၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ

4528၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ1962ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

ပြည်ထောင်စုမြန်မာနိုင်ငံတော်

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ

၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေ။

[၁၉၆၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥပဒေအမှတ် ၁၅။]

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥက္ကဋ္ဌသည်၊ အောက်ပါဥပဒေကိုပြဋ္ဌာန်းလိုက်သည်။


၁။ ။(၁) ဤဥပဒေကို၊ ၁၉၆၂ ခုနှစ်၊ အထူးရာဇဝတ်ရုံးဥပဒေဟု ခေါ်တွင်စေရမည်။

(၂) ဤဥပဒေသည်၊ ချက်ခြင်းအာဏာတည်ရမည်။


၂။ ။ဤဥပဒေတွင် အကြောင်း အရာနှင့်ဖြစ်စေ၊ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်နှင့်ဖြစ်စေ မဆန့်ကျင်လျှင်-

(က) "အထူးရာဇဝတ်ရုံး" ဆိုသည်မှာ၊ ပုဒ်မ ၃ အရ၊ ဖွဲ့စည်းသည့်အထူးရာဇဝတ်ရုံးကိုဆိုလိုသည်။
(ခ) "ဇယားဝင်ပြစ်မှု" ဆိုသည်မှာ၊ ဤဥပဒေပါ ဇယားတွင် သီးခြားဖေါ်ပြထားသည့်ပြစ်မှု တခုခုကိုဆိုလိုသည်။


၃။ ။(၁) ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည်၊ မိမိသင့်တော်မည်ထင်သည့် အရေအတွက်အထိ အထူးရာဇဝတ်ရုံးများကို၊ အမိန့်ကြော်ငြာစာဖြင့်၊ အခါအားလျော်စွာ ဖွဲ့စည်းနိုင်သည်၊ သို့တည်းမဟုတ် အသစ်ပြန်လည်ဖွဲ့စည်းနိုင်သည်။ မည်သည့်အထူးရာဇဝတ်ရုံးကို၊ မည်သည့်အရပ်ဒေသအတွက် ဖွဲ့စည်းထားကြောင်း အမိန့်ကြော်ငြာစာဖြင့် သီးခြားဖေါ်ပြနိုင်သည်။

(၂) အထူးရာဇဝတ်ရုံးတွင်၊ နာယကတဦးနှင့်အခြား အဖွဲ့ဝင်နှစ်ဦးပါဝင်ရမည်။


၄။ ။(၁) အထူးရာဇဝတ်ရုံးသည်၊ တည်ဆဲ တရားဥပဒေအရပြစ်ဒဏ်စီရင်နိုင်သည့် မည်သည့်ပြစ်မှုကိုမဆို စစ်ဆေးကြားနာစီရင်နိုင်သည်။

