ဥဒ္ဒါလကဇာတ်
ပကိဏ္ဏကနိပါတ်
၄။ ဥဒ္ဒါလကဇာတ်
အံ့ဘွယ်သရဲကို ဖြစ်စေခြင်း အကြောင်း
ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ခရာဇိနာ ဇဋိလာ ပင်္ကဒန္တာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သောဤ ဥဒ္ဒါလကဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုဟန်းသည် ဆင်းရဲမှ ထွက်မြောက်စေတတ်သော ဘုရားသာသနာတော်၌ ရဟန်းပြု၍လည်း ပစ္စည်းလေးပါးအကျိုးငှါ အထူးထူး အပြားပြားဖြစ်သောအံ့ဘွယ်သရဲသောဝတ္ထုကို ဖြစ်စေ၏။ ထိုအခါ ထိုရဟန်း၏ ကျေးဇူးမဲ့ကို ထင်ရှားပြလိုကုန်သော ရဟန်းတို့သည် တရားသဘင်၌ စကားကို ဖြစ်စေကုန်၏။ ငါ့သျှင်တို့ ဤအမည်ရှိသော ရဟန်းသည် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော မြတ်စွာဘုရား သာသနာတော်၌ ရဟန်းပြုလျက်အံ့ဘွယ်သရဲကိုမှီ၍ အသက်မွေးခြင်းကို ပြု၏ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သော စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌ သာလျှင် ဤရဟန်းသည်အံ့ဘွယ်သရဲကို ဖြစ်စေတတ်သည် မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည်အံ့ဘွယ်သရဲကို ဖြစ်စေတတ်ဘူးသည် သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။
အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ထိုအခါ ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ ပုရောဟိတ် ဖြစ်၏။ ပညာရှိ၏ လိမ်မာ၏ ထိုပုရောဟိတ်သည် တနေ့သ၌ ဥယျာဉ်ကစားအံ့သောငှါ သွားသည်ရှိသော် အလွန် အဆင်းလှသော ပြည့်တန်ဆာမ တယောက်ကိုမြင်လျှင် တပ်သောစိတ်ရှိသည်ဖြစ်၍ ထိုပြည့်တန်ဆာမနှင့်တကွ ပေါင်းဖော်ခြင်းကို ပြု၏။ ထိုပြည့်တန်ဆာမသည် ထိုပုရောဟိတ်ကိုစွဲ၍ ကိုယ်ဝန်ကိုရ၏။ ကိုယ်ဝန်တည်သော အဖြစ်ကိုသိလျှင် ထိုပုရောဟိတ်ကို အရှင်အကျွန်ုပ်အား ကိုယ်ဝန်သည် တည်၏။ ဖွားသောကာလ၌ အမည်ကို ပြုကုန်အံ့၊ ထိုသူအား အဘယ်အမည်ကို ပြုရအံ့နည်းဟု မေး၏။ ထိုပုရောဟိတ်သည် ပြည့်တန်ဆာမဝမ်း၌ ဖြစ်သည်၏အဖြစ်ကြောင့် အမျိုးအမည်ကို ပြုအံ့သောငှါ မတတ်ကောင်းဟု ကြံ၍ အရှင်မ ဤလေခတ်သော သစ်ပင်သည် ဥဒ္ဒါလက မည်၏။ ဤအရပ်၌ ရအပ်သည်၏အဖြစ်ကြောင့် ထိုသူအား ဥဒ္ဒါလကဟူသော အမည်ကို မှည့်လေလော့ဟု ဆို၍ လက်စွပ်ကိုလည်း ပေး၏။ သ္မီးသည် အကယ်၍ ဖြစ်အံ့။ ဤလက်စွပ်ဖြင့် သူငယ်မကို မွေးလေလော့၊ အကယ်၍ သားဖြစ်အံ့၊ ထိုအခါ အရွယ်ရောက်သော် ထိုသားငယ်ကို ငါ့အား ပြလှည့်လော့ဟု ဆို၏။
