ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၂၃။ အလမ္ဗုသာဇာတ် (၃)
4308ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၅၂၃။ အလမ္ဗုသာဇာတ် (၃)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


စတ္တာလီသနိပါတ်

၃။ အလမ္ဗုသာဇာတ်

အမှတ်သညာကင်းမဲ့၍ သောကကြီးစွာ တွေ့ရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အထဗြဝိ ဗြဟာ ဣန္ဒော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ အလမ္ဗုသာဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ပစ္စုပ္ပန်ဝတ္ထုကို ဣန္ဒြိယဇာတ်၌ ချဲ့အပ်ပြီးသလျှင်ကတည်း။

မိန်းမကြောင့် ဈာန်လျှောခြင်း

အထူးကား- သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်းကို ရဟန်း... သင်သည် ငြီးငွေ့သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၍ အရှင်ဘုရား မှန်ပေ၏ ဟု နားတော်လျှောက်သည်ရှိသော် အဘယ်သူသည် ငြီးငွေ့စေအပ်သနည်း ဟု မေးတော်မူ၍ အရှင်ဘုရား... မယားဟောင်းသည် ငြီးငွေ့စေအပ်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း... ဤမိန်းမသည် သင်၏အကျိုးမဲ့ကို ပြုတတ်၏။ သင်သည် ဤမိန်းမကိုအမှီပြု၍ ဈာန်ကိုပျက်စီးစေ၍ သုံးနှစ်တို့ပတ်လုံး တွေဝေလျက် သညာကင်းသဖြင့် အိပ်၍ဖြစ်သော သညာဖြင့် သည်းစွာသော ငိုကြွေးခြင်းကို ငိုကြွေးရဖူးပြီ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်းဝယ် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်လျှင် ခပ်သိမ်းသော အတတ်တို့၌ အပြီးသို့ရောက်၍ ရသေ့ရဟန်းပြုပြီးလျှင် တောကျောင်း၌ တောသစ်သီး တောသစ်မြစ်ဟူသော အာဟာရ ရှိသည်ဖြစ်၍ မျှ၏။

သမင်မ၏သား

ထိုအခါ တစ်ခုသော သမင်မသည် ထိုရှင်ရသေ့ ကျင်ငယ်စွန့်ရာအရပ်၌ သုက်နှင့်ရောသော မြက်ကိုစား၍ ရေကိုသောက်၏။ ဤမျှဖြင့်သာလျှင် ထိုရှင်ရသေ့၌ တပ်စွန်းသော စိတ်ရှိသည်ဖြစ်၍ ကိုယ်ဝန်ရလျှင် ထိုအခါမှစ၍ တစ်စုံတစ်ခုသော အရပ်သို့ မသွားမူ၍ ထိုအရပ်၌သာလျှင် မြက်ကိုစား၏။ ရှင်ရသေ့ကျောင်း၏ အနီး၌လျှင် ကျက်စား၏။ ဘုရားအလောင်းသည် စုံစမ်းသည်ရှိသော် ထိုအကြောင်းကို သိလေ၏။ ထိုသမင်မသည် နောက်အဖို့၌ သူငယ်ကိုဖွား၏။ ဘုရားလောင်းသည် ထိုသူငယ်ကို သားဟူသော ချစ်ခြင်းဖြင့် မွေးမြူ၏။ ထိုသူငယ်အား ဣသိသိင်္ဂ ဟူသော အမည်ကိုမှည့်၏။ ထိုမှ နောက်၌ လိမ္မာသောအဖြစ်သို့ ရောက်သော ထိုဣသိသိင်္ဂကို ဘုရားလောင်းသည် ရဟန်းပြု၍ မိမိအိုမင်းသောကာလ၌ ထိုဣသိသိင်္ဂ ရှင်ရသေ့ကိုခေါ်၍ မိန်းမသဏ္ဌာန် ပွင့်သော ပန်းရှိသောကြောင့် နာရီအမည်ရှိသော နွယ်ပန်းတောသို့သွား၍ ချစ်သား ဤဟိမဝန္တာတော၌ ဤပန်းတို့နှင့် တူကုန်သော မိန်းမတို့မည်သည် ရှိကုန်၏။ ထိုမိန်းမတို့သည် မိမိတို့အလိုသို့ လိုက်ကုန်သော သူတို့ကို ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်စေတတ်ကုန်၏။ ထိုမိန်းမတို့ အလိုမည်သည်ကို လိုက်ခြင်းငှာမအပ် ဟု ဆိုပြီးလျှင် နောက်အဖို့၌ ဗြဟ္မာ့ပြည်သို့ လား၏။

ရှင်ရသေ့၏ သီလတော်

ဣသိသိင်္ဂရသေ့သည် ဈာန်ကစားခြင်းကို ကစားရွှင်မြူးလျက် ဟိမဝန္တာအရပ်၌ နေ၏။ ပြင်းထန်သော အကျင့်ရှိ၏။ ချုပ်တည်း စောင့်စည်းသော ဣန္ဒြေရှိ၏။

သိကြားမင်း ကြောက်ရွံ့ပြီ

ထိုအခါ ဣသိသိင်္ဂရှင်ရသေ့၏ သီလတန်ခိုးကြောင့် သိကြားမင်း၏ နေရာသည် တုန်လှုပ်၏။ သိကြားမင်းသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကို သိ၍ ဤရသေ့သည် ငါ့ကို သိကြားအဖြစ်မှ ရွေ့စေလို၏ ဟု နှလုံးသွင်းပြီးလျှင် တစ်ယောက်သော နတ်သမီးကိုစေ၍ ထိုဣသိသိင်္ဂရသေ့၏ သီလကို ဖျက်ဆီးစေအံ့ ဟု အလုံးစုံသော နတ်ပြည်ကို စုံစမ်းသည်ရှိသော် မိမိ၏ နှစ်ဆယ့်ငါးကုဋေ အရေအတွက် ရှိကုန်သော အလုပ်အကျွေးတို့၏ အလယ်၌ တစ်ယောက်သော အလမ္ဗုသာ အမည်ရှိသော နတ်သမီးကိုထား၍ ထိုဣသိသိင်္ဂရသေ့၏ သီလကို ဖျက်ဆီးအံ့သောငှာ စွမ်းနိုင်သော တစ်ပါးသော နတ်သမီးကိုမမြင်၍ ထိုအလမ္ဗုသာ နတ်သမီးကို ခေါ်စေပြီးလျှင် ထိုဣသိသိင်္ဂရသေ့၏ သီလကို ဖျက်ဆီးစိမ့်သောငှာ စေ၏။ ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၉၅။ အထ ဗြဝိ ဗြဟာ ဣန္ဒော၊ ဝတြဘူ ဇယတံ ပိတာ။
ဒေဝကညံ ပရာဘေတွာ၊ သုဓမ္မာယံ အလမ္ဗုသံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဟောတော်မူ၏။

၉၅။ ဘိက္ခဝေ၊ ရဟန်းတို့။ အထ တဒါကာလေ၊ ထိုအခါ၌။ ဇယတံ၊ ရန်ကိုအောင်ကုန်သော သုံးကျိပ်သုံးယောက်ကုန်သော နတ်သားတို့၏။ ပိတာ၊ အဖဖြစ်သော။ ဝတြဘူ၊ ဝတြဘူအမည်ရှိသော အသုရာကို လွှမ်းမိုးသော။ ဗြဟာ၊ မြတ်သော။ ဣန္ဒော၊ သိကြားမင်းသည်။ သုဓမ္မာယံ၊ သုဓမ္မာအမည်ရှိသော နတ်သဘင်၌။ နိသိန္နော၊ နေလျက်။ အလမ္ဗုသံ၊ အလမ္ဗုသာ အမည်ရှိသော။ ဒေဝကညံ၊ နတ်သမီးကို။ ပရာဘေတွာ၊ စွမ်းနိုင်၏ဟု ကောင်းစွာသိ၍။ အဗြဝိ၊ ဆို၏။

နတ်သမီးကို ဖျက်ဆီးခိုင်းခြင်း

သိကြားမင်းသည် သုဓမ္မာအမည်ရှိသော နတ်သဘင်ဝယ် ပဏ္ဍုကမ္ဗလာ ကျောက်နေရာ၌ နေလျက် ထိုအလမ္ဗုသာ နတ်သမီးကိုခေါ်၍ တောင်းပန်လိုရကား-

၉၆။ မိဿေ ဒေဝါ တံ ယာစန္တိ၊ တာဝတိံသာ သဣန္ဒကာ။
ဣသိပ္ပလောဘနေ ဂစ္ဆ၊ ဣသိသိင်္ဂံ အလမ္ဗုသေ။

ဟူသော ဤဂါထာကို ဆို၏။

၉၆။ မိဿေ၊ ယောက်ျားတို့ကို ကိလေသာတည်းဟူသော အာမိသဖြင့် ရောနှောတတ်သော။ ဣသိပ္ပလောဘနေ၊ ရသေ့တို့ကို ဖြားယောင်းခြင်းငှာ စွမ်းနိုင်သော။ အလမ္ဗုသေ၊ ရှင်မအလမ္ဗုသာ။ တံ၊ ရှင်မကို။ သဣန္ဒကာ၊ သိကြားမင်းနှင့် တကွကုန်သော။ တာဝတိံသာ ဒေဝါ၊ တာတိံသာ နတ်တို့သည်။ ယာစန္တိ၊ တောင်းပန်ကုန်၏။ ဣသိသိင်္ဂံ၊ ဣသိသိင်္ဂ ရသေ့ထံသို့။ ဂစ္ဆေ၊ သွားချေလော့။

ဤသို့သောနည်းဖြင့် သိကြားနတ်မင်းသည် ရှင်မ... သွားချေ၊ ဣသိသိင်္ဂရသေ့သို့ ချဉ်းကပ်၍ မိမိအလိုသို့ ဆောင်ယူသဖြင့် ထိုဣသိသိင်္ဂ ရသေ့၏ သီလကို ဖျက်ဆီးချေလော့ ဟုဆို၍ အလမ္ဗုသာ နတ်သမီးကို စေလိုရကား...

