ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၁၁။ ကိံဆန္ဒဇာတ် (၁)
752ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၅၁၁။ ကိံဆန္ဒဇာတ် (၁)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

ငါးရာငါးဆယ်ဇာတ်ဝတ္ထု

မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ပဉ္စမတွဲ

တိံသနိပါတ်

၁။ ကိံဆန္ဒဇာတ်

နေ့စံ၍ ညဉ့်ခံရခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကိံဆန္ဒော ကိမဓိပ္ပါယော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကိံဆန္ဒဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဥပုသ်ဆောက်တည်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ တနေ့သ၌ သဗ္ဗညူ မြတ်စွာဘုရားသည် တရားနာအံ့သောငှါ လာလတ်ကုန်၍ တရားသဘင်၌ နေကုန်သော ဥပုသ်ဆောက်တည်ကုန်သော များစွာကုန်သော ဒါယကာယောက်ျား, ဒါယိကာမိန်းမတို့ကို သင်ဒါယကာ ဒါယိကာမတို့သည် ဥပုသ် ဆောက်တည်ကြသလောဟု မေးတော်မူ၍ ဘုန်းတော်ကြီးသောအရှင်ဘုရား- ဥပုသ်ဆောက်တည်သည် မှန်ပါကုန်၏ဟု နားတော် လျှောက်ကုန်လတ်သော် ဥပုသ်ဆောက်တည်ခြင်းကို ပြုကုန်သော သင်ဒါယကာ ဒါယိကာမတို့သည် ကောင်းသောအမှုကို ပြုအပ်ကုန်၏။ ရှေးသူဟောင်းတို့သည် ထက်ဝက်သော ဥပုသ်အကျိုးဆက်ကြောင့် များစွာသော စည်းစိမ်အခြံအရံကို ရဘူးကုန်ပြီဟု မိန့်တော်မူ၍ ထိုဒါယကာတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာတို့- လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် တရားနှင့်အညီ မင်းပြုသည်ရှိသော် သဒ္ဓါတရားနှင့်ပြည့်စုံ၏။ အလှူပေးခြင်း သီလဆောက်တည်ခြင်း၊ ဥပုသ်ဆောက်တည်ခြင်းအမှု၌ မမေ့မလျော့ဖြစ်၏။ မင်းမှကြွင်းသော မှူးမတ်စသော သူတို့ကိုလည်း အလှူပေးခြင်း အစရှိသည်တို့၌ ဆောက်တည်စေ၏။ ထိုမင်း၏ ပုရောဟိတ် ပုဏ္ဏားသည်ကား သူတပါးတို့၏ ကျောက်ကုန်းသားကို စားသည်နှင့်တူသော တံစိုးစားတတ်သော စဉ်းလဲသော တရားသူကြီး ဖြစ်၏။ မင်းသည် ဥပုသ်နေ့၌ မှူးမတ်အစရှိသော သူတို့ကိုခေါ်၍ သင်တို့သည် ဥပုသ်ဆောက်တည်ကြကုန်လော့ဟု ဆို၏။ ပုရောဟိတ်ပုဏ္ဏားသည် ဥပုသ်ကို မဆောက်တည်၊ ထိုအခါ တနေ့သ၌ တံစိုးစား၍ စဉ်းလဲသောတရားကို စီရင်ပြီးလျှင် မင်းအား ခစားအံ့သောငှာ လာသော ထိုပုရောဟိတ် ပုဏ္ဏားကို မင်းသည် သင်တို့သည် ဥပုသ်ဆောက်တည်ကုန်၏လောဟု မှူးမတ်တို့ကိုမေးပြီးလျှင် ဆရာ- ဆရာသည်လည်း ဥပုသ် ဆောက်တည်၏လောဟု မေး၏။ ထိုပုရောဟိတ်သည် အရှင်မင်းကြီး ဆောက်တည်ပါ၏ဟု မုသာဝါဒကို ဆို၍ ပြာသာဒ်မှ သက်၏။

ထိုအခါ ပုရောဟိတ်ကို တယောက်သော အမတ်သည် ဆရာတို့သည် ဥပုသ် ဆောက်တည်သည် မဟုတ်လောဟု မေး၏။ ထိုပုရောဟိတ်သည် ငါကား နံနက်ခါ၌သာ စား၏။ အိမ်သို့ ရောက်လတ်သော် ခံတွင်းကိုဆေးပြီးလျှင် ဥပုသ်ဆောက်တည်၍ ညအခါ မစားမူ၍ ညဉ့်၌ သီလကိုစောင့်အံ့၊ ဤသို့ စောင့်သည်ရှိသော် ငါ့အား ထက်ဝက်သော ဥပုသ်ကို ဆောက်တည်သည် ဖြစ်လတ္တံ့ဟုဆို၏။ ဆရာ- ကောင်းပြီဟု ဆိုလတ်သော် ထိုပုရောဟိတ်သည် အိမ်သို့ သွား၍ ဆိုတိုင်း ပြု၏။

