လောကဝဂ်

၁၀။ အသဒိသဒါနဝတ္ထု

န ဝေ ကဒရိယာအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အတုမရှိသော အလှူကြီးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အလှူပြိုင်ပွဲကြီး

တစ်ပါးသောအခါ မြတ်စွာဘုရားသည် ဒေသစာရီ ကြွချီတော်မူပြီးလျှင် ငါးရာသောရဟန်းတို့ ခြံရံလျက် ဇေတဝန်ကျောင်းတော်သို့ ဝင်တော်မူလေ၏။ ကောသလမင်းကြီးသည် ဇေတဝန်ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ပင့်ဖိတ်သဖြင့် နောက်နေ့၌ အာဂန္တုကဒါနကို စီရင်ပြီးလျှင် “ငါ၏အလှူကို ကြည့်ရှုကြစမ်းလော့”ဟု ပြည်သူပြည်သားတို့ကို ခေါ်လေ၏။ ပြည်သူပြည်သားတို့သည် လာလတ်၍ မင်း၏အလှူကို မြင်ကြရသဖြင့် နောက်တစ်နေ့၌လည်း ပြည်သူပြည်သားတို့သည် မြတ်စွာဘုရားကို ပင့်ဖိတ်၍ အလှူကို စီရင်ပြီးလျှင် “အရှင်မင်းကြီး- အရှင့်ကျွန်တော်မျိုးတို့၏ အလှူကိုလည်း ရှုစားတော်မူပါဦး”ဟု မင်းကြီးအထံ စေလွှတ်ကြပြန်ကုန်၏။ မင်းကြီးသည် ထိုပြည်သူပြည်သားတို့၏ အလှူကို မြင်တော်မူရလျှင် “ဤပြည်သူပြည်သားတို့ကား ငါ့အလှူထက် အလွန့်အလွန် ပိုလွန်အောင် ပြုဘိ၏။ တစ်ဖန် အလှူကို ပြုဦးအံ့”ဟု နောက်တစ်နေ့၌လည်း အလှူကို စီရင်ပြန်လေ၏။ ပြည်သူပြည်သားတို့သည်လည်း ထိုမင်းကြီး၏အလှူကို မြင်ပြန်လျှင် နောက်တစ်နေ့၌ စီရင်ကြပြန်ကုန်၏၊ ဤသို့လျှင် မင်းကြီးသည် ပြည်သူပြည်သားတို့ကို ရှုံးစေခြင်းငှာ မတတ်နိုင်၊ ပြည်သူပြည်သားတို့သည်လည်း မင်းကြီးကို ရှုံးစေခြင်းငှာ မတတ်နိုင်ကြကုန်၊ ထိုအခါ ခြောက်ကြိမ်မြောက် လှူရာ၌ ပြည်သူပြည်သားတို့သည် အဆအရာ,အထောင် တိုးပွားစေ၍ အကြင်အခြင်းအရာနှင့် စီရင်သည်ရှိသော် ဤမည်သော အလှူဝတ္ထုသည် ဤသူတို့၏အလှူ၌ မရှိဟူ၍ ဆိုခြင်းငှာ မတတ်ကောင်း၊ ထိုအခြင်းအရာဖြင့် အလှူကို စီရင်ကြကုန်၏။ မင်းကြီးသည် ထိုပြည်သူပြည်သားတို့၏အလှူကို မြင်လျှင် “ငါကား ဤပြည်သူပြည်သားတို့၏ အလှူထက် လွန်အောင် ပြုခြင်းငှာ အကယ်၍ မတတ်နိုင်သည်ဖြစ်အံ့၊ ငါ့အား အသက်ရှည်နေသဖြင့် အဘယ်အကျိုးရှိတော့အံ့နည်း”ဟု အကြောင်းဥပါယ်ကို ကြံစည်လျက် စက်တော်ခေါ်လေ၏။

