သဟဿဝဂ်

၈။ အာယုဝဍ္ဎနသတို့သားဝတ္ထု

အဘိဝါဒနသီလိဿအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဒီဃလင်္ဃိကမြို့ကို အမှီပြု၍ အရညကုဋိခေါ် တောကျောင်း၌ နေတော်မူစဉ် ဒီဃာယုသတို့သားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အစိုးရိမ်လွန်သူ ပုဏ္ဏား

ဒီဃလင်္ဃိကမြို့နေ ပုဏ္ဏားနှစ်ယောက်တို့သည် သာသနာပ ရသေ့ရဟန်းအဖြစ်ဖြင့် ရဟန်းပြု၍ လေးဆယ့်ရှစ်နှစ်တို့ပတ်လုံး တပစရဏမည်သော ကိလေသာခေါင်းပါးအောင် သာသနာပပုဂ္ဂိုလ်တို့ကျင့်သော အကျင့်ကို ကျင့်ကြကုန်သတတ်။ ထိုပုဏ္ဏားနှစ်ယောက်တို့တွင် တစ်ယောက်သော ပုဏ္ဏားသည် “ငါ၏အဆက်အနွယ်သည် ပျောက်ပျက်ပေတော့လတ္တံ့ ၊ လူထွက်ဦးမည်”ဟု ကြံဆင်ခြင်၍ မိမိကျင့်အပ်သောအကျင့်ကို သူတစ်ပါးတို့အား ရောင်းချသည်ရှိသော် နွားတရာနှင့်လည်းကောင်း အသပြာတစ်ရာနှင့်လည်းကောင်း အတူတကွ မယားကိုရသဖြင့် ပစ္စည်းဥစ္စာ ကောင်းစွာ စုဆောင်းမိလေ၏။ ထို့နောက် ထိုပုဏ္ဏား၏မယားသည် သားယောက်ျားကလေးကို ဖွားမြင်လေ၏။ ၎င်း၏အဖော်ဖြစ်သော ပုဏ္ဏားရသေ့သည်ကား အရပ်တစ်ပါးသို့သွား၍ တစ်ဖန် ထိုဒီဃလင်္ဃိကမြို့သို့ ပြန်ရောက်လာ၏။ ထိုပုဏ္ဏားသည် အဆွေခင်ပွန်း ပုဏ္ဏားရသေ့ ပြန်လာသည့်အဖြစ်ကို ကြားရလျှင် သားမယားကိုခေါ်လျှက် ဖူးမြင်ခြင်းငှာ ရောက်သွားလေ၏။ ရောက်သွားသဖြင့် သားကို မိခင်၏လက်၌ပေးထား၍ ကိုယ်တိုင် ရှေးဦးစွာ ရှိခိုး၏။ မိခင်သည်လည်း သားကို ဖခင်လက်၌ပေး၍ ကိုယ်တိုင်ရှိခိုး၏။ ထိုရသေ့သည် “ဒီဃာယုကာ ဟောထ။ တုမှေ၊ သင်တို့သည်။ ဒီဃာယုကာ၊ ရှည်သောအသက် ရှိကြကုန်သည်။ ဟောထ၊ ဖြစ်ကြစေ”ဟု ဆုပေးစကား ဆိုလေ၏။ သားငယ်ကို ရှိခိုးစေသည်ရှိသော်ကား ဆိတ်ဆိတ်နေလေ၏။

(မြေကြီးကုန်သွားမည်စိုးသဖြင့် တီကောင်တို့သည် စားပြီးလျှင် ပြန်ထွေးကြသည်။ မိုးပြိုမည်စိုးသဖြင့် တစ်တီတူးငှက်တို့သည် ခြေမိုးထောင်၍ ပက်လက်အိပ်ကြသည်။ ရေကုန်သွားမည်စိုးသဖြင့် ကြိုးကြာတို့ ရေမသောက်ကြကုန်။ မျိုးနွယ်ဆက် ပျောက်ပျက်မည်စိုးသဖြင့် တရားကျင့်သောပုဏ္ဏားတို့ အကျင့်စွန့်၍ အိမ်ထောင်ပြုကြသည်။ အစိုးရိမ်လွန်သော တွေဝေသူ လေးယောက်။ မြေပြိုမည်စိုးသဖြင့် ဆင် ဖြည်းညင်းစွာ နင်းသည်ဟူ၍လည်း ဆိုကြသေး၏။)