တဖန် တနေ့သ၌ ထိုပုရောဟိတ်သည် တရားဆုံးဖြတ်ရာ၌ နေသည်ရှိသော် တယောက်သော သီလရှိသော မိန်းမသည် တရားဆိုသည်ရှိသော် အိမ်သို့သွားခြင်းငှါ မရ၍ ငါသည် ဥပုသ်ဆောက်တည်ခြင်းအမှုကို မလွန်စေအံ့ဟု ကြံ၍ မွန်းတည့်အခါ နီးလတ်သော် ခံတွင်းကို ဆေးခြင်းငှါ အားထုတ်၏။ ထိုခဏ၌ ပုရောဟိတ်အား ကောင်းစွာမှည့်သော သရက်သီးခိုင်ကို ဆောင်ခဲ့၏။ ထိုပုရောဟိတ်သည် ထိုမိန်းမ ဥပုသ်ဆောက်တည်သော အဖြစ်ကိုသိ၍ သင်သည် ဤသရက်သီးတို့ကို စား၍ ဥပုသ် ဆောက်တည်လော့ဟု သရက်သီးကို ပေး၏။ ထိုမိန်းမသည် ပုဏ္ဏားဆိုတိုင်း ပြု၏။ ဤမျှ သရက်သီးပေးခြင်းသည် ပုဏ္ဏား၏ ကောင်းမှုတည်း၊ ထိုပုဏ္ဏားသည် နောက်အဘို့၌ သေ၍ ဟိမဝန္တာအရပ်ဝယ် ကောသိကီမည်သော မြစ်ကမ်းနား၌ သုံးယူဇနာရှိသော သရက်ဥယျာဉ်၌ မွေ့လျော်ဘွယ်ရှိသောမြေအဘို့၌ တင့်တယ်ခြင်းသို့ရောက်သော ရွှေဗိမာန်၌ တန်ဆာဆင်သော ကြက်သရေရှိသော အိပ်ရာ၌ အိပ်ပျော်သောသူသည် နိုးသကဲ့သို့ ဖြစ်၏။ တန်ဆာဆင်ခြင်းနှင့် စပ်သော မြတ်သောအဆင်းကို ဆောင်သော တသောင်း ခြောက်ထောင်သော နတ်သ္မီးအခြံအရံ ရှိ၏။

ထိုပုဏ္ဏားသည် ညဉ့်၌သာလျှင် ထိုသို့သော ကြက်သရေနှင့် ပြည့်စုံသော စည်းစိမ်ချမ်းသာကို ခံစားရ၏။ ထိုစကားသည် မှန်၏။ ထိုပုဏ္ဏားအား ဝေမာနိက ပြိတ္တာအဖြစ်ဖြင့် ကံနှင့်တူသော အကျိုးသည်ဖြစ်၏။ ထို့ကြောင့် အရုဏ်တက်လတ်သော် သရက်ဥယျာဉ်သို့ ဝင်ရ၏။ ထိုသို့ ဝင်သောခဏ၌လျှင် ထိုပုဏ္ဏား၏ နတ်၌ဖြစ်သော ကိုယ်အဖြစ်သည် ကွယ်၍ အတောင်ရှစ်ဆယ် ထန်းပင်ပမာဏရှိသော ကိုယ်ရှိသည်ဖြစ်၏။ အလုံးစုံသော ကိုယ်သည် လောင်၏။ ပင်လုံးကျွတ်ပွင့်သော ပေါက်ပင်ကဲ့သို့ ဖြစ်၏။ လက်နှစ်ဘက်တို့၌ တချောင်းစီသာဖြစ်သော လက်ချောင်းတို့သည် ရှိကုန်၏။ ပေါက်တူးကြီး ပမာဏရှိသော လက်သည်းတို့သည် ဖြစ်ကုန်၏။ ထိုလက်သည်းဖြင့် မိမိကျောက်ကုန်းသားကို ခွဲနုတ်၍စားလျှက် ဆင်းရဲဝေဒနာသို့ ရောက်သည်ဖြစ်၍ သည်းစွာသော အသံကို မြည်တမ်းလျှက် ဆင်းရဲကိုခံရ၏။ နေဝင်သည်ရှိသော် ထိုကိုယ်သည်ကွယ်၍ နတ်၌ဖြစ်သောကိုယ်သည် ဖြစ်၏။ တန်ဆာဆင်အပ်သော တသောင်း ခြောက်ထောင်ကုန်သော နတ်သ္မီးတို့သည် အထူးထူးသော တီးမှုတ်မျိုးတို့ကိုကိုင်၍ ခြံရံကုန်၏။ ထိုပုဏ္ဏားသည် ကြီးစွာသော စည်းစိမ်ကိုခံစား၍ မွေ့လျော်ဘွယ်ရှိသော သရက်ဥယျာဉ်၌ နတ်၏ ပြာသာဒ်သို့ တက်၏။