၉၇။ ပုရာယံ အမှေ အစ္စေတိ၊ ဝတ္တဝါ ဗြဟ္မစရိယဝါ။

နိဗ္ဗာနာဘိရတော ဝုဒ္ဓေါ၊ တဿ မဂ္ဂါနိ အာဝရ။

ဟူသော ဤဂါထာကို ဆို၏။

၉၇။ အလမ္ဗုသေ၊ ရှင်မ အလမ္ဗုသာ။ ဝတ္တဝါ၊ ဝတ်ကြီးဝတ်ငယ်ကို လည်းကောင်း။ ဗြဟ္မစရိယ ဝါ၊ မြတ်သောအကျင့်ကို လည်းကောင်း။ ပူရေန္တော၊ ဖြည့်ကျင့်ထသော။ နိဗ္ဗာနာဘိရတော၊ နိဗ္ဗာန်ဟုဆိုအပ်သော နတ်ပြည်၌ အလွန်မွေ့လျော်ထသော။ ဝုဒ္ဓေါ၊ ဂုဏ်အားဖြင့် ကြီးသော။ အယံ တာပသော၊ ဤဣသိသိင်္ဂ ရသေ့သည်။ အမှေ၊ ငါတို့ကို။ ပုရေ န အစ္စေတိ၊ မလွှမ်းမိုးမီ။ တဿ၊ ထိုဣသိသိင်္ဂရသေ့၏။ မဂ္ဂါနိ၊ နတ်ပြည်ခရီးတို့ကို။ အာဝရ၊ ပိတ်ပင် တားမြစ်ချေလော့။

ထိုစကားကိုကြား၍ အလမ္ဗုသာနတ်သမီးသည် မိမိအရှင်သိကြားမင်းအား အကြောင်းကို ပြန်လျှောက်လိုရကား...

၉၈။ ဒေဝရာဇ ကိမေဝ တွံ၊ မမေဝ တုဝံ သိက္ခသိ။

ဣသိပ္ပလောဘနေ ဂစ္ဆ၊ သန္တိ အညာပိ အစ္ဆရာ။

၉၉။ မာဒိသိယော ပဝရာစေဝ၊ အသောကေ နန္ဒနေဝနေ။

တာသမ္ပိ ဟောတု ပရိယာယော၊ တာပိ ယန္တု ပလောဘနာ။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

၉၈။ ဒေဝရာဇ၊ အရှင်နတ်မင်း။ တွံ၊ အရှင်နတ်မင်းသည်။ ဧတံ၊ ထိုအမှုကို။ ကိနာမ ကရောသိ၊ အသို့ ပြုတော်မူဘိသနည်း။ မမေဝ၊ အကျွန်ုပ်ကိုသာလျှင်။ တုဝံ၊ အရှင်သိကြားမင်းသည်။ သိက္ခသိ၊ မြင်တော်မူဘိ၏။ ဣသိပ္ပလောဘနေ၊ ရသေ့ရဟန်းတို့ကို ဖျားယောင်းလှည့်ပတ်ခြင်းငှာ စွမ်းနိုင်သော ရှင်မ အလမ္ဗုသာ။ ဂစ္ဆ၊ သွားချေလော့။ ဣတိ၊ ဤသို့။ မမညေဝ၊ အကျွန်ုပ်ကိုသာလျှင်။ ဝဒသိ၊ ဆိုတော်မူဘိ၏။

၉၉။ အသောကေ၊ စိုးရိမ်ကြောင့်ကြ ဗျာပါရတို့၏ ကင်းရာ ဖြစ်ထသော။ နန္ဒနေ၊ နှစ်သက်ခြင်းကိုဖြစ်စေတတ်ထသော။ ဝနေ၊ ဥယျာဉ်တော်၌။ မာဒိသိယော စေဝ၊ အကျွန်ုပ်နှင့် တူသည်သာလျှင်လည်း ဖြစ်ကုန်သော။ ပဝရာ စေဝ၊ အကျွန်ုပ်ထကျ သာလွန်သည်လည်း ဖြစ်ကုန်သော။ အညာ၊ တစ်ပါးကုန်သော။ အစ္ဆရာပိ၊ နတ်သမီးတို့သည်လည်း။ သန္တိ၊ ရှိပါကုန်၏ တကား။ တာသံပိ၊ ထိုနတ်သမီးတို့၏လည်း။ ပရိယာယော၊ အလှည့်သည်။ ဟောတု၊ ဖြစ်ပါစေလော့။ ပလောဘနာ၊ ရသေ့ရဟန်းကို ဖြားယောင်းစိမ့်သောငှာ။ တညပိ၊ ထိုနတ်သမီးတို့ကိုလည်း။ ယန္တု၊ သွားပါစေကုန်လော့။

ထို့နောင်မှ သိကြားမင်းသည် ထိုနတ်သမီး ပြန်လျှောက်သော စကားကို ပယ်သဖြင့် ထိုအလမ္ဗုသာ နတ်သမီးကိုပင်လျှင် အကြောင်းနှင့်တကွ တိုက်တွန်းပြန်လိုရကား-

၁၀၀။ အဒ္ဓါ ဟိ သစ္စံ ဘဏသိ၊ သန္တိ သညာပိ အစ္ဆရာ။
တာဒိသိယော ပဝရာစေဝ၊ အသောကေ နန္ဒနေ ဝနေ။
၁၀၁။ န တာ ဧဝံ ပဇာနန္တိ၊ ပါရိစရိယံ ပုမံ ဂတာ။
ယာဒိသံ တွံ ပဇာနာသိ၊ နာရိ သဗ္ဗင်္ဂသောဘနေ။
၁၀၂။ တွမေဝ ဂစ္ဆ ကလျာဏီ၊ ဣတ္ထီနံ ပဝရာ စ သိ။
တဝေဝ ဝဏ္ဏရူပေနေ၊ သဝသ မာနယိဿသိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၀၀။ အလမ္ဗုသေ၊ ရှင်မ အလမ္ဗုသာ။ ဟိ ယသ္မာ၊ အကြင့်ကြောင့်။ အသောကေ၊ စိုးရိမ်ကြောင့်ကြ ဗျာပါရတို့၏ ကင်းရာ ဖြစ်ထသော။ နန္ဒနေ၊ နှစ်သက်ခြင်းကို ဖြစ်စေတတ်သော။ ဝနေ၊ ဥယျာဉ်တော်၌။ တာဒိသိယော စေဝ၊ ရှင်မနှင့် တူသည်လည်း ဖြစ်ကုန်သော။ ပဝရာ စေဝ၊ ရှင်မထက် သာလွန်သည်လည်း ဖြစ်ကုန်သော။ အညာ၊ တစ်ပါးကုန်သော။ အစ္ဆရာပိ၊ နတ်သမီးတို့သည်လည်း။ သန္တိ၊ ရှိကုန်၏။ တသ္မာ၊ ထို့ကြောင့်။ တွံ၊ သင်ရှင်မသည်။ အဒ္ဓါ၊ စင်စစ်။ သစ္စံ၊ မှန်သောစကားကို။ ဘဏသိ၊ ဆိုပေ၏။

၁၁၁။ သဗ္ဗင်္ဂသောဘနေ၊ အလုံးစုံသော အင်္ဂါကြီးငယ်၏ တင့်တယ်ခြင်းနှင့် ပြည့်စုံသော။ နာရီ၊ ရှင်မ အလမ္ဗုသာ။ ယာဒိသံ၊ အကြင်သို့သဘောရှိသော။ ပါရိစရိယံ၊ လုပ်ကျွေးခြင်းကို။ တွံ၊ သင်ရှင်မသည်။ ပဇာနာသိ၊ သိ၏။ ပုမံ၊ ယောက်ျားသို့။ ဂတာ၊ ဆည်းကပ်ကုန်သည်ရှိသော်။ တာ၊ ထိုနတ်သမီးတို့သည်။ ဧဝံ၊ ဤသို့။ ပါရိစရိယံ၊ လုပ်ကျွေးခြင်းကို။ န ပဇာနန္တိ၊ မသိကုန်။

၁၀၂။ ကလျာဏိ၊ ကောင်းသောအင်္ဂါနှင့် ပြည့်စုံသော ရှင်မ အလမ္ဗုသာ။ တွမေဝ၊ သင် ရှင်မသည်သာလျှင်။ ဂစ္ဆ၊ သွားချေလော့။ တွမေဝ၊ သင် ရှင်မသည်သာလျှင်။ ဣတ္ထီနံ၊ မိန်းမတို့ထက်။ ပဝရာ စ၊ မြတ်သည်လည်း။ အသိ၊ ဖြစ်၏။ တဝေဝ၊ ရှင်မ၏သာလျှင်။ ဝဏ္ဏရူပေန၊ အဆင်းသဏ္ဌာန်ဖြင့်။ တံ၊ ထို ဣသိသိင်္ဂရသေ့ကို။ သဝသံ၊ ရှင်မ၏အလို့သို့။ အာနယိဿသိ၊ ဆောင်နိုင်လတ္တံ့။

နတ်သမီး ငြင်းဆိုပုံ

ထိုစကားကို ကြားရလျှင် အလမ္ဗုသာ နတ်သမီးသည် အလွန် ထိတ်လန့်သည်ဖြစ်၍ သိကြားမင်းအား မိမိအကြောင်းကို ကြားလျှောက်လိုရကား-

