၁၉၄၈ ခုနှစ်၊ နိုင်ငံတော်သမ္မတတံဆိပ်တော် အက်ဥပဒေ
၁၉၄၈ခုနှစ်၊ နိုင်ငံတော်သမတတံဆိပ်တော်အက်ဥပဒေ။
၁၉၄၈ ခု၊ အက်ဥပဒေအမှတ် ၂။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ အောက်ဖေါ်ပြပါအက်ဥပဒေကို ထုတ်ပြန်ကျေညာသည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်သမတ တံဆိပ်တော်နှင့်တကွ ထိုတံဆိပ်တော်နှင့်သက်ဆိုင် သောကိစ္စများအလို့ငှါ ပြဋ္ဌာန်းချက်များပြုလုပ်ရန် လိုအပ်သည်ဖြစ်သောကြောင့် အောက်ပါအတိုင်း အက်ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်သည်။
အမည်တိုနှင့်အက်ဥပဒေစတင်အတည်ဖြစ်ခြင်း
၁။ ။ (က) ဤအက်ဥပဒေကို “ ၁၉၄၈ခုနှစ်၊ နိုင်ငံတော်သမတတံဆိပ်တော်အက်ဥပဒေ” ဟုခေါ်ရမည်။
(ခ) ဤအက်ဥပဒေသည် ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေ စတင်အတည်ဖြစ်သည့်နေ့မှစ၍ အာဏာတည်သည်ဟုမှတ်ယူရမည်။
နိုင်ငံတော်သမတတံဆိပ်တော်
၂။ ။ နိုင်ငံတော်သမတအတွက် ရာထူးတံဆိပ်တော်တခုရှိရမည်။ ဤအက်ဥပဒေတွင် “နိုင်ငံတော်သမတ တံဆိပ်တော်”ဟု ခေါ်ရမည်။
နိုင်ငံတော်သမတတံဆိပ်တော်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့်အသုံးပြုခြင်း
၃။ ။ နိုင်ငံတော်သမတ (နိုင်ငံတော်ယာယီသမတလည်းပါဝင်သည်) သည်ရာထူး၌ ရှိသောအခါတိုင်း၌၎င်း၊ ရှိနေသမျှကာလအတွင်း၌၎င်း၊ အောက်ပါပြဋ္ဌာန်းချက်များသည် အကျိုးသက်ရောက်ရမည်။ ဆိုလို ရင်းမှာ-
- (က) နိုင်ငံတော်သမတသည် နိုင်ငံတော်သမတတံဆိပ်တော်ကို ထိန်းသိမ်းကြီးကြပ်ရမည်။
- (ခ) နိုင်ငံတော်သမတတံဆိပ်တော် ခပ်နှိပ်ရန်လိုအပ်သော အမိန့်စာလွှာမျိုးတွင် နိုင်ငံတော်သမတတံဆိပ်တော် ခပ်နှိပ်ရမည်။ ထိုစာလွှာမျိုးမှအပ အခြားစာလွှာများတွင် မခပ်မနှိပ်ရ။
- (ဂ) နိုင်ငံတော်သမတတံဆိပ်တော်ကို၊ ဤပုဒ်မအရစာလွှာတခုတွင်ခပ်နှိပ်သောအခါ၊ ခိုင်လုံကြောင်း ထောက်ခံသည့်အနေနှင့် ထိုစာလွှာတွင် နိုင်ငံတော်သမတ၏ လက်မှတ်ရေးထိုးပါရှိရမည်။
နိုင်ငံတော်ဦးသျှောင်အဖွဲ့က နိုင်ငံတော်သမတတံဆိပ်တော်ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် အသုံးပြုခြင်း