ထိုပုဏ္ဏားသည် ဥပုသ်ဆောက်တည်သော မိန်းမအား သရက်သီး ပေးခဲ့ဘူးသော အကျိုးဆက်ကြောင့် သုံးယူဇနာရှိသော သရက်ဥယျာဉ်ကို ရ၏။ တံစိုးစား၍ စဉ်းလဲသောတရားကို စီရင်သော အကျိုးဆက်ကြောင့်ကား မိမိ ကျောက်ကုန်းသားကို နုတ်၍စားရ၏။ ထက်ဝက်သော ဥပုသ်၏ အကျိုးဆက်ကြောင့် ညဉ့်အခါ၌ စည်းစိမ်ကို ခံစားရ၏။ တသောင်း ခြောက်ထောင်သော နတ်သ္မီးကချေသည်အပေါင်း ခြံရံလျက် ခံစားရ၏။

ထိုအခါ ဗာရာဏသီမင်းသည် ကာမတို့၌ အပြစ်ကိုမြင်၍ ရသေ့ရဟန်းပြု၍ ဂင်္ဂါအကြေ၌ မွေ့လျော်ဘွယ်ရှိသော မြေအရပ်ဝယ် ကျောင်းဆောက်၍ ဆွမ်းခံသော အကျင့်ဖြင့် မျှလျှက်နေ၏။ ထိုအခါ တနေ့သ၌ ထိုသရက်ဥယျာဉ်မှ အိုးစရည်းကြီး ပမာဏရှိသော သရက်သီးမှည့်သည် ဂင်္ဂါမြစ်၌ကျ၍ မြစ်ရေအယဉ်ဖြင့် မျောလာသော ထိုသရက်သီးသည် ထိုရသေ့ နေရာကျောင်းသို့ ရှေးရှုရောက်လေ၏။ ထိုရသေ့သည် မျက်နှာသစ်သည်ရှိသော် မြစ်လယ်၌ မျော၍ လာလတ်သော ထိုသရက်သီးကို မြင်လျှင် ရေ၌ကူးလျက် သွားသဖြင့် ယူ၍ ကျောင်းသို့ဆောင်ခဲ့ပြီးလျှင် မီးတင်းကုပ်၌ထား၍ ဓားငယ်ဖြင့်ခွဲ၍ မျှလောက်ရုံသာ စားပြီးလျှင် အကြွင်းကို ငှက်ပျောရွက်တို့ဖြင့် ဖုံးလွှမ်း၍ အဖန်တလဲလဲ နေ့တိုင်းနေ့တိုင်း ကုန်သည့်တိုင်အောင် စားရ၏။ ထိုသရက်သီး ကုန်လတ်သော် တပါးသော သစ်သီးကြီးငယ်ကို စားခြင်းငှါ မတတ်နိုင်၊ ရသတဏှာဖြင့် နှောင်ဖွဲ့၍ ထိုသရက်သီးမှည့်ကိုသာလျှင် ငါစားအံ့ဟု ကြံလျက် မြစ်နားသို့သွား၍ မြစ်ကိုကြည့်လတ်၍ သရက်သီးကို မရလျှင် ငါမထအံ့ဟု ဆုံးဖြတ်ခြင်းကို ပြု၍ နေ၏။

ထိုရသေ့သည် ထိုမြစ်နား၌လျှင် အာဟာရကင်းလျက် ခြောက်ရက်ပတ်လုံး အစာအာဟာရ ကင်းသည်ဖြစ်၍ လေနေပူကြောင့် ခြောက်တပ်လျက် နေ၏။ ထိုအခါ ခုနစ်ရက်မြောက်သောနေ့၌ မြစ်စောင့်နတ်သ္မီးသည် ဆင်ခြင်လတ်သော် ထိုအကြောင်းကိုသိ၍ ဤရသေ့သည် တဏှာအလိုသို့လိုက်၍ ခုနစ်ရက်ပတ်လုံး အစာကင်းသည်ဖြစ်၍ မြစ်ကိုကြည့်လျက်နေ၏။ ဤရသေ့အား သရက်သီးမှည့်ကို မပေးဘဲ နေခြင်းငှါ မသင့်၊ သရက်သီးကို မရသော် သေလတ္တံ့၊ ငါပေးအံ့ဟု ကြံပြီးလျှင် သွား၍ ဂင်္ဂါမြစ်၏အထက် ကောင်းကင်၌ ရပ်၍ ထိုရသေ့နှင့်တကွ စကားပြောလိုရကား-