(၂) အထူးအားဖြင့် ပုဒ်မခွဲ (၁) ပါ ပြဋ္ဌာန်းချက်၏ယေဘုယျသဘောကိုမထိခိုက်စေဘဲ၊ အထူးရာဇဝတ်ရုံးမှာ၊ ဤဥပဒေပါ ဇယားဝင်ပြစ်မှုများကိုစစ်ဆေးကြားနာစီရင်ရန်အာဏာရှိရမည်။
(၃) တည်ဆဲအခြားတရားဥပဒေတခုခုတွင် မည်သို့ပင်ပါရှိစေကာမူ၊ တဦးတယောက်သောသူသည်၊ မိမိကျူးလွန်သည့် ဇယားဝင်ပြစ်မှု တခုခုအတွက်အထူးရာဇဝတ်ရုံးက ပြစ်မှုထင်ရှား စီရင်သောအခါ၊ အောက်ပါအချိုးအစားအတိုင်းပြစ်ဒဏ် ထိုက်သင့်စေရမည်။
(က) သေဒဏ်။
(ခ) နှစ်အကန့်အသတ်မရှိသောတသက်တကျွန်းဒဏ်။
(ဂ) သုံးနှစ်အောက်မလျော့သော အလုပ်ကြမ်းနှင့် ထောင်ဒဏ်၊ သို့တည်းမဟုတ် သုံးနှစ်အောက် မလျော့သော အလုပ်ကြမ်းနှင့် ထောင်ဒဏ်အပြင် ငွေဒဏ်။
(၄) အထူးရာဇဝတ်ရုံးက ဇယားဝင်ပြစ်မှုတခုခုကို စစ်ဆေးကြားနာစီရင်ရာတွင်၊ တရားခံအပေ့ါ် ထိုပြစ်မှုဖြင့် စွဲချက်မတင်မီဖြစ်စေ၊ စွဲချက်တင်ပြီးနောက်ဖြစ်စေ တရားခံသည်၊ ဇယားဝင်ပြစ်မှုမဟုတ်သည့် အခြားပြစ်မှုတခုကို ကျူးလွန်သည်ဟုသက်သေခံ၌ ပေါ်ပေါက်ခဲ့လျှင်၊ ထိုတရားခံကို၊ ထိုအခြားပြစ်မှုအတွက် သက်ဆိုင်ရာ တရားဥပဒေနှင့်အညီ ပြစ်မှုထင်ရှားစီရင်နိုင်သည်။
(၅) ပြစ်မှုတခုခုသည်၊ ဇယားဝင်ပြစ်မှုဟုတ် မဟုတ်ဟူသော ပြဿနာနှင့်စပ်လျဉ်း၍ အထူးရာဇဝတ်ရုံး၏ဆုံးဖြတ်ချက်သည်၊ အပြီးအပြတ် အတည်ဖြစ်စေရမည်။


၅။ ။ မည်သူမဆို၊ဇယားဝင်ပြစ်မှုတခုခုကျူးလွန်ခြင်းကိုအားပေးကူညီလျှင်၊ သို့တည်းမဟုတ် ကျူးလွန်ရန်အားထုတ်လျှင်၊ သို့တည်းမဟုတ် ကျူးလွန်ရန် ပူးပေါင်းကြံစည်လျှင်၊ အဆိုပါပြစ်မှုအတွက် ဤဥပဒေတွင် ပြဋ္ဌာန်းထားသည့် ပြစ်ဒဏ်ချမှတ်ခြင်းကိုခံစေရမည်။


၆။ ။(၁) အထူးရာဇဝတ်ရုံးသည်၊ ပြစ်မှုတခုခုကို ရဲအရာရှိက တင်သွင်းသောထိုပြစ်မှုဖြစ်မြောက်စေသည့် အကြောင်းခြင်းရာ တိုင်လျှောက်ချက်ကို၊ သို့တည်းမဟုတ် အစီရင်ခံစာကို ရရှိသောအခါ၊ အရေးယူနိုင်သည်။

