4453ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၁၀။ ဥပ္ပလဝဏ္ဏတ္ထေရီဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ဗာလဝဂ်

၁၀။ ဥပ္ပလဝဏ်ထေရီမ ဝတ္ထု

မဓုဝါ မညတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ဥပ္ပလဝဏ်ထေရီမကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဆီမီးလျှံ၌ နိမိတ်ယူ၍ ရဟန္တာမ ဖြစ်ခြင်း

ထိုဥပ္ပလဝဏ်ထေရီမသည် ပဒုမုတ္တရ မြတ်စွာဘုရား၏ ခြေတော်ရင်း၌ အဂ္ဂသာဝိကာမဆုကို ပန်ဆင်ဆုတောင်းခြင်းကို ဖြစ်စေ၍ ကမ္ဘာတစ်သိန်းတို့ကာလပတ်လုံး များစွာသော ကုသိုလ်ကောင်းမှုတို့ကို ပြုစုအားထုတ်လျက် နတ်ပြည်တို့၌လည်းကောင်၊ လူ့ပြည်တို့၌လည်းကောင်း ကျင်လည်ခံစားပြီးလျှင် ဤငါတို့မြတ်စွာဘုရား ပွင့်တော်မူသောအခါ၌ နတ်ပြည်မှ စုတေခဲ့၍ သာဝတ္ထိပြည်ဝယ် သူဌေးမျိုး၌ ပဋိသန္ဓေ တည်နေစွဲယူလေ၏။ ကြာညိုပန်းတိုက်နှင့်တူသော အဆင်းသဏ္ဌာန် ကြန်အင်လက္ခဏာ လွန်စွာ လှပကြည်လင်ခြင်းရှိသောကြောင့် ထိုသတို့သမီးအား ဥပ္ပလဝဏ် ဟူသောအမည်ကို မှည့်ခေါ်ကြလေကုန်၏။ ထို့နောက် ဥပ္ပလဝဏ်သတို့သမီး အရွယ်သို့ ရောက်သောအခါ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌နေကုန်သော မင်းတို့သည်လည်းကောင်း၊ သူဌေးသူကြွယ်တို့သည်လည်းကောင်း ဥပ္ပလဝဏ်သတို့သမီး၏ ဖခင်သူဌေးကြီးအထံသို့ “ငါတို့အား သမီးကို ပေးပါလော့”ဟု သတင်းစကား စေလွှတ်ကုန်၏၊ မစေလွှတ်သောသူမည်သည် မရှိ။

ထို့နောက်မှ သူဌေးကြီးက ကြံဆင်ခြင်သည်မှာ “ငါသည် အလုံးစုံကုန်သောသူတို့၏ စိတ်အလိုကို ပြည့်အောင်ယူခြင်းငှာ မတတ်နိုင်၊ တစ်ခုသော ဥပါယ်တံမျဉ်အကြောင်းကို ပြုတော့အံ့”ဟု ကြံဆင်ခြင်၍ သမီးကိုခေါ်စေပြီးလျှင် “ချစ်သမီး- ရဟန်းပြုခြင်းငှာ တတ်နိုင်အံ့လော”ဟု မေးလေ၏။ ထိုဥပ္ပလဝဏ်သတို့သမီးလည်း ပစ္ဆိမဘဝိကသတ္တဝါ ဖြစ်သောကြောင့် ဖခင်သူဌေးမေးအပ်သော ထိုစကားသည် ဦးခေါင်း၌ သွန်းလောင်းအပ်သော အကြိမ်တစ်ရာချက်ပြီးသော ဆီကဲ့သို့ဖြစ်လေ၏။ ထို့ကြောင့် ဖခင်သူဌေးကြီးကို “ဖခင်- ကျွန်တော်မသည် ရဟန်းပြုပါအံ့”ဟု ပြောဆိုလေ၏။ သူဌေးကြီးသည် ထိုမိမိ၏သမီးအား များစွာသော ပူဇော်သက္ကာရကိုပြု၍ ရဟန်းမိန်းမကျောင်းသို့ ဆောင်ပို့ပြီးလျှင် ရဟန်းပြုစေ၏၊ ထိုဥပ္ပလဝဏ်ထေရီမအား ရဟန်းပြု၍ မကြာမြင့်မီသာလျှင် ဥပုသ်အိမ်၌ ဆီမီးညှိထွန်းခြင်းစသည်ကို ပြုရသော အလှည့်အကြိမ်သည် ရောက်လေ၏။ ထိုဥပ္ပလဝဏ်ထေရီမသည် ဆီမီးကိုညှိထွန်း၍ ဥပုသ်အိမ်ကို တံမြက်လှည်းလျက် မိမိညှိထွန်းအပ်သော ဆီမီးလျှံ၌ နိမိတ်ကိုယူပြီးလျှင် ရပ်နေလျက်သာလျှင် အဖန်ဖန်ကြည့်ရှုလျက် တေဇောကသိုဏ်းလျှင် အာရုံရှိသောဈာန်ကို ဖြစ်စေ၍ ထိုဈာန်ကိုပင်လျှင် အခြေပြုသဖြင့် ပဋိသမ္ဘိဒါ အဘိညာဉ်တို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်လေ၏။

