ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း
by ဓမ္မစကူးလ်ဖောင်ဒေးရှင်း
၁ဝ။ အောင်မြင်ရေး မင်္ဂလာ
4395ဗုဒ္ဓဘာသာသင်ခန်းစာ ပဉ္စမတန်း — ၁ဝ။ အောင်မြင်ရေး မင်္ဂလာဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၁ဝ) အောင်မြင်ရေးမင်္ဂလာ

ပြင်ဆင်ရန်

နာယူလွယ်က ကောင်းကျိုးရ

ပြင်ဆင်ရန်

ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးမှာ သားတော်တစ်ရာ ရှိသည်။ ထိုသားတော် ၁၀၀ တို့တွင် အငယ်ဆုံးသားတော်၏ အမည်မှာ သံဝရမင်းသား ဖြစ်၏။ မင်းကြီးသည် သားတော် ၁ဝဝ တို့ကို ပညာရှိ ဆရာကြီးတို့ထံ၌ ပညာသင်ကြားရန် အသီးသီး အပ်နှံထားလေသည်။ ထိုဆရာကြီးများအနက် သံဝရမင်းသား၏ ဆရာသည် ဘုရားအလောင်း ပညာရှိအမတ်ကြီး ဖြစ်သည်။ ဆရာအမတ်ကြီးတို့သည် ပညာသင်ယူပြီးကြသော မင်းသားတို့ကို ဖခင်မင်းကြီးထံ၌ အတတ်ပညာ အစွမ်းကို အပြခိုင်းကြသည်။ မင်းကြီးကလည်း ကျေနပ်တော်မူသဖြင့် ထိုသားတော်တို့အား ဇနပုဒ်၊ မြို့ရွာတို့ကို အပိုင်စား အသီးသီး ပေးလိုက်၏။

သံဝရမင်းသားသည်လည်း အတတ်ပညာမျိုးစုံ သင်ယူပြီးသောအခါ ဆရာအမတ်ကြီးကို “ဆရာကြီး ... အကယ်၍ ကျွန်ုပ်၏ ခမည်းတော်မင်းကြီးက ကျွန်ုပ်အားလည်း ဇနပုဒ်၊ မြို့ရွာတို့ကို ပေးခဲ့လျှင် မည်သို့ပြုရမည်နည်း”ဟု မေးလေသည်။ ထိုအခါ ဆရာအမတ်ကြီးက “မင်းသား ... ထို ကဲ့သို့ ဇနပုဒ်၊ မြို့ရွာတို့ကိုသာ ပေးလျှင် မယူပါနှင့်၊ ပြီးလျှင်ဤသို့ ဆက်ပြောပါ၊ ခမည်းတော်မင်းကြီး ကျွန်ုပ်သည် အငယ်ဆုံးသား ဖြစ်ပါသည်၊ ကျွန်ုပ် ထွက်သွားမည်ဆိုလျှင် ခမည်းတော်မင်းကြီး အနားမှာ တိတ်ဆိတ်သွားပါလိမ့်မည်၊ ထို့ကြောင့် ခမည်းတော်မင်းကြီး၏ အနားတွင်သာ နေပါရစေဟု လျှောက်တင်ပါ”ဟု အကြံပြုလိုက်လေသည်။ သံဝရမင်းသားလည်း ဆရာကြီး အကြံပြုသည့်အတိုင်း လျှောက်ထားလေရာ မင်းကြီးက သူ့ကို နေခွင့်ပြုလိုက်သည်။ ဤသို့ဖြင့် သံဝရမင်းသားသည် ခမည်း တော်မင်းကြီးကို ဝတ်ကြီးဝတ်ငယ် ပြုစုရင်း နန်းတွင်းမှာပင် နေထိုင်ခွင့်ရလေသည်။

အချိန်အနည်းငယ် ကြာလာသောအခါ သံဝရမင်းသားသည် ဆရာအမတ်ကြီးကို “နောက်ထပ် မည်သို့ဆက်လုပ်ရမည်နည်း”ဟု မေးပြန်ရာ ဆရာကြီးက မင်းကြီး၏ ဥယျာဉ်ဟောင်းတစ်ခုကို တောင်းရန် အကြံပြုလိုက်သည်။ မင်းသားလည်း ဥယျာဉ်ဟောင်းကို တောင်း၍ ထိုဥယျာဉ်မှ ထွက် သော သစ်သီးဝလံတို့ဖြင့် နန်းတွင်းရှိ အရာထမ်း၊ အမှုထမ်းတို့ကို ပေးကမ်းထောက်ပံ့သည်။ နောက် ပိုင်းတွင်လည်း မင်းသားသည် ဆရာကြီး၏ ညွှန်ကြားချက်များအတိုင်း ပြည်သူပြည်သားများကို ရိက္ခာဖြန့်ဝေခြင်း၊ အခွန်ဘဏ္ဍာကောက်ခြင်း၊ သံတမန်ဆက်ဆံရေး-စသည်တို့ကို အဆင့်ဆင့် တာဝန် ယူလုပ်ဆောင်သည်။ ဤသို့ဖြင့် မင်းသားသည် အပေးအကမ်း ရက်ရောမှု၊ လုပ်ငန်းကျွမ်းကျင်မှ၊ မျှမျှတတ လုပ်ဆောင်မှုတို့ကြောင့် အားလုံး၏ ချစ်ခြင်းမေတ္တာကို ရရှိလာ၏။