ထိုပြည့်တန်ဆာမသည် နောက်အဘို့၌ သားကိုဖွား၍ ထိုသားအား ဥဒ္ဒါလကဟူသော အမည်ကို မှည့်၏။ ထို ဥဒ္ဒါလကသည် အရွယ်သို့ ရောက်လတ်သော် မိခင် အကျွန်ုပ်အဖသည် အဘယ်သူနည်းဟု အမိကို မေး၏။ ချစ်သား ပုရောဟိတ်တည်းဟု ဆို၏။ ထိုအကျွန်ုပ်အဖသည် အကယ်၍ ပုရောဟိတ်ဖြစ်အံ့၊ ဤသို့ ဖြစ်သည်ရှိသော် ဗေဒင်တို့ကို သင်အံ့ဟု အမိလက်မှ လက်စွပ်ကို၎င်း, ဆရာ့အဘို့ကို၎င်းယူ၍ တက္ကသိုလ်ပြည်သို့သွား၍ ဒိသာပါမောက္ခ ဆရာ့အထံ၌ အတတ်ကိုသင်လျက် တခုသော ရသေ့အပေါင်းကိုမြင်၍ ဤသူတို့၏အထံ၌ မြတ်သောအတတ်သည် ဖြစ်လတ္တံ့၊ ထိုအတတ်ကို သင်အံ့ဟု အတတ်၌တပ်စွန်းသဖြင့် ရဟန်းပြု၍ ထိုသူတို့အား ကျင့်ဝတ်ကိုပြု၍ ဆရာတို့ သင်တို့တတ်သော အတတ်ကို သင်ကုန်လော့ဟု ဆို၏။ ထိုရသေ့တို့သည် မိမိ မိမိတို့ တတ်သောနည်းဖြင့်လျှင် ထိုဥဒ္ဒါလကကို သင်စေကုန်၏။ ရသေ့ငါးရာတို့တွင် တယောက်သော ရသေ့သည်လည်း ထိုဥဒ္ဒါလကထကျ သာလွန်သောပညာသည် မရှိ၊ ထိုဥဒ္ဒါလကသည်လျှင် ထိုရသေ့တို့ထက် ပညာဖြင့် လွန်မြတ်၏။
ထိုအခါ ထိုရသေ့တို့သည် စည်းဝေးကုန်၍ ထိုဥဒ္ဒါလကအား ဆရာ့အရာကို ပေးကုန်၏။ ထိုအခါ ထိုရသေ့တို့ကို ဥဒ္ဒါလက ရသေ့သည် အချင်းတို့ သင်တို့သည် အမြဲလျှင် တောသစ်မြစ်သစ်သီး အာဟာရ ရှိကုန်သည်ဖြစ်၍ တော၌ သာလျှင် နေကြကုန်၏။ လူ့ပြည်သို့ အဘယ့်ကြောင့် မသွားကြကုန်သနည်းဟု ဆို၏။ ရှင်ရသေ့ လူတို့မည်သည် အလှူကြီးကိုပေး၍ အနုမောဒနာကို ပြုစေကုန်၏။ တရားစကားကို ဆိုစေကုန်၏။ ပြဿနာကို မေးကုန်၏။ ငါတို့သည် ထိုဘေးကြောင့် လူ့ပြည်အရပ်သို့ မသွားကုန်ဟု ဆိုကုန်၏။
ရှင်ရသေ့တို့ အကယ်၍ စကြာမင်းဖြစ်ကုန်ငြားအံ့၊ ငါ့ကိုယူ၍ သွားကြကုန်၊ ဆိုခြင်းမည်သည် ငါ၏ဝန်တည်း၊ သင်တို့သည် မကြောက်ကြကုန်လင့်ဟု ဆို၍ ထိုရသေ့တို့နှင့်တကွ လှည့်လည်လျက် အစဉ်သဖြင့် ဗာရာ ဏသီသို့ ရောက်လျှင် မင်း၏ဥယျာဉ်၌နေ၍ ထိုဥဒ္ဒါလကသည် နက်ဖြန်နေ့၌လျှင် အလုံးစုံသော ရသေ့တို့နှင့်တကွ တံခါးရွာ၌ ဆွမ်းခံအံ့သောငှါ သွား၏။ လူတို့သည် အလှူကြီးကို ပေးကုန်၏။ ရသေ့တို့သည် နက်ဖြန်နေ့၌ မြို့သို့ဝင်ကုန်၏။ လူတို့သည် အလူကြီးကို ပေးကုန်၏။ ဥဒ္ဒါလကရသေ့သည် အလှူအနုမောဒနာကို ပြု၏။ မင်္ဂလာကို ရွတ်၏။ ပြဿနာကို ဖြေ၏။ လူတို့သည် ကြည်ညို၍ များစွာသော ပစ္စည်းဖြင့် လှူကုန်၏။ မြို့အလုံးသည် ပညာရှိသော ဂိုဏ်းဆရာဖြစ်သော ရသေ့သည် လာရောက်၏ဟု မင်းအားလည်း ကြားလျှောက်ကုန်၏။ မင်းသည် အဘယ်အရပ်၌ နေသနည်းဟု မေး၍ ဥယျာဉ်တော်၌ နေသည်ကိုကြား၍ ကောင်းပြီ၊ ယနေ့ ထိုရသေ့ကို ဖူးမြင်ခြင်းငှါ သွားအံ့ဟု ဆို၏။ တယောက်သော မင်းချင်းယောက်ျားသည် သွား၍ အရှင်မင်းကြီးသည် ရှင်ရသေ့တို့ကို ဖူးမြင်ခြင်းငှါ လာတော်မူလတ္တံ့ဟု ဥဒ္ဒါလကရသေ့အား ကြားနှင့်၏။