၁၀၃။ န ဝါဟံ ဂမိဿာမိ၊ ဒေဝရာဇေန ပေသိတာ။
ဝိဘေမိ စေတံ အဿာဒုံ၊ ဥဂ္ဂတေဇော ဟိ ဗြာဟ္မဏော။
၁၀၄။ အနေကေ နိရယံ ပတ္တာ၊ ဣသိမာသာဒိယာ ဇနာ။
အာပန္နာ မောဟသံသာရံ၊ တသ္မာ လောမာနိ ဟံသယေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၀၃။ ဒေဝရာဇေန၊ အရှင်သိကြားနတ်မင်းသည်။ ပေသိတာ၊ ခန့်တော်မူအပ်သော။ အဟံ၊ အကျွန်ုပ်သည်။ န ဂမိဿာမိ၊ မသွားအံ့သည်ကား။ ၊ မဟုတ်။ ဝေ၊ စင်စစ်။ ဂမိဿာမိ ဧဝ၊ သွားအံ့သည်သာလျှင်တည်း။ ၊ ထိုသို့မူကား။ ဟိ-ယသ္မာ၊ အကြင့်ကြောင့်။ ဗြာဟ္မဏော၊ ဣသိသိင်္ဂရသေ့သည်။ ဥဂ္ဂတေဇော၊ ပြင်းထန်သော တန်ခိုးရှိ၏။ တသ္မာ၊ ထို့ကြောင့်။ သီလဘေဒနတ္ထာယ၊ သီလကိုဖျက်ဆီးအံ့သောငှာ။ ဧတံ၊ ထို့ဣသိသိင်္ဂရသေ့ကို။ အဿာဒုံ၊ သာယာကပ်ငြိစေသောငှာ။ ဝိဘေမိ၊ ကြောက်ပါ၏။

၁၀၄။ မောဟာ- မောဟေန၊ မိုက်မဲ တွေဝေသောအားဖြင့်။ ဣသိံ၊ ရှင်ရသေ့ကို။ အာသာဒိယ၊ ဖြားယောင်းဖျက်ဆီး၍။ သံသာရံ၊ သံသရာ၌။ အာပန္နာ၊ ကျင်လည်ခြင်း ရောက်ကုန်သော။ နိရယံ၊ ငရဲ၌။ ပတ္တာ၊ ဖြစ်ကုန်သော။ ဇနာ၊ သတ္တဝါတို့သည်။ အနေကာ၊ များစွာကုန်၏။ တသ္မာ၊ ထို့ကြောင့်။ စိန္တိယမာနာယမေဝ၊ သီလကို ဖျက်ဆီးအံ့ဟု ကြံစဉ်ပင်လျှင်။ လောမာနိ၊ အမွေးတို့သည်။ ဟံသယေ- ဟံသန္တိ၊ ရွှင်ကုန်၏။ ဝါ၊ ကြက်သီးထကုန်၏။

ဖျက်ဆီးရန်သွားပြီ

ဤသို့သော စကားကိုဆိုပြီး၍ အလမ္ဗုသာ နတ်သမီးသည် ဣသိသိင်္ဂ ရှင်ရသေ့အထံသို့ သွားလေသတတ်။ ထိုကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်...

၁၀၅။ ဣဒံ ဝတွာန ပက္ကာမိ၊ အစ္ဆရာ ကာမဝဏ္ဏိနီ။

မိဿာ မိဿိတုမိစ္ဆန္တိ၊ ဣသိသိင်္ဂံ အလမ္ဗုသာ။

၁၀၆။ သာ စ တံ ဝနမောဂယှ၊ ဣသိသိင်္ဂေန ရက္ခိတံ။

ဗိမ္ဗိဇာလကသဉ္ဆန္နံ၊ သမန္တာ အဍ္ဎယောဇနံ။

၁၀၇။ ပါတောဝ ပတရာသမှိ၊ ဥဒဏှ သမယံ ပတိ။

အဂ္ဂိဋ္ဌံ ပရိမဇ္ဇန္တံ၊ ဣသိသိင်္ဂံ ဥပါဂမိ။

ဟူသော ဤသုံးဂါထာကို ဟောတော်မူ၏။

၁၀၅။ ဘိက္ခဝေ၊ ရဟန်းတို့။ ကာဝမဏ္ဏိနီ၊ နှစ်လိုဖွယ်သော အဆင်းရှိထသော။ မိဿာ၊ ယောက်ျားတို့ကို ကိလေသာဖြင့် ရောနှောတတ်သော။ အလမ္ဗုသာ၊ အလမ္ဗုသာအမည်ရှိသော။ အစ္ဆရာ၊ နတ်သမီးသည်။ ဣဒံဝစနံ၊ ဤသို့သော စကားကို။ ဝတွာန၊ ဆို၍။ မိဿိတုံ၊ ကိလေသာဖြင့် ရောနှောခြင်းငှာ အလိုရှိသည်ဖြစ်၍။ ဣသိသိင်္ဂံ၊ ဣသိသိသိင်္ဂ ရှင်ရသေ့အထံသို့။ ပက္ကာမိ၊ သွားလေ၏။

၁၀၆။ ဘိက္ခဝေ၊ ရဟန်းတို့။ သာ စ၊ ထိုအလမ္ဗုသာ နတ်သမီးသည်လည်း။ ဣသိသိင်္ဂေန၊ ဣသိသိင်္ဂ ရှင်ရသေ့သည်။ ရက္ခိတံ၊ စောင့်ရှောက်အပ်သော။ ဗိမ္ဗိဇာလကသဉ္ဆန္နံ၊ နီသော အညွန့်ရှိသော သစ်ပင်တို့ဖြင့် ဖုံးလွှမ်းအပ်သော။ (တစ်နည်းကား) ကြက်မောက်ပင်တို့ဖြင့် ဖုံးလွှမ်းအပ်ထသော။ သမန္တာ၊ ထက်ဝန်းကျင်မှ။ အဍ္ဎယောဇနံ၊ ယူဇနာခွဲရှိသော။ တံ ဝနံ၊ ထိုတောသို့။ ဩဂယှ၊ သက်ဝင်၍။

၁၀၇။ ပါတရာသမှိ၊ နံနက်စာစားချိန်၌။ ပါတောဝ၊ စောသည်သာလျှင် ဖြစ်သော။ ဥဒဏှသမယံပတိ၊ နေဝန်းထွက်ပြူစအချိန်၌။ အဂ္ဂိဋ္ဌံ၊ မီးတင်းကုပ်ကို။ ပရိမဇ္ဇန္တံ၊ တံမြက်လှည်း၍ နေသော။ ဣသိသိင်္ဂံ၊ ဣသိသိင်္ဂ ရှင်ရသေ့မျက်နှာစာသို့။ ဥပါဂမိ၊ မိန်းမတို့၏ တင့်တယ်ခြင်းအမူအရာကို ပြလျက် ချဉ်းကပ်လေ၏။

ရှင်ရသေ့၏ ချီးမွမ်းချက်

ထိုအခါ အလမ္ဗုသာနတ်သမီးကို ဣသိသိင်္ဂရှင်ရသေ့သည် မေးလိုရကား...

၁၀၈။ ကာ နု ဝိဇ္ဇုရိဝါဘာသိ၊ ဩသဓီဝိယ တာရကာ။

ဝိစိတ္တဟတ္ထာဘရဏာ၊ အာမုက္ကမဏိကုဏ္ဍလာ။

၁၀၉။ အာဒိစ္စဝဏ္ဏသင်္ကာသာ၊ ဟေမစန္ဒနဂန္ဓိနီ။

သညတူရူ မဟာမာယာ၊ ကုမာရီ စာရုဒဿနာ။

၁၁၀။ ဝိလဂ္ဂါ မုဒုကာ သုဒ္ဓါ၊ ပါဒါ တေ သုပ္ပတိဋ္ဌိတာ။

ဂမနာ ကာမနီယာ တေ၊ ဟရန္တိယေဝ မေ မနော။

၁၁၁။ အနုပုဗ္ဗာ စ တေ ဦရူ၊ နာဂနာသသမူပမာ။

ဝိမဋ္ဌာ တုယှံ သုဿောဏီ၊ အက္ခဿ ဖလကံ ယထာ။

၁၁၂။ ဥပ္ပလဿေဝ ကိဉ္စက္ခာ၊ နာဘိ တေ သာဓုသဏ္ဌိတာ။

ပုရာ ကဏှဉ္ဇနဿေဝ၊ ဒူရတော ပတိဒိဿတိ။

၁၁၃။ ဒုဝိဓာ ဇာတာ ဥရဇာ၊ အဝဏ္ဋာ သာဓုပစ္စုဒါ။

ပယောဓရာ အပတိတာ၊ အဍ္ဎလာဗုသမာ ထနာ။

၁၁၄။ ဒီဃာ ကမ္ဗုတလာဘာသာ၊ ဂီဝါ ဧဏယျကာ ယထာ။

ပဏ္ဍရာဝရဏာ ဝဂ္ဂု၊ စတုတ္ထမနသန္နိဘာ။

၁၁၅။ ဥဒ်ဓဂ္ဂါ စ အဓဂ္ဂါ စ၊ ဒုမဂ္ဂပရိမဇ္ဇိတာ။

ဒုဝိဇာ နေလသမ္ဘူတာ၊ ဒန္တာ တဝ သုဒဿနာ။

၁၁၆။ အပဏ္ဍရာ လောဟိတန္တာ၊ ဇိဉ္ဇူကဖလသန္နိဘာ။

အာယတာ စ ဝိသာလာ စ၊ နေတ္တာ တဝ သုဒဿနာ။

၁၁၇။ နာတိဒီဃာ သုသမ္မဋ္ဌာ၊ ကနကဗျာသမောစိတာ။

ဥတ္တမင်္ဂရုဟာ တုယှံ၊ ကေသာ စန္ဒနဂန္ဓိကာ။

၁၁၈။ ယာဝတာ ကသိဂေါရက္ခာ၊ ဝါဏိဇာနံစ ယာ ဂတိ။

ဣသီနဉ္စ ပရက္ကန္တံ၊ သညတာနံ တပဿိနံ။

၁၁၉။ န တေ သမသမံ ပဿေ၊ အသ္မိံ ပထဝိမဏ္ဍလေ။

ကော ဝါ တွံ ကဿ ဝါ ပုတ္တော၊ ကထံ ဇာနေမု တံ မယံ။

ဟူသော ဤတစ်ဆယ့်နှစ်ဂါထာတို့ကို ဆို၏။

၁၀၇။ ဝိစိတ္တဟတ္ထာဘရာ၊ ဆန်းကြယ်သော လက်ဝတ်တန်ဆာ ဆင်ယင်ထသော။ အာမုက္ကမဏိကုဏ္ဍလာ၊ ပုလဲသွယ်လည်ရွဲ ပတ္တမြားနားတောင်းလည်း ဆင်ယင်ထသော။ တွံ၊ သင်သည်။ ဝိဇ္ဇုရိဝ၊ လျှပ်စစ်နွယ်ကဲ့သို့ လည်းကောင်း။ ဩသဓီတာရကာ ဝိယ၊ သောက်ရှူးကြယ်ကဲ့သို့ လည်းကောင်း။ အာဘာသိ၊ ထွန်းပ၏။ ကာ နု၊ အဘယ်သူနည်း။

