၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ

၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ (1964)
by နေဝင်း
4532၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ1964နေဝင်း

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ၊ ရန်ကုန်မြို့

၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်းဥပဒေ။

[၁၉၆၄ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီဥပဒေအမှတ် ၂။]

၁၃၂၅ ခုနှစ်၊ တပေါင်းလဆန်း ၃ရက်။

(၁၉၆၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်။)

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌသည်၊ အောက်ပါဥပဒေကိုပြဋ္ဌာန်းလိုက်သည်။

အခန်း ၁။ စကားချီး။

ပြင်ဆင်ရန်

၁။ ။ ဤဥပဒေကို၊ ၁၉၆၄ ခုနှစ်၊ မြန်မာနိုင်ငံ ကြယ်ငါးပွင့်သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်း ဥပဒေဟု ခေါ်တွင်စေရမည်။

၂။ ။ ဤဥပဒေတွင်၊ အခြားအဓိပ္ပါယ်ကောက်ယူရန်မလိုလျှင်-

(က) “ ကော်ပိုရေးရှင်း” ဆိုသည်မှာ၊ ပုဒ်မ ၃အရ ဖွဲ့စည်းသည့် မြန်မာနိုင်ငံ ကြယ်ငါးပွင့် သင်္ဘော လုပ် ငန်း ကော်ပိုရေးရှင်းကို ဆိုလိုသည်၊
(ခ) “ သင်္ဘောလုပ်ငန်း” ဆိုသည်မှာ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းနှင့် ပင်လယ်ရေ ကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းကို ဆိုလိုသည်။ ထိုစကားရပ်တွင်၊ အစိုးရက အမိန့်ကြော်ငြာစာ ဖြင့် သတ်မှတ်သည့်၊ သင်္ဘောလုပ်ငန်းနှင့် ဆက်စပ်သော အခြားလုပ်ငန်းများလည်း ပါဝင်သည်။

အခန်း ၂။ ကော်ပိုရေးရှင်းဖွဲ့စည်းပုံ။

ပြင်ဆင်ရန်

၃။ ။ (၁) အစိုးရသည်၊ ပြည်ထောင်စုမြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတန်းနှင့် ပင်လယ်ရေကြောင်း သယ် ယူပို့ဆောင်ရေးလုပ်ငန်းများကို စီမံအုပ်ချုပ် ဆောင်ရွက်ရန် “မြန်မာနိုင်ငံကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ကော်ပိုရေးရှင်း” ဟု ခေါ်တွင်စေရမည့် ကော်ပိုရေးရှင်းတခုကို၊ အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းရမည်။

(၂) ကော်ပိုရေးရှင်းသည်၊ စဉ်ဆက်မပြတ်ဆက်ခံ ဆောင်ရွက်နိုင်ခွင့်နှင့် တကွ၊ မိမိပိုင်တံဆိပ်တခုရှိသော တရားဝင်အဖွဲ့ဖြစ်ရမည့်ပြင်၊ အဆိုပါအမည်ဖြင့် တရားစွဲဆိုနိုင်၍၊ တရားစွဲဆိုခြင်းကိုလည်းခံရမည်။

၄။ ။ (၁) ကော်ပိုရေးရှင်းတွင်၊ အစိုးရက ခန့်ထားရမည့် ဥက္ကဋ္ဌနှင့် ဆယ်ဦးထက်မပိုသော အခြားအဖွဲ့ ဝင်များ ပါဝင်ရမည်။ ဥက္ကဋ္ဌသည်၊ ကော်ပိုရေးရှင်း၏ အုပ်ချုပ်ရေးမှူးဖြစ်ရမည်။

(၂) ဥက္ကဋ္ဌမှတပါး ကော်ပိုရေးရှင်းတွင် ပါဝင်သည့် အခြားအဖွဲ့ဝင်များအနက် နှစ်ဦးမှာ၊ အောက်ပါပုဂ္ဂိုလ် များဖြစ်ရမည်-
(က) ကော်ပိုရေးရှင်းကို အုပ်ချုပ်သည့် သက်ဆိုင်ရာ အုပ်ချုပ်မှုဌာနမှ ကိုယ်စားလှယ်၊
(ခ) ဘဏ္ဍာရေးနှင့် အခွန်တော်ဌာနမှ ကိုယ်စားလှယ်။