ထိုဥဒ္ဒါလက ရသေ့သည်လည်း ရသေ့အပေါင်းကို ခေါ်၍ ရှင်ရသေ့တို့ မင်းသည် လာလတ္တံ့သတတ်၊ မင်းမည်သည်ကား တနေ့မျှ နှစ်သက်စေသည်ရှိသော် အသက်ထက်ဆုံး အသက်မွေးခြင်းငှါ စွမ်းနိုင်သည်ဖြစ်၏ဟု ဆို၏။ ဆရာအသို့လျှင် ပြုအပ်သနည်းဟု မေးသည်ရှိသော် ထိုဥဒ္ဒါလက ရသေ့သည် ဤသို့ ဆို၏။ သင်တို့တွင် အချို့သောသူတို့သည် လင်းနို့ကဲ့သို့ ကျင့်လေကုန်၊ အချို့သော ရသေ့တို့သည် ဆောင့်ကြောင့်ထိုင်သော အကျင့်ကို ကျင့်လေကုန်၊ အချို့သော ရသေ့တို့သည် ဆူး၌ အိပ်လေကုန်၊ အချို့ကုန်သော ရသေ့တို့သည် ငါးပါးသော ပူခြင်းကို ပူစေကုန်၊ အချို့သော ရသေ့တို့သည် ရေသို့ဆင်းသက်သော အမှုကို ပြုလေကုန်၊ အချို့သောရသေ့တို့သည် ထိုထိုသို့သောအရပ်၌ ဗေဒင်တို့ကို သရဇ္ဈာယ်လေကုန်ဟု ဆို၏။ ထိုရသေ့ငါးရာတို့သည် ထိုဥဒ္ဒါလက ရသေ့ဆိုတိုင်း ပြုကုန်၏ မိမိသည်ကား ရှစ်ယောက်လည်း ဖြစ်ကုန်သော တကျိပ်လည်းဖြစ်ကုန်သော ပညာရှိကုန်သော ရသေ့တို့ကိုယူ၍ နှလုံးမွေ့လျော်ဘွယ် တင့်တယ်သော သပိတ်ခြေ၌ မွေ့လျော်ဘွယ်ရှိသော စာကိုတင်၍ တပည့်အပေါင်း ခြံရံလျက် ခင်းအပ်သောနေရာ၌ နေ၏။ ထိုခဏ၌ မင်းသည် ပုရောဟိတ်ကိုယူ၍ များစွာသော အခြံအရံဖြင့် ဥယျာဉ်တော်သို့ သွား၍ မိစ္ဆာအကျင့်ကို ကျင့်ကုန်သော ထိုရသေ့တို့ကိုမြင်၍ အပါယ်ဘေးမှ လွတ်ကုန်ပြီဟု ကြည်ညို၍ ဥဒ္ဒါလက ရသေ့အထံသို့ သွားပြီးလျှင် စကားပြောခြင်းကိုပြု၍ တင့်အပ် လျောက်ပတ်သော အရပ်၌ နေပြီးသော် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ပုရောဟိတ်နှင့်တကွ စကားပြောလိုရကား-
ဒုမ္မုခရူပါ ယေ မန္တံ ဇပန္တိ။
ကစ္စိ နု တေ မာနုသကေ ပယောဂေ၊
ဣဒံ ဝိဒူ ပရိမုတ္တာ အပါယာ။
ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။
၆၂။ အာစရိယ၊ ဆရာ။ ခရာဇိနာ၊ ကြမ်းတမ်းသော သစ်နက်ရေလည်း ရှိကုန်ထသော။ ဇဋိလာ၊ ဆံကျစ်လည်း ထုံးကုန်ထသော။ ပင်္ကဒန္တာ၊ အညစ်အကြေးကပ်သော သွားလည်း ရှိကုန်ထသော။ ဒုမ္မုခရူပါ၊ မျက်ရေးမကွင်းသော မျက်နှာလည်း ရှိကုန်ထသော။ ယေ၊ အကြင် ရသေ့တို့သည်။ မန္တံ၊ ဗေဒင်ကို။ ဇပန္တိ၊ ရွတ်ဘတ်သရဇ္ဈာယ်ကုန်၏။ ကစ္စိ၊ အသို့နည်း။ တေ၊ ထိုရသေ့တို့သည်။ မာနုသကေ၊ လူ၌ဖြစ်သော။ ပယောဂေ၊ လုံ့လကြောင့်။ ဣဒံ၊ ဤ ပဉ္စာတပ အကျင့်ကို ကျင့်ခြင်း, ဗေဒင်ကို သရဇ္ဈာယ်ခြင်းကို။ ဝိဒူ၊ သိကုန်သည်ဖြစ်၍။ အပါယာ၊ အပါယ်လေးပါးမှ။ ပရိမုတ္တာ နု၊ လွတ်ကုန်ပြီလော။
ထိုစကားကို ကြား၍ ပုရောဟိတ်သည် ဤမင်းကား အရာမဟုတ်သည်၌ ပြေးဝင်၏။ ဆိတ်ဆိတ်နေခြင်းငှါ မသင့်ဟု ကြံ၍ မင်း၏စကားကို ပယ်လိုရကား-
ဗဟုဿုတော စေ န စရေယျ ဓမ္မံ။
သဟဿဗေဒါပိ န တံ ပဋိစ္စ၊