၁၀၉။ တွံ၊ သင်သည်။ အာဒိစ္စဝဏ္ဏသင်္ကာသာ၊ နေမင်းကဲ့သို့ ထွန်းလင်းသော အရောင်လည်း ရှိ၏။ ဟေမစန္ဒနဂန္ဓိနီ၊ ရွှေအဆင်းနှင့်တူသော အဆင်းရှိသော စန္ဒကူးနံ့သာလည်း လိမ်းကျံ၏။ သညတူရူ၊ လုံးသော တစ်ခဲနက်သော ပေါင်လုံး ပေါင်တံလည်းရှိ၏။ မဟာမာယာ၊ များသော မာယာလည်း ရှိ၏။ ကုမာရီ၊ ပျိုနု၏။ စာရုဒဿနာ၊ ရှုချင်စဖွယ် ရှိ၏။

၁၁၀။ ဝိလဂ္ဂါ၊ သေးသေး သွယ်သွယ် တင့်တယ်သော ခါးလည်းရှိ၏။ မုဒုကာ၊ နူးညံ့၏။ သုဒ္ဓါ၊ ညစ်ကြေးမတင် သန့်ရှင်းစင်၏။ တေ တဝ၊ သင်၏။ ပါဒါ၊ ခြေတို့သည်။ သုပ္ပတိဋ္ဌိတာ၊ ကောင်းစွာ မြေ၌ အညီအညွတ် တည်ကုန်၏။ တေ-တဝ၊ သင်၏။ ကာမနီယာ၊ နှစ်သက်ဖွယ်သော ဂုဏ်နှင့် ယှဉ်ကုန်သော။ ဂမနာ၊ ယဉ်ကျေးစွာသော သွားပုံသွားဟန်တို့သည်။ မေ၊ ငါ၏။ မနော၊ စိတ်ကို။ ဟရန္တိယော၊ ဆောင်နိုင်ကုန်သည်သာလျှင်ကတည်း။

၁၁၁။ တေ တဝ၊ သင်၏။ ဦရူစ၊ ပေါင်တို့သည်လည်း။ အနုပုဗ္ဗာ၊ အစဉ်အတိုင်း အရင်းကြီး၍ အဖျား သေးသွယ်ကုန်သည်ဖြစ်၍။ နာဂနာသသမူပမာ၊ ဆင်နှာမောင်းနှင့် တူကုန်၏။ အက္ခဿဖလကံ ယထာ၊ ကြွေအန်ကစားသော ပျဉ်ကဲ့သို့။ တုယှံ၊ သင်၏။ သုဿောဏီ၊ ကောင်းသော ခါးသည်။ ဝိမဋ္ဌာ၊ တင့်တယ် ပြေပြစ်ပေစွ။

၁၁၂။ တေ-တဝ၊ သင်၏။ နာဘိ၊ ချက်သည်။ သာဓုသဏ္ဌိတာ၊ ကောင်းသောသဏ္ဌာန်ရှိ၏။ ဥပ္ပလဿ၊ ကြာညို၏။ ကိဉ္ဇက္ခာ ဣဝ၊ အချက်ကဲ့သို့ လည်းကောင်း။ ကဏှာဇိနဿ၊ သစ်နက်ရေဖြင့်။ ပူရာ ဣဝ၊ ပြည့်ဘိသကဲ့သို့ လည်းကောင်း။ ဒူရတော၊ အဝေးမှ။ ပတိဒိဿတိ၊ စိမ့်စိမ့်ညို့ညို့ ထင်၏။

၁၁၃။ တေ-တဝ၊ သင်၏။ ဒုဝိဓာ ဇာတာ၊ နှစ်ခုအစုံ ဖြစ်သော။ ဥရဇာ၊ ရင်၌ ရောက်ကုန်သော။ ပယောဓရာ၊ နို့ရည်ကို ဆောင်ကုန်သော။ ထနာ၊ သားမြတ်တို့သည်။ အဝဏ္ဋာ၊ အညှာလည်း မရှိကုန်။ သာဓုပစ္စုဒါ၊ ကောင်းစွာ ရင်မှ ထွက်ပြူကုန်၏။ အပ္ပတိကာ၊ တွဲလျားမကျ မတွန့်မရှုံ့ကုန်။ အဍ္ဎလာဗုသမာ၊ ရွှေအင်ပျဉ်ဝယ် တင်၍ထားအပ်သော ကောင်းစွာလုံးသော ရွှေဘူးသီး၏ ထက်ဝက်နှင့်တူကုန်၏။

၁၁၄။ တေ-တဝ၊ သင်၏။ ဂီဝါ၊ လည်သည်။ ဧဏေယျကာ ယထာ၊ ဧဏီမည်သောသား၏ လည်ကဲ့သို့။ ဒီဃာ၊ အတန်ငယ်ရှည်၏။ ကမ္ဗုတလာဘာသာ၊ ရွှေဖြင့်ပြီးသော မုရိုးစည်ငယ်နှင့် တူ၏။ ပဏ္ဍရာဝရဏာ၊ နှုတ်ခမ်းတို့သည်။ စတုတ္ထမနသန္နိဘာ၊ လျှာအဆင်းကဲ့သို့ နီဝင်းကုန်သည်ဖြစ်၍။ ဝဂ္ဂူ၊ တင့်တယ်ကုန်၏။

၁၁၅။ တဝ၊ သင်၏။ ဥဒ်ဓဂ္ဂါ စ၊ အထက်သို့ အဖျားရှိသည်လည်း ဖြစ်ကုန်ထသော။ အဓဂ္ဂါ စ၊ အောက်သို့ အဖျားရှိသည်လည်း ဖြစ်ကုန်ထသော။ ဒုမဂ္ဂပရိမဇ္ဇိတာ၊ တံပူဖြင့် ပွတ်တိုက်အပ်သည်ဖြစ်၍ စင်ကြယ်ကုန်သော။ နေလသမ္ဘူတာ၊ အပြစ်မရှိကုန်သော သွားဖုံးသားတို့၏ အဆုံး၌ ရောက်ကုန်သည်ဖြစ်၍။ ဒုဝိဓာ၊ နှစ်ဖို့သောအရပ်၌ တည်ကုန်သော။ ဒန္တာ၊ သွားတို့သည်။ သုဒဿနာ၊ ရှုချင်စဖွယ် ရှိကုန်၏။

၁၁၆။ အပဏ္ဍရာ၊ ညိုသင့်ရာဝယ် စိမ်းစိမ်းညိုကုန်ထသော။ လောဟိတန္တာ၊ အနီလျှင် အဆုံးရှိကုန်ထသော။ ဇိဉ္ဇူကဖလသန္နိဘာ၊ နီသင့်ရာ၌ ချင်ရွေးရောင် အဆင်းကဲ့သို့ နီဝင်းကုန်ထသော။ အာယတာ စ၊ ရှည်လည်း ရှည်ကုန်ထသော။ ဝိသာလာ စ၊ ကျယ်လည်း ကျယ်ကုန်ထသော။ တဝ၊ သင်၏။ နေတ္တာ၊ မျက်စိတို့သည်။ သုဒဿနာ၊ အလွန် ရှုချင်စဖွယ် ရှိကုန်၏။

၁၁၇။ တုယှံ၊ သင်၏။ နာတိဒီဃာ၊ မရှည်လွန်းကုန်ထသော။ သုသမ္မဋ္ဌာ၊ ကောင်းစွာ ပြေပြစ်ကုန်ထသော။ ကနကဗျာသမောစိတာ၊ ရွှေခွက်၌ ထည့်အပ်သောဆီမွှေးကို လိမ်းဆွတ်၍ ကောင်းစွာ ဖြီးလိမ်းကုန်ထသော။ ဥတ္တမင်္ဂရုဟာ၊ မြတ်သော အင်္ဂါဟုဆိုအပ်သော ဦးခေါင်း၌ ရောက်ကုန်ထသော။ ကေသာ၊ ဆံပင်တို့သည်။ စန္ဒနဂန္ဓိကာ၊ စန္ဒကူးနံ့ တကြိုင်ကြိုင် လှိုင်ကုန်၏။

၁၁၇။ ယာဝတာ-ယတ္တကာ၊ အကြင်မျှလောက်ကုန်သော။ ကသိဂေါရက္ခာ၊ လယ်ယာထွန်၍ အသက်မွေးသောသူ, နွားကျောင်း၍ အသက်မွေးသော သူတို့သည်။ သန္တိ၊ ရှိကုန်၏။ တေသံ- တတ္တကာနဉ္စ၊ ထိုမျှလောက်ကုန်သော သူတို့၏ လည်းကောင်း။ ဝါဏိဇာနံ၊ ကုန်သည်တို့၏ လည်းကောင်း။ ယာ ဂတိ စ၊ အကြင်ဖြစ်ရာ အရပ်သည်လည်းကောင်း။ သညတာနံ၊ ကိုယ်နှုတ်နှလုံး သုံးပါးကို စောင့်ရှောက်ကုန်ထသော။ တပဿီနံ၊ ခြိုးခြံသော အကျင့်ရှိကုန်ထသော။ ဣသီနံ၊ ရသေ့တို့၏။ ပရက္ကန္တဉ္စ၊ သွားလာရာ အရပ်သည်လည်းကောင်း။ အတ္ထိ၊ ရှိ၏။