မလ္လိကာမိဖုရား အစီအမံ ကျွမ်းကျင်ခြင်း

ထိုအခါ မင်းကြီးသို့ မလ္လိကာမိဖုရားသည် ချဉ်းကပ်၍ “မြတ်သောမင်းကြီး- အဘယ့်ကြောင့် ဤသို့ စက်တော်ခေါ်ဘိသနည်း၊ အဘယ့်ကြောင့် သင်မင်းကြီး၏ ဣန္ဒြေတို့သည် ပင်ပန်းသကဲ့သို့ ဖြစ်ဘိသနည်း”ဟု မေးလေ၏။ မင်းကြီးသည် မိဖုရားအား “ယခု သင်-မသိလေသလော”ဟု ဆိုလေ၏။ “အရှင်မင်းကြီး- မသိရသေးပါ”ဟု လျှောက်တင်လတ်သော် မင်းကြီးသည် မလ္လိကာမိဖုရားအား ထိုအကြောင်းကို ပြောကြားလေ၏။ ထိုအခါ မင်းကြီးကို မလ္လိကာမိဖုရားသည် “အရှင်မင်းကြီး- စိတ်မပူပါလင့်၊ အသို့နည်း၊ မြေကိုအစိုးရသော မင်းကြီးကို ပြည်သူပြည်သားတို့က ရှုံးစေအပ်သည်ကို အရှင်မင်းကြီး မြင်ဖူးပါသလော၊ ကြားဖူးပါသလော၊ အကျွန်ုပ်သည် အရှင်မင်းကြီး၏အလှူကို ကောင်းစွာ စီရင်ပေးပါမည်”ဟု ဆိုလေ၏။ မလ္လိကာမိဖုရားသည် အတုမရှိသော အသဒိသအလှူကို စီရင်လိုသောကြောင့် ဤသို့ဆိုပြီးလျှင် “မြတ်သောမင်းကြီး- သာလကလျာဏီမည်သော ကြောင်လျှာသား နံပဲသားပျဉ်ချပ်တို့ဖြင့် ငါးရာကုန်သော ရဟန်းတို့၏အလို့ငှာ အကွေ့အတွင်း၌ နေရာမဏ္ဍပ်ကို ပြုစေပါလော့၊ ကြွင်းကုန်သော ရဟန်းတို့သည် အကွေ့အပ၌ နေကြပါကုန်လတ္တံ့၊ ထီးဖြူငါးရာတို့ကို ပြုစေပါလော့၊ ထိုထီးဖြူတို့ကိုကိုင်လျက် ငါးရာသော ဆင်တို့သည် ငါးရာသောရဟန်းတို့၏ ဦးထိပ်တော်ထက်၌ ဆောင်းကုန် မိုးကုန်လျက် တည်ကြရကုန်လတ္တံ့၊ ရှစ်စင်းဖြစ်စေ, ဆယ်စင်းဖြစ်စေ ရွှေနီပုဇွန်ခွံအုပ်သော လှေတော်တို့ကို ပြုစေပါလော့၊ ထိုလှေတော်တို့သည် မဏ္ဍပ်အလယ်၌ ဖြစ်ကုန်လတ္တံ့၊ နှစ်ပါး,နှစ်ပါးသော ရဟန်းတော်တို့၏အကြား၌ တစ်ယောက်, တစ်ယောက်သော မင်းသမီးတို့သည် နေကုန်လျက် နံ့သာကို ကြိတ်ကုန် သွေးကုန်ရလတ္တံ့၊ တစ်ယောက်,တစ်ယောက်သော မင်းသမီးတို့သည် ယပ်ကို ကိုင်လျက် နှစ်ပါး,နှစ်ပါးသော ရဟန်းတို့ကို ယပ်ခပ်ကာ တည်နေကြရကုန်လတ္တံ့၊ ကြွင်းသော မင်းသမီးတို့သည် သွေးတိုင်း သွေးတိုင်းကုန်သော နံ့သာတို့ကို ဆောင်ယူ၍ ရွှေလှေတို့၌ ထည့်ကြရကုန်လတ္တံ့၊ ထိုမင်းသမီးတို့တွင် အချို့သော မင်းသမီးတို့သည် ကြာညိုစည်းတို့ကို ကိုင်ယူ၍ ရွှေလှေတို့၌ ထည့်အပ်သော နံ့သာတို့ကို မွှေနှောက်သဖြင့် အထုံအနံ့ကို ယူစေကြရကုန်လတ္တံ့၊ ပြည်သူပြည်သားတို့အား မင်းသမီးတို့သည်လည်း မရှိကုန်၊ ထီးဖြူတို့သည်လည်းကောင်း၊ ဆင်တို့သည်လည်းကောင်း မရှိကုန်။ ဤအကြောင်းတို့ဖြင့် ပြည်သူပြည်သားတို့ ရှုံးကြရကုန်လတ္တံ့၊ မြတ်သောမင်းကြီး- ဤသို့ ပြုတော်မူပါလော့”ဟု လျှောက်တင်လေ၏။