၄။ ။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၆၄ အရ၊ ဖွဲ့စည်းထားသော နိုင်ငံတော်ဦးသျှောင်အဖွဲ့သည်၊ နိုင်ငံတော်သမတ၏ အာဏာများနှင့် အလုပ်ဝတ်တရားများကို သုံးစွဲဆောင်ရွက်သောအခါတိုင်း၌၎င်း၊ သုံးစွဲဆောင်ရွက်နေသမျှ ကာလအတွင်း၌၎င်း၊ အောက်ပါပြဋ္ဌာန်းချက်များသည် အကျိုးသက်ရောက်ရမည်။ ဆိုလိုရင်းမှာ-
- (က) အဆိုပါနိုင်ငံတော်ဦးသျှောင်အဖွဲ့သည်၊ နိုင်ငံတော်သမတတံဆိပ်တော်ကို ထိန်းသိမ်းကြီးကြပ်ရမည်။
- (ခ) နိုင်ငံတော်သမတတံဆိပ်တော်ကို အဆိုပါနိုင်ငံတော်ဦးသျှောင်အဖွဲ့ကပြုလုပ်သော အမိန့်စာလွှာများ တွင်ခပ်နှိပ်ရမည်။ အခြားစာလွှာများတွင် မခပ်မနှိပ်ရ။
- (ဂ) နိုင်ငံတော်သမတတံဆိပ်တော်ကို ဤပုဒ်မအရ၊ စာလွှာတခုတွင် ခပ်နှိပ်သောအခါ၊ ဟုတ်မှန်ကြောင်း သက်သေဖြစ်စေရန် ထိုစာလွှာတွင် အဆိုပါနိုင်ငံတော်ဦးသျှောင်အဖွဲ့က အနည်းဆုံးအဖွဲ့ဝင်နှစ်ဦး၏ လက်မှတ်များနှင့် အဆိုပါနိုင်ငံတော်ဦးသျှောင်အဖွဲ့မှ ထိုကိစ္စအလို့ငှါ အခွင့်အာဏာလွှဲအပ်ထားခြင်းခံရ သောအဆိုပါ နိုင်ငံတော်ဦးသျှောင်အဖွဲ့၏ အတွင်းဝန်၏ ၊ သို့တည်းမဟုတ် အခြားအရာရှိတဦး၏ လက်မှတ်များရေးထိုးပါရှိရမည်။
နိုင်ငံတော်သမတတံဆိပ်တော်ကို အစိုးရရုံးတော်များနှင့် တရားရုံးတော်များက အသိအမှတ်ပြုရန်။
၅။ ။ နိုင်ငံတော်သမတတံဆိပ်တော်ကို အစိုးရရုံးတော်များနှင့် တရားရုံးတော်များက အသိအမှတ်ပြုရမည်။ ထို့ပြင်နိုင်ငံတော်သမတ တံဆိပ်တော်ခပ်နှိပ်ထားသော အမိန့်တိုင်းသည်၊ သို့တည်းမဟုတ် ခန့်အပ် လွှာတိုင်းသည်၊ သို့တည်းမဟုတ် စာချွန်သည်၊ သို့တည်းမဟုတ် အခြားစာလွှာတိုင်းသည်၊ ထိုသို့ခပ်နှိပ် သောတံဆိပ်တော်၌ ဤအက်ဥပဒေနှင့်အညီ ဟုတ်မှန်ကြောင်းသက်သေပါရှိလျှင် ထိုအမိန့်တိုင်းကို၊ သို့တည်းမဟုတ် ခန့်အပ်လွှာတိုင်းကို၊ သို့တည်းမဟုတ်စာချွန်တိုင်းကို၊ သို့တည်းမဟုတ်အခြားစာလွှာတိုင်းကို အတည်ယူရမည်။ နောက်ထပ်သက်သေပြရန်မလို။
- ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရ၊ ကျွန်ုပ်လက်မှတ်ရေးထိုးသည်။
စဝ်ရွှေသိုက်။
နိုင်ငံတော်ယာယီသမတ။
၁၃၀၉ ခုနှစ်၊ တပို့တွဲလဆန်း ၁၁ ရက်။
(၁၉၄၈ ခုနှစ်၊ ဇန္နာဝါရီလ ၂၁ ရက်။)
[အမှတ် ၅၃။]