(၂) အထူးရာဇဝတ်ရုံးမှာ၊ တရားခံကို စစ်ဆေးကြားနာစီရင်ရန်လွှဲအပ်တင်ပို့ခြင်းမရှိဘဲ၊ ဤဥပဒေအရ၊ ပြစ်မှုများကို အရေးယူနိုင်ခွင့်ရှိသည်။ ထို့ပြင် အထူးရာဇဝတ်ရုံးသည်၊ ဤဥပဒေအရ၊ ပြစ်မှုများကို စစ်ဆေးကြားနာစီရင်ရာ၌၊ ရာဇဝတ်တရားသူကြီးများက၊ ဝရမ်းမှုကို စစ်ဆေးကြားနာစီရင်ရန် ရာဇဝတ်ကျင့်ထုံးကိုဓဥပဒေတွင် သတ်မှတ်သည့်စည်းကမ်းနည်းလမ်းအတိုင်း လိုက်နာရမည်။
ခြွင်းချက်။ ။ သို့ရာတွင် -
(က) အထူးရာဇဝတ်ရုံးက တော်တည့်မှန်ကန်စွာ တရားစီရင်ရန်အလို့ငှါ၊ အမှုစစ်ဆေးကြားနာစီရင်ခြင်းကို ရွှေ့ဆိုင်းရန်လိုမည်မဟုတ်ဟု ထင်မြင်လျှင်၊ အထူးရာဇဝတ်ရုံးမှာ၊ မည်သည့်ကိစ္စအတွက်မျှအမှုစစ်ဆေးကြားနာခြင်းကို ရွှေ့ဆိုင်းရန် တာဝန်မရှိစေရ။
(ခ) သက်သေတဦး၏ ထွက်ဆိုချက်သည်၊ အရေးပါအရာရောက်လိမ့်မည်မဟုတ်ဟု အထူးရာဇဝတ်ရုံးက ကြေနပ်လျှင်၊ ထိုသက်သေကိုမဆင့်ခေါ်လိုငြင်းဆိုနိုင်သည်။
(၃) အထူးရာဇဝတ်ရုံး၏ အဖွဲ့ဝင်များအချင်းချင်းသဘောကွဲလွဲသည့်အခါ၊ အဖွဲ့ဝင်များ၏ ထင်မြင်ယူဆချက်အတိုင်း ဆုံးဖြတ်ရမည်။


၇။ ။(၁) ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေး အစိုးရက၊ အခြားနည်းမညွှန်ကြားလျှင်၊ အထူးရာဇဝတ်ရုံးသည်၊ မိမိသတ်မှတ်သည့် နေရာနှင့်အချိန်တွင် ရုံးထိုင်နိုင်သည်။

(၂) အထူးရာဇဝတ်ရုံး၏ အဖွဲ့ဝင်တဦးဦးမှာ၊ အမှုတခုခုကို ဆက်လက်ကြားနာစစ်ဆေးခြင်းမပြုနိုင်လျှင်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီအစိုးရသည်၊ ပုဒ်မ ၃ ပါပြဋ္ဌာန်းချက်များနှင့် အညီ ထိုအဖွဲ့ဝင်အစား၊ အခြားပုဂ္ဂိုလ်တဦးကို၊ အထူးရာဇဝတ်ရုံး အဖွဲ့ဝင်အဖြစ် ခန့်ထားနိုင်သည်။ ထိုသို့ခန့်ထားလျှင်၊ ထိုပုဂ္ဂိုလ်ကို၊ အမှုစတင် စစ်ဆေးသည့်အချိန်မှ စ၍ ခန့်ထားဘိသကဲ့သို့၊ အမှုကို အထူးရာဇဝတ်ရုံးက ဆက်လက်စစ်ဆေးကြားနာစီရင်နိုင်သည်။
(၃) ဤဥပဒေတွင် အခြားနည်းပြဋ္ဌာန်းထားသည်မှတပါး၊ အထူးရာဇဝတ်ရုံးသည်၊ မူလစီရင်ပိုင်ခွင့်အာဏာရှိသည့် စက်ရှင်တရားရုံးဖြစ်ဘိသကဲ့သို့ မှတ်ယူရမည်။


၈။ ။ အထူးရာဇဝတ်ရုံးက တရားစီရင်ရာတွင်၊ မှန်ကန်၍ တရားမျှတမှုရှိစေရန်၊ အထူးဥပဒေအရာရှိတဦး ပါဝင်စေနိုင်သည်။ ပြည်ထောင်စု မြန်မာနိုင်ငံ တော်လှန်ရေးကောင်စီအစိုးရသည်၊ သင့်တော်သူ တဦးဦးအား၊ အထူးဥပဒေအရာရှိအဖြစ် ခန့်ထားနိုင်သည်။ ထိုအထူးဥပဒေအရာရှိ၏ အာဏာနှင့် တာဝန် ဝတ္တရားများမှာ နည်းဥပဒေများဖြင့်ပြဋ္ဌားန်ထားသည်အတိုင်းဖြစ်စေရမည်။