ဆင်ဆိုးနှင့် အင်္ဂုလိမာလမထေရ်

မင်းကြီးသည် “မိဖုရားကြီး- ကောင်းလှပေစွ၊ သင့်စကားသည် သင့်လျော်သော သဘောရှိ၏”ဟု ဆို၍ မိဖုရားဆိုသော နည်းအားဖြင့် အလုံးစုံကို ပြုစေလေ၏။ တစ်ပါးသော ရဟန်းအလို့ငှာ ဆင်တစ်စီး မလောက်ဘဲ ရှိလေ၏။ ထိုအခါ မင်းကြီးသည် မလ္လိကာမိဖုရားကို “အဘယ်မိဖုရား- တစ်ပါးသော ရဟန်းအလို့ငှာ ဆင်တစ်စီး မလောက်၊ လိုနေသည်၊ အဘယ်သို့ ပြုကြရကုန်အံ့နည်း”ဟု ဆိုလေ၏။ “အရှင်မင်းကြီး- ဆင်ငါးရာတို့သည် မရှိကုန်သလော”ဟု မေးလတ်သော် “မိဖုရား- ရှိ၏”ဟု ဆိုပြီးလျှင် “ကြွင်းသောဆင်တို့ကား ဆင်ကြမ်း ဆင်ပျက်တို့ ဖြစ်ကုန်၏။ ထိုဆင်တို့သည် ရဟန်းတို့ကို မြင်လျှင်မြင်ချင်း ဝေရမ္ဘမည်သော လေနီကြမ်းကဲ့သို့ ကြမ်းတမ်းကြကုန်၏”ဟု ဆိုလေ၏၊ “အရှင်မင်းကြီး- အကျွန်ုပ်သည် တစ်စီးသော ကြမ်းသော ဆင်ငယ်၏ ထီးကိုကိုင်လျက် ရပ်တည်သင့်သော နေရာဌာနကို သိပါ၏”ဟု လျှောက်ဆိုလတ်သော် “ထိုဆင်ကြမ်းကို အဘယ်နေရာဌာန၌ ထားရမည်နည်း”ဟု မေးပြန်လေ၏။ “အရှင်အင်္ဂုလိမာလမထေရ်မြတ်၏ အထံတော်၌ ထားပါလော့”ဟု ဆိုလတ်သော် မင်းကြီးသည် မလ္လိကာမိဖုရားဆိုတိုင်း ပြုစေရလေ၏၊ ဆင်ငယ်သည် အမြီးကို ပေါင်ကြား၌သွင်း၍ နားနှစ်ဖက်တို့ကို ချပြီးလျှင် မျက်စိတို့ကို စုံမှိတ်လျက် တည်နေလေ၏။ လူများအပေါင်းသည် “ဤသို့သဘောရှိသည်မည်သော ဆင်ကြမ်းအား ကြောက်ဖွယ်ဘေးရန်မရှိအောင် ပြုလုပ်နိုင်ပေစွတကား”ဟု ဆင်ကိုသာလျှင် ကြည့်ရှုကြလေကုန်၏။

တစ်ဆယ့်လေးကုဋေ အလှူကြီးဖြစ်သော်လည်း လေးပါဒမျှ ဟောခြင်း

မင်းကြီးသည် ဘုရားအမှူးရှိသော ရဟန်းသံဃာတော်ကို ဆွမ်းလုပ်ကျွေးပြီးလျှင် မြတ်စွာဘုရားကိုရှိခိုး၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်၏ ဤအလှူရုံမဏ္ဍပ်၌ အပ်သော ဘဏ္ဍာကိုလည်းကောင်း၊ မအပ်သော ဘဏ္ဍာကိုလည်းကောင်း အလုံးစုံကို ရှင်တော်မြတ်ဘုရားတို့အားသာလျှင် လှူပါ၏ဘုရား”ဟု လျှောက်လေ၏။