။ ကိံ ဆန္ဒော ကိမဓိပ္ပါယော၊ ဧကော သမ္မသိ ဃမ္မနိ။
ကိံပတ္ထယာနော ကိံဧသံ၊ ကေနအတ္ထေန ဗြာဟ္မဏ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသော ရှင်ရသေ့။ ကိံ ဆန္ဒော၊ အဘယ်ကို အလိုရှိသည်ဖြစ်၍။ ကိံ အဓိပ္ပါယော၊ အဘယ်စိတ်ရှိသည်ဖြစ်၍။ ကိံပတ္ထယာနော၊ အဘယ်ကို တောင့်တသည်ဖြစ်၍။ ကိံ၊ အဘယ်ကို။ ဧသံ-ဧသန္တော၊ ရှာသည်ဖြစ်၍။ ကေန အတ္ထေန၊ အဘယ်အကြောင်းကြောင့်။ တွံ၊ သင်ရှင်ရသေ့သည်။ ဧကော၊ တယောက်အထီးတည်း။ ဃမ္မနိ၊ ပူစွာသော နေ့အခါ၌။ သမ္မသိ၊ နေဘိသနည်း။

ထိုနတ်သ္မီး စကားကိုကြား၍ ရသေ့သည် နတ်သ္မီးအား အကြောင်းကို ကြားလိုရကား-

။ ယထာ မဟာ ဝါရိဓရော၊ ကုမ္ဘော သုပရိဏာမဝါ။
တထူပမံ အမ္ဗပက္ကံ၊ ဝဏ္ဏ ဂန္ဓ ရသုတ္တမံ။
။ တံ ဝုယှမာနံ သောတေန၊ ဒိသာနာ မလမဇ္ဈိမေ။
ပါဏိဘိ နံ ဂဟေတွာန၊ အဂျာယတန မာဟရိ။
။ တတော ကဒလိပတ္တေသု၊ နိက္ခိပိတွာ သယံ အဟံ။
သတ္ထေန နံ ဝိကပ္ပေတွာ၊ ခုပ္ပိပါသံ ပဟာသိ မေ။
။ သောဟံ အပ္ပေတဒရထော၊
ဗျန္တိဘူတော ဒုက္ခက္ခမော။
အဿာဒံ နာဓိဂစ္ဆာမိ၊ ဖလေသွညေသု ကေသုစိ။
။ သောသေတွာ နူန မရဏံ၊ တံ မမံ အာဝဟိဿတိ။
အမ္ဗံ ယဿ ဖလံ သာဒု၊ ယ မုဒ္ဓရိ ဝုယှမာနံ။
ဥဒဓိသ္မာ မဟဏ္ဏဝေ။
။ အက္ခာတံ တေ မယာ သဗ္ဗံ၊ ယသ္မာ ဥပဝသာ မဟံ။
ရမ္မံ ပဋိ နိသိန္နာသ္မိ၊ ပုထုလောမာယုတာ ပုထု။
။ တွဉ္စ ခေါ မေဝ အက္ခာဟိ၊ အတ္တာန မပလာယိနိ။
ကာ ဝါ တွမသိ ကလျာဏေ၊
ကိဿ ဝါ တွံ သုမဇ္ဈိမေ။
။ ရူပ ပဋလ မဋ္ဌီဝ၊ ဗျဂ္ဃီဝ ဂိရိသာနုဇာ။
ယာ သန္တိ နာရိယော ဒေဝေသု၊
ဒေဝါနံ ပရိစာရိကာ။
၁၀။ ယာစ မနုဿလောကသ္မိံ၊ ရူပေ နာနုဂတိတ္ထိယော။
ရူပေန တေ သာဒိသီ နတ္ထိ၊
ဒေဝေသု ဂန္ဓဗ္ဗမနုဿလောကေ။
ပုဋ္ဌာသိ မေ စာရုပုဗ္ဗင်္ဂီ ဗြူဟိ၊
အက္ခာဟိ မေ နာမဉ္စ ဗန္ဓဝေ စ။

ဟူသော ဤကိုးဂါထာတို့ကို ဆို၏။

၂။ အမလမဇ္ဈိမေ၊ အညစ်အကြေးကင်းသော ခါးရှိသော နတ်သ္မီး။ ဝါရိဓရော၊ ရေကိုဆောင်သော။ သုပရိဏာမဝ၊ ကောင်းသော သဏ္ဌာန်ရှိသော။ မဟာကုမ္ဘော ယထာ၊ အိုးကြီးကဲ့သို့။ တထူပမံ၊ ထိုအိုးကြီး ပမာဏရှိသော။ ဝဏ္ဏဂန္ဓရသုတ္တမံ၊ အဆင်း အနံ့ အရသာနှင့် ပြည့်စုံသော။ သောတေန၊ မြစ်ရေအယဉ်သည်။ ဝုယှမာနံ၊ မျှောအပ်သော။ အမ္ဗပက္ကံ၊ သရက်သီးမှည့်ကို။ ဒိသွာန၊ မြင်၍။ နံ၊ ထိုသရက်သီးမှည့်ကို။ ပါဏိဘိ၊ လက်တို့ဖြင့်။ ဂဟေတွာန၊ ယူ၍။ အဂျာယတနံ၊ မီးတင်းကုပ်သို့။ အာဟရိ၊ ဆောင်ပြီ။