၅။ ။ ဥက္ကဋ္ဌနှင့် အခြားအဖွဲ့ဝင်များ၏ ရာထူးသက်တမ်းသည်၊ အစိုးရကသတ်မှတ်သည့် အတိုင်းဖြစ်စေ ရမည်။ အစိုးရသည်၊ ဥက္ကဋ္ဌကိုသော်၎င်း၊ အခြားအဖွဲ့ဝင်တဦးဦးကိုသော်၎င်း၊ ဥက္ကဋ္ဌအဖြစ်၊ သို့မဟုတ် အဖွဲ့ဝင်အဖြစ် ဆက်လက်ဆောင်ရွက်ရန် မသင့်ဟုယူဆသည့်အခါ၊ ရာထူးမှရပ်စဲနိုင်သည်။

၆။ ။ အစိုးရ ရာထမ်းမှုထမ်း မဟုတ်သည့် အဖွဲ့ဝင်များအား၊ အစိုးရကသတ်မှတ်သည့် အခနှင့်စရိတ် ကြေးငွေများ ပေးရမည်။

၇။ ။ (၁) အကြောင်းတခုခုကြောင့်၊ အဖွဲ့ဝင်ရာထူးလစ်လပ်သဖြင့်၊ ထိုလစ်လပ်သည့် နေရာတွင် အဖွဲ့ ဝင်သစ်တဦးကိုဖြည့်စွက်ခန့်ထားသောအခါ၊ ထိုသို့ဖြည့်စွက်ခန့်ထားခြင်းခံရသောအဖွဲ့ဝင်သစ်သည်၊ မိမိအားဖြည့်စွက် ခန့်ထားသည့် နေရာတွင် ဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင်ဟောင်း၏ ရာထူးသက်တမ်း ကုန်ဆုံးသည့် အချိန်အထိသာ၊ ရာထူးလက်ရှိဆောင်ရွက်ရမည်။

(၂) ကော်ပိုရေးရှင်းက စီမံဆောင်ရွက်သည့် မှုခင်းကိစ္စများသည်၊ အဖွဲ့ဝင်ရာထူး လစ်လပ်သည့် အ ကြောင်းကြောင့်သော်၎င်း၊ အဖွဲ့ဝင်တဦးဦးခန့်ထားရာတွင် ချွတ်ယွင်းချက် တခုခုရှိသည့် အကြောင်း ကြောင့်သော်၎င်း၊ မပျက်ပြယ်စေရ။

အခန်း ၃။ ကော်ပိုရေးရှင်း၏ တာဝန်ဝတ်တရားများ။

ပြင်ဆင်ရန်

၈။ ။ (၁) ကော်ပိုရေးရှင်းမှာ၊ အစိုးရ၏ကြီးကြပ်အုပ်ချုပ်ခြင်းကို လိုက်နာလျက်၊ သင်္ဘောလုပ်ငန်းကို၊ ယေဘုယျအားဖြင့်၊ ဆောင်ရွက်ရန် တာဝန်ရှိရမည်။

(၂) အထက်ပါပြဋ္ဌာန်းချက်၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ အထူးအားဖြင့်၊ အဆိုပါတာဝန် ဝတ်တရားများတွင်၊ အောက်ပါတို့လည်းပါဝင်ရမည်-
(က) သင်္ဘောများ၊ စက်ပစ္စည်းနှင့် ကိရိယာတန်ဆာပလာများ၊ ဝတ္ထုပစ္စည်းများ၊ ယာဉ်များ၊ မြေနှင့် အဆောက်အဦများကို ဝယ်ယူခြင်း၊ ဆောက်လုပ်ခြင်း၊ ငှါးရမ်းခြင်း၊ ရောင်းချခြင်း၊ သို့မဟုတ်ထုခွဲခြင်း၊ ထို့ပြင် ၎င်းတို့ကို အစိုးရကလွှဲပြောင်းပေးအပ်လျှင် လက်ခံခြင်း၊
(ခ) သင်္ဘောလုပ်ငန်း၏ အထောက်အပံ့ဖြစ်သော အခြားစပ်ဆိုင်ရာလုပ်ငန်းမျိုး တခုခုကိုစီမံထား ရှိခြင်း၊
(ဂ) လူစီးခများ၊ ကုန်တင်ခများနှင့် အခြားအခကြေးငွေများကို သင့်လျော်အောင် သတ်မှတ်ခြင်း၊ ၎င်းတို့ ကိုပြင်ဆင်ခြင်း၊ ပြန်အမ်းခြင်း၊ ပြန်လည်ခွဲဝေပေးခြင်း၊
(ဃ) သင်္ဘောလုပ်ငန်းသဘောအရ၊ အာမခံထားသည့် ကိစ္စများအတွက် တာဝန်ယူပေးဆပ်ခြင်း၊
(င) ယေဘုယျအားဖြင့်၊ ဤဥပဒေပါ ကိစ္စများကို ဆောင်ရွက်ခြင်း။