(ထိုအလှူ၌ တ‌စ်နေ့ချင်းဖြင့်သာလျှင် စွန့်အပ်သောဥစ္စာကား တစ်ဆယ့်လေးကုဋေ ဖြစ်၏။ မြတ်စွာဘုရားအလို့ငှာ လှူဒါန်းသော ထီးဖြူ၊ ထိုင်တော်မူရာ ပလ္လင်၊ သပိခြေ၊ ခြေဆေးအင်းပျဉ် ဤလေးပါးသော အလှူဝတ္ထုတို့သည် အဖိုမဖြတ်နိုင်အောင် ထိုက်တန်ကုန်သည်သာလျှင်တည်း။ တစ်ဖန် ဤသို့သဘောရှိသော အမှုကို ပြုလုပ်၍ မြတ်စွာဘုရားတို့အား လှူခြင်းငှာ စွမ်းနိုင်သောသူမည်သည် မရှိပြီ။ ထို့ကြောင့်သာလျှင် ဤအလှူသည် အတုမရှိသော အသဒိသအလှူဟု ထင်ရှားလေ၏။ ထိုအသဒိသအလှူသည် အလုံးစုံသော ဘုရားရှင်တို့အား တစ်ကြိမ်ဖြစ်မြဲ ဟူသတတ်။ ထိုအလုံးစုံသော အသဒိသအလှူတို့အားလည်း မိန်းမသည်သာလျှင် စီရင်သတတ်။)

ထိုကောသလမင်းကြီးအား ကာလအမတ်, ဇုဏှအမတ်ဟူ၍ အမတ်နှစ်ယောက် ရှိကုန်၏။ ထိုအမတ်နှစ်ယောက်တို့တွင် ကာလအမတ်သည် “ဪ.. မင်းမျိုး၏ ဥစ္စာဆုတ်ယုတ်ခြင်းသာ ဖြစ်လေစွတကား။ တစ်ရက်ချင်းဖြင့်သာလျှင် တစ်ဆယ့်လေးကုဋေသော ဥစ္စာသည် ကုန်ခန်းခြင်းသို့ ရောက်ရှိလေ၏။ ဤရဟန်းတို့သည် ဤအလှူကို သုံးဆောင်းပြီးလျှင် သွား၍ လျောင်းကာ ကျိန်းစက်ကြကုန်လတ္တံ့။ ဪ..မင်းမျိုးသည် ပျက်စီးရရှာလေစွတကား”ဟု ကြံလေ၏။ ဇုဏှအမတ်သည်ကား “မင်းကြီး၏အလှူသည် ဪ..ကောင်းစွာ ပေးလှူအပ်သော အလှူဖြစ်ပေစွတကား၊ မင်းအဖြစ်၌ မတည်သောသူသည် ဤသို့ သဘောရှိသော အလှူကို ပေးလှူခြင်းငှာ မတတ်ကောင်း၊ ခပ်သိမ်းသော သတ္တဝါတို့အား အလှူ၏အဖို့ကို မပေးသောမည်သည် မရှိ၊ ငါသည်ကား ဤအလှူကို ဝမ်းမြောက်ရပေတော့အံ့”ဟု ကြံလေ၏။ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးစီးသောအဆုံး၌ မင်းကြီးသည် အနုမောဒနာတရား ဟောကြားစိမ့်သောငှာ မြတ်စွာဘုရား၏ သပိတ်တော်ကို ယူလေ၏။ ဘုရားရှင်သည် “ဤမင်းကြီးကား ကြီးစွာသော ရေအလျဉ်ကို ဖြစ်စေသော ယောက်ျားကဲ့သို့ ကြီးစွာသောအလှူကို ပေးလှူဘိ၏။ လူများအပေါင်းသည် စိတ်ကို ကြာ်ညိုစေခြင်းငှာ တတ်နိုင်လေသလေ၊ ထိုသို့မဟုတ် မတတ်နိုင်လေသလော”ဟု ကြံစည်တော်မူလေ၏။ မြတ်စွာဘုရားသည် ထိုအမတ်နှစ်ယောက်တို့၏ စိတ်အကြံကို သိတော်မူ၍ “မင်းကြီး၏အလှူဒါနအား လျောက်ပတ်သော အနုမောဒနာတရားကို အကယ်၍ ပြုအပ်သည်ဖြစ်အံ့၊ ကာလအမတ်၏ဦးခေါင်းသည် ခုနစ်စိတ် ကွဲလတ္တံ့၊ ဇုဏှအမတ်သည် သောတာပတ္တိဖိုလ်၌ တည်လတ္တံ့”ဟု သိတော်မူရသဖြင့် ကာလအမတ်၌ အစဉ်သနားခြင်းကို စွဲ၍ ဤသို့သဘောရှိသော အလှူကို ပေးလှူ၍ တည်သော မင်းကြီးအား လေးပါဒရှိသော ‌ဂါထာကိုသာလျှင် မိန့်တော်မူပြီးလျှင် နေရာမှထ၍ ကျောင်းတော်သို့ ကြွသွားတော်မူလေ၏။