၁၁၉။ အသ္မိံ တာဒိသေ၊ ထိုသို့သဘောရှိသော။ ပထဝိမဏ္ဍလေ၊ မြေအပြင်၌။ ဝသန္တေသု၊ နေကုန်သော။ သဗ္ဗေသု၊ ခပ်သိမ်းကုန်သော။ တေသု၊ ထိုသူတို့တွင်။ တေ-တယာ၊ သင်နှင့်။ သမသမံ၊ ထပ်တူထပ်မျှ တူသောသူကို။ န ပဿေ၊ ငါ မမြင်စဖူး။ တွံ၊ သင်သည်။ ကောဝါ၊ အဘယ်သူနည်း။ ကဿဝါ၊ အဘယ်သူ၏မူလည်း။ ပုတ္တော၊ သားပေနည်း။ ကထံ၊ အဘယ်သို့လျှင်။ တံ၊ သင့်ကို။ မယံ၊ ငါတို့သည်။ ဇာနေမု၊ သိရကုန်အံ့နည်း။

နတ်သမီး ချစ်ခွင့်ပေးခြင်း

ဤတစ်ဆယ့်နှစ်ဂါထာဖြင့် ခြေဖျားမှစ၍ ဆံဖျားတိုင်အောင် မိမိဂုဏ်အထူးကို ဣသိသိင်္ဂ ရှင်ရသေ့ ချီးမွမ်း ပြောဆိုသည်ရှိသော် အလမ္ဗုသာ နတ်သမီးသည် ဆိတ်ဆိတ်နေလျက် ထိုဂါထာ၏ အနုသန္ဓေသို့ လျှောက်သဖြင့် ထိုဣသိသိင်္ဂရသေ့ မိန်းမောတွေဝေသည်၏ အဖြစ်ကိုသိ၍ ဣသိသိင်္ဂရှင်ရသေ့အား အခွင့်ကို ပေးလိုရကား-

၁၂၀။ န ပဉှကာလော ဘဒ္ဒန္တေ၊ ကဿပေဝံ ဂတေသတိ။
ဧဟိ သမ္မ ရမိဿာမ၊ ဥဘော အသ္မာကမဿမေ။
ဧဟိ တံ ဥပဂူဟိဿံ၊ ရတီနံ ကုသလော ဘဝ။

ဟူသော ဂါထာကို ဆို၏။

၁၂၀။ ကဿပ၊ ကဿပအနွယ် ဖြစ်တော်မူသော။ ဘဒ္ဒန္တေ၊ မျက်နှာရောင်ဆင်း ကြေးညှင်းမတင် လှတံကျင်သည် သခင်ဘုန်းဟေ့ ရှင်ရသေ့။ ဧဝံ၊ ဤသို့။ တဝ၊ အရှင်ဘုရား၏။ စိတ္တေ၊ ကြင်နာယိုဖိတ်သော မေတ္တာစိတ်သည်။ ဂတေ၊ အကျွန်ုပ်ဆီသို့ ရောက်သည်။ သတိ၊ ရှိသော်။ န ပဉှကာလော၊ မေးမြန်းသင့်သောကာလ မဟုတ်ကုန်ပြီ။ သမ္မ၊ အရှင်ကောင်း။ ဧဟိ၊ ကြွတော်မူလှည့်လော့။ ဥဘော၊ နှစ်ယောက်ကုန်သော။ အသ္မာကံ၊ အကျွန်ုပ်တို့သည်။ အဿမေ၊ ကျောင်းတွင်း၌။ ရမိဿာမ၊ မွေ့လျော်ရွှင်ပျော်ကြကုန်အံ့။ ဧဟိ၊ ကြွတော်မူလှည့်လော့။ တံ၊ အရှင်ဘုရားကို။ ဥပဂူဟိဿံ၊ ပိုက်ဖက်ပါအံ့။ တွံ၊ အရှင်ဘုရားသည်။ ရတီနံ၊ ငါးပါးသော ကာမဂုဏ်တို့ဖြင့် မွေ့လျော်ရွှင်ပျော်သော သူတို့ထက်။ ကုသလော၊ လိမ္မာမွန်မြတ်သောသူသည်။ ဘဝ၊ ဖြစ်တော်မူပါလော့။

ဤဂါထာဖြင့် ခွင့်ပေးပြောဆို၍ အလမ္ဗုသာ နတ်သမီးသည် ငါသည် ရပ်လျက်နေသည်ရှိသော် ရသေ့သည် ငါ၏အနီးသို့ မလာလတ္တံ့၊ သွားတော့မည်ကဲ့သို့ သွားဟန်ပြုအံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုအလမ္ဗုသာ နတ်သမီးသည် မိန်းမတို့၏ မာယာ၌ လိမ္မာသည်၏အဖြစ်ကြောင့် ဣသိသိင်္ဂ ရှင်ရသေ့ကို တုန်လှုပ်စေ၍ လာခဲ့သော ခရီးသို့ ရှေးရှုဟန် ပြု၏။

ရသေလေး လိုက်၍ဆွဲပြီ

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်ဘုရားသည်-

၁၂၁။ ဣဒံ ဝတွာန ပက္ကာမိ၊ အစ္ဆရာ ကာမဝဏ္ဏိနီ။
မိဿာ မိဿိတုမိစ္ဆန္တီ၊ ဣသိသိင်္ဂ့ အလမ္ဗုသာ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၁၂၁။ ဘိက္ခဝေ၊ ရဟန်းတို့။ ကာမဝဏ္ဏနီ၊ နှစ်သက်ဖွယ်သော အဆင်းရှိသော။ မိဿာ၊ ယောက်ျားတို့ကို ကိလေသာဖြင့် ရောနှောတတ်သော။ အလမ္ဗုသာ၊ အလမ္ဗုသာ အမည်ရှိသော။ အစ္ဆရာ၊ နတ်သမီးသည်။ မိဿိတုံ၊ ကိလေသာဖြင့် ရောနှောခြင်းငှာ။ ဣစ္ဆန္တီ၊ အလိုရှိသည်ဖြစ်၍။ ဣသိသိင်္ဂံ၊ ဣသိသိင်္ဂ ရသေ့ကို။ ဣဒံဝစနံ၊ ဤသို့ လာလှည့်ဟူသော စကားကို။ ဝတွာန၊ ဆိုပြီး၍။ ပက္ကာမိ၊ သွားဟန် ပြု၏။

ထိုအခါ ဣသိသိင်္ဂ ရသေ့သည် အလမ္ဗုသာ နတ်သမီး သွားသည်ကို မြင်၍ ဤသူသည် သွားခဲ့ပြီ ဟု မိမိ၏ ညံ့သောအားထုတ်ခြင်းဟု ဆိုအပ်သော ဖြည်းဖြည်းညင်းညင်း သွားခြင်းကို ဖြတ်၍ လျင်မြန်စွာပြေးလျက် ဆံထုံးတို့၌ လက်ဖြင့် သုံးသပ်ဆွဲငင်၏။

ဈာန်လျှောရခြင်း

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၂၂။ သော စ ဝေဂေန နိက္ခမ္မ၊ ဆေတွာ ဒန္ဓပရက္ကမံ။
တမုတ္တမာသု ဝေဏီသု၊ အဇ္ဈပ္ပတ္တော ပရာမသိ။
၁၂၃။ တမုဒါဝတ္တ ကလျာဏီ၊ ပလိဿဇိ သုသောဘနာ။
စဝိ တမှိ ဗြဟ္မစရိယာ၊ ယထာ တံ အထ တောသိတာ။
၁၂၄။ မနသာ အဂမာ ဣန္ဒံ၊ ဝသန္တံ နန္ဒနေ ဝနေ။
တဿာ သင်္ကပ္ပမညာယ၊ မဃဝါ ဒေဝကုဉ္ဇရော။
၁၂၅။ ပလ္လင်္ကံ ပဟိဏီ ခိပ္ပံ၊ သောဝဏ္ဏံ သောပဝါဟနံ။
သဥတ္တရစ္ဆဒပညာသံ၊ သဟဿ ပဋိဃတ္ထတံ။
၁၂၆။ တမေနံ တတ္ထ ဓာရေသိ၊ ဥရေ ကတွာန သောဘနာ။
ယထာ ဧကမုဟုတ္တံဝ၊ တီဏိ ဝဿာနိ ဓာရယိ။
၁၂၇။ ဝိမဒေါ တီဟိ ဝဿေဟိ ပဗုဇ္ဈိတွာန ဗြာဟ္မဏော။
အဒ္ဒသာသိ ဟရိတရုက္ခေ, သမန္တာ အဂ္ဂိယာယနံ။
၁၂၈။ နဝပတ္တဝနံ ဖုလ္လံ၊ ကောကိလဂ္ဂဏဃောသိတံ။
သမန္တာ ပဝိလောကေတွာ၊ ရုဒံ အဿူနိ ဝတ္တယိ။
၁၂၉။ န ဇုဟေ န ဇပေ မန္တေ၊ အဂ္ဂိဟုတ္တံ ပဟာပိတံ။
ကောနုမေ ပါရိစရိယာယ၊ ပုဗ္ဗေစိတ္တံ ပလောဘယိ။
၁၃၀။ အရညေ မေ ဝိဟရတော၊ ယော မေ တေဇာဟ သမ္ဘုတံ။
နာနာရတနပရိပူရံ၊ နာဝံဝ ဂဏှိ အဏ္ဏဝေ။