၉။ ။ ကော်ပိုရေးရှင်းသည်၊ မိမိတာဝန် ဝတ်တရားများကို ဆောင်ရွက်ရာ၌၊ ကုန်သွယ်လုပ် ငန်း စည်း မျဉ်းများအတိုင်း ဆောင်ရွက်ရမည့်ပြင်၊ လိုက်နာရမည့် မူဝါဒနှင့်စပ်လျဉ်း၍၊ အစိုးရက အခါအားလျော် စွာ၊ မိမိအားညွှန်ကြား သည့်အတိုင်း လိုက်နာဆောင်ရွက်ရမည်။

၁၀။ ။ ကော်ပိုရေးရှင်းသည်၊ မိမိ အစည်းအဝေး အားလုံးနှင့် စပ်လျဉ်း၍ လုပ်ငန်းအစီအစဉ် မိတ္တူနှင့် မှတ်တမ်းမိတ္တူကို အစိုးရထံပေးပို့ရမည်။

၁၁။ ။ ကော်ပိုရေးရှင်းသည်၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီးနောက်၊ ဆောလျင်နိုင်သမျှဆောလျင်စွာ၊ ထိုနှစ် အတွင်းမိမိ၏တာဝန် ဝတ်တရားဆောင်ရွက်ခြင်းနှင့်၎င်း၊ မိမိလိုက်နာသည့်မူနှင့်၎င်း၊ လုပ်ငန်းစဉ်များ နှင့်၎င်း၊ စပ်လျဉ်း၍၊ အစိုးရထံ အစီအရင်ခံစာ တင်သွင်းရမည်။

အခန်း ၄။ ကော်ပိုရေးရှင်း၏အာဏာများ။

ပြင်ဆင်ရန်

၁၂။ ။ ဤဥပဒေဖြင့် အပ်နှင်းထားသည့် အာဏာများ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ ကော်ပို ရေးရှင်း၌၊ ဤဥပဒေအရ မိမိ၏ တာဝန် ဝတ်တရားများကို ဆောင်ရွက်ရန်လိုအပ်သော၊ သို့မဟုတ် သင့် တော်သောမည်သည့်ကိစ္စကိုမဆို ဆောင်ရွက်နိုင်သည့် အာဏာများရှိရမည်။ ထို့ပြင် အဆိုပါ အာဏာများ တွင်၊ အောက်ပါအာဏာများလည်းပါဝင်ရမည်-

(က) ဥက္ကဋ္ဌအား၊ ဤဥပဒေပါ ကိစ္စများ ဆောင်ရွက်ရန်အလို့ငှါ၊ ကော်ပိုရေးရှင်းက လိုအပ်သည်ဟု ထင် မြင်သည့် ကော်ပိုရေးရှင်း၏ တာဝန်ဝတ်တရားနှင့် အာဏာများကို လွှဲအပ်နိုင်သည့်အာဏာ၊
(ခ) အဖွဲ့ဝင်နှစ်ဦးဖြစ်စေ၊ နှစ်ဦးထက်ပိုသော အဖွဲ့ဝင်များဖြစ်စေ၊ ပါဝင်သည့် ကော်မီတီများကို ခန့်ထား ၍၊ ဤဥပဒေပါကိစ္စများဆောင်ရွက်ရန် အလို့ငှါ၊ ကော်ပိုရေးရှင်းက လိုအပ်သည်ဟု ထင်မြင်သည့် မိမိ၏ တာဝန်ဝတ်တရားနှင့် အာဏာများကို လွှဲအပ်နိုင်သည့်အာဏာ။

