ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၁၅။ ကစ္ဆပဇာတ်
488ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၂၁၅။ ကစ္ဆပဇာတ်မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၅။ ကစ္ဆပဇာတ်

ဟင်္သာ နှင့် လိပ်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် အဝဓီ ဝတ အတ္တာနံ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကစ္ဆပဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောကာလိကကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည်ကား မဟာတက္ကာရိဇာတ်၌ ထင်ရှားဖြစ်လတ္တံ့၊ အထူးကား ထိုအခါ မြတ်စွာဘုရားသည် ရဟန်းတို့ ကောလိကကို ယခုအခါ၌သာလျှင် မိမိစကားသည် သတ်သည် မဟုတ်သေး၊ ရှေး၌လည်း မိမိစကားသည် သတ်ဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် အမတ်မျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ထိုဗြဟ္မဒတ်မင်း၏ အကျိုး အကြောင်းကို ဆုံးမတတ်သော အမတ်သည် ဖြစ်၏။ ထိုဗြဟ္မဒတ်မင်းသည်ကား စကားများသည် ဖြစ်၏။ ထိုဗြဟ္မဒတ်မင်းသည် ပြောဆိုသည်ရှိသော် တပါးကုန်သောသူတို့အား စကား၏ အခွင့်မည်သည် မရှိ၊ ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ စကားများသည် အဖြစ်ကို မြစ်လိုသည်ဖြစ်၍ တခုသောအကြောင်းကိုစုံစမ်းလျက် သွား၏။ ထိုကာလ၌လည်း ဟိမဝန္တအရပ်ဝယ် တခုသောအိုင်၌ လိပ်သည် နေ၏။ ဟင်္သာငယ်နှစ်ခုတို့သည် အစာရှာအံ့သောငှါ သွားကုန်သည်ရှိသော် ထိုလိပ်နှင့်တကွ အကျွမ်းဝင်ခြင်းကို ပြုကုန်၏။ ထိုဟင်္သာ, လိပ်တို့သည် မြဲစွာ အကျွမ်းဝင်ကုန်သည်ဖြစ်၍ တနေ့သ၌ လိပ်ကို အဆွေလိပ် ငါတို့၏ဟိမဝန္တာ၌ စိတ္တကုဋ်တောင်အပြင်ဝယ် ရွှေဂူ၌ နေရာအရပ်သည် ရှိ၏။ ထိုအရပ်သည် မွေ့လျော်ဘွယ်ရှိ၍ ငါတို့နှင့်တကွ လိုက်ခဲ့လောဟု ဆိုကုန်၏။ ငါသည် အဘယ်သို့ပြု၍ သွားနိုင်အံ့နည်းဟု လိပ်သည် ဆိုသည်ရှိသော် အဆွေ သင်သည် နှုတ်ကိုစောင့်အံ့သောငှါ အကယ်၍ စွမ်းနိုင်သည်ဖြစ်အံ့၊ တစုံတယောက်သော သူအား တစုံတခုသောစကားကို အကယ်၍ မဆိုလတ္တံ့၊ ငါတို့သည် သင့်ကိုယူ၍ သွားကုန်အံ့ဟု ဆိုကုန်၏။ အရှင်တို့ စောင့်ပါအံ့၊ အရှင်တို့သည် ငါ့ကိုယူ၍ သွားကြကုန်လောဟု လိပ်ဆိုသည်ရှိသော် ထိုဟင်္သာတို့သည် ကောင်းပြီဟု ဆိုကုန်၍ တခုသောတုတ်တံကို လိပ်ကိုကိုက်စေ၍ မိမိတို့သည် ထိုတုတ်တံ၏ အစွန်းနှစ်ဘက်တို့ကို ကိုက်၍ ကောင်းကင်သို့ ပျံကုန်၏။ ထိုလိပ်ကို ထိုသို့သော အခြင်းအရာအားဖြင့် ဟင်္သာတို့သည် ဆောင်လတ်သည်တို့ကို ရွာသူသားငယ်တို့သည် မြင်ကုန်၍ ဟင်္သာနှစ်ခုတို့သည် လိပ်ကိုထုတ်တံဖြင့် ဆောင်ကုန်၏ဟု ဆိုကုန်၏။

