောင်း = ဓမ္မဒေသနာ အသိဉာဏ်ပညာကို တိုး၍ တိုး၍ ဖြစ်ပွါးလာလေသည်။ (ဤအချက်ကို ရာဓသံယုတ် ပဌမဝဂ် နောက် ၆-သုတ်နှင့် ၎င်းရာဓသံယုတ် စတုတ္ထဝဂ် တခုလုံးကို ရှု၍ သိမှတ်ရာ၏၊ သိမ်မွေ့စွာ့)။ ထို့ကြောင့် အရှင်ရာဓမထေရ်သည် ပဋိဘာနေယျက = မြတ်စွာဘုရား၏ ဓမ္မဒေသနာ ဉာဏ်ပညာပဋိဘာန်ကို ဖြစ်စေသောအရာဝယ် အသာဆုံး အမြတ်ဆုံး = ဧတဒဂ်ဘွဲ့ထူးရပုဂ္ဂိုလ် ဖြစ်လာလေသည်။ ပဋိဘာနံ ဇနေန္တီတိ ပဋိဘာနေယျကာ။ ယေ = အကြင် သာဝကတို့သည်။ ပဋိဘာနံ = မြတ်ဘုရား၏ တရားဟောခြင်း = ဓမ္မဒေသနာ ဉာဏ်ပညာ ပဋိဘာန်ကို။ ဇနေန္တိ = ဖြစ်စေတတ်ကုန်၏။ ဣတိ တသ္မာ = ထို့ကြောင့်။ တေ = ထိုသာဝကတို့သည်။ ပဋိဘာနေယျကာ = ပဋိဘာနေယျက မည်ကုန်၏။ ပဋိဘာနေယျကာ = မြတ်စွာဘုရား၏ ဓမ္မဒေသနာ ဉာဏ်ပညာ ပဋိဘာန်ကို ဖြစ်စေတတ်သော သာဝကတို့။ ဤသို့ ဝိဂြိုဟ်ပြုရာ၏)။

ဤကား အရှင်ရာဓမထေရ် အကြောင်းတည်း။

**********