၁၃။ ။ (၁) ကော်ပိုရေးရှင်းသည်၊ဤဥပဒေပါကိစ္စများအလို့ငှါ၊ ထားရှိရန်လိုအပ်သည်ဟု၊ သို့မဟုတ် သင့် တော်သည်ဟု၊ မိမိထင်မြင်သော ရာထမ်းမှုထမ်းစာရင်းများကို၊ အခါအားလျော်စွာ စီစဉ်ပြီးလျှင်၊ အစိုးရ ထံတင်ပြ၍ ခွင့်ပြုချက်ရယူရမည်။

(၂) အစိုးရနောက်ဆုံး ခွင့်ပြုသည့် ရာထမ်းမှုထမ်းစာရင်းအားလုံးကို၊ ပုဒ်မ ၁၅ အရ ပြုလုပ်သည့် နှစ်စဉ် ရ-သုံးမှန်ခြေငွေစာရင်းနှင့်ပူးတွဲ၍၊ အစိုးရထံတင်ပြရမည်။

၁၄။ ။ ကော်ပိုရေးရှင်းသည်၊ မိမိလုပ်ငန်းကို စီမံခန့်ခွဲရန်အလို့ငှါ၊ ဤဥပဒေနှင့်ဖြစ်စေ၊ ဤဥပဒေအရ ပြုသောနည်းဥပဒေများနှင့်ဖြစ်စေ၊ ညီညွတ်သောစည်းကမ်းဥပဒေများကို၊ အစိုးရ၏သဘောတူညီချက် ဖြင့် ပြုနိုင်သည်။ ထို့ပြင် ဤဥပဒေဖြင့် အပ်နှင်းထားသော အာဏာများ၏ ယေဘုယျသဘောကို မထိ ခိုက်စေဘဲ၊ အထူးအားဖြင့် ၊ ထိုစည်းကမ်းဥပဒေများကို၊ အောက်ပါကိစ္စများအတွက် ပြဋ္ဌာန်းရမည်-

(က) ကော်ပိုရေးရှင်း၏ လုပ်ငန်းစီမံဆောင်ရွက်ရေးကိစ္စနှင့် ကော်ပိုရေးရှင်း အစည်းအဝေးများတွင်ဖြစ် စေ၊ ကော်မီတီအစည်းအဝေးများတွင်ဖြစ်စေ၊ လိုက်နာရန် စည်းကမ်းနည်းလမ်းပြဋ္ဌာန်းရေးကိစ္စ၊
(ခ) ကော်ပိုရေးရှင်း ရာထမ်းမှုထမ်းများ၏ တာဝန်ဝတ်တရားများနှင့် အာဏာများပြဋ္ဌာန်းရေးကိစ္စ၊
(ဂ) ကော်ပိုရေးရှင်းက၊ မိမိ၏အာဏာများကို ဥက္ကဋ္ဌ၊ ကော်မီတီနှင့် ကော်ပိုရေးရှင်း၏ အရာရှိတဦးဦး အား စည်းကမ်းချက်များထား၍ဖြစ်စေ၊ မထားဘဲဖြစ်စေ၊ လွှဲအပ်ရေးကိစ္စ၊
(ဃ) ကော်ပိုရေးရှင်းကိုယ်စား၊ ပဋိညာဉ်စာချုပ်များနှင့် အခြားစာတမ်း အမှတ်အသားများ လက်မှတ် ရေးထိုးရေးကိစ္စ၊ ထို့ပြင်
(င) ကော်ပိုရေးရှင်းအား အပ်နှင်းထားသော တာဝန်ဝတ်တရားများကို ယေဘုယျအားဖြင့် ထိရောက်စွာ ဆောင်ရွက်ရေးကိစ္စ။

အခန်း ၅။ ငွေရေးကြေးရေး ပြဋ္ဌာန်းချက်များ။

ပြင်ဆင်ရန်

၁၅။ ။ ကော်ပိုရေးရှင်းသည်၊ မိမိ၏ဝင်ငွေ ထွက်ငွေများနှင့် စပ်လျဉ်း၍၊ အခြားအစိုးရ လက်အောက်ခံ ဘုတ်အဖွဲ့ ကော်ပိုရေးရှင်းများနည်းတူ၊ ရ-သုံးမှန်းခြေငွေစာရင်းကို၊ အစိုးရထံ တင်သွင်းရမည်။