၉။ ။ (၁) တရားခံတဦးဦးသည်၊ သို့တည်းမဟုတ် တရားခံများသည်၊ မကျန်းမာခြင်းကြောင့်သော်၎င်း၊ အခြားအကြောင်းတခုခုကြောင့်သော်၎င်း၊ အထူးရာဇဝတ်ရုံးသို့မလာရောက်နိုင်လျှင်၊ တရားခံတို့အတွက် လိုက်ပါဆောင်ရွက်သည့် ရှေ့နေရှိလျှင်၊ အထူးရာဇဝတ်ရုံးက၊ ထိုတရားခံကိုယ်တိုင် ရုံးရှေ့သို့မတက်ရောက်ဘဲ နေခွင့်ပြုနိုင်သည့်ပြင်၊ ထိုတရားခံမျက်ကွယ်တွင်လည်း အမှုကို စစ်ဆေးကြားနာ စီရင်နိုင်သည်။

(၂) အထူးရာဇဝတ်ရုံးသည်၊ တရားလိုဘက်မှ တင်ပြသော သက်သေများအနက် အချို့ကိုစစ်ဆေးပြီးသည့်အခါ၊ လိုအပ်လျှင် တရားခံအားစစ်ဆေးပြီးသည့်အခါ၊ ပြစ်မှုကို တရားခံက ကျူးလွန်ကြောင်းထင်မှတ်ရန် အကြောင်းရှိမည်ဟု ထင်မြင်လျှင်၊ တရားခံအပေါ်၌ စာဖြင့်ရေးသား၍ စွဲချက်တင်ရမည်။
(၃) ရာဇဝတ်ကျင့်ထုံး ကိုဓဥပဒေ ပုဒ်မ ၄၉၈ ပါ ပြဋ္ဌာန်းချက်များသည်၊ အထူးရာဇဝတ်ရုံးရှေ့တွင်ရောက်ရှိနေသည့်အမှုများနှင့် မသက်ဆိုင်စေရ။
(၄) ရာဇဝတ်ကျင့်ထုံး ကိုဓဥပဒေပုဒ်မ ၅၂၆ နှင့် ၅၂၈ ပါ ပြဋ္ဌာန်းချက်များသည်၊ အထူးရာဇဝတ်ရုံးက စစ်ဆေးကြားနာစီရင်သည့်အမှုများနှင့် သက်ဆိုင်ခြင်းမရှိစေရ။


၁၀။ (၁) အထူးရာဇဝတ်ရုံးသည်၊ ပုဒ်မ ၄၊ သို့တည်းမဟုတ် ပုဒ်မ ၅ အရ၊ ပြစ်မှုတခုခုအတွက် မိမိပြစ်ဒဏ်ချမှတ်လိုက်သည့်အမှုတိုင်းနှင့်စပ်လျဉ်း၍ အမှုတွဲကို၊ ဤကိစ္စအလို့ငှါ၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရက ခန့်ထားမည့် အတည်ပြုအာဏာပိုင်ထံပေးပို့၍ အတည်ပြုချက် ရယူရမည်။ အထူးရာဇဝတ်ရုံး၏ ဆုံးဖြတ်ချက်၊ သို့တည်းမဟုတ် ပြစ်ဒဏ်ချမှတ်ချက်သည်၊ ပုဒ်မခွဲ (၃) ပါ ပြဋ္ဌာန်းချက်အတိုင်းအတည်မပြုမခြင်း မခိုင်လုံစေရ။