လိပ်သည် ငါ့ကို အဆွေခင်ပွန်းတို့သည် ဆောင်ကုန်၏။ သူငယ်ပျက်တို့ ဤသို့ ဟင်္သာတို့သည် ကိုဆောင်ရာ၌ သင်တို့အား အဘယ်ပြုသနည်း ဆိုလိုသည်ဖြစ်၍ ဟင်္သာတို့၏ လျင်မြန်သောအဟုန် ရှိသည်၏ အဖြစ်ကြောင့် ဗာရာဏသီမြို့၌ မင်းအိမ်၏ အထက်အဘို့သို့ ရောက်သောကာလ၌ ကိုက်ရာအရပ်မှ တုတ်တံကိုလွှတ်သော် ကောင်းကင်ပြင်မှကျ၍ နှစ်စိတ်ကွဲလေ၏။ လိပ်သည် ကောင်းကင်မှကျ၍ နှစ်စိတ်ကွဲလေ၏ဟု တပြိုင်နက် အုတ်အုတ်ကျက်ကျက် ဖြစ်၏။ မင်းသည် ဘုရားလောင်းကို ခေါ်၍ အမတ်အပေါင်းခြံရံလျက် ထိုအရပ်သို့သွား၍ လိပ်ကိုမြင်၍ ဘုရားလောင်းကို ပညာရှိ ဤလိပ်သည် အသို့ပြု၍ ကျသနည်းဟု မေး၏။ ဘုရားလောင်းသည် ငါသည် မင်းကို ဆုံးမလိုသည်ဖြစ်၍ အကြောင်းကို စုံစမ်းလျက် ကြာမြင့်စွာသော ကာလပတ်လုံးလျှင် သွား၏။ ဤလိပ်သည် ဟင်္သာတို့နှင့်တကွ အကျွမ်းတဝင်ရှိခြင်းကို ပြုအပ်သည်ဖြစ်လတ္တံ့၊ ထိုဟင်္သာတို့သည် ဤလိပ်ကို ဟိမဝန္တာသို့ဆောင်ကုန်အံ့ဟု တုတ်တံကို ကိုက်စေ၍ ကောင်းကင်သို့ ပျံသည် ဖြစ်ရာ၏။ ထိုသို့ပျံကုန်သည်ရှိသော် ဤလိပ်သည် တစုံတယောက်သောသူ၏ စကားကိုကြားလေ၍ နှုတ်မစောင့် သည်၏အဖြစ်ဖြင့် တစုံတခုသော စကားကို ဆိုလိုခြင်းကြောင့် တုတ်တံကိုလွှတ်သည် ဖြစ်လတ္တံ့၊ ဤသို့ လွှတ်သည်ရှိသော် ကောင်းကင်မှကျ၍ အသက်ကုန်ခြင်းသို့ ရောက်သည်သာလျှင် ဖြစ်ရာ၏။ ဤသို့ကြံ၍ မင်းမြတ် အလွန်နှုတ်ကြမ်းကုန်သော အဆုံးမရှိပြောဆိုတတ်သော သူတို့မည်သည်ကား ဤသို့သဘောရှိသော ဆင်းရဲခြင်းသို့ ရောက်ကုန်သလျှင်ကတည်းဟု ဆို၍-

၁၂၉။ အဝဓီ ဝတ အတ္တာနံ၊ ကစ္ဆပေါ ဗျာဟရံ ဂိရံ။
သုဂဟိတသ္မိံ ကဋ္ဌသ္မိံ၊ ဝါစာယ သကိယာဝဓိ။