၄။ ဒေဝဓီတေ၊ နတ်သ္မီး။ တတော၊ ထိုသို့ ဆောင်ယူပြီးမှ။ ကဒလိပတ္တေသု၊ ငှက်ပျောရွက်တို့၌။ နိက္ခိပိတွာ၊ ထား၍။ အဟံ၊ ငါသည်။ သယံ၊ ကိုယ်တိုင်။ နံ၊ ထိုသရက်သီးကို။ သတ္ထေန၊ ဓားငယ်ဖြင့်။ ဝိကပ္ပေတွာ၊ လှီး၍။ ခါဒိ၊ စားပြီ။ အမ္ဗော၊ သရက်သီးသည်။ မေ၊ ငါ၏။ ခုပ္ပိပါသံ၊ မွတ်သိပ်ခြင်းကို။ ပဟာသိ၊ ပယ်ပြီ။

၅။ ဒေဝဓီတေ၊ နတ်သ္မီး။ အပ္ပေတဒရထော၊ ကင်းသော ပူပန်ခြင်းရှိသော။ သော အဟံ၊ ထိုငါသည်။ ဗျန္တိဘူတော၊ ကုန်ပြီးသော သရက်သီး ရှိသည်ဖြစ်၍။ ဒုက္ခက္ခမော၊ ကောင်းသော အရသာကို မရခြင်းကြောင့် ကိုယ်၏ မခံ့ခြင်းရှိလျက်။ ကေသုစိ၊ အချို့ကုန်သော။ အညေသု၊ သရက်သီးကြီးမှ တပါးကုန်သော။ ဖလေသု၊ ငှက်ပျောသီး, ပိန္နဲသီးအစရှိသော သစ်သီးတို့၌။ အဿာဒံ၊ ကောင်းမြတ်သော အရသာကို။ နာဓိဂစ္ဆာမိ၊ မရ။

၆။ ဒေဝဓီတေ၊ နတ်သ္မီး။ ယံ ဖလံ၊ အကြင်သရက်သီးသည်။ မမ၊ ငါ၏။ သာဒု၊ ချိုမြန်ခြင်းသည်။ အဿ၊ ဖြစ်ရာ၏။ မဟဏ္ဏဝေ၊ နက်ကျယ်သော များသော ရေရှိသော မြစ်ကြီး၌။ ဝုယှမာနံ၊ မျောသော။ ယံ အမ္ဗံ၊ အကြင်သရက်သီးကို။ ဥဒဓိသ္မာ၊ မြစ်မှ။ ဥဒ္ဓရိ၊ ဆယ်တင်၏။ တံ အမ္ဗံ၊ ထိုသရက်သီးသည်။ မမံ၊ ငါ့ကို။ သောသေတွာ၊ ခြောက်တပ်စေ၍။ မရဏံ၊ သေခြင်းသို့။ အာဝဟိဿတိ နူန၊ ဆောင်အံ့သည်တကား။

၇။ ဒေဝမီတေ၊ နတ်သ္မီး။ ယသ္မာ၊ အကြင့်ကြောင့်။ အဟံ၊ ငါသည်။ ဥပဝသာမိ၊ မွတ်သိပ်ခြင်း ချင်ခြင်းတို့ကြောင့် မြစ်၏အနီးသို့ ကပ်၍ နေ၏။ တံ သဗ္ဗံ၊ ထိုအလုံးစုံသော အကြောင်းကို။ တေ၊ သင်နတ်သ္မီးအား။ မယာ၊ ငါသည်။ အက္ခာတံ၊ ကြားအပ်ပြီ။ အယံ နဒီ၊ ဤမြစ်သည်။ ပုထုလောမာယူတာ၊ ကြီးစွာသော နှုတ်သီးအမွေးရှိကုန်သော ငါးတို့နှင့်ယှဉ်၏။ ပုထု၊ အပြော ကျယ်၏။ ရမ္မံ၊ မွေ့လျော်ဘွယ်ရှိသော မြစ်ကို။ ပဋိ၊ စွဲ၍။ နိသိန္ဓော၊ နေသည်။ အသ္မိ၊ ဖြစ်၏။

