ကဆုန်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်
ကြက်နန်းရဝေ ကြွက်ရွှေဘားနှင့်
ငွေငါးဗျာမန့် မြင့်တိမ်ဆီ
ထွေပြားကာခြံ့ ပ ဉ္ဇင်သီသည်
မင်ပန်းပန်းချီ ချယ်လှယ်တင့်။
ခုပြိုမသို့ မြူလွှာမှောင်တယ်
အသူရာမောင် မာန်ပျို့ချိန်မို့ထင့်။
နန်းစန္ဒိနှင့် ဖြန်းညှိဖြာသည်
နန်းဝိသာခါ တံငါပွင့်။
ကျမ်းရှိအလာ သမ္ဘာဝင့်လို့
အာကာတခွင့် သိန်တဂုဏ်။
ပယင်းချပ်လွှာ ညှာမြသား
စကားရွှေညှောက် လေသောက်ခါအကြုံ။
သောင်ငွေသဲတဲ့ ပုလဲရံဝယ်
မကွဲဆွေစုံ မောင်နှံငှက်တို့
တောင်ပံနွှဲရှက် ချစ်တင်းညီအောင်
သစ်လင်းသီဘွဲ့နှောင်။
မြှော်လေကြုံလို့ လွမ်းပုံ့ဆောင်တယ်
ကဆုန်ရွှေညောင် တော်သွန်းပေမို့လေး။
ဤလုပ်ဆောင်မှုသည် ဇန်နဝါရီ ၁၊ ၁၉၂၉ မတိုင်မီ ဖြန့်ချိခဲ့ပြီး ဖြစ်ပြီး ဖန်တီးသူ ကွယ်လွန်ခဲ့သည်မှာ အနည်းဆုံး နှစ် ၁၀၀ ရှိခဲ့ပြီး ဖြစ်သဖြင့် ယခုအခါ တစ်ကမ္ဘာလုံးတွင် အများပြည်သူပိုင် ဖြစ်သည်။ |