၁၃၀။ ဧတမ္ပိ ဒိသွာ နရဝီရိယသေဋ္ဌ၊
ဝါစံ ပမုဉ္စေ ကုသလံ နာတိဝေလံ။
ပဿသိ ဗဟုဘာဏေန၊ ကစ္ဆပံ ဗျသနံ ဂတံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၂၉။ မဟာရာဇ၊ မင်းမြတ်။ ကစ္ဆပေါ၊ လိပ်သည်။ သုဂဟိတသ္မိံ၊ ကောင်းစွာကိုက်၍ ချီအပ်သော။ ကဋ္ဌသ္မိံ၊ တုတ်တံ၌။ ဗျာဟရံ-ဗျာဟရန္တော၊ စကားဆိုခြင်းကြောင့်။ အတ္တာနံ၊ မိမိကိုယ်ကို။ အဝဓိ ဝတ၊ သတ်လေ၏တကား။ သကိယာ၊ မိမိဥစ္စာဖြစ်သော။ ဝါစာယ၊ စကားဖြင့်။ အဝဓိ၊ မိမိကိုယ်ကိုမိမိ သတ်၏။

၁၃၀။ နရဝီရိယသေဋ္ဌ၊ လူတို့တွင် မြတ်သောဝီရိယ ရှိတော်မူသော အရှင်မင်းမြတ်။ ပဏ္ဍိတော၊ ပညာရှိသော သူသည်။ ဧတမ္ပိ၊ ထိုအကြောင်းကိုလည်း။ ဒိသွာ၊ မြင်၍။ ကုသလံ ဝါစံ၊ အပြစ်မရှိသော စကားကိုသာလျှင်။ ပဉ္စေ၊ ပြောဆိုရာ၏။ တဉ္စ၊ ထိုအပြစ်မရှိသော စကားကိုလည်း။ အတိဝေလံ၊ အခါလေးမြင့်။ န ပမုဉ္စေ၊ မပြောဆိုရာ။ ဗဟုဘာဏေန၊ စကားများစွာ ဆိုခြင်းကြောင့်။ ဗျသနံ၊ ပျက်စီးခြင်းသို့။ ဂတံ၊ ရောက်သော။ ကစ္ဆပံ၊ လိပ်ကို။ ပသသိ၊ မြင်၏လော။

မင်းသည် ငါ့ကိုရည်၍ ဆို၏ဟု သိ၍ ပညာရှိ သင်သည် ငါတို့ကို ရည်၍ ဆို၏ဟု ဆို၏။ ဘုရားလောင်းသည် မင်းပြက် ရှင်မင်းမြတ်သည်မူလည်းဖြစ်စေ တပါးသော သူသည်မူလည်း ဖြစ်စေ အမှတ်မရှိသော သူသည် ပမာဏကိုလွန်သောစကားကို ဆိုသည်ရှိသော် ဤသို့သဘောရှိသော ပျက်စီးခြင်းသို့ ရောက်၏ဟု ထင်ရှားစွာပြု၍ ဆို၏။ မင်းသည် ထိုအခါမှစ၍ များစွာဆိုခြင်းမှကြဉ်ရှောင်၍ စကားနည်းသည် ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ ကောကာလိကသည် ထိုအခါ လိပ် ဖြစ်ဘူးပြီ၊ ယခုအခါ နှစ်ပါးကုန်သော သာရိပုတ္တရာ, မောဂ္ဂလာန် ဖြစ်ကုန်သော မဟာထေရ်တို့သည် ထိုအခါ နှစ်ခုကုန်သော ဟင်္သာငယ်တို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည် သာလျှင် ထိုအခါ ပညာရှိအမတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

စောင့်အပ်စကား၊ ပြောဆိုငြား၊ စကားကိုယ့်ကိုသက်

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ကစ္ဆပဇာတ်သည် ပြီး၏။

*****