၈။ အပလာယိနီ၊ မသွားမူ၍ ငါ၏ ရှေးရှူရပ်သော နတ်သမီး။ တွဉ္စ ခေါ၊ သင်သည်လျှင်။ မေ၊ ငါ့အား။ အတ္တာနံ ဧဝ၊ မိမိကိုယ်ကိုလျှင်။ အက္ခာဟိ၊ ကြားလော့။ တွံ၊ သင်သည်။ ကာ ဝါ၊ အဘယ်သူသည်မူလည်း။ အသိ၊ ဖြစ်သနည်း။ ကလျာဏေ၊ ကောင်းခြင်း ငါးပါးနှင့် ပြည့်စုံသော။ သုမဇ္ဈိမေ၊ တင့်တယ်သော ခါးရှိသော နတ်သ္မီး။ တွံ၊ သင်သည်။ ကိဿ ဝါ၊ အဘယ်အကြောင်းကြောင့်။ ဣဓ၊ ဤအရပ်သို့။ အာဂတာ၊ လာသနည်း။

၉။ ဒေဝဓီတေ၊ နတ်သ္မီး။ တွံ၊ သင်သည်။ ရူပပဋလမဋ္ဌီဝ၊ ကောင်းစွာ ချောမော ပြေပြစ်သော ရွှေပြားကဲ့သို့၎င်း။ ဂိရိသာနုဇာ၊ တောင်လျဉ် တောင်ဝှမ်း၌ ဖြစ်သော။ ဗျဂ္ဃီ ဣဝ၊ တင့်တယ် စံပယ်ခြင်းနှင့် ပြည့်စုံသော ကျားမကဲ့သို့၎င်း။ သောဘတိ၊ တင့်တယ်၏။ ဒေဝေသု၊ နတ်တို့တွင်။ ဒေဝါနံ၊ နတ်ပြည်ခြောက်ထပ် နတ်တို့၏။ ပရိစာရိကာ၊ အလုပ်အကျွေးဖြစ်ကုန်သော။ ယာ နာရိယော စ၊ အကြင် နတ်မိန်းမတို့သည်၎င်း။ မနုဿလောကသ္မိံ၊ လူ့ပြည်၌။ ယာ နာရိယော စ၊ အကြင် မိန်းမတို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ ဒေဝေသု စ၊ နတ်ပြည် ခြောက်ထပ်တို့၌၎င်း။ ဂန္ဓဗ္ဗေသု စ၊ အမြစ်နံ့သာ အရွက်နံ့သာ အခေါက်နံ့သာ အစရှိသည်တို့ကိုမှီကုန်သော ဂန္ဓဗ္ဗနတ်တို့၌၎င်း။ မနုဿလောကေ စ၊ လူ့ပြည်၌၎င်း။ ဇာတာသု၊ ဖြစ်ကုန်သော မိန်းမတို့တွင်။ တေ၊ သင်နှင့်။ ရူပေန၊ အဆင်းအားဖြင့်။ အနုဂတာ၊ တူသောအဖြစ်သို့ ရောက်ကုန်သော။ ဣတ္ထိယော၊ မိန်းမတို့သည်။ နတ္ထိ၊ မရှိကုန်။ တေ၊ သင်နှင့်။ ရူပေန၊ လုံးရပ်သဏ္ဌာန်အားဖြင့်။ သာဒိသီ၊ တူသော မိန်းမတို့သည်။ နတ္ထိ၊ မရှိကုန်။ စာရုပုဗ္ဗင်္ဂီ၊ ရွှေအဆင်းနှင့်တူသော ဦရုလက္ခဏာနှင့် ပြည့်စုံသော နတ်သ္မီး။ တံ၊ သင့်ကို။ မေ၊ ငါသည်။ ပုဋ္ဌော၊ မေးအပ်သည်။ အသိ၊ ဖြစ်၏။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။ နာမဉ္စ၊ အမည်အနွယ်ကို၎င်း။ ဗန္ဓဝေ စ၊ အမျိုးကို၎င်း။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။