ဆင်ဆိုးကိုမကြောက်သော အင်္ဂုလိမာလမထေရ်

ရဟန်းတို့သည် အင်္ဂုလိမာလမထေရ်ကို “ငါ့ရှင်- အသို့နည်း၊ ထီးကိုကိုင်ဆောင်းလျှက် တည်နေသော ဆင်ကြမ်းကို မြင်ရသောကြောင့် ကြောက်သလော”ဟု မေးကြလေကုန်၏။ “ငါ့ရှင်တို့- မကြောက်ပါ”ဟု ဆိုလတ်သော် ထိုရဟန်းတို့သည် မြတ်စွာဘုရားသို့ ချဉ်းကပ်၍ “မြတ်စွာဘုရား- အင်္ဂုလိမာလမထေရ်သည် အရဟတ္တဖိုဘ်ကို ပြောကြားပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏။ မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- အင်္ဂုလိမာလမထေရ်သည် မကြောက်၊ ရဟန္တာဥသဘတို့အလယ်၌ ကြီးသော ဥသဘဖြစ်ကုန်သော ငါ့သားနှင့်‌တူသော ရဟန်းတို့သည် မကြောက်ကြကုန်”ဟု မိန့်တော်မူပြီးလျှင် ဗြာဟ္မဏဝဂ်၌ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဥသဘံ ပဝရံ ဝီရံ၊ မဟေသိံ ဝိဇိတာဝိနံ။
အနေဇံ နှာတကံ ဗုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဥသဘံ၊ မကြောက်မရွံ့ခြင်းကြောင့် ဥသဘနှင့်တူထသော။ ပဝရံ၊ မြတ်တော်မူထသော။ ဝီရံ၊ ခိုင်မြဲသော လုံ့လဝီရိယ ရှိတော်မူထသော။ မဟေသိံ၊ သီလက္ခန္ဓစသည့် ကျေးဇူးဂုဏ်အထူးကို ဆည်းပူးရှာမှီးလေ့ရှိထသော။ ဝိဇိတာဝိနံ၊ အောင်အပ်သော မာရ်သုံးပါးရှိထသော။ အနေဇံ၊ ဧဇာမည်သော တဏှာကင်းထသော။ နှာတကံ၊ ဆေးကြောသုတ်သင်အပ်သော ကိလေသာ ရှိထသော။ ဗုဒ္ဓံ၊ သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် သိမြင်တော်မူပြီးထသော။ တံ၊ ထိုပုဂ္ဂိုလ်ကို။ ဗြာဟ္မဏံ၊ ဗြာဟ္မဏဟူ၍။ အဟံ၊ ငါဘုရားသည်။ ဗြူမိ၊ ဟောတော်မူ၏။