အန္တရာယ်ရှိ၍ ဆုမပေး

ထိုအခါ ရသေ့ကို “အရှင်ဘုရား- အဘယ့်ကြောင့် တပည့်တော်တို့ ရှိခိုးသည်ရှိသော် ဒီဃာယုကာ ဟောထဟူသော ဆုကိုပေးလျက် ဤသားငယ်၏ ရှိခိုးသောအခါ တစ်စုံတစ်ခု မဆိုကြပါကုန်သနည်း”ဟု ဆို၍ “ဤသားငယ်အား အန္တရာယ်ရှိပါသလော”ဟု မေးလျှောက်၏။ “ဒါယကာပုဏ္ဏား- ဤသူငယ်အား အန္တရာယ်ရှိ၏”ဟု ဆိုလျှင် “အရှင်ဘုရား- အဘယ်မျှလောက် အသက်ရှည်ပါအံ့နည်း”ဟု မေးပြန်လေ၏။ “ဒါယကာပုဏ္ဏား- ခုနစ်ရက်မျှ အသက်ရှည်လတ္တံ့”ဟု ဆိုလျှင် “အရှင်ဘုရား- တားမြစ်အံ့သောအကြောင်း ရှိပါသလော”ဟု မေးပြန်လေ၏။ “ငါကား ထိုတားမြစ်အံ့သောအကြောင်းကို မသိ”ဟု ဆိုလျှင် “အရှင်ဘုရား- အဘယ်သူ သိနိုင်ပါအံ့နည်း”ဟု မေးပြန်လေ၏။ “ရဟန်းဂေါတမသည် သိနိုင်ရာ၏၊ ထိုရဟန်းဂေါတမထံသို့ သွား၍ မေးလော့”ဟု ပြောဆိုလျှင် မြတ်စွာဘုရားအထံသို့ သွားသည်ရှိသော် ပုဏ္ဏားသည် “အကျင့်၏ ဆုတ်ယုတ်အံ့သည်မှ ကြောက်လှပါသည်”ဟု ဆိုလေ၏။ “သင့်သား၌ ချစ်ခြင်း အကယ်၍ ရှိသည်ဖြစ်အံ့၊ အကျင့်ဆုတ်ယုတ်ခြင်းကို မကြံစည်ဘဲ ရဟန်းဂေါတမအထံသို့သွား၍ မေးသာမေးလော့”ဟု ဆိုလျှင် ထိုပုဏ္ဏားသည် ဘုရားအထံသို့သွား၍ မိမိကိုယ်တိုင် ရှေးဦးစွာ ရှိခိုးလေ၏။ မြတ်စွာဘုရားသည် “ဒီဃာယုကော ဟောဟိ။ တွံ၊ သင်သည်။ ဒီဃာယုကော၊ ရှည်သောအသက်ရှိသည်။ ဟောဟိ၊ ဖြစ်စေ”ဟု ဆုပေးစကား မိန့်ဆိုတော်မူလေ၏။ မယားရှိခိုးသောအခါ၌လည်း ထိုမိန်းမအား ထို့အတူ ဆုပေးစကားဆို၍ သားငယ်ရှိခိုးသောအခါ ဆိတ်ဆိတ်သာလျှင် နေတော်မူလေ၏။

ပုဏ္ဏားသည် ရှေးနည်းဖြင့်သာလျှင် မြတ်စွာဘုရားကို မေးလျှောက်လေ၏။ ဘုရားရှင်လည်း ထို့အတူသာလျှင် ဖြေကြားတော်မူ၏။

(ထိုရသေ့ပုဏ္ဏားသည် သဗ္ဗညုတဉာဏ်တော်ကို ထိုးထွင်း၍ မသိနိုင်သော်လည်း မိမိ၏ မန္တန်ပညာကို သဗ္ဗညုတဉာဏ်တော်ဖြင့် နှီးနှောမိစေ၏။ အန္တရာယ်ကို တားမြစ်ခြင်းအကြောင်းကိုကား မသိ။)