ဟူသော ဤကိုးဂါထာတို့ကို ဟောတော်မူ၏။

၁၂၂။ ဘိက္ခဝေ၊ ရဟန်းတို့။ သော၊ ထိုဣသိသိင်္ဂရသေ့သည်။ ဒန္ဓပရက္ကမံ၊ ညံ့သောအားထုတ်ခြင်းဟု ဆိုအပ်သော ဖြည်းဖြည်း ညင်းညင်း သွားခြင်းကို။ ဆေတွာ၊ ဖြတ်၍။ ဝေဂေန၊ လျင်မြန်စွာ။ နိက္ခမ္မ၊ ပြေးလာ၍။ အဇ္ဈပ္ပတ္တော၊ မှီတည့်လေလျှင်။ တံ၊ ထိုအလမ္ဗုသာ နတ်သမီးကို။ ဥတ္တမာသု၊ မြတ်ကုန်သော။ ဝေဏီသု၊ ဆံထုံးတို့၌။ ပရာမသိ၊ သုံးသပ်ဆွဲငင်လေ၏။

၁၂၃။ ဘိက္ခဝေ၊ ရဟန်းတို့။ ကလျာဏီ၊ ကောင်းသော ကိုယ်အင်္ဂါနှင့် ပြည့်စုံသော။ သုသောဘနာ၊ အလွန်တင့်တယ်သော အလမ္ဗုသာ နတ်သမီးသည်။ တံ၊ ထိုဣသိသိင်္ဂ ရသေ့ကို။ ဥဒါဝတ္တ၊ ပြန်လည်၍။ ပလိဿဇိ၊ ပိုက်ဖက်၏။ တာပသော၊ ဣသိသိင်္ဂရသေ့သည်။ တမှိ ဗြဟ္မစရိယာ၊ ထိုမြတ်သော အကျင့်မှ။ စဝိ၊ ရွေ့လျားလေ၏။ ယထာ၊ အကြင်အခြင်းဖြင့်။ တံ၊ ထိုသိကြားမင်းသည် တောင့်တအပ်သော အလိုဆန္ဒသည်။ တထေဝ၊ ထိုတောင့်တတိုင်းသာလျှင်။ အဟောသိ၊ ဖြစ်လေ၏။ အထ၊ ထိုအလိုဆန္ဒ တောင့်တတိုင်း ပြည်စုံသည်ရှိသော်။ သက္ကဿ၊ သိကြားမင်းသည်။ ဒေဝကညာ၊ အလမ္ဗုသာ နတ်သမီးကို။ တောသိတာ၊ နှစ်သက်လေ၏။

၁၂၄။ ဘိက္ခဝေ၊ ရဟန်းတို့။ သာ၊ ထိုအလမ္ဗုသာ နတ်သမီးသည်။ နန္ဒနေဝနေ၊ နှစ်သက်ခြင်းကို ဖြစ်စေခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်ကြောင့် နန္ဒဝန်ဟု ဆိုအပ်သော တာဝတိံသာ နတ်ပြည်၌။ ဝသန္တံ၊ နေသော။ ဣန္ဒံ၊ သိကြားမင်းကို။ မနသာ၊ စိတ်ဖြင့်။ အဂမာ၊ အောက်မေ့တခေါ် မျှော်လင့်လေ၏။ ဒေဝကုဉ္ဇရော၊ နတ်တို့ထက် မြတ်ထသော။ မဃဝါ၊ သိကြားမင်းသည်။ တဿာ၊ ထိုအလမ္ဗုသာ နတ်သမီး၏။ သင်္ကပ္ပံ၊ အကြံကို။ အညာယ၊ သိ၍။

၁၂၅။ သောဝဏ္ဏံ၊ ရွှေဖြင့်ပြီးထသော။ သောပဝါဟနံ၊ အခြံအရံနှင့်တကွသော။ သဥတ္တရစ္ဆဒပညာသံ၊ ငါးဆယ်သော အပေါ်လွှမ်းဗိတာန်နှင့် တကွသော။ သဟဿပဋိဃတ္ထတံ၊ တစ်ထောင်သော နတ်ကော်ဇောလည်း ခင်းထသော။ ပလ္လင်္ကံ၊ ပလ္လင်ကို။ ခိပ္ပံ၊ လျင်စွာ။ ပါဟိဏိ၊ ပို့စေ၏။

ရသေ့လေး ၃-နှစ် မေ့နေခြင်း

၁၂၆။ ဘိက္ခဝေ၊ ရဟန်းတို့။ သောဘနာ၊ တင့်တယ်ခြင်းနှင့် ပြည့်စုံထသော အလမ္ဗုသာနတ်သမီးသည်။ တတ္ထ၊ ထိုနတ်ပလ္လင်၌။ နိသိန္နာ၊ နေလျက်။ တမေနံ၊ ထိုဣသိသိင်္ဂ ရသေ့ကို။ ဥရေကတွာန၊ ရင်၌ပိုက်၍။ ဓာရေသိ၊ ဆောင်၏။ ဧကမုဟုတ္တံဝ၊ တစ်ခဏမျှသာလျှင်။ ဓာရေတိ ယထာ၊ ဆောင်သကဲ့သို့။ တထာ၊ ထို့အတူ။ တီဏိဝဿာနိ၊ သုံးနှစ်တိုပတ်လုံး။ ဓာရယိ၊ ဆောင်၏။

သတိရ၍ ငိုရပြီ

၁၂၇။ ဘိက္ခဝေ၊ ရဟန်းတို့။ ဗြာဟ္မဏော၊ ဣသိသိင်္ဂရသေ့သည်။ တီဟိဝဿေဟိ၊ သုံးနှစ်တိုင်မှ။ ဝိမဒေါ၊ မိန်းမောတွေဝေခြင်း ပြေသည်ဖြစ်၍။ ပဗုဇ္ဈိတွာန၊ နိုး၍။ အဂ္ဂိယာယနံ၊ မီးတင်းကုပ်ကို။ ပရိဝါရေတွာ၊ ခြံရံ၍။ သမန္တာ၊ ထက်ဝန်းကျင်မှ။ ဌိတေ၊ တည်ကုန်သော။ ဟရိတရုက္ခ၊ စိမ်းညိုသော အရွက်ရှိကုန်သော သစ်ပင်တို့ကို။ အဒ္ဒသာသိ၊ မြင်လေ၏။

၁၂၈။ ဘိက္ခဝေ၊ ရဟန်းတို့။ ဗြာဟ္မဏော၊ ဣသိသိင်္ဂ ရသေ့သည်။ သမန္တာ၊ ထက်ဝန်းကျင်မှ။ ဌိတံ၊ တည်သော။ ကောကိလဂ္ဂဏဃောသိတံ၊ ဥဩအပေါင်းတို့၏ တွန်မြူးရာဖြစ်သော။ ဖုလ္လံ၊ ပွင့်လင်းစည်ပင်ထသာ။ နဝပတ္တဝနံ၊ ပေါက်သစ်စဖြစ်သော ရွက်နုရှိသောတောကို။ ပဝိလောကေတွာ၊ ကြည့်၍။ ရုဒံ- ရုဒန္တော၊ ငိုကြွေးလျက်။ အဿူနိ၊ မျက်ရည်တို့ကို။ ဝတ္တယိ၊ ယိုစီးစေ၏။

၁၂၉။ အဟံ၊ ငါသည်။ န ဇုဟေ၊ မီးမပူဇော်မိ။ မန္တေ၊ ဗေဒင်တို့ကို။ န ဇပေ၊ မသရဇ္ဈာယ်မိ။ အဂ္ဂိဟုတ္တံ၊ မီးပူဇော်ခြင်းကို။ ပဟာပိတံ၊ စွန့်ပစ်မိ၏။ ကော နု၊ အဘယ်သူသည်လျှင်။ ပါရိစရိယာယ၊ ကိလေသာဖြင့် လုပ်ကျွေးခြင်းဖြင့်။ ပုဗ္ဗေ၊ ရှေးကာလက။ မေ၊ ငါ၏။ စိတ္တံ၊ စိတ်ကို။ ပလောဘယိ၊ ဖျားယောင်းစေဘိသနည်း။

၁၃၀။ နာနာရတနပရိပူရံ၊ အထူးထူးသော ရတနာတို့ဖြင့် ပြည့်သော။ နာဝံ၊ လှေကို။ အဏ္ဏဝေ၊ သမုဒ္ဒရာ၌။ ဂဏှိဣဝ၊ နှစ်ဘိသကဲ့သို့။ တထာ၊ ထို့အတူ။ ယော၊ အကြင်သူသည်။ အရညေ၊ တော၌။ ဝိဟရတော၊ နေသော။ မေ၊ ငါ၏။ တေဇာဟသမ္ဘူတံ၊ ရဟန်းတို့၏ အစွမ်းကြောင့်ဖြစ်သော ဈာန်တည်းဟူသော ကျေးဇူးကို။ ဝိနာသံ၊ ပျက်စီးခြင်းသို့။ ပါပေသိ၊ ရောက်စေ၏။ သော၊ ထိုသူသည်။ ကောနာမ၊ အဘယ်မည်သောသူ ဖြစ်လေသနည်း။ ဣတိ၊ ဤသို့။ ရုဒံ-ရုဒန္တော၊ ငိုမြည်တမ်းလျက်။ အဿူနိ၊ မျက်ရည်တို့ကို။ ဝတ္တယိ၊ ယိုစီးစေ၏။

နတ်သမီးတောင်းပန်ခြင်း

အလမ္ဗုသာ နတ်သမီးသည် ထိုဣသိသိင်္ဂရသေ့ ငိုကြွေးမြည်တမ်းသံကို ကြား၍ ကြ့၏။ ငါသည် အကယ်၍ မပြောဆိုချေအံ့၊ ဤရှင်ရသေ့သည် ငါ့ကို ကျိန်ဆဲလတ္တံ့၊ ယခုအခါ ထိုရသေ့အား ပြောဆိုအံ့ဟု ကြံ၍ ထိုအလမ္ဗုသာ နတ်သမီးသည် ထင်ရှားသောကိုယ်ဖြင့် တည်၍ ပြောဆိုလိုရကား-