ထို့နောင်မှ ရေစောင့်နတ်သမီးသည် ရသေ့အား အကြောင်းကို ကြားလိုရကား-

၁၁။ ယံ တွံ ပဋိ နိသိန္နောသိ၊ ရမ္မံ ဗြာဟ္မဏ ကောသိကိံ။
သာဟံ ဘုသာလယေ ဝုတ္ထာ၊ ဝရဝါရီဝဟောဃသာ။
၁၂။ နာနာ ဒုမဂဏာ ကိဏ္ဏာ၊ ဗဟုကာ ဂိရိကန္ဒရာ။
မမေဝ ပမုခါ ဟောန္တိ၊ အဘိသန္ဒန္တိ ပါဝုသေ။
၁၃။ အထော ဗဟူ ဝနတောဒါ၊ နီလဝါရိဝဟိဒ္ဓရာ။
ဗဟုကာ နာဂဝိတ္တောဒါ၊ အဘိသန္ဒန္တိ ဝါရိနာ။
၁၄။ တာ အမ္ဗ ဇမ္ဗု လဗုဇာ၊ နီပါ တာလမုဒုမ္ဗရာ။
ဗဟူနိ ဖလဇာတာနိ၊ အာဝဟန္တိ အဘိဏှသော။
၁၅။ ယံ ကိဉ္စိ ဥဘတော တီရေ၊ ဖလံ ပတတိ အမ္ဗုနိ။
အသံသယန္တံ သော တဿ၊ ဖလံ ဟောတိ ဝသာနုဂံ။
၁၆။ ဧတဒညာယ မေဓာဝီ၊ ပုထုပည သုဏောဟိ မေ။
မာ ရောစယ မဘိသင်္ဂံ၊ ပဋိသေဓ ဇနာဓိပ။
၁၇။ နဝါဟံ ဝဍ္ဎဝံ မညေ၊ ယံ တွံ ရဋ္ဌာဘိဝဍ္ဎန။
အာစေယမာနော ရာဇိသိ၊ မရဏံ အဘိကင်္ခသိ။
၁၈။ တဿ ဇာနန္တိ ပိတရော၊ ဂန္ဓဗ္ဗာ စ သဒေဝကာ။
ယေပိ ဣသယော လောကေ၊ သညတတ္တာ တပဿိနော။
အသံသယံ တေပိ ဇာနန္တိ၊ သဏှဘူတာ ယသဿိနော။

ဟူသော ဤဂါထာတို့ကို ဆို၏။

၁၁။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသော ရှင်ရသေ့။ တွံ၊ ရှင်ရသေ့သည်။ ရမ္မံ၊ မွေ့လျော်ဘွယ်ရှိသော။ ယံ ကောသိကိံ၊ အကြင်ကောသိကီမြစ်ကို။ ပဋိ၊ စွဲ၍။ နိသိန္နော၊ နေသည်။ အသိ၊ ဖြစ်၏။ သာ အဟံ၊ ထိုအကျွန်ုပ်သည်။ တတ္ထ၊ ထိုမြစ်၌။ ဘုသာလယေ၊ ပြင်းသော ရေအယဉ်ရှိသော မြစ်၌တည်သော ဗိမာန်၌။ အဝုတ္ထာ၊ အစိုးရသဖြင့် နေသော နတ်သ္မီးတည်း။ ဝရဝါရိဝဟောဃသာ၊ မြတ်သော ရေအယဉ်နှင့် ပြည့်စုံကုန်သော။ နာနာဒုမဂဏာကိဏ္ဏာ၊ အထူးထူးသော သစ်ပင်အပေါင်းတို့ဖြင့် ပြွမ်းထသော။ ဗဟုကာ၊ များစွာကုန်သော။ ဂိရိကန္ဒရာ၊ တောင်မြောင် ချောက်ကြားမှ စီးကုန်သော မြစ်တို့သည်။ ပါဝုသေ၊ မိုဃ်းလအခါ၌။ အဘိသန္ဒန္တိ၊ စီးဝင်လာကုန်၏။ တာ၊ ထိုမြစ်တို့သည်။ မမေဝ၊ ငါ့ကိုသာလျှင်။ ပမုခါ- ပမုခံ၊ အကြီးအမြတ်ကို။ ဟောန္တိ-ကရောန္တိ၊ ပြုကုန်၏။

၁၃။ အထော၊ ထိုမြို့။ ဗဟူ၊ များစွာကုန်သော။ ဝနတောဒါ၊ တော၌ဖြစ်ကုန်သော ရေတို့သည်လည်း။ မံ၊ ငါသို့။ အဘိသန္ဒန္တိ၊ စီးဝင်လာကုန်၏။ နီလဝါရိဝဟိဒ္ဓရာ၊ မြအဆင်းနှင့်တူသော စိမ်းညိုသော ရေနှင့်ယှဉ်သော ရေအစုဟု ဆိုအပ်သော အယဉ်ကို ဆောင်ကုန်သော။ နာဂဝိတ္တောဒါ၊ နဂါးတို့၏ နှစ်သက်ခြင်းကို ပြုတတ်သောရေနှင့် ပြည့်စုံကုန်သော။ ဗဟုကာ၊ များစွာကုန်သော မြစ်တို့သည်။ မံ၊ ငါသို့။ ဝါရိနာ၊ ရေဖြင့်။ အဘိသန္ဒန္တိ၊ ပြည့်စေကုန်၏။