၁၆။ ။ ကော်ပိုရေးရှင်းသည်၊ မိမိ၏ ဝင်ငွေအားလုံးကို၊ အစိုးရငွေစာရင်းသို့ ရငွေအဖြစ် ထည့်သွင်း ရ မည်။

၁၇။ ။ ကော်ပိုရေးရှင်းသည်၊ မိမိ၏အသုံးစရိတ်များကို၊ အစိုးရက အခါအားလျော်စွာ ညွှန်ကြားသည့် နည်းလမ်းအတိုင်း ထုတ်ယူသုံးစွဲရမည်။

၁၈။ ။ ကော်ပိုရေးရှင်းသည်၊ ဗမာ့ကြယ်ငါးပွင့် သင်္ဘော ကုမ္ပဏီလီမိတက်နှင့် ရန်ကုန်ဧဂျင်စီ ကုမ္ပဏီ လီမိတက်တို့၏ အပိုင်ပစ္စည်းများ၊ ရယူပိုင်ခွင့်များနှင့် ပေးဆပ်ရန်ကြွေးမြီများကို လက်ခံလွှဲပြောင်းယူရ မည်။

အခန်း ၆။ ကော်ပိုရေးရှင်းနှင့်စပ်လျဉ်း၍ အစိုးရ၏အာဏာများ။

ပြင်ဆင်ရန်

၁၉။ ။ (၁) အစိုးရသည်၊ ဤဥပဒေပါကိစ္စများ အထမြောက်အောင်ဆောင်ရွက်ရန်အလို့ငှါ၊ အမိန့် ကြော်ငြာစာထုတ်ပြန်၍၊ နည်းဥပဒေများ ပြုနိုင်သည်။

(၂) အထက်ပါအာဏာ၏ ယေဘုယျသဘောကို မထိခိုက်စေဘဲ၊ အထူးအားဖြင့်၊ အဆိုပါနည်းဥပဒေများ ကို၊ အောက်ပါကိစ္စများအတွက် ပြဋ္ဌာန်းနိုင်သည်-
(က) ဥက္ကဋ္ဌ၏ လစာနှင့် စရိတ်ကြေးငွေများကို၎င်း၊ အမှုထမ်းစည်းကမ်းများကို၎င်း၊ ပြဋ္ဌာန်းရန်ကိစ္စ။
(ခ) ကော်ပိုရေးရှင်း အစည်းအဝေး၊ သို့မဟုတ် ကော်မီတီအစည်းအဝေး အထမြောက်ရန် တက်ရောက်ရ မည့် အဖွဲ့ဝင်ဦးရေကို ပြဋ္ဌာန်းရန်ကိစ္စ။
(ဂ) ယေဘုယျအားဖြင့် ပြဋ္ဌာန်းရန်လိုအပ်သော အခြားကိစ္စများ။

၂၀။ ။ အစိုးရသည်၊ အများပြည်သူအကျိုးနှင့် သက်ဆိုင်သည်ဟု၊ မိမိထင်မြင်သော ကိစ္စများနှင့် စပ် လျဉ်း၍၊ ကော်ပိုရေးရှင်း၏ အာဏာများနှင့် တာဝန်ဝတ်တရားများကို၊ ကော်ပိုရေးရှင်းက မည်သို့သုံးစွဲ ဆောင်ရွက်ရမည်ဟု ဆင့်ဆိုနိုင်သည်။ ထိုသို့ ဆင့်ဆိုသည့်အတိုင်း၊ ကော်ပိုရေးရှင်းက လိုက်နာဆောင် ရွက်ရမည်။

၂၁။ ။ အစိုးရသည်၊ ကော်ပိုရေးရှင်းအား၊ ၎င်း၏လုပ်ငန်းဆောင်တာ အရပ်ရပ်ကို ရပ်စဲရန် ဆင့်ဆိုနိုင်သည်။ ထိုသို့ ဆင့်ဆိုသည့် အတိုင်း၊ ကော်ပိုရေးရှင်းက လိုက်နာဆောင်ရွက်ရမည်။