နန္ဒလုလင် ပြစ်မှား၍ မြေမျိုခြင်း

ထိုဥပ္ပလဝဏ်ထေရီမသည် နောက်အဖို့ဖြစ်သော အခါတစ်ပါး၌ ဇနပုဒ်ဒေသစာရီ လှည့်လည်ခြင်းကို လှည့်လည်ပြီး၍ ပြန်လာသောအခါ အန္ဓဝနမည်သော သူကန်းတောသို့ ကြွဝင်၍ သီတင်းသုံးတော်မူလေ၏။ ထိုအခါ ရဟန်းမိန်းမတို့အား တောကျောင်း၌နေခြင်းကို သိက္ခာပုဒ် ပညတ်တော်မူခြင်းဖြင့် တားမြစ်တော်မမူရသေး။ ထိုအခါ ထိုမထေရ်မအား ထိုတောအုပ်၌ ကျောင်းငယ်ကုဋိကို ဆောက်လုပ်၍ ညောင်စောင်းကိုခင်းပြီးလျှင် တင်းတိမ်ကို ကာရံပေးကြလေကုန်၏။ ထိုဥပ္ပလဝဏ်ထေရီမသည် သာဝတ္ထိပြည်၌ ဆွမ်းအလို့ငှာ လှည့်လည်ကြွဝင်တော်မူပြီးလျှင် ထွက်လာလေ၏။ ထိုဥပ္ပလဝဏ်ထေရီမ၏ ဦးရီးသားဖြစ်သော နန္ဒအမည်ရှိသော လုလင်သည် လူဖြစ်စဉ်ကာလမှစ၍ စွဲတပ်သောစိတ်ရှိ၏။ ထိုနန္ဒလုလင်သည် ဥပ္ပလဝဏ် ထေရီမ ရောက်လာသည့်အဖြစ်ကို ကြားသိရ၍ ထေရီမ မလာမရောက်မီ ရှေးဦးကပင်လျှင် သူကန်းတောသို့ သွားလင့်ပြီးမှ ထိုကျောင်းငယ် ကုဋီသို့ဝင်၍ အိပ်ရာညောင်စောင်းအောက်၌ ပုန်းအောင်းကာ နေလင့်သဖြင့် မထေရ်မလည်း ပြန်လာ၍ ကျောင်းငယ်ကုဋီသို့ဝင်လျက် တံခါးပိတ်ပြီး ညောင်စောင်းထက်၌ ထိုင်နေကာမျှ အပြင်ပဖြစ်သော နေပူမှလာခဲ့ရသည့်အဖြစ်ကြောင့် စက္ခုထင်ထင် ရှုမြင်သောနေရာဝယ် အမိုက်တိုက် မပျောက်သေးမီသာလျှင် ညောင်စောင်းအောက်မှထွက်၍ ညောင်စောင်းထက်သို့ တက်လျက် “ဟယ် လူမိုက်- မဖျက်ဆီးလေနှင့်”ဟု မထေရ်မ တားမြစ်စဉ်ပင်လျှင် ဖိစီးနှိပ်စက်၍ မိမိသည် တောင့်တအပ်သော အမှုကိုပြုလုပ်၍ ထွက်ခွာသွားလေ၏။