ပရိတ်ရွတ်၍ ဘီလူးအန္တရာယ် ကာကွယ်

ပုဏ္ဏားသည် ဘုရားရှင်ကို “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အန္တရာယ်ကို တားမြစ်နိုင်အံ့သော အကြောင်းရှိပါသလားဘုရား”ဟု မေးလျှောက်လေ၏။ “ပုဏ္ဏားကြီး ဖြစ်နိုင်ရာ၏”ဟု မိန့်တော်မူလျှင် “အဘယ်သို့ပြုမှ ဖြစ်နိုင်ရာသနည်းဘုရား”ဟု မေးလျှောက်လေ၏။ “သင်သည် မိမိ၏အိမ်တံခါး၌ မဏ္ဍပ်ကို ဆောက်လုပ်၍ ထိုမဏ္ဍပ်၏အလယ်၌ အင်းပျဉ်ကိုခင်း၍ ထိုအင်းပျဉ်ကို ခြံရံလျက် ရှစ်ခုဖြစ်စေ၊ တစ်ဆယ့်ခြောက်ခုဖြစ်စေ နေရာတို့ကို ခင်းစေသဖြင့် ထိုနေရာတို့၌ ငါ၏ တပည့်သားဖြစ်ကုန်သော ရဟန်းတော်တို့ကို သီတင်းသုံးနေစေပြီးလျှင် ခုနစ်ရက်ပတ်လုံး မပြတ် ပရိတ်အရံအတား ပြုစိမ့်သောငှာ အကယ်၍ တတ်နိုင်သည်ဖြစ်အံ့၊ ဤသို့တတ်နိုင်လျှင် ထိုသူငယ်၏ အန္တရာယ်သည် ပျောက်ပျက်လွင့်ပြယ်လေရာ၏”ဟု မိန့်တော်မူလျှင် “အိုရှင်ကြီးဂေါတမ- တပည့်တော်သည် မဏ္ဍပ်စသည်တို့ကို ပြုခြင်းငှာ တတ်နိုင်ပါ၏၊ ရှင်တော်မြတ်ဘုရားတို့၏ တပည့်ရဟန်းတော်တို့ကို အဘယ်မှာ ရနိုင်ပါအံ့နည်းဘုရား”ဟု လျှောက်ကြားလေ၏။ “သင်သည် ဤမျှလောက်ကို ပြုသည်ရှိသော် ငါဘုရားသည် ငါ့တပည့် ရဟန်းတော်တို့ကို စေလွှတ်ပေအံ့”ဟု မိန့်တော်မူလျှင် “အိုရှင်ကြီးဂေါတမ- ကောင်းလှပါပြီ”ဟု ဝမ်းမြောက်ဝမ်းသာ ဝန်ခံ၍ ပုဏ္ဏားကြီးသည် မိမိ၏ အိမ်တံခါး၌ အလုံးစုံသောကိစ္စကို ပြီးဆုံးအောင်ပြုပြီးလျှင် မြတ်စွာဘုရားထံတော်သို့ သွားလေ၏။ ဘုရားရှင်သည် ရဟန်းတော်တို့ကို စေလွှတ်တော်မူလေ၏။ ရဟန်းတော်တို့သည် သွား၍ ထိုနေရာတို့၌ နေထိုင်ကြကုန်၏။ သူငယ်ကိုလည်း အင်းပျဉ်ထက်၌ အိပ်စေကြကုန်၏။ ရဟန်းတော်တို့သည် ခုနစ်ခုသော ညဉ့်တို့ပတ်လုံး မပြတ် ပရိတ်ရွတ်ကြလေကုန်၏။ ခုနစ်ရက်မြောက်သောနေ့၌ မြတ်စွာဘုရားသည် ကိုယ်တော်တိုင်ကြွလာတော်မူ၏။ ဤသို့ မြတ်စွာဘုရား ကြွလာတော်မူသည်ရှိသော် စကြဝဠာ၌နေကုန်သော အလုံးစုံသော နတ်တို့သည် စည်းဝေး ရောက်လာကြကုန်၏။ အဝရုဒ္ဓကဟု အမည်ရှိသော ဘီလူးတစ်ယောက်သည် တစ်ဆယ့်နှစ်နှစ်ပတ်လုံး ဝေဿဝဏ်နတ်မင်းကြီးကို လုပ်ကျွေးခစားသဖြင့် ထိုဝေဿဝဏ်နတ်မင်းထံမှ ဆုရသည်ရှိသော် “ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ ဤသူငယ်ကို ယူလေလော့”ဟူသော ဆုကို ရလေ၏။ ထို့ကြောင့် အဝရုဒ္ဓကဘီလူးသည်လည်း လာ၍ ရပ်တည်နေလေ၏။

မြတ်စွာဘုရားသည် ထိုအရပ်သို့ ကြွရောက်တော်မူသည်ရှိသော် တန်ခိုးကြီးသော နတ်တို့သည် စည်းဝေးကြကုန်၏။ တန်ခိုးကြီးသောနတ်တို့သည် စည်းဝေးကြကုန်သည်ရှိသော် တန်ခိုးနည်းသောနတ်တို့ နောက်ဆုတ်၍, နောက်ဆုတ်၍ နေရာအရပ်ကို မရကြကုန်သဖြင့် တစ်ဆယ့်နှစ်ယူဇနာတိုင်အောင် ဖဲသွားကြရလေကုန်၏။ အဝရုဒ္ဓကဘီလူးသည်လည်း ထိုတစ်ဆယ့်နှစ်ယူဇနာသို့သာ ဖဲသွားရလေ၏။ ဘုရားရှင်သည်လည်း တစ်ညဉ့်ပတ်လုံး ပရိတ်အရံအတား ပြုတော်မူလေ၏။

