ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၂၁၆။ မစ္ဆဇာတ် (၂-၇-၆)
2472ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၂၁၆။ မစ္ဆဇာတ် (၂-၇-၆)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

ဒုကနိပါတ်-ဗီရဏထမ္ဘဝဂ်

၆။ မစ္ဆဇာတ်

ငါးဖို၏ အပူမီး

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် န မာယမဂ္ဂိ တပတိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤမစ္ဆဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖျားယောင်းသောရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကိုချဲ့ဦးအံ့၊ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း သင်သည် ငြီးငွေ့၏ ဟူ၍ ကြားရသည်ကား မှန်သလောဟု မေးတော်မူ၏။ အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျောက်သည်ရှိသော် သင့်ကို အဘယ်သူသည် ငြီးငွေ့စေသနည်းဟု မေးတော်မူ၏။ အရှင်ဘုရား မယားဟောင်းသည် ငြီးငွေ့စေ၏ဟု လျှောက်၏။ ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း ဤမိန်းမသည် သင်၏အကျိုးမဲ့ကို ပြုတတ်၏။ ရှေး၌လည်း သင်သည် ထိုမိန်းမကို အမှီပြ၍ တံစို့ဖြင့်လျှိူ၍ မီးကျီး၌ကင်၍ စားအပ်သည်၏အဖြစ်သို့ ရောက်၍ ပညာရှိတို့ကို အမှီပြု၍ အသက်ကိုရဘူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ ပုရောဟိတ် ဖြစ်၏။ ထိုအခါ တနေ့သ၌ တံငါတို့သည် ကွန်၌မိသောငါးကို ဆယ်ကုန်၍ ပူသောသဲအပြင်၌ ထားကုန်၍ မီးတို့၌ ထိုငါးကိုကင်၍ စားကုန်အံ့ဟု တံစို့ကို ချွန်သည်ရှိသော် ငါးဖိုသည် ငါးမကို အာရုံပြု၍ငိုလျက်-

၁၃၁။ န မာယမဂ္ဂိ တပတိ၊ န သူလော သာဓုတစ္ဆိတော။
ယဉ္စ မံ မညတေ မစ္ဆီ၊ အညံ သော ရတိယာ ဂတော။

၁၃၂။ သော မံ တပတိ ရာဂဂ္ဂိ၊ စိတ္တံ စူပတပေတိ မံ။
ဇာလိနော မုဉ္စထာယိရာ မံ၊ န ကာမေ ဟညတေ ကွစိ။

ဟူသော ဤနှစ်ဂါထာတို့ကိုဆို၏။

၁၃၁။ ဇာလိနော၊ အရှင်တံငါတို့။ အယံ အဂ္ဂိ၊ ဤမီးသည်။ မံ၊ ကို။ န တပတိ၊ မပူစေ။ သာဓုတစ္ဆိတော၊ ကောင်းစွာ ချွန်အပ်သော။ အယံ သူလော၊ ဤတံစို့သည်လည်း။ မံ၊ ငါ့ကို။ န တပတိ၊ မပူစေ။ သော၊ ထိုငါ့လင် ငါးဖိုသည်။ ရတိယာ၊ ငါးပါးသော ကာမဂုဏ်၌ မွေ့လျော်သဖြင့်။ အညံ၊ တပါးသော ငါးမနောက်သို့။ ဂတော၊ လိုက်လေပြီ။ ဣတိ၊ ဤသို့။ မစ္ဆီ၊ ငါ့မယား ငါးမသည်။ မံ၊ ငါ့ကို။ ယံ စ မညတေ၊ အကြင် အောက်မေ့ခြင်းကို ပြုလတ္တံ့။ တဒေဝ၊ ထိုမယား ငါးမ၏ အောက်မေ့ခြင်းသည်သာလျှင်။ မံ၊ ငါ့ကို။ တပတိ၊ ပူစေ၏။

၁၃၂။ သော ရာဂဂ္ဂိ၊ ထိုငါးမကို တပ်စွန်းခြင်းတည်းဟူသော ရာဂမီးလျှံသည်သာလျှင်။ မံ၊ ငါ့ကို။ တပတိ၊ ပူစေ၏။ စိတ္တဉ္စ၊ ရာဂနှင့်ယှဉ်သော စိတ်သည်သာလျှင်။ မံ၊ ငါ့ကို။ ဥပတပေတိ၊ ပူပန်စေ၏။ ကာမေ၊ ကာမတို့ကို။ ပတ္ထိတော၊ တောင့်တသော သတ္တဝါကို။ ကွစိ၊ တရံတဆစ်၌။ န ဟညတေ၊ မသတ်အပ်။ အယိရာ၊ အရှင်တံငါတို့။ မံ၊ ငါ့ကို။ မုဉ္စထ၊ လွှတ်ကြပါကုန်လော။

ထိုခဏ၌ ဘုရားလောင်းသည် မြစ်ကမ်းနားသို့ ရောက်၍ ထိုငါး၏ ငိုကြွေးသောအသံကို ကြားရ၍ တံငါတို့သို့ ကပ်လေ၍ ထိုငါးကို လွှတ်စေ၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်းဟူမူကား ယခုအခါ မယားဟောင်းသည် ထိုအခါ ငါးမ ဖြစ်ဘူးပြီ၊ ယခုအခါ ငြီးငွေ့သော ရဟန်းသည် ထိုအခါ ငါးဖို ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ပုရောဟိတ် ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ရာဂလောင်မီး၊ အပူကြီး၊ ညီးညီးပြောင်လှသည်

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော မစ္ဆဇာတ်သည် ပြီး၏။

*****