၁၃၁။ အဟံတေ ပါရိစရိယာယ၊ ဒေဝရာဇေန ပေသိတာ။
အဝဓိံ စိတ္တံ စိတ္တေန၊ ပမာဒေါ တွံ န ဗုဇ္ဈသိ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၁။ ဘော တာပသ၊ အိုရှင်ရသေ့။ တေ၊ ရှင်ရသေ့အား။ ပါရိစရိယာယ၊ ကာမဂုဏ်ဖြင့် လုပ်ကျွေးစိမ့်သောငှာ။ ဒေဝရာဇေန၊ သိကြားမင်းသည်။ ပေသိတာ၊ စေအပ်သော။ အဟံ၊ အကျွန်ုပ်သည်။ စိတ္တေန၊ အကျွန်ုပ်စိတ်ဖြင့်။ စိတ္တံ၊ ရှင်ရသေ့ စိတ်ကို။ အဝဓိံ၊ ညှဉ်းဆဲမိပေ၏။ တွံ၊ သင်ရှင်ရသေ့သည်။ ပမာဒေါ၊ မေ့လျော့သည် ဖြစ်၍။ န ဗုဇ္ဈသိ၊ သိတော်မမူလေ။

ရသေ့လေး နောင်တရခြင်း

ဣသိသိင်္ဂ ရသေ့သည် ထိုအလမ္ဗုသာ နတ်သမီး၏ စကားကိုကြား၍ ခမည်းတော် ရှင်ရသေ့ကြီးသည် ပေးအပ်သော အဆုံးအမကိုအောက်မေ့၍ ခမည်းတော် ရှင်ရသေ့၏ စကားကို မလိုက်နာမိချေ၍ ကြီးစွာသော ပျက်စီးခြင်းသို့ရောက်ရ၏ဟု ဆို၍ ငိုကြွေးမြည်တမ်းလိုရကား-

၁၃၂။ ဣမာနိ ကိရ မံ တာတော၊ ကဿပေါ အနုသာသတိ။
ကမလာသဒိသိတ္ထိယော၊ တာယော ဗုဇ္ဈေသိ မာဏဝ။
၁၃၃။ ဥရေ ဂဏ္ဍာယော ဗုဇ္ဈေသိ၊ တာယော ဗုဇ္ဈေသိ မာဏဝ။
ဣစ္စာနုသာသိ မံ တာတော၊ ယထာ မံ အနုကမ္ပကော။
၁၃၄။ တဿာဟံ ဝစနံ နာကံ၊ ပိတု ဝုဒ္ဓဿ သာသနံ။
အရညေ နိမ္မနုဿမှိ၊ သွဇ္ဇ ဈာယာမိ ဧကကော။
၁၃၅။ သောဟံ တထာ ကရိဿာမိ၊ ဓိရတ္ထု ဇီဝိတေန မေ။
ပုန ဝါ တာဒိသော ဟေဿံ၊ မရဏံ မေ ဘဝိဿတိ။

ဟူသော ဤလေးဂါထာကို ဆို၏။

၁၃၂။ ကသပေါ၊ ကဿပ အနွယ်တော်ဖြစ်သော။ တာတော၊ ခမည်းတော်သည်။ မံ၊ ငါ့ကို။ ဣမာနိ၊ ဤစကားတို့ကို။ ဝတွာ၊ ဆို၍။ အနုသာသတိ ကိရ၊ ဆုံးမတော်မူဖူးသတတ်။ မာဏဝ၊ လုလင်ပျို။ ကမလာသဒိသိတ္ထိယော၊ မိန်းမသဏ္ဌာန်နှင့်တူသော နွယ်ပန်းပွင့်ဖြစ်ကုန်သော မိန်းမတို့သည်။ ဣမသ္မိံ ဟိမဝန္တေ၊ ဤဟိမဝန္တာ အရပ်၌။ သန္တိ၊ ရှိကုန်၏။ တာယော၊ ထိုမိန်းမတို့ကို။ ဗုဇ္ဈေသိ၊ အမောင် သိလော့။

၁၃၃။ မာဏဝ၊ လုလင်ပျို။ ဥရေ၊ ရင်၌။ ဂဏ္ဍာယော၊ နှစ်ခုအစုံ အသားငုံရှိသော မိန်းမတို့ကို။ ဗုဇ္ဈေသိ၊ အမောင် သိလော့။ တာယော၊ ထိုမိန်းမတို့သည်။ အတ္တနော၊ မိမိ၏။ ဝသံ၊ အလိုသို့။ ဂတေ၊ လိုက်ကုန်သော သူတို့ကို။ ဝိနာသံ၊ ပျက်စီးခြင်းသို့။ ပါပေန္တိ၊ ရောက်စေတတ်ကုန်၏။ ဣတိ၊ ဤသို့။ ဗုဇ္ဈေသိ၊ အမောင်သိလော့။ ဣတိ၊ ဤသို့။ ယထာ ယေန အာကာရေန၊ အကြင် အကြင်သို့သော အခြင်းအရာအားဖြင့်။ မံ၊ ငါ့ကို။ အနုကမ္ပကော၊ သနားကရုဏာ ရှိပေသော။ တာတော၊ ခမည်းတော် ရှင်ရသေ့သည်။ မံ၊ ငါ့ကို။ အနုသာသိ၊ ဆုံးမတော်မူဖူးလေ၏။

၁၃၄။ အဟံ၊ ငါသည်။ ဝုဒ္ဓဿ၊ ပညာအမြော်အမြင်နှင့် ပြည့်စုံသော။ တဿ၊ ထိုသို့သဘောရှိသော။ ပိတု၊ ခမည်းတော်၏။ သာသနံ၊ အဆုံးအမဖြစ်သော။ ဝစနံ၊ စကားကို။ နာကံ၊ မလိုက်နာမိချေ။ အဇ္ဇ၊ ယနေ့။ သွာဟံ- သောအဟံ၊ ထိုငါသည်။ နိမ္မနုဿမှိ၊ လူမရှိသော။ အရညေ၊ တော၌။ ဧကကော၊ တစ်ယောက်အထီးတည်း။ ဈာယာမိ၊ ကျူကျူငိုကြွေးရ၏။

၁၃၅။ မေ၊ ငါ့အား။ ဇီဝိတန၊ အသက်ရှင်ခြင်းဖြင့်။ ဓိရတ္ထု၊ အကျိုးလည်းမရှိ စက်ဆုပ်ရွံရှာဖွယ်ရှိစွ။ မေ၊ ငါ့အား။ မရဏံ ဝါ၊ သေခြင်းသည်လည်း။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။ ကယိရမာနေ၊ ပြုသည်ရှိသော်။ ပုန ဝါ၊ တစ်ဖန်လည်း။ တာဒိသော၊ ထိုသို့ ရှေးနှင့်တူသော သဘောရှိသော ဈာန်ရယောက်ျားသည်။ ဟေဿံ၊ ဖြစ်လတ္တံ့။ တထာ၊ ထိုသို့သော အခြင်းအရာအားဖြင့်။ သောအဟံ၊ ထိုငါသည်။ ကရိဿာမိ၊ ပြုဦးအံ့။

နတ်သမီး ကန်တော့ခြင်း

ဤသို့ ဣသိသိင်္ဂ ရသေ့သည် ကာမရာဂကိုပယ်၍ တစ်ဖန် ဈာန်ကိုဖြစ်စေ၏။ ထိုအခါ ဣသိသိင်္ဂရသေ့၏ တန်ခိုးအစွမ်းကိုမြင်၍ ဈာန်ကို ဖြစ်စေသည်၏ အဖြစ်ကိုလည်း သိ၍ အလမ္ဗုသာ နတ်သမီးသည် ကြောက်လေရကား ကန်တော့၏။ ထိုအကြောင်းကို ထင်ရှား တတ်မူလိုသာ သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၃၆။ တဿ တေဇံ ဝိရိယဉ္စ၊ ဓိတိံ ဉတွာ အဝဋ္ဌိတံ။
သိရသာ အဂ္ဂဟိ ပါဒေ၊ ဣသိသိင်္ဂံ အလမ္ဗုသာ။
၁၃၇။ မာမေ ကုဇ္ဈ မဟာဝီရ၊ မာ မေ ကုဇ္ဈ မဟာဣသေ။
မဟာအတ္ထော မယာ စိဏ္ဏော၊ တိဒသာနံ ယသဿိနံ။
တယာ ပကမ္ပိတံ အာသိ၊ သဗ္ဗံ ဒေဝပုရံ တဒါ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

၁၃၆။ ဘိက္ခဝေ၊ ရဟန်းတို့။ အလမ္ဗုသာ၊ အလမ္ဗုသာနတ်သမီးသည်။ တဿ၊ ထိုဣသိသိင်္ဂရသေ့၏။ အဝဋ္ဌိတံ၊ ဖြစ်စေအပ်ပြီးသော။ တေဇဉ္စ၊ တန်ခိုးအစွမ်းကိုလည်းကောင်း။ ဝီရိယဉ္စ၊ လုံ့ လကိုလည်းကောင်း။ ဓိတိဉ္စ၊ ပညာကိုလည်းကောင်း။ ဉတွာ၊ သိ၍။ ဣသိသိင်္ဂံ- ဣသိသိင်္ဂဿ၊ ဣသိသိင်္ဂရသေ့၏။ ပါဒေ၊ ခြေတို့ကို။ သိရသာ၊ ဦးဖြင့်။ အဂ္ဂဟိ၊ တိုက်၏။

