ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၀၇။ အဿကဇာတ် (၂-၆-၇)
4398ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၂၀၇။ အဿကဇာတ် (၂-၆-၇)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

ဒုကနိပါတ်-နတံဒဠှဝဂ်

၇။ အဿကဇာတ်

နွားချေးပိုး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အယမဿကရာဇေန အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအဿကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖျားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုရဟန်းကို ရဟန်း သင်သည် ငြီးငွေ့၏ဟူ၍ ကြားရသည်ကား မှန်သလောဟု မြတ်စွာဘုရားသည် မေးတော်မူသည်ရှိသော် အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၏။ ရဟန်း သင့်ကို အဘယ်သူသည် ငြီးငွေ့စေအပ်သနည်းဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား မယားဟောင်းသည် ငြီးငွေ့စေအပ်၏ဟု လျှောက်၏။ ထိုအခါ၌ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း သင်၌ ထိုမိန်းမ၏ ချစ်ခြင်းသည် မရှိ၊ ရှေး၌လည်း ထိုမိန်းမကိုမှီ၍ သင်သည် ကြီးစွာသော ဆင်းရဲသို့ ရောက်ဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ကာသိတိုင်းဝယ် ပါဋလိမြို့၌ အဿကအမည်ရှိသောမင်းသည် မင်းပြု၏။ ထိုအဿကမင်းအား ဥပရီ အမည် ရှိသော ချစ်မြတ်နိုးစွာသော မိဖုယားသည်ရှိ၏။ ထိုဥပရီသည် အလွန် အဆင်းလှ၏။ ရှုချင်ဘွယ်ရှိ၏။ ကြည်ညိုဘွယ်ရှိ၏။ လူမိန်းမ၏ အဆင်းကိုလွန်၏။ နတ်သ္မီးအဆင်းကို မမှီတတ်၊ ထိုဥပရီ မိဖုယားသည် သေ၏။ ထိုဥပရီမိဖုယား သေခြင်းကြောင့် အဿကမင်းသည် သောကဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ပင်ပန်း သည်ဖြစ်၏။ နှလုံးမသာသည်ဖြစ်၏။ ထိုအဿကမင်းသည် ထိုဥပရီ မိဖုယား၏အလောင်းကို တလား၌ လျောင်းစေ၍ ဆီနှစ်ကိုထည့်စေ၍ ညောင်စောင်းနေရာအောက်၌ ထားစေ၍ အာဟာရကင်းလျက် မျက်ရည်ယို၍ ငိုကြွေးလျက် အိပ်၏။ မယ်တော် ခမည်းတော်တို့သည်၎င်း ကြွင်းကုန်သော အဆွေအမျိုး အဆွေခင်ပွန်း အမှူးအမတ်တို့သည်၎င်း ပုဏ္ဏားသူကြွယ် အစရှိကုန်သော သူတို့သည်၎င်း မင်းမြတ် စိုးရိမ်တော်မမူလင့်၊ သင်္ခါရတို့သည် အနိစ္စသာလျှင် ဖြစ်ကုန်၏။ ဤသို့ အစရှိသည်တို့ကို ဆိုကုန်လျက် ကောင်းစွာ သိစိမ့်သောငှါ မတတ်နိုင်ကုန်၊ ထိုအဿကမင်း၏ ငိုကြွေးမြည်တမ်းစဉ်ပင်လျှင် ခုနစ်ရက်တို့သည် လွန်ကုန်၏။ ထိုအခါ၌ ဘုရားလောင်းသည် ငါးပါးသောအဘိညာဉ်, ရှစ်ပါးသောသမာပတ်တို့ကို ရသော ရသေ့ဖြစ်၍ ဟိမဝန္တာအရပ်၌နေလျက် အလင်းကိုပွားစေ၍ ဒိဗ္ဗစက္ခုဖြင့် ဇမ္ဗူဒိပ်ကို ကြည့်လတ်သည်ရှိသော် ထိုအသာကမင်း ငိုကြွေးလျက်နေသည်ကိုမြင်၍ ငါသည် ထိုအဿကမင်း၏ကိုးကွယ်ရာဖြစ်ခြင်းငှာ သင့်၏ဟု နှလုံးသွင်း၍ တန်ခိုးအာနုဘော်အားဖြင့် ကောင်းကင်၌ပျံ၍ မင်း၏ ဥယျာဉ်၌ သက်၍ မင်္ဂလာကျောက်ဖျာ၌ ရွှေဆင်းတုကဲ့သို့ နေ၏။

ထိုအခါ၌ တယောက်သော ပါဋလိမြို့၌နေသော ပုဏ္ဏားလုလင်သည် ဥယျာဉ်သို့ ရောက်လတ်သော် ဘုရားလောင်းကိုမြင်၍ ရှိခိုး၍ နေ၏။ ဘုရားလောင်းသည် ထိုပုဏ္ဏားလုလင်နှင့်တကွ စကားစေ့စပ်ခြင်းကို ပြုလေ၏။ လုလင် မင်းသည် တရားစောင့်ပါ၏လောဟု မေး၏။ အရှင်ဘုရား မင်းသည် တရားကား စောင့်၏။ ထိုသို့တရားစောင့်သော်လည်း ထိုမင်း၏ မိဖုယားသည် သေ၏။ ထိုမင်းသည် ထိုမိဖုယား၏ကိုယ်ကို တလားငယ်၌ ထည့်စေပြီး၍ ငိုကြွေးမြည်တမ်းလျက် အိပ်သည်ကား ယနေ့ ခုနစ်ရက်ရှိလေပြီ၊ အရှင်ဘုရားတို့သည် မင်းကိုဤသို့သဘောရှိသော ဆင်းရဲမှ အဘယ်ကြောင့် မလွတ်စေကုန်သနည်း၊ အရှင်ဘုရားတို့ကဲ့သို့သော သီလရှိကုန်သော အရှင်မြတ်တို့သည်ရှိကုန်လျက် မင်းအား ဤသို့သဘောရှိသော ဆင်းရဲဒုက္ခကို ခံရအံ့သောငှါ သင့်သလောဟု ပုဏ္ဏားလုလင်သည် လျှောက်သည်ရှိသော် လုလင် ငါသည် မင်းကို မသိသလျှင်ကတည်း၊ ထိုသို့မသိသော်လည်း ထိုမင်းသည် လာလတ်၍ ငါ့ကို အကယ်၍ မေးငြားအံ့၊ ငါသည်လျှင် ထိုမိဖုယား၏ ဖြစ်ရာအရပ်ကို ထိုမင်းအားကြား၍ မင်း၏ အထံ၌သာလျှင် ထိုမိဖုယားကို စကားဆိုစေအံ့ဟု ဘုရားလောင်းသည် ဆို၏။ အရှင်ဘုရား ထိုသိုတပြီးကား အကြင်မျှလောက်သော ကာလပတ်လုံး မင်းကို ဆောင်ပါအံ့၊ ထိုမျှလောက်သော ကာလပတ်လုံး ဤအရပ်၌ သာလျှင် နေပါကုန်လော့ဟု ပုဏ္ဏားလုလင်သည် ဘုရားလောင်း၏ဝန်ခံခြင်းကို ယူ၍ မင်း၏အထံသို့သွား၍ ထိုအကြောင်းကိုကြား၏။ ဒိဗ္ဗစက္ခုနှင့်ပြည့်စုံသော ရသေ့၏အထံသို့ သွားအံ့သောငှာသင့်၏ဟု လျှောက်၏။

အဿကမင်းသည် ဥပရီမိဖုယားကိုမြင်အံ့သောငှါ ရအံ့ဟူ၍ ကြားရပေ၏ဟု နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ ရထားကိုစီး၍ ထိုဥယျာဉ်သို့ သွား၍ ဘုရားလောင်းကိုရှိခိုး၍ တင့်အပ် လျောက်ပတ်သော အရပ်၌ နေလျက် အရှင်ဘုရား အရှင်ဘုရားတို့သည် မိဖုယား၏ ဖြစ်ရာအရပ်ကို သိကုန်၏ ဟူ၍ အကျွန်ုပ် ကြားရသည်ကား မှန်သလောဟု မေး၏။ မင်းမြတ် မှန်၏ဟုဆိုသည်ရှိသော် အရှင်ဘုရား အဘယ်အရပ်၌ ဖြစ်သနည်းဟု လျှောက်၏။ မင်းမြတ် ထိုဥပရီမိဖုယားသည် အဆင်းကြောင့် ယစ်သည်ဖြစ်၍ မေ့လျော့ခြင်းကိုစွဲ၍ ကုသိုလ်ကောင်းမှု မပြုမူ၍ ဥယျာဉ်၌လျှင် နွားချေးပိုး၏ အမျိုး၌ ဖြစ်၏ဟုဆို၏။ အရှင်ဘုရား အကျွန်ုပ်သည် မယုံဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ထိုနွားချေးပိုးမကို သင်မင်းမြတ်အား ပြ၍ ဆိုစေအံ့ဟု ဆို၏။ အရှင်ဘုရား ကောင်းပြီ၊ ဆိုစေကုန်လော့ဟု ဆိုသည်ရှိသော် ဘုရားလောင်းသည် မိမိ၏ အာနုဘော်အားဖြင့် နှစ်ခုကုန်သော နွားချေးပိုးဖို, မတို့သည် နွားချေးစိုင်ကိုဘောက်ကုန်လျက် မင်း၏ရှေ့သို့ လာစေကုန်သတည်းဟု ထိုနှစ်ခုကုန်သော နွားချေးပိုးဖို, မတို့၏ လာခြင်းကို ပြု၏။ ထိုနှစ်ခုသော နွားချေးပိုး ဖို, မတို့သည် ဘုရားလောင်းအဓိဋ္ဌာန်တိုင်းလျှင် လာလတ်ကုန်၏။ ဘုရားလောင်းသည် ထိုနွားချေးပိုးမကိုပြလျက် မင်းမြတ် နွားချေးပိုးမသည် သင်မင်းမြတ်၏ ဥပရီမည်သော မိဖုယားတည်း၊ သင့်ကို စွန့်၍ နွားချေးပိုးဖို၏ နောက်မှ နောက်မှ လိုက်၏။ ထိုနွားချေးပိုးမကို ရှုကုန်လော့ဟု ဆို၏။ အရှင်ဘုရား ဥပရီမိဖုယားစင်လျက် နွားချေးပိုး၏အမျိုး၌ ဖြစ်လတ္တံ့ဟူ၍ အကျွန်ုပ်သည် မယုံဟုဆိုသည်ရှိသော် မင်းမြတ် ထိုနွားချေး ပိုးမကို ဆိုစေအံ့ဟု ဆို၍ အရှင်ဘုရား ဆိုစေကုန်လော့ဟု လျောက်သည်ရှိသော်-

ဘုရားလောင်းသည် မိမိ၏ အာနုဘော်အားဖြင့် ထိုနွားချေးပိုးမသည် ဆိုစေသတည်းဟု ဓိဋ္ဌာန်၍ ဥပရီဟူ၍ ခေါ်၏။ နွားချေးပိုးမသည် လူ့ဘာသာဖြင့် အရှင်ဘုရား အဘယ်ပြုအံ့နည်းဟု ဆို၏။ သင်သည် လွန်လေပြီးသောဘဝ၌ အဘယ် အမည်ရှိသနည်းဟု ဆိုသည်ရှိသော် အရှင်ဘုရား အဿကမင်း၏ မိဖုယားကြီးဖြစ်သော ဥပရီ အမည်ရှိသည်ဖြစ်၏ဟု ဆို၏။ ယခုအခါ၌ သင်သည် အဿကမင်းကိုတည်း ချစ်သလော၊ ထိုသို့မဟုတ်မူကား နွားချေးပိုးဖိုကိုတည်း ချစ်သလောဟု မေး၏။ အရှင်ဘုရား ထိုအဿကမင်းသည် ရှေးဘဝ၌ အကျွန်ုပ်၏ လင်ဖြစ်၏။ ထိုအခါ၌ အကျွန်ုပ်သည် ဤဥယျာဉ်၌ အသကမင်းနှင့်တကွ ရူပါရုံ သဒ္ဒါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံတို့ကို ခံစားလျက် သွားရ၏။ ယခုတမူကား ဘဝဖုံးလွှမ်းခြင်းဖြစ်သော ကာလမှစ၍ ထိုအဿကမင်းသည် အကျွန်ုပ်အား အသို့တော်သနည်း၊ ထို့ကြောင့် ယခုအခါ အကျွန်ုပ်သည် အဿကမင်းကို သတ်၍ ထိုအဿကမင်း၏ လည်ချောင်းသွေးဖြင့် အကျွန်ုပ်၏လင်ဖြစ်သော နွားချေးပိုးဖို၏ခြေတို့ကို လိမ်းချင်၏ဟုဆို၍ ပရိသတ်၏ အလယ်၌ လူ၏ဘာသာဖြင့်-

၁၁၃။ အယမဿကရာဇေန၊ ဒေသော ဝိစရိတော မယာ။
အနုကာမယကာမေန၊ ပိယေန ပတိနာ သဟ။

၁၁၄။ နဝေန သုခဒုက္ခေန၊ ပေါရာဏံ အပိဓီယတိ။
တသ္မာ အဿက ရညောဝ၊ ကီဋော ပိယတရော မမ။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

၁၁၃။ ဘန္တေ၊ အရှင်ဘုရား။ အယံ ဒေသော၊ ဤမွေ့လျော်ဘွယ်ရှိသော ဥယျာဉ်အရပ်သည်။ အနုကာမယကာမေန၊ နှစ်သက်ထသော။ ပိယေန၊ ချစ်စွာထသော။ ပတိနာ၊ လင်ဖြစ်သော။ အဿကရာဇေန၊ အဿကမင်းနှင့်။ သဟ၊ တကွ။ မယာ၊ အကျွန်ုပ်သည်။ ဝိစရိတော၊ သွားလာဘူးသော။ ဒေသော၊ အရပ်တည်း။

၁၁၄။ ဣဒါနိ၊ ယခုအခါ၌။ နဝေန၊ အသစ်ဖြစ်သော။ သုခဒုက္ခေန၊ ချမ်းသာဆင်းရဲခြင်းဖြင့်။ ပေါရာဏံ၊ အဟောင်းဖြစ်သော ချမ်းသာခြင်း ဆင်းရဲခြင်းကို။ ယသ္မာ၊ အကြင့်ကြောင့်။ အပိဓီယတိ၊ ဖုံးလွှမ်းအပ်၏။ တသ္မာ၊ ထို့ကြောင့်။ အဿကကညော၊ အဿကမင်းထက်။ ကီဋောဝ၊ နွားချေးပိုးဖိုကိုလျှင်။ မယာ၊ အကျွန်ုပ်သည်။ ပိယတရော၊ အလွန်ချစ်အပ်၏။

ထိုစကားကို ကြား၍ အဿကမင်းသည် နှလုံးမသာသည်ဖြစ်၍ ထိုအရပ်၌တည်လျက် အကောင်ပုပ်ကို ထုတ်စေ၍ ဦးခေါင်းလျှော်၍ ဘုရားလောင်းကို ရှိခိုး၍ မြို့သို့ဝင်၍ တပါးသော မိန်းမကို မိဖုယားကြီးအရာ၌ထား၍ တရားသဖြင့် မင်းအဖြစ်ကို ပြု၏။ ဘုရားလောင်းသည်လည်း မင်းကိုဆုံးမ၍ သောကမရှိသည်ကိုပြု၍ ဟိမဝန္တာသို့လျှင် သွား၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤ ဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာကို ပြသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ မယားဟောင်းသည် ထိုအခါ ဥပရီမည်သော မိဖုယား ဖြစ်ဘူးပြီ၊ ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ အဿကမင်း ဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ပုဏ္ဏားလုလင် ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ၌ ရသေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

အချစ်တဏှာ၊ လွန်ကဲပါ။ ကိုယ်သာ ဆင်းရဲဘိ

ခုနစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော အဿကဖာတ်သည် ပြီး၏။ ။

*****