ဒုက္ခာ ပမောစေ စရဏံ အပတွာ။
ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၆၃။ ရာဇ၊ မင်းမြတ်။ ဗဟုဿုတော၊ များသော အကြားအမြင် ရှိသောသူသည်။ ပါပါနိ၊ ယုတ်မာကုန်သော။ ကမ္မာနိ၊ မကောင်းမှုတို့ကို။ စေ ကရောထ၊ အကယ်၍ ပြုကုန်ငြားအံ့။ ဓမ္မံ၊ ကုသိုလ် ကမ္မပထတရား ဆယ်ပါးကို။ စေ န စရေယျ၊ အကယ်၍ မကျင့်ငြားအံ့။ စရဏံ၊ သမာပတ်ရှစ်ပါးသို့။ အပတွာ၊ မရောက်မူ၍။ သဟဿ ဗေဒါပိ၊ ဗေဒင်တထောင် ဖြစ်သော်လည်း။ တံ၊ ထိုဗေဒင်ကို။ ပဋိစ္စ၊ စွဲ၍။ ဒုက္ခာ၊ အပါယ်ဆင်းရဲမှ။ န ပမောစေ၊ မလွတ်ရာ။
ထိုရောဟိတ်စကားကို ကြား၍ ဥဒ္ဒါလက ရသေ့သည် ကြံ၏။ မင်းသည်မူကား ဟုတ်ဟုတ်ငြားငြား ရသေ့အပေါင်းအား သဒ္ဓါကြည်ညို၏။ ဤပုဏ္ဏားသည်ကား ကျက်စား၍ နေသော နွားကို တုတ်လှံတံဖြင့် ပုတ်ခတ်သကဲ့သို့၎င်း, ခူးပြီးသောထမင်းပွဲ၌ အမှိုက်တို့ကို ပစ်ချဘိသကဲ့သို့၎င်း ဖြစ်၏။ ထိုပုဏ္ဏားနှင့်တကွ စကားပြောအံ့ဟု ကြံ၍ ပြောဆိုလိုရကား-
ဒုက္ခာ ပမုစ္စေ စရဏံ အပတွာ။
မညာမိ ဗေဒါ အဖလာ ဘဝန္တိ၊
သ သံယမံ စရဏညေဝ သစ္စံ။
ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။
၆၄။ ဗြာဟ္မဏ၊ ပုဏ္ဏား။ သဟဿဗေဒါပိ၊ ဗေဒင်တထောင် ဖြစ်သော်လည်း။ တံ၊ ထိုဗေဒင်ကို။ ပဋိစ္စ၊ စွဲ၍။ စရဏံ၊ သမာပတ်ရှစ်ပါးသို့။ အပတွာ၊ မရောက်မူ၍။ ဒုက္ခာ၊ အပါယ်ဆင်းရဲမှ။ န ပမုစ္စေ၊ မလွတ်ငြားအံ့။ သ သံယမံ၊ သီလ သံယမနှင့် တကွဖြစ်သော။ စရဏညေဝ၊ သမာပတ် ရှစ်ပါးသည်သာလျှင်။ သစ္စံ၊ မှန်၏။ ဗေဒါ၊ ဗေဒင်တို့သည်။ အဖလာ၊ အကျိုး မရှိကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏ဟူ၍။ အာပဇ္ဇတိ၊ ဆိုရာရောက်၏။ ဣတိ၊ ဤသို့။ မညာမိ၊ ငါအောက်မေ့၏။
ထို့နောင်မှ ပုရောဟိတ်သည်-
သ သံယမံ စရဏညေဝ သစ္စံ။
ကိတ္တိဉှိ ပပ္ပေါတိ အဓိစ္စ ဗေဒေ၊
သန္တိံ ပုဏာတိ စရဏေန ဒန္တော။
ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။
၆၅။ ဗေဒါ၊ ဗေဒင်တို့သည်။ အဖလာ၊ အကျိုးမရှိကုန်သည်။ နဟေဝ ဘဝန္တိ၊ မဖြစ်ကုန်။ သ သံယမံ၊ သီလကို စောင့်ခြင်းနှင့် တကွသော။ စရဏံ ဧဝ၊ သမာပတ်ရှစ်ပါးသာလျှင်။ သစ္စံ၊ မှန်၏။ ဗေဒေ၊ ဗေဒင်တို့ကို။ အဓိစ္စ၊ သင်၍။ ကိတ္တိံ၊ ကျော်စောခြင်းသို့။ ပပ္ပေါတိ၊ ရောက်၏။ ဒန္တော၊ ကိုယ်နှုတ်နှလုံးကို ဆုံးမသောသူသည်။ စရဏေန၊ သမာပတ်ဖြင့်။ သန္တိံ၊ နိဗ္ဗာန်သို့။ ပုဏာတိ၊ ရောက်၏။
ထိုစကားကိုကြား၍ ဥဒ္ဒါလက ရသေ့သည် ဤပုဏ္ဏားနှင့်တကွ ဆန့်ကျင်ဘက်၏ အစွမ်းအားဖြင့် မြစ်ခြင်းငှါ မတတ်နိုင်၊ သားဟူ၍ ဆိုသည်ရှိသော် ချစ်ခြင်းကို မပြုသောသူမည်သည် မရှိ၊ ထိုပုဏ္ဏားအား သား၏အဖြစ်ကို ပြောဆိုအံ့ဟု ကြံ၍ ပြောလိုရကား-