၁၃၇။ မဟာဝီရ၊ ကြီးသော လုံ့လရှိသော ရှင်ရသေ့။ မေ၊ အကျွန်ုပ်အား။ မာ ကုဇ္ဈ၊ အမျက် ထွက်တော်မမူပါလင့်။ မဟာဣသေ၊ မြတ်သော ရှင်ရသေ့။ မေ၊ အကျွန်ုပ်အား။ မာ ကုဇ္ဈ၊ အမျက် ထွက်တော်မမူပါလင့်။ ယဒါ၊ အကြင်အခါ၌။ တယာ၊ ရှင်ရသေ့ကြောင့်။ သဗ္ဗံ၊ အလုံးစုံသော။ ဒေဝပုရံ၊ တာဝတိံသာ နတ်ပြည်သည်။ ပကမ္ပိတံ၊ တုန်လှုပ်သည်။ အာသိ၊ ဖြစ်၏။ တဒါ၊ ထိုအခါ၌။ ယသသိနံ၊ များသော အခြံအရံရှိကုန်သော။ တိဒသာနံ၊ တာဝတိံသာနတ်တို့၏။ မဟာအတ္ထော၊ များမြတ်သော အလိုကို။ မယာ၊ အကျွန်ုပ်သည်။ စိဏ္ဏော၊ ကျင့်အပ်၏။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ ဣသိသိင်္ဂံ- ဣသိသိင်္ဂဿ၊ ဣသိသိင်္ဂရသေ့၏။ ပါဒေ၊ ခြေတို့ကို။ အလမ္ဗုသာ၊ အလမ္ဗုသာ နတ်သမီးသည်။ သိရသာ၊ ဦးဖြင့်။ အဂ္ဂဟိ၊ တိုက်၏။

သွားခွင့် ပြုလိုက်ပြီ

ထိုအခါ ဣသိသိင်္ဂရသေ့သည် အလမ္ဗုသာနတ်သမီး ကန်တော့သည်ရှိသော် ကောင်းသောလက္ခဏာနှင့် ပြည့်စုံသော နတ်သမီး... သင်သည် အလိုရှိတိုင်း သွားလော့ ဟုဆို၍ အလမ္ဗုသာ နတ်သမီးကို လွှတ်လိုရကား

၁၃၈။ တာဝတိံသာ စ ယေ ဒေဝါ၊ တိဒသာနဉ္စ ဝါသဝေါ။

တွဉ္စ ဘဒ္ဒေ သုခီ ဟောဟိ၊ ဂစ္ဆ ကည ယထာသုခံ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၈။ ဘဒ္ဒေ၊ ကောင်းသောလက္ခဏာနှင့် ပြည့်စုံသော နတ်သမီး။ တာဝတိံသာ၊ တာဝတိံသာဘုံ၌ နေကုန်သော။ ယေ ဒေဝါ၊ အကြင်နတ်တို့သည်။ သန္တိ၊ ရှိကုန်၏။ တေ ဒေဝါ စ၊ ထို နတ်တို့သည်လည်းကောင်း။ တိဒသာနံ၊ တာဝတိံသာ နတ်တို့၏။ ဝါသဝေါစ၊ အရှင်ဖြစ်သော သိကြားမင်းသည်လည်းကောင်း။ သုခီ၊ ချမ်းသာခြင်းရှိကုန်သည်။ ဟောန္တု၊ ဖြစ်စေကုန်သတည်း။ တွဉ္စ၊ သင်သည်လည်း။ သုခီ၊ ချမ်းသာခြင်းရှိသည်။ ဟောတိ၊ ဖြစ်စေလော့။ ကည၊ နတ်သမီး။ တွံ၊ သင်သည်။ ယထာသုခံ၊ အလိုရှိတိုင်း။ ဂစ္ဆ၊ သွားလေလော့။

သိကြားမင်း ဆုပေးခြင်း

ထိုအလမ္ဗုသာ နတ်သမီးသည် ဣသိသိင်္ဂရသေ့ကို ရှိခိုး၍ ရွှေပလ္လင်ဖြင့်သာလျှင် တာဝတိံသာ နတ်ပြည်သို့ သွားလေ၏။ ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၁၃၉။ တဿ ပါဒေ ဂဟေတွာန၊ ကတွာ စ နံ ပဒက္ခိဏံ။
အဉ္ဇလိံ ပဂ္ဂဟေတွာန၊ တမှာ ဌာနာ အပက္ကမိ။
၁၄၀။ ယော စ တဿာသိ ပလ္လင်္ကော၊
သောဝဏ္ဏော သောပဝါဟနော။
သဥတ္တရစ္ဆဒပညာသော၊ သဟဿပဋိဃတ္ထတော။
တမေဝပလ္လင်္ကမာရုယှ၊ အဂါ ဒေဝါန သန္တီကေ။
၁၄၁။ တမောက္ကမိဝ အာယန္တိံ၊ ဇလန္တိံ ဝိဇ္ဇုတံ ယထာ။
ပတီတော သုမနော ဝိတ္တော၊ ဒေဝိန္ဒော အဒဒါဝရံ။

ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

၁၃၉။ ဘိက္ခဝေ၊ ရဟန်းတို့။ အလမ္ဗုသာ၊ အလမ္ဗုသာ နတ်သမီးသည်။ တဿ၊ ထိုဣသိသိင်္ဂ ရသေ့၏။ ပါဒေ၊ ခြေတို့ကို။ ဂဟေတွာန၊ ဦးဖြင့်တိုက်၍။ နံ၊ ထိုဣသိသိင်္ဂ ရသေ့ကို။ ပက္ခိဏဉ္စ၊ လက်ယာရစ် လှည့်သည်ကိုလည်း။ ကတွာ၊ ပြု၍။ အဉ္ဇလိံ၊ လက်အုပ်ကို။ ပဂ္ဂဟေတွာန၊ မြှောက်ချီ၍။ တမှာ ဌာနာ၊ ထိုအရပ်မှ။ အပက္ကမိ၊ ဖဲလေ၏။

၁၄၀။ တဿာ၊ ထိုအလမ္ဗုသာ နတ်သမီး၏။ သောဝဏ္ဏော၊ ရွှေဖြင့်ပြီးသော။ သောပဝါဟဝနော၊ အခြံအရံနှင့်တကွသော။ သဥတ္တရစ္ဆဒပညာသော၊ ငါးဆယ်သောအပေါ် လွှမ်းဗိတန်နှင့် တကွသော။ သဟဿပဋိဃတ္ထတော၊ တစ်ထောင်သော နတ်ကော်ဇောအခင်း ရှိထသော။ ယော စ ပလ္လင်္ကော၊ အကြင် ပလ္လင်သည်လည်း။ အသိ၊ ရှိသည်ဖြစ်၏။ တမေဝ ပလ္လင်္ကံ၊ ထို ရွှေပလ္လင်ကိုလျှင်။ အာရုယှ၊ စီးလေ၍။ ဒေဝါနံ၊ တာဝတိံသာ နတ်တို့၏။ သန္တိကေ၊ အထံသို့။ အဂါ၊ သွားလေ၏။

၁၄၁။ ဘိက္ခဝေ၊ ရဟန်းတို့။ ဥက္ကမိဝ၊ ဝင်းဝင်းပြောင်သော တန်ဆောင် မီးရှူးးကဲ့သို့လည်းကောင်း။ ဇလန္တိံ၊ ထိန်ထိန်လက်လက် ဝင်းဝင်းပြောင်သော။ ဝိဇ္ဇုယထာ၊ လျှပ်စစ်ကဲ့သို့ လည်းကောင်း။ အာယန္တိံ၊ လာသော။ တံ၊ ထိုအလမ္ဗုသာ နတ်သမီးကို။ ဒေဝိန္ဒော၊ စတုမဟာရာဇ် တာဝတိံသာ နတ်တို့ကို အစိုးရသော သိကြားမင်းသည်။ ပတီတော၊ နှစ်သက်သည် ဖြစ်၍။ သုမနော စိတ္တော၊ ဝမ်းမြောက်သော စိတ်ရှိသည် ဖြစ်၍။ ဝရံ၊ ဆုကို။ အဒဒါ၊ ပေးလေ၏။

နတ်သမီးယူသောဆု

ထိုအလမ္ဗုသာ နတ်သမီးသည် သိကြားမင်းအထံ၌ ဆုကို ယူလိုရကား-

၁၄၂။ ဝရဉ္စေ မေ အဒေါ သက္က၊ သဗ္ဗဘူတာနမိဿရ။
နိသိပ္ပလောဘိကာ ဂစ္ဆေ၊ ဧတံ သက္က ဝရံ ဝရေ။

ဟူသော အဆုံးဖြစ်သော ဂါထာကို ဆို၏။

၁၄၂။ သဗ္ဗဘူတာနံ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့ကို။ ဣဿရ၊ အစိုးရသော။ သက္က၊ သိကြားမင်း။ မေ၊ အကျွန်ုပ်အား။ ဝရံ၊ ဆုကို။ အဒေါ စေ၊ ပေးတော်မူလိုငြားအံ့။ ဧဝံ၊ ဤသို့ပေးလိုသည်။ သတိ၊ ရှိသော်။ ဣသိပ္ပလောဘိကာ-ဣသိပ္ပလောဘိကာယ၊ ရသေ့ရဟန်းတို့ကို ဖျားယောင်းအံ့ငှာ။ အဟံ၊ အကျွန်ုပ်သည်။ န ဂစ္ဆေ၊ မသွားလို။ သက္က၊ သိကြားမင်း။ အဟံ၊ အကျွန်ုပ်သည်။ ဧတံ ဝရံ၊ ထိုဆုကို။ ဝရေ-ဝရာမိ၊ တောင့်တ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ထိုသာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သော ရဟန်းအား ဤအလမ္ဗုသာဇာတ် ဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကိုပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ထိုသာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား ယခုအခါ သာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သော ရဟန်း၏ မယားဟောင်းသည် ထိုအခါ အလမ္ဗုသာ နတ်သမီး ဖြစ်ဖူးပြီ၊ ယခုအခါ သာသနာတော်၌ ငြီးငွေ့ဆန့်ကျင် မပျော်ရွှင်သော ရဟန်းသည် ထိုအခါ ဣသိသိင်္ဂရသေ့ ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဣသိသိင်္ဂရသေ့၏ ခမည်းတော် ရသေ့ကြီး ဖြစ်ဖူးပြီ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မဘက်လိုက်ပါ၊ မိုက်တတ်စွာ၊ ချမ်းသာကင်းရတတ်

သုံးခုမြောက်ဖြစ်သော အလမ္ဗုသာဇာတ်သည် ပြီး၏။

*****