အာယုဝဍ္ဎန အမည်ရပုံ

ခုနှစ်ရက်လွန်လတ်သည်ရှိသော် အဝရုဒ္ဓကဘီလူးသည် သူငယ်ကို မရနိုင်။ ရှစ်ရက်မြောက်သောနေ့ အရုဏ်တက်ကာမျှ၌ သူငယ်ကိုဆောင်ယူ၍ မြတ်စွာဘုရားကို ရှိခိုးစေကြကုန်၏။ ဘုရားရှင်သည် “ဒီဃာယုကော ဟောဟိ။ တွံ၊ သင်သတို့သားငယ်သည်။ ဒီဃာယုကော၊ ရှည်သောအသက်ရှိသည်။ ဟောဟိ၊ ဖြစ်စေ”ဟု ဆုပေးတော်မူလေ၏။ “အိုရှင်ကြီးဂေါတမ- ဤသူငယ်ကား အဘယ်မျှ ကာလကြာအောင် တည်နိုင်ပါအံ့နည်း၊ အသက်ရှည်ပါအံ့နည်းဘုရား”ဟု လျှောက်ကြားသည်ရှိသော် “အိုပုဏ္ဏားကြီး- အသက် တစ်ရာ့နှစ်ဆယ်ပတ်လုံး တည်လတ္တံ့”ဟု မိန့်တော်မူသဖြင့် ထိုအခါ သူငယ်အား “အာယုဝဍ္ဎနသတို့သား” ဟူသောအမည်ကို မှည့်ကြလေကုန်၏။ ဤအာယုဝဍ္ဎန သတို့သားသည် ကြီးရင့်ခြင်းသို့ ရောက်လတ်သော် သီတင်းသည် ဥပါသကာ ငါးရာတို့ဖြင့် ခြံရံလျက် လှည့်လည်သွားလာကာနေလေ၏။ ထိုအခါ တစ်နေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် “ငါ့ရှင်တို့- မြင်ကြကုန်၏လော၊ အာယုဝဍ္ဎန သတို့သားသည် ခုနှစ်ရက်မြောက်သောနေ့၌ သေထိုက်သူဖြစ်၏။ ထိုသူသည် ယခုအခါ အသက်တစ်ရာ့နှစ်ဆယ် တည်နိုင်လိမ့်မည်ဖြစ်၍ သီတင်းသည် ဥပါသကာငါးရာတို့ဖြင့် ခြံရံလျက် လှည့်လည်လေ၏၊ ဤသတ္တဝါတို့အား အသက်ရှည်နိုင်ခြင်း အကြောင်းသည် ရှိယောင်တကား”ဟု စကားကို ပြောဆိုကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- သက်သက် အသက်ရှည်ခြင်းတစ်ခုသာ မဟုတ်သေး၊ ဤသတ္တဝါတို့သည် ဂုဏ်ရှိသောသူတို့ကို ရှိခိုးကြကုန်သည်ရှိသော် လေးပါးသောအကြောင်းတို့ဖြင့် တိုးပွားနိုင်ကြကုန်၏။ ဘေးရန်မှ လွတ်နိုင်ကြကုန်၏၊ အသက်အတိုင်းသာလျှင် တည်နိုင်ကြကုန်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၀၉] အဘိဝါဒနသီလိဿ၊ နိစ္စံ ဝုဍ္ဎာပစာယိနော။
စတ္တာရော ဓမ္မာ ဝဍ္ဎန္တိ၊ အာယု ဝဏ္ဏော သုခံ ဗလံ။

နိစ္စံ၊ အမြဲ။ အဘိဝါဒနသီလိဿ၊ ရိုသေစွာ ရှိခိုးလေ့ရှိသော။ ဝုဍ္ဎာပစာယိနော၊ အသက်သိက္ခာ ဂုဏ်ဝါအားဖြင့် ကြီးသောသူတို့ကို အရိုအသေပြုခြင်းရှိသော။ ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်အား။ အာယု စ၊ ဇီဝိတိန္ဒြေဟူသော အသက်သည်လည်းကောင်း။ ဝဏ္ဏော စ၊ အဆင်းသည်လည်းကောင်း။ သုခဉ္စ၊ ချမ်းသာခြင်းသည်လည်းကောင်း။ ဗလဉ္စ၊ ခွန်အားသည်လည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရော၊ လေးပါးကုန်သော။ ဓမ္မာ၊ အကျိုးကျေးဇူးတရားတို့သည်။ ဝဍ္ဎန္တိ၊ တိုးပွားကြကုန်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ အာယုဝဍ္ဎနသတို့သားသည်လည်း သီတင်းသည်ဥပါသကာ ငါးရာတို့နှင့် အတူတကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။ ဤမှတစ်ပါး များစွာသော သူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

အာယုဝဍ္ဎနသတို့သားဝတ္ထု ပြီး၏။