ထိုအခါ အလွန်မိုက်လှစွာသော ထိုနန္ဒလုလင်၏ ကျေးဇူးမဲ့ကို ဆောင်ရွက်ခြင်းငှာ မတတ်နိုင်လေသကဲ့သို့ ယူဇနာ နှစ်သိန်းလေးသောင်း အထုရှိသော မဟာပထဝီမြေကြီးသည် နှစ်ဖြာပြတ်စဲ ဟင်းလင်းကွဲလေ၏။ ထိုနန္ဒလုလင်သည် မြေကြီး၏အတွင်းသို့ ဝင်ရောက်ကျသွား၍ မဟာအဝီစိငရဲ၌သာလျှင် ဖြစ်လေ၏။ ထေရီမသည်လည်း ထိုအကြောင်းကို သီတင်းသုံးဖော် ရဟန်းမိန်းမတို့အား ပြောကြား၏။ ရဟန်းမိန်းမတို့လည်း ရဟန်းယောက်ျားတို့အား ထိုအကြောင်းကို ပြောကြားလျှောက်ထားကြကုန်၏။ ရဟန်းယောက်ျားတို့သည်လည်း မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။ ထိုစကားကို ကြားသိတော်မူသဖြင့် မြတ်စွာဘုရားသည် ရဟန်းတို့ကိုခေါ်တော်မူ၍ “ချစ်သားရဟန်းတို့- ငါဘုရား၏ တပည့်သားဖြစ်ကုန်သော ရဟန်းယောက်ျား, ရဟန်းမိန်းမ, ဥပါသကာ ယောက်ျား, ဥပါသိကာမိန်းမတို့၌ အမှတ်မထင် အကြင် တစ်စုတစ်ယောက်သော သူမိုက်သည် မကောင်းမှု အကုသိုလ်ကံကို ပြုလုပ်၏။ ထိုသူမိုက်သည် ပျားသကာ စသည်တို့၌ရှိသော တစ်စုံတစ်ခုသာလျှင်ဖြစ်သော ချိုမြိန်ကောင်းမြတ်သော အရသာကို စားရသောယောက်ျားကဲ့သို့ ရွှင်လန်းနှစ်သက် တက်ကြွသည်ထက် တက်ကြွသော စိတ်ရှိသောသူကဲ့သို့ဖြစ်၍ ပြုလုပ်လေ့ရှိ၏”ဟု အနုသန္ဓေကိုစပ်၍ တရားဒေသနာကို ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၆၉] မဓုဝါ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ ဗာလော ဒုက္ခံ နိဂစ္ဆတိ။

ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။ ပါပံ၊ မကောင်းမှုကံသည်။ န ပစ္စတိ၊ အကျိုးကို မပေးသေး။ တာဝ၊ ထိုမျှလောက်သော ကာလပတ်လုံး။ တံ ကမ္မံ၊ ထိုမကောင်းမှုကံကို။ ဗာလော၊ သူမိုက်သည်။ မဓုဝါ၊ ပျားအရသာကဲ့သို့။ မညတိ၊ မှတ်ထင်အောက်မေ့၏။ ယဒါ စ၊ အကြင်အခါ၌ကား။ ပါပံ၊ မကောင်းမှုကံသည်။ ပစ္စတိ၊ အကျိုးကိုပေး၏။ တဒါ၊ ထိုအခါ၌။ သော ဗာလော၊ ထိုသူမိုက်သည်။ ဒုက္ခံ၊ ဆင်းရဲခြင်းသို့။ ဝါ၊ ဆင်းရဲခြင်းကို။ နိဂစ္ဆတိ၊ ရောက်ရလေ၏။ ဝါ၊ ရရှိလေ၏။

ဒေသနာတော်၏ အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဘိက္ခုနီမတို့ ရွာ၌သာနေရန် စီမံခြင်း

ထို့နောက် အခါတစ်ပါး တရားသဘင်၌ များစွာသော လူရဟန်းအပေါင်းသည် “ရဟန္တာပုဂ္ဂိုလ်တို့သည် ငါးပါးသော ကာမဂုဏ်ချမ်းသာကို ခုံမင်တပ်မက် နှစ်သက်သာယာကြကုန်၏။ ငါးပါးအာရုံ ကာမဂုဏ်ကို ခုံမင်တပ်စွဲ မှီဝဲကြကုန်၏။ အဘယ့်ကြောင့် မမှီဝဲဘဲ ရှိကုန်အံ့နည်း။ ထိုရဟန္တာတို့သည်လည်း ခြောက်သွေ့သော သစ်ငုတ်တို့လည်း မဟုတ်ကုန်၊ တောင်ပို့တို့လည်း မဟုတ်ကုန်၊ စိုစွတ်သော အသားရှိသောကိုယ် ရှိကုန်သည်သာလျှင်တည်း။ ထို့ကြောင့် ထိုရဟန္တာတို့သည်လည်း ကာမဂုဏ်ချမ်းသာကို သာယာကြကုန်၏၊ ကာမဂုဏ်ကို မှီဝဲကြကုန်၏”ဟု စကားကို ဖြစ်စေလေ၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သော် “ချစ်သားရဟန်းတို့- ရဟန္တာတို့သည် ကာမဂုဏ်ချမ်းသာကို မသာယာကြကုန်၊ ကာမဂုဏ်ကို မမှီဝဲကြကုန်၊ ဥပမာမည်သည်ကား ပဒုမ္မာကြာရွက်၌ကျသော ရေပေါက်သည် မကပ်ငြိ မတည်တံ့နိုင်ဘဲ လိမ့်၍ကျသကဲ့သို့လည်းကောင်း၊ ပွတ်ဆောက်ဖျား၌ မုန်ညင်းစေ့သည် မငြိမတည်တံ့နိုင်ဘဲ လိမ့်၍ကျသကဲ့သို့လည်းကောင်း၊ ဤအတူသာလျှင် ရဟန္တာပုဂ္ဂိုလ်၏စိတ်၌ နှစ်ပါးအပြားရှိသော ဝတ္ထုကာမ, ကိလေသာကာမသည် မကပ်ငြိ မတည်တံ့နိုင်သည်သာတည်း”ဟု မိန့်တော်မူပြီးလျှင် မြတ်စွာဘုရားသည် အနုသန္ဓေကိုစပ်၍ တရားဟောလိုရကား ဗြာဟ္မဏဝဂ်၌ ဤဂါထာကို မိန့်တော်မူလေ၏။