(၂) ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရသည်၊ အထူးရာဇဝတ်ရုံး၏ ဆုံးဖြတ်ချက်များနှင့် ပြစ်ဒဏ်ချမှတ်ချက်များကို စီစစ်အတည်ပြုရန် ပုဂ္ဂိုလ်သုံးဦးပါဝင်သော "အတည်ပြုအာဏာပိုင်" ကို၊ မိမိသင့်တော်မည်ထင်သည့် အရပ်ဒေသအတွက် အမိန့်ကြော်ငြာစာဖြင့် အခါအားလျော်စွာဖွဲ့စည်းနိုင်သည်၊ သို့တည်းမဟုတ် အသစ်ပြန်လည်ဖွဲ့စည်းနိုင်သည်။
(၃) အတည်ပြုအာဏာပိုင်သည်၊ ပြစ်မှုတခုခုအတွက်၊ အထူးရာဇဝတ်ရုံးက ပုဒ်မ ၄၊ သို့တည်းမဟုတ် ပုဒ်မ ၅ အရ၊ ချမှတ်သည့် ပြစ်ဒဏ်တခုခုကို၊ အတည်ပြုနိုင်သည်၊ သို့တည်းမဟုတ် လျှော့နိုင်သည်၊ သို့တည်းမဟုတ် လွတ်ငြိမ်းသက်သာခွင့် ပြုနိုင်သည်။ ထို့ပြင် အတည်ပြုအာဏာပိုင်သည်၊ အထူးရာဇဝတ်ရုံး၏ အပြစ်ရှိသည်ဆိုသည့် ဆုံးဖြတ်ချက်အစား၊ ဆုံးဖြတ်ချက်အသစ်တခုကို ချမှတ်နိုင်၍၊ ထိုဆုံးဖြတ်ချက်အသစ်တွင် သီးခြားဖေါ်ပြသည့် ပြစ်မှုအတွက်သော်၎င်း၊ ထိုဆုံးဖြတ်ချက်အသစ်တွင် ပေါ်လွင်သည့် ပြစ်မှုအတွက်သော်၎င်း ပြစ်ဒဏ်ချမှတ်နိုင်သည်၊ သို့တည်းမဟုတ် ထိုအမှု၏အဖြစ်အပျက် ကြောင်းခြင်းရာများနှင့် သင့်လျော်မည့်အခြားညွှန်ကြားချက်တရပ်ကိုလည်း ပြုလုပ်နိုင်သည်။
ရာဇဝတ်ကျင့်ထုံး ကိုဓဥပဒေတွင်မည်သို့ပင်ပါရှိစေကာမူ၊ ဤပုဒ်မှအရအတည်ပြုပြီးသော အထူးရာဇဝတ်ရုံး၏ အမိန့်ကို၊ နည်းဥပဒေများဖြင့် ပြဋ္ဌာန်းထားသည့်အတိုင်း ထုတ်ပြန်ကျေညာရမည်။
(၄) ပုဒ်မခွဲ(၃)အရ ချမှတ်သည့် ပြစ်ဒဏ်သည်၊ ပြစ်ဒဏ်ချမှတ်ချက်အသစ်တခုဖြင့် အစားထိုးခြင်းခံရသော ပြစ်ဒဏ်ထက်မပိုစေရ၊ သို့တည်းမဟုတ် ပြစ်ဒဏ်များအချိုးအစားတွင်၊ ထိုအစားထိုးခြင်းခံရသော ပြစ်ဒဏ်ထက်မမြင့်စေရ၊။
(၅) မည်သည့်အမှုသည်မှာမျှ အတည်ပြုအာဏာပိုင်ရှေ့တွင် ကိုယ်တိုင်ဖြစ်စေ၊ ရှေ့နေဖြင့်ဖြစ်စေ လျှောက်လဲနိုင်ခွင့်မရှိစေရ။ သို့ရာတွင် အတည်ပြုအာဏာပိုင်သည်၊ မိမိသင့်တော်သည်ဟုထင်မြင်လျှင် အမှုသည်ကိုသော်၎င်း၊ ရှေ့နေကိုသော်၎င်း ကြားနာနိုင်သည်။