၁၄။ တာ၊ ထိုမြစ်တို့သည်။ အမ္ဗဇမ္ဗုလဗုဇာ၊ သရက်သီး သပြေသီး တောင်ပိန္နဲသီးတို့၎င်း။ နီပါ၊ ကျည်းသီးတို့၎င်း။ တလမုဒုမ္ဗရာ၊ ထန်းသီး ရေသဖန်းသီးတို့၎င်း။ ဗဟူနိ၊ များစွာကုန်သော။ ဖလဇာတာနိ၊ သစ်သီးမျိုးတို့ကို။ အဘိဏှသော၊ မပြတ်။ အာဝဟန္တိ၊ မျှောခဲ့ကုန်၏။

၁၅။ ဥဘတောတီရေ၊ ကမ်းနားနှစ်ဘက်၌။ ဇာတရုက္ခေဟိ၊ ရောက်ကုန်သော သစ်ပင်တို့မှ။ ယံ ကိဉ္စိ၊ အလုံးစုံသော။ ဖလံ၊ သစ်သီးသည်။ အမ္ဗုနိ၊ ငါ၏ရေ၌။ ပတတိ၊ ကျ၏။ တံ ဖလံ၊ ထိုအလုံးစုံသော သစ်သီးသည်။ အသံသယံ၊ ယုံမှားမဲ့။ သောတဿ၊ မြစ်ရေအယဉ်ဖြင့်။ ဝသာနုဂံ၊ ငါ့အလိုသို့ အစဉ်လိုက်သည်။ ဟောတိ၊ ဖြစ်၏။

၁၆။ ပုထုပည၊ ကြီးသော ပညာရှိတော်မူသော။ ဇနာဓိပ၊ လူတို့ကို အစိုးရတော်မူသော မင်းမြတ်။ မေ၊ အကျွန်ုပ်၏။ ဝစနံ၊ စကားကို။ သုဏောဟိ၊ နာတော်မူလော့။ အဘိသင်္ဂံ၊ အလွန် တပ်မက်မောသဖြင့် ကပ်ငြိခြင်းကို။ မာ ရောစယ၊ နှစ်သက်တော်မမူလင့်။ မေဓာဝီ၊ ပညာရှိတော်မူသော မင်းမြတ်။ ဧတံ၊ ထို အကျွန်ုပ် စကားကို။ အညာယ၊ သိ၍။ တံ၊ ထို တပ်မက်မောသဖြင့် ကပ်ငြိခြင်းကို။ ပဋိသေဓ၊ မြစ်တော်မူလော့။

၁၇။ ရဋ္ဌာဘိဝဍ္ဎန၊ ပြည်တိုင်းကား၏ အစီးအပွားကို လွန်စွာ ပွားစေတတ်သော။ ရာဇိသိ၊ မင်းမြတ်။ တွံ၊ သင်မင်းမြတ်သည်။ ယံ- ယသ္မာ၊ အကြင့်ကြောင့်။ အာစေယမာနော၊ အသား, အသွေးတို့ဖြင့်ပွားသော ပျိုငယ်သော အရွယ်သည်။ ဟုတွာ၊ ဖြစ်လျက်။ မရဏံ၊ သစ်သီးကို တပ်မက်မောသဖြင့် သေခြင်းကို။ အဘိကင်္ခသိ၊ အလိုရှိတော်မူ၏။ ဝေ၊ စင်စစ်။ တဝ၊ သင်မင်းမြတ်၏။ ဝဍ္ဎဝံ၊ ပညာရှိသော အဖြစ်ကို။ အဟံ၊ အကျွန်ုပ်သည်။ န မညေ၊ မအောက်မေ့နိုင်။

၁၈။ ဣသေ၊ ရှင်ရသေ့။ ယော၊ အကြင် ပုဂ္ဂိုလ်သည်။ တဏှာဝသိကော၊ တဏှာအလိုသို့ လိုက်သည်။ ဟောတိ၊ ၏။ တဿ၊ ထို ပုဂ္ဂိုလ်၏။ တဏှာဝသိကဘာဝံ၊ တဏှာအလိုသို့ လိုက်သောအဖြစ်ကို။ ပိတရော စ၊ ဗြဟ္မာတို့သည်၎င်း။ သဒေဝကာ၊ ကာမာဝစရ နတ်နှင့်တကွ ဖြစ်ကုန်သော။ ဂန္ဓဗ္ဗာ စ၊ ဂဗ္ဗနတ်တို့သည်၎င်း။ လောကေ၊ လူ့ပြည်၌။ သညတတ္တာ၊ ကိုယ်နှုတ်နှလုံးကို စောင့်သည်၏ အဖြစ်ကြောင့်။ တပဿိနော၊ ခြိုးခြံသော အကျင့်ရှိကုန်သော။ ယေစာပိ ဣသယော၊ အကြင် ဒိဗ္ဗစက္ခုဉာဏ်နှင့် ပြည့