လေးပါဒဂါထာသာ အနုမောဒနာ၍

မင်းကြီးသည်လည်း နှလုံးမသာယာခြင်းသို့ ရောက်သည်ဖြစ်၍ “ဤသို့ သဘောရှိသည်မည်သော ပရိသတ်ဖြင့် အလှူကိုပေးလှူလျက် တည်သော ငါ့အား လျောက်ပတ်သော အနုမောဒနာတရား ဟောကြားခြင်းကို မပြုမူ၍ ဂါထာတစ်ခုမျှကိုသာ မိန့်တော်မူပြီးလျှင် ဘုရားရှင်သည် နေရာမှထ၍ ကြွသွားတော်မူလေ၏၊ ငါသည် မြတ်စွာဘုရားအား လျောက်ပတ်သောအလှူကို မပြုမူ၍ မလျောက်ပတ်သောအလှူကို ပြုမိသည်ဖြစ်လတ္တံ့၊ အပ်သောဘဏ္ဍာကို မပေးလှူမူ၍ မအပ်သောဘဏ္ဍာကို ပေးလှူမိသည်လည်း ဖြစ်ပေလတ္တံ့၊ မြတ်စွာဘုရားသည် ငါ့အား အမျက်ထွက်တော်မူသည် ဖြစ်တန်ရာ၏”ဟူ၍ လည်းကောင်း၊ “ဤသို့သော အသဒိသအလှူ မည်သည်ကား အလှူအားလျော်စွာ အနုမောဒနာကို ပြုခြင်းငှာ သင့်လျော်၏”ဟူ၍ လည်းကောင်း ကြံစည်ပြီးလျှင် ကျောင်းတော်သို့ သွားသဖြင့် ဘုရားရှင်ကို ရှိခိုး၍ “မြတ်စွာဘုရား- ဒကာတော်သည် လှူအပ်သည်နှင့် စပ်သော အလှူဒါနကို မလှူမိပါသလော၊ ထိုသို့မဟုတ် အလှူအားလျော်စွာ အပ်သောဘဏ္ဍာကို မလှူမူ၍ မအပ်သော ဘဏ္ဍာကို လှူမိပါသလောဘုရား”ဟု ဤစကားကို လျှောက်ကြားလေ၏။ “မြတ်သောမင်းကြီး- ဤအကြောင်းကား အဘယ်နည်း”ဟု မေးတော်မူလတ်သော် “ရှင်တော်ဘုရားတို့သည် ဒကာတော်အား အလှူနှင့်လျော်စွာ တရားအနုမောဒနာကို မပြုပါဘုရား”ဟု လျှောက်ကြားလေ၏။ “မြတ်သောမင်းကြီး- သင်မင်းကြီးသည် သင့်လျော် လျောက်ပတ်သည်သာလျှင်ဖြစ်သော အလှူကို လှူဘိ၏၊ ထိုစကား မှန်၏၊ ဤအသဒိသအလှူ မည်သည်ကား တစ်ဆူသောဘုရားရှင်အား တစ်ကြိမ်သာလျှင် ပေးလှူခြင်းငှာ တတ်ကောင်း၏၊ တစ်ဖန် ဤသို့သဘောရှိသော အလှူမည်သည်ကို ပေးလှူနိုင်ခဲ၏”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- ထိုသို့ဖြစ်ပါလျှင် အဘယ့်ကြောင့် ဒကာတော်အား အလှူနှင့်လျော်စွာ တရားအနုမောဒနာကို ပြုတော်မမူပါဘိသနည်းဘုရား”ဟု လျှောက်ကြားလေ၏။

ပရိသတ် မစင်ကြယ်

“မြတ်သောမင်းကြီး- ပရိသတ် မစင်ကြယ်သည့်အဖြစ်ကြောင့် ပြုတော်မမူ”ဟု မိန့်တော်မူလတ်သော် “မြတ်စွာဘုရား- ပရိသတ်၏အပြစ်ကား အဘယ်ပါနည်းဘုရား”ဟု လျှောက်ပြန်လေ၏။ ထိုအခါ ကောသလမင်းကြီးအား မြတ်စွာဘုရားသည် နှစ်ယောက်သော အမတ်တို့၏ စိတ်အကြံကို မိန့်ကြားတော်မူပြီးလျှင် ကာလအမတ်၌ အစဉ်သနားသည်ကိုစွဲ၍ အနုမောဒနာပြုသည့်အဖြစ်ကို မိန့်ကြားတော်မူလေ၏။