ဝါရိ ပေါက္ခရပတ္တေဝ၊ အာရဂ္ဂေရိဝ သာသပေါ။
ယော န လိမ္ပတိ ကာမေသု၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဝါရိ၊ ရေသည်။ ပေါက္ခရပတ္တေ၊ ကြာရွက်၌။ န လိမ္ပတိ ဣဝ၊ မကပ်ငြိ မတည်တံ့သကဲ့သို့လည်းကောင်း။ သာသပေါ၊ မုန်ညင်းစေ့သည်။ အာရဂ္ဂေ၊ ပွတ်ဆောက်ဖျား၌။ န လိမ္ပတိ ဣဝ၊ မကပ်ငြိ မတည်တံ့သကဲ့သို့လည်းကောင်း။ ဧဝံ၊ ဤအတူ။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ကာမေသု၊ နှစ်ပါးသော ကာမတို့၌။ န လိမ္ပတိ၊ မကပ်ငြိ မတည်တံ့။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုကို အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

မြတ်စွာဘုရားသည် ပသေနဒီ ကောသလမင်းကြီးကို ခေါ်စေတော်မူ၍ “ဒကာတော်မင်းကြီး- ဤငါဘုရား၏ သာသနာတော်၌ အမျိုးကောင်းသား ယောက်ျားတို့ကဲ့သို့သာလျှင် ထို့အတူ အမျိုးကောင်းသမီး မိန်းမတို့သည်လည်း များစွာသော ဆွေမျိုးဉာတကာ အပေါင်းကိုလည်းကောင်း၊ စည်းစိမ်ဥစ္စာစုကိုလည်းကောင်း စွန့်ပစ်ပယ်ရှား၍ ရဟန်းပြုပြီးလျှင် တော၌ နေထိုင်ကြကုန်၏။ ထိုရဟန်းမိန်းမတို့သည် တောကျောင်း၌ နေထိုင်ကြကုန်သည်ရှိသော် ရာဂဖြင့် စွဲတပ်ကပ်ငြိခြင်းရှိသော ယုတ်မာသော ပုဂ္ဂိုလ်တို့သည် ယုတ်သော မာန်မူခြင်း၊ လွန်ကဲသော မာန်မူခြင်းတို့၏အစွမ်းဖြင့် ညှဉ်းဆဲလည်း ညှဉ်းဆဲကြကုန်၏။ မြတ်သောအကျင့်၏ အန္တရာယ်သို့လည်း ရောက်စေကြကုန်၏။ ထို့ကြောင့် ရဟန်းမိန်းမ သံဃာအပေါင်း၏အလို့ငှာ နေရာကျောင်းကို မြို့၏အတွင်း၌သာ ပြုခြင်းငှာ သင့်၏”ဟု မိန့်တော်မူလေ၏။ ပသေနဒီကောသလမင်းကြီးသည်လည်း “ကောင်းပါပြီဘုရား”ဟု ဝန်ခံ၍ မြို့၏ တစ်ခုသောနံပါး၌ ရဟန်းမိန်းမ သံဃာအပေါင်း၏အလို့ငှာ နေရာကျောင်းကို ဆောက်လုပ်စေလေ၏။ ထိုအခါမှစ၍ ရဟန်းမိန်းမတို့သည် မြို့တွင်း ရွာတွင်း၌သာ နေထိုင်ကြရကုန်၏။

ဥပ္ပလဝဏ်ထေရီမဝတ္ထု ပြီး၏။