တစ်နေ့တွင် မင်းကြီးသည် အသက်အရွယ် အိုမင်းရင့်ရော်ပြီဖြစ်၍ ရောဂါဝေဒနာစွဲကပ်ကာ ညောင် စောင်းပေါ်တွင် လဲလျောင်းနေရသည်။ ထိုအချိန်တွင် အမတ်ကြီးတို့က “အရှင်မင်းကြီး ... အရှင်မင်းကြီး လွန်တော်မူသောအခါ မည်သည့်သားတော်ကို ထီးနန်းလွှဲအပ်ခဲ့မည်နည်း”ဟု မေးမြန်းလေသည်။ ထိုအခါ မင်းကြီးက “သားတော်အားလုံးတို့သည် ငါ၏ ထီးနန်းကို ရထိုက်ကြသည်သာ ဖြစ်သည်၊

သို့သော် အမတ်ကြီးတို့၏ စိတ်ကိုကျေနပ်အောင် လုပ်ဆောင်ပေးနိုင်သော သားတော်ကိုသာ ထီးနန်း လွှဲအပ်ပေးလိုက်ပါ”ဟု မှာကြား၍ နတ်ရွာစံသွားလေသည်။ ဤသို့ဖြင့် အမတ်ကြီးတို့၏ စိတ်ကိုကျေ နပ်အောင် လုပ်ဆောင်ပေးနိုင်သော သံဝရမင်းသား ဘုရင်ဖြစ်လာ၏။

ထိုအကြောင်းကို နောင်တော်မင်းသား ၉၉ ယောက်တို့ သိရှိသွားသောအခါ မကျေမနပ် ဖြစ် ပြီး ထီးနန်းကို လုယူရန် ရောက်လာကြသည်။ ဤအခါ၌လည်း သံဝရဘုရင်သည် ဆရာအမတ်ကြီးကို တိုင်ပင်သည်။ ဆရာကြီး အကြံပေးသည့်အတိုင်း နောင်တော်မင်းသားတို့နှင့် စစ်ပြိုင်မထိုးဘဲ သူတို့ ရထိုက်သောဥစ္စာစုတို့ကို အသီးသီး ခွဲပေးလိုက်သည်။

ထိုအခါ အစ်ကိုအကြီးဆုံး ဥပေါသထမင်းသားက “ညီတော်တို့ ငါတို့၏ ညီထွေး သံဝရမင်းသားက ငါတို့ကို ရန်သူအဖြစ်ဖြင့် ပြန်၍ မခုခံ မတိုက်ခိုက်ပေ၊ ငါတို့ရထိုက်သော ဥစ္စာစုကို လည်း ပေးလိုက်၏၊ ငါတို့လည်း တစ်ချိန်တည်း မင်းလုပ်ကြရန် မဖြစ်နိုင်ချေ၊ ထို့ကြောင့် ညီထွေး သံဝရမင်းသားကိုသာ ဆက်လက်မင်းလုပ်ခွင့် ပေးလိုက်ကြပါစို့”ဟု အကြံပြုပြောဆိုလိုက်ရာ ကျန် မင်းသားအားလုံးတို့ကလည်း လက်ခံသွားကြပြီး သံဝရမင်းသားကို မင်းအဖြစ် အသိအမှတ်ပြုကာ သူတို့အပိုင်စားရသော နေရာအသီးသီးသို့ ပြန်သွားကြလေတော့သည်။

အောင်မြင်ရေးမင်္ဂလာ

ပြင်ဆင်ရန်

ဝတ်စားနေထိုင် ရန်ခပ်သိမ်း၊
စိတ်ကိုချုပ်ထိန်း သည်းခံလေ။
ကျိုးကြောင်းပြညွှန် ဆုံးမစကားကို၊
ပြောကြားလာက နာလွယ်စေ။
သူမြတ်ပုဂ္ဂိုလ် ဟူသမျှကို၊
မကြာခဏ တွေ့ဆုံလေ။
သဘာဝတွေး မှန်ကန်ရေး၊
ဆွေးနွေးမပြတ်ပေ။
အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့မင်္ဂလာတွေ။