ဥဒ္ဒါလကော အဟံ ဘောတိ၊ သောတ္ထိယကုလဝံသတော။
ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။
၆၆။ ယေန၊ အကြင်သားသည်။ မာတာ၊ အမိကို၎င်း။ ပိတာ၊ အဖကို၎င်း။ ဗန္ဓု၊ အဆွေအမျိုးကို၎င်း။ ဘစ္စာ၊ မွေးအပ်၏။ သော၊ ထိုသားသည်။ သယေဝ၊ ထိုငါပင်တည်း။ ဘောတိ၊ အို ပုဏ္ဏား။ အဟံ၊ ငါကား။ ဥဒ္ဒလကော၊ ဥဒ္ဒါလက မည်၏။ သောတ္ထိယကုလဝံသတော၊ သောတ္ထိယပုဏ္ဏား အမျိုးအနွယ်မှ။ ဇာတော၊ ဖြစ်၏။
ထိုပုရောဟိတ်ပုဏ္ဏားသည် စင်စစ်လျှင် သင်သည် ဥဒ္ဒါလကပင်လောဟု မေးသည်ရှိသော် ဟုတ်၏ဟုဆိုလျှင် ငါသည် သင့်အမိအား အမှတ်သညာကို ပေးအပ်၏။ ထိုအမှတ်သည် အဘယ်မှာနည်းဟု မေးသည်ရှိသော် ပုဏ္ဏား ဤလက်စွပ်သည် အမှတ်တည်းဟု ဆို၍ လက်စွပ်ကို ပုဏ္ဏားလက်၌ထား၏။ ပုဏ္ဏားသည် လက်စွပ်ကို အဟုတ်အမှန်အားဖြင့် သိလျှင် သင်သည် ပုဏ္ဏားတို့အကျင့်ကို သိ၏လောဟုဆို၍ ပုဏ္ဏားတို့၏ အကျင့်ကို မေးလိုရကား-
ကထဉ္စ ပရိနိဗ္ဗာနံ၊ ဓမ္မဋ္ဌော ကိန္တိ ဝုစ္စတိ။
ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။
၆၇။ ဘော၊ အို ဥဒ္ဒါလက။ ကထံ၊ အသို့သောအကြောင်းဖြင့်။ ဗြာဟ္မဏော၊ ပုဏ္ဏားမည်သည်။ ဟောတိ၊ ဖြစ်သနည်း။ ကထံ၊ အသို့သော အကြောင်းဖြင့်။ ကေဝလီ၊ အလုံးစုံပြည့်စုံသည်။ ဘဝတိ၊ ဖြစ်သနည်း။ ကထဉ္စ၊ အသို့သော အကြောင်းဖြင့်လျှင်။ ပရိနိဗ္ဗာနံ၊ ငြိမ်းသနည်း။ ကိန္တိ၊ အသို့လျှင်။ ဓမ္မဋ္ဌော၊ တရား၌တည်၏ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်သနည်း။
ဥဒ္ဒါလကသည်လည်း ထိုရောဟိတ်အား ပုဏ္ဏားတို့၏ အကျင့်ကို ကြားလိုရကား-
အာပေါသိဉ္စ ယဇံ ဥဿေတိ ယူပံ။
ဧဝံ ကရော ဗြာဟ္မဏော ဟောတိ ခေမီ၊
ဓမ္မေ ဌိကံ တေန အမာပယိံသု။
ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၆၈။ ပုရောဟိတ၊ ပုရောဟိတ်။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ အဂ္ဂိံ၊ ဖွားစနေ့ကဖြစ်သော မီးကို။ အာဒါယ၊ ယူ၍။ နိရံ ကတွာ၊ မပြတ်မူ၍။ အာပေါသိဉ္စ၊ ရေသွန်း၍။ ယဇံ-ယဇန္တော၊ ယဇ်ပူဇော်လျက်။ ယူပံ၊ ယဇ်တိုင်ကို။ ဥဿေတိ၊ စိုက်ထောင်စေ၏။ ဧဝံ၊ ဤသို့သော နည်းဖြင့်။ ကရော၊ ပြုသောသူသည်။ ဗြာဟ္မဏော၊ ပုဏ္ဏားမည်သည်။ ဟေတိ၊ ဖြစ်၏။ ခေမီ၊ ငြိမ်းခြင်းရောက်သည်။ ဟောတိ၊ ဖြစ်၏။ တေန၊ ထိုသို့ ယဇ်ပူဇော်ခြင်း အစရှိသည်တို့ကို ပြုသောကြောင့်။ ဓမ္မေ၊ ပုဏ္ဏားကျင့်ဝတ်တရား၌။ ဌိတံ၊ တည်၏ဟူ၍။ အမာပယိံသု၊ ဆိုကုန်၏။
ထိုစကားကို ကြား၍ ပုရောဟိတ်သည် ဥဒ္ဒါလကသည် ဖြေဆိုအပ်သော ပုဏ္ဏားအကျင့်ကို ကဲ့ရဲ့လိုရကား-
န စေဝ ခန္တိသောရစ္စံ၊ နာပိ သော ပရိနိဗ္ဗုတော။
ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။
၆၉။ ဥဒ္ဒါလက၊ ဥဒ္ဒါလက။ သေစနေန ဝါ၊ ရေသွန်းသဖြင့်လည်း။ သုဒ္ဓိ၊ စင်ကြယ်ခြင်းသည်။ န အတ္ထိ၊ မရှိ။ ကေဝလီပိ၊ အလုံးစုံ ပြည့်စုံသည်လည်း။ န ဟောတိ၊ မဖြစ်။ ဗြာဟ္မဏော၊ ပုဏ္ဏားမည်သည်။ န ဟောတိ၊ မဖြစ်။ ခန္တိသောရစ္စံ၊ သည်းခံခြင်း သီလ၌ အလွန်မွေ့လျော်ခြင်းသည်။ န စေဝ ဟောတိ၊ မဖြစ်သလျှင်ကတည်း။ သော၊ ထိုသူသည်။ နာပိ ပရိနိဗ္ဗုတော၊ မငြိမ်း။
ထို့နောင်မှ ထိုပုရောဟိတ်ကို ဥဒ္ဒါလကသည် ဤသို့ ဆိုအပ်သောနည်းဖြင့် ပုဏ္ဏားသည် အကယ်၍ မဖြစ်အံ့၊ ထိုသို့ မဖြစ်သည်ရှိသော် အဘယ်သို့သော အကျင့်ဖြင့် ပုဏ္ဏားဖြစ်အံ့နည်းဟု မေးလိုရကား -
ကထဉ္စ ပရိနိဗ္ဗာနံ၊ ဓမ္မဋ္ဌော ကိန္တိ ဝုစ္စတိ။
ဟူသော ကိုးခုမြောက်သော ဤဂါထာကို ဆို၏။
၇၀။ ဘော၊ အို-ပုဏ္ဏား။ ကထံ၊ အသို့သော အကြောင်းဖြင့်။ ဗြာဟ္မဏော၊ ပုဏ္ဏားမည်သည်။ ဟောတိ၊ ဖြစ်သနည်း။ ကထံ၊ အသို့သော အကြောင်းဖြင့်။ ကေဝလီ၊ အလုံးစုံပြည့်စုံသည်။ ဘဝတိ၊ ဖြစ်သနည်း။ ကထံ၊ အသို့သော အကြောင်းဖြင့်ကား။ ပရိနိဗ္ဗာနံ၊ ကိလေသာမှ ငြိမ်းသနည်း။ ကိန္တိ၊ အဘယ်သို့သောသူကို။ ဓမ္မဋ္ဌော၊ ပုဏ္ဏားကျင့်ဝတ်တရား၌ တည်၏ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်သနည်း။
ပုရောဟိတ်သည်လည်း ဥဒ္ဒါလကအား ပုဏ္ဏားတို့ ကျင့်ဝတ်တရားကို ကြားလိုရကား-
နိလ္လောဘပါပေါ ဘဝလောဘခီဏော။
ဧဝံ ကရော ဗြာဟ္မဏော ဟောတိ ခေမီ၊
ဓမ္မေ ဌိတံ တေန အမာပယိံသု။
ဟူသော အခြားမဲ့ဖြစ်သော ဤဂါထာကို ဆို၏။
၇၁။ အက္ခေတ္တဗန္ဓူ၊ လယ်ယာ ရွာနိဂုံးကို သိမ်းဆည်းခြင်း ဆွေမျိုးဖွဲ့ခြင်း, အနွယ်ဖွဲ့ခြင်း, မိတ်ဖွဲ့ခြင်း အပေါင်းအဖော်ဖွဲ့ခြင်း, အတတ်သင်သဖြင့် ဖွဲ့ခြင်းဟူသော ဗန္ဓုငါးပါးကို သိမ်းဆည်းခြင်း ကင်းသည်ဖြစ်၍။ အမမော၊ သတ္တဝါသင်္ခါရတို့၌ မြတ်နိုးခြင်း ကင်းသည်ဖြစ်၍။ နိရာသော၊ လာဘ် ဥစ္စာ သားသမီး အသက်တို့၌ တပ်ခြင်းအာသာ ကင်းသည်ဖြစ်၍။ နိလ္လောဘပါပေါ၊ မကောင်းသော မက်မောခြင်း မညီညွတ်သော မက်မောခြင်း ကင်းသည်ဖြစ်၍။ ဘဝလောဘခီဏော၊ ကုန်ပြီးသော ဘဝရာဂ ရှိသည်ဖြစ်၍။ ဧဝံ၊ ဤသို့ ဆိုအပ်ပြီးသော နည်းဖြင့်။ ကရော၊ ပြုသောသူသည်။ ဗြာဟ္မဏော၊ ဗြာဟ္မဏမည်သည်။ ဟောတိ၊ ဖြစ်၏။ ခေမီ၊ ကိလေမှ ငြိမ်းခြင်းသို့ ရောက်၏။ တေန၊ ထို့ကြောင့်။ ဓမ္မေ၊ ပုဏ္ဏား ကျင့်ဝတ်တရား၌။ ဌိတံ၊ တည်၏ ဟူ၍။ အမာပယိံသု၊ ဆိုကုန်၏။
ထို့နောင်မှ ဥဒ္ဒါလကသည် ပုရောဟိတ်အား ပုဏ္ဏားအကျင့်၌ တည်ကုန်သော အလုံးစုံသော သူတို့အား ယုတ်ခြင်းမြတ်ခြင်း ရှိမည်လောဟု မေးလိုရကား-
သဗ္ဗေဝ သောရတာ ဒန္တာ၊ သဗ္ဗေဝ ပရိနိဗ္ဗုတာ။