၂၂။ ။ (၁) ဤဥပဒေဖြင့် ပေးအပ်ထားသော တာဝန်ဝတ်တရားများကို၊ ကော်ပိုရေးရှင်းက ဆောင် ရွက်ရန် ပျက်ကွက်သည်ဟူ၍ သော်၎င်း၊ ဤဥပဒေဖြင့် အပ်နှင်းထားသော အာဏာများကို၊ ကော် ပိုရေးရှင်းက အလွဲသုံးစွဲသည်ဟူ၍သော်၎င်း၊ အစိုးရကယူဆလျှင်၊ အစိုးရသည်၊ ကော်ပိုရေးရှင်း ကို ဖျက်သိမ်းကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ကျေညာနိုင်သည်။ ထိုသို့ ထုတ်ပြန် ကျေညာပြီးနောက်၊ ကော်ပိုရေးရှင်း၏ လုပ်ငန်းအရပ်ရပ်စီမံခန့်ခွဲ ညွှန်ကြားဆောင်ရွက်မှုကို၊ အစိုးရကခန့်ထားသော ကိုယ်စားလှယ်သို့ လွှဲအပ်ရမည်။ ထိုသို့ လွှဲအပ်ခြင်းခံရသော ကိုယ်စားလှယ်သည်၊ ဤဥပဒေအရ၊ ကော်ပိုရေးရှင်းက သုံးစွဲဆောင်ရွက်နိုင်သည့် အာဏာနှင့် တာဝန်ဝတ်တရားများကို သုံးစွဲဆောင်ရွက်ရမည်။

(၂) ဤပုဒ်မအရ ထုတ်ပြန်သော မည်သည့်အမိန့် ကြော်ငြာစာမျှ၊ ခြောက်လထက်ပို၍ အာဏာမ တည်စေရ။ သို့သော်လည်း အစိုးရသည်၊ ထိုသို့ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာကို အသစ်ထပ်မံ၍ ထုတ်ပြန်နိုင်သည်။ ထိုသို့ အသစ်ထပ်မံ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတိုင်း သည်၊ ခြောက်လထက်ပို၍ အာဏာမတည်စေရ။

ခြွင်းချက်။ ။ သို့ရာတွင် အစိုးရသည်၊ ဤပုဒ်မအရ၊ ကော်ပိုရေးရှင်းကို ဖျက်သိမ်းပြီးနောက်၊ မည်သည့်အခါမဆို၊ သင့်တော်သည်ဟု ထင်မြင်လျှင်၊ ပုဒ်မ ၃အရ ကော်ပိုရေးရှင်းသစ် တခုကို ဖွဲ့ စည်းနိုင်သည်။

အခန်း ၇။ အထွေထွေ။

ပြင်ဆင်ရန်

၂၃။ ။ ကော်ပိုရေးရှင်း အဖွဲ့ဝင်များနှင့် ရာထမ်းမှုထမ်းအားလုံးသည်၊ ဤဥပဒေပါပြဋ္ဌာန်းချက်များနှင့် အညီ ဆောင်ရွက်သောအခါ၊ သို့မဟုတ် ဆောင်ရွက်သည့် သဘောသက်ရောက်သောအခါ၊ ရာဇသတ်ကြီး ပုဒ်မ ၂၁ အဓိပ္ပါယ်အရ ပြည်သူ့ဝန်ထမ်းများဖြစ်သည်ဟု မှတ်ယူရမည်။

၂၄။ ။ ကာလစည်းကမ်းသတ် အက်ဥပဒေ (The Limitation Act) ပဌမ ဇယားရှိ အပိုဒ် ၁၄၉ သည်၊ ကော်ပိုရေးရှင်းကဖြစ်စေ၊ ကော်ပိုရေးရှင်း ကိုယ်စားဖြစ်စေ၊ စွဲဆိုသည့် တရားမမှုများနှင့်သက်ဆိုင်စေရ မည်။

ဗိုလ်နေဝင်း၊

ဥက္ကဋ္ဌ၊

ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးကောင်စီ။


ရန်ကုန်မြို့၊ ၁၃၂၅ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက်။

(၁၉၆၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ရက်။)


အမိန့်အရ၊

ဒု-ဗိုလ်မှူးကြီး ကိုကို၊

အတွင်းဝန်၊ ပြည်ထောင်စုမြန်မာနိုင်ငံ တော်လှန်ရေးအစိုးရအဖွဲ့ ဥက္ကဋ္ဌရုံး။