ကာလအမတ်ကိုနှင်၍ ဇုဏှအမတ်အား မင်းစည်းစိမ်ပေး

မင်းကြီးသည်လည်း “အချင်း ကာလ်အမတ်- သင်-ဤသို့ ကြံစည် အောက်မေ့သောဟူသည် မှန်သလော”ဟု မေးတော်မူ၍ “မှန်ပါသည်”ဟု လျှောက်တင်လတ်သည်ရှိသော် “သင်၏ဥစ္စာကို မယူမူ၍ ငါ့သားမယားတို့နှင့်တကွ ငါသည် မိမိဥစ္စာကို ပေးလှူရာ သင့်အား အဘယ်နှိပ်စက်ခြင်း ရှိသနည်း၊ သင်-သွားလေလော့၊ အကြင်စည်းစိမ်ကို သင့်အား ငါပေးအပ်ပြီ၊ ထိုစည်းစိမ်သည် ပေးပြီးတိုင်းသာလျှင် ဖြစ်စေ” ဟူ၍လည်းကောင်း၊ “ငါ၏တိုင်းပြည်မှ ထွက်လော့” ဟူ၍လည်းကောင်း ဆို၍ ထိုကာလအမတ်ကို တိုင်းပြည်မှ နှင်ထုတ်ပြီးလျှင် ဇုဏှအမတ်ကို ခေါ်စေသဖြင့် “သင်-ဤသို့ ကြံအောက်မေ့သောဟူသည် မှန်သလော”ဟု မေးတော်မူ၍ “မှန်ပါသည်”ဟု လျှောက်တင်လတ်သည်ရှိသော် “ဦးရီး- ကောင်းလှပေ၏၊ အကျွန်ုပ်သည် ကြည်ညိုသောစိတ် ရှိ၏၊ သင် ဇုဏှအမတ်သည် ငါ့ပရိသတ်ကိုယူ၍ ငါပေးလှူသော နည်းအားဖြင့်သာလျှင် ခုနစ်ရက်ပတ်လုံး အလှူကို ပေးလှူပါလော့”ဟု ခုနစ်ရက် ပြည်စည်းစိမ်ကို ဆောင်နှင်းပေးအပ်ပြီးလျှင် “မြတ်စွာဘုရား- မလိမ္မာသောသူ၏ အမူအရာကို ကြည့်တော်မူစမ်းကြပါဦးဘုရား၊ ဒကာတော်သည် ဤသို့ ပေးလှူအပ်သော အလှူ၌ ပုတ်ခတ်ခြင်းကို ပေးပါဘိသည်ဘုရား”ဟု မြတ်စွာဘုရားကို လျှောက်ကြားလေ၏။ မြတ်စွာဘုရားသည် “မြတ်သောမင်းကြီး- ဟုတ်မှန်ပေ၏။ သူမိုက်တို့မည်သည်ကား သူတစ်ပါး၏အလှူကို နှစ်သက်ဝမ်းမြောက်ခြင်းကို မပြုနိုင်သဖြင့် ဒုဂ္ဂတိသို့သာ လားစရာ ရှိရှာကြလေကုန်၏ ၊ ပညာရှိတို့သည်ကား သူတစ်ပါးတို့၏ အလှူကိုသော်လည်း နှစ်သက်ဝမ်းမြောက်၍ နတ်ပြည်သို့သာ လားစရာ ရှိကုန်သည်သာလျှင် ဖြစ်ကုန်၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၁၇၇] န ဝေ ကဒရိယာ ဒေဝလောကံ ဝဇန္တိ၊
ဗာလာ ဟဝေ နပ္ပသံသန္တိ ဒါနံ။
ဓီရော စ ဒါနံ အနုမောဒမာနော၊
တေနေဝ သော ဟောတိ သုခီ ပရတ္ထ။

ကဒရိယာ၊ ဝန်တိုကုန်သော သူတို့သည်။ ဝေ၊ စင်စစ်။ ဒေဝလောကံ၊ နတ်ပြည်သို့။ န ဝဇန္တိ၊ မရောက်နိုင်ကြကုန်။ ဗာလာ၊ မျက်မှောက် တမလွန် နှစ်တန်ဘဝ မသိကြကုန်သော သူတို့သည်။ ဟဝေ၊ စင်စစ်။ ဒါနံ၊ အလှူကို။ နပ္ပသံသန္တိ၊ မချီးမွမ်းနိုင်ကြကုန်။ ဓီရော စ၊ ပညာရှိသည်သာလျှင်။ ဒါနံ၊ အလှူကို။ အနုမောဒမာနော၊ ဝမ်းမြောက်နိုင်၏။ တေနေဝ၊ ထို့ကြောင့်သာလျှင်။ သော ဓီရော၊ ထိုပညာရှိသည်။ ပရတ္ထ၊ တမလွန်ဘဝ၌။ သုခီ၊ ချမ်းသာခြင်းရှိသည်။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ဇုဏှအမတ်သည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ရောက်လာသော ပရိသတ်အားလည်း အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏၊ ဇူဏှအမတ်သည်လည်း သောတာပန်ပုဂ္ဂိုလ်ဖြစ်၍ ခုနစ်ရက်ပတ်လုံး မင်းကြီး အလှူလှူသော နည်းအားဖြင့်သာလျှင် အလှူကို ပေးလှူလေ၏။

အသဒိသဒါနဝတ္ထု ပြီး၏။