သဗ္ဗေသံ သီတိဘူတာနံ၊ အတ္ထိ သေယျောထ ပါပိယော။
ဟူသော ဤဂါထာကို ဆို၏။
၇၂။ ပုရောဟိတ၊ ပုရောဟိတ်။ ခတ္တိယာ၊ မင်းတို့သည်၎င်း။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်၎င်း။ ဝေဿာ၊ သူကြွယ်တို့သည်၎င်း။ သုဒ္ဒါ၊ သူဆင်းရဲတို့သည်၎င်း။ စဏ္ဍာလပုက္ကုသာ၊ ဒွန်းစဏ္ဍာ ပန်းမှိုက်စွန့် မျိုးတို့သည်၎င်း။ သဗ္ဗေဝ၊ အလုံးစုံသော သူတို့သည်လျှင်။ သောရတာ၊ သီလ၌ အလွန်မွေ့လျော်ကုန်၏။ ဒန္တာ၊ ယဉ်ကျေးကုန်၏။ သဗ္ဗေဝ၊ အလုံးစုံသော သူတို့သည်လျှင်။ ပရိနိဗ္ဗုတာ၊ ကိလေသာမှ ငြိမ်းကုန်၏။ သီတိဘူတာနံ၊ ငြိမ်းသည်ဖြစ်၍ ဖြစ်ကုန်သော။ သဗ္ဗေသံ၊ အလုံးစုံကုန်သော သူတို့အား။ သေယျော၊ မြတ်ခြင်းသည်။ အတ္ထိ၊ ရှိမည်လော။ အထ၊ ထိုမှတပါး။ ပါပိယော၊ ယုတ်ညံ့ခြင်းသည်။ အတ္ထိ၊ ရှိမည်လော။
ထိုအခါ ဥဒ္ဒါလကအား အရဟတ္တဖိုလ် ဖြစ်သည်မှ စ၍ ယုတ်သောအဖြစ် မြတ်သောအဖြစ်သည် မရှိဟု ပြခြင်းငှါ ပုရောဟိတ်သည်-
သဗ္ဗေဝ သုရတာ ဒန္တာ၊ သဗ္ဗေဝ ပရိနိဗ္ဗုတာ။
သဗ္ဗေသံ သီတိဘူတာနံ၊ နတ္ထိ သေယျောထ ပါပိယော။
ဟူသော ဤဂါထာကို ဆို၏။
၇၃။ ဥဒ္ဒါလက၊ ဥဒ္ဒါလက။ ခတ္တိယာ၊ မင်းတို့သည်၎င်း။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်၎င်း။ ဝေဿာ၊ သူကြွယ်တို့သည်၎င်း။ သုဒ္ဒါ၊ ဆင်းရဲတို့သည်၎င်း။ စဏ္ဍာလပုက္ကုသာ၊ ဒွန်းစဏ္ဍာ ပန်းမှိုက်စွန့် မျိုးတို့သည်၎င်း။ သဗ္ဗေဝ၊ အလုံးစုံသော သူတို့သည်လျှင်။ သုရတာ၊ သီလ၌ အလွန်မွေ့လျော်ကုန်၏။ ဒန္တာ၊ ယဉ်ကျေးကုန်၏။ သဗ္ဗေဝ၊ အလုံးစုံသော သူတို့သည်လျှင်။ ပရိနိဗ္ဗုတာ၊ ကိလေသာမှ ငြိမ်းကုန်၏။ သီတိဘူတာနံ၊ ငြိမ်းသည်ဖြစ်၍ ဖြစ်ကုန်သော။ သဗ္ဗေသံ၊ အလုံးစုံကုန်သောသူတို့အား။ သေယျော၊ မြတ်ခြင်းသည်။ နတ္ထိ၊ မရှိ။ အထ၊ ထိုမှတပါး။ ပါပိယော၊ ယုတ်ညံ့ခြင်းသည်။ နတ္ထိ၊ မရှိ။
ထိုအခါ ပုရောဟိတ်ကို ကဲ့ရဲ့လိုသည်ဖြစ်၍ ဥဒ္ဒါလကသည်-
သဗ္ဗေဝ သုရတာ ဒန္တာ၊ သဗ္ဗေဝ ပရိနိဗ္ဗုတာ။
ပသတ္ထံ စရသိ ဗြာဟ္မညံ၊ သောတ္ထိယကုလဝံသတံ။
ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။
၇၄။ ပုရောဟိတ၊ ပုရောဟိတ်။ ခတ္တိယာ၊ မင်းတို့သည်၎င်း။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်၎င်း။ ဝေဿာ၊ သူကြွယ်တို့သည်၎င်း။ သုဒ္ဒါ၊ သူဆင်းရဲတို့သည်၎င်း။ စဏ္ဍာလပုက္ကုသာ၊ ဒွန်းစဏ္ဍာ ပန်းမှိုက်စွန့် မျိုးတို့သည်၎င်း။ သဗ္ဗေဝ၊ အလုံးစုံသောသူတို့သည်လျှင်။ သုရတာ၊ သီလ၌ အလွန် မွေ့လျော်ကုန်၏။ ဒန္တာ၊ ယဉ်ကျေးကုန်၏။ သဗ္ဗေဝ၊ အလုံးစုံသော သူတို့သည်လျှင်။ ပရိနိဗ္ဗုတာ၊ ငြိမ်းကုန်၏။
၇၅။ သီတိဘူတာနံ၊ ငြိမ်းသည်ဖြစ်၍ ဖြစ်ကုန်သော။ သဗ္ဗေသံ၊ အလုံးစုံကုန်သော သူတို့အား။ သေယျော၊ မြတ်ခြင်းသည်။ နတ္ထိ၊ မရှိခဲ့အံ့။ အထ၊ ထိုမှတပါး။ ပါပိယော၊ ယုတ်ညံ့ခြင်းသည်။ နတ္ထိ၊ မရှိခဲ့အံ့။ ကသ္မာ၊ အဘယ့်ကြောင့်။ ပသတ္ထံ၊ ချီးမွမ်းအပ်သော။ သောတ္ထိယကုလဝံသတံ၊ ပုဏ္ဏား အမျိုးအနွယ်ဟု ဆိုအပ်သော။ ဗြာဟ္မညံ၊ မြတ်သောအဖြစ်ကို။ စရသိ၊ ကျင့်သနည်း။
ထိုအခါ ထိုဥဒ္ဒါလကကို ပုရောဟိတ်သည် ဥပမာဖြင့် သိစေလိုရကား-
န တေသံ ဆာယာ ဝတ္ထာနံ၊ သော ရာဂေါ အနုပပဇ္ဇထ။
န တေသံ ဇာတိ သုဇ္စျတိ၊ ဓမ္မမညာယ သုဗ္ဗတာ။
ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။
၇၆။ ဥဒ္ဒါလက၊ ဥဒ္ဒါလက။ နာနာရတ္တေဟိ၊ အထူးထူးသော တပ်ခြင်းရှိကုန်ထသော။ ဝတ္ထေဟိ၊ ပုဆိုးအဝတ်တို့ဖြင့်။ ဝိမာနံ၊ အိမ်ကို။ ဆာဒိတံ၊ မိုးအပ်သည်။ ဘဝတိ၊ ဖြစ်အံ့။ တေသံ ဝတ္ထာနံ၊ ထိုပုဆိုး အဝတ်တို့၏။ ဆာယာ၊ အရိပ်သည်။ နဘဝတိ၊ အထူးထူးအပြားပြား ဆန်းကြယ်သည် မဖြစ်။ သော ရာဂေါ၊ ထိုတပ်ခြင်းသည်။ အနုပပဇ္ဇထ၊ မဖြစ်။
၇၇။ ဧဝမေဝ၊ ဤအတူလျှင်။ မနုဿေသု၊ လူတို့၌။ မာဏဝါ၊ လူတို့သည်။ ယဒါ၊ အကြင်အခါ၌။ သုဇ္ဈန္တိ၊ စင်ကြယ်ကုန်၏။ ဓမ္မံ၊ တရားကို။ အညာယ၊ သိ၍။ သုဗ္ဗတာ၊ ကောင်းသော အကျင့်ရှိကုန်၏။ တဒါ၊ ထိုအခါ၌။ တေသံ၊ ထိုလူတို့အား။ ဇာတိ၊ အမျိုးသည်။ န သုဇ္စျတိ၊ မစင်ကြယ်။
ဥဒ္ဒါလကသည်ကား တဖန် ဆောင်ခြင်းငှါ မတတ်နိုင်ရကား စကားဆိုရာ မရှိသည်ဖြစ်၍လျှင် နေ၏။ ထိုအခါ ပုရောဟိတ်သည် မင်းကို တင်လျှောက်၏။ မြတ်သောမင်းကြီး အလုံးစုံသော ဤရသေ့တို့သည် အယောင် ဆောင်၍အံ့ဘွယ်သရဲကို ဖြစ်စေကုန်၏။ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌အံ့ဘွယ်သရဲဖြင့်သာလျှင် ပျက်စီးစေကုန်လတ္တံ့၊ ဥဒ္ဒါလကကို လူထွက်စေ၍ ပုရောဟိတ်ငယ် ပြုတော်မူကုန်လော့၊ ကြွင်းသော ရသေ့အပေါင်းတို့ကို လူထွက်စေပြီးလျှင် ဓားလက်နက်တို့ကို အပ်၍ အမှုတော်ကို ထမ်းစေကုန်လော့ဟု တင်လျှောက်၏။ ဆရာ ကောင်းပြီဟု ဆို၍ ဆရာပုရောဟိတ်ဆိုတိုင်း ပြု၏။ ထိုရသေ့လူထွက်တို့သည် မင်းကို ခစားကုန်လျက် ကံအားလျော်စွာ လားကုန်၏။
ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌ သာလျှင် ဤရဟန်းသည်အံ့ဘွယ်သရဲကို ဖြစ်စေသည်မဟုဘ်သေး၊ ရှေး၌လည်း ဤရဟန်းသည်အံ့ဘွယ်သရဲကို ဖြစ်စေဘူးသည်သာတည်းဟု မိန့်တော်မူ၍ ယခုအခါအံ့ဘွယ်သရဲကို ဖြစ်စေတတ်သော ဤရဟန်းသည် ထိုအခါ ဥဒ္ဒါလက ဖြစ်ဘူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပုရောဟိတ်ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။
အယောင်ဆောင်ငြား၊ အံ့ဘွယ်များ၊ မမှားပျက်စီးမည်
လေးခုမြောက်သော ဥဒ္ဒါလကဇာတ်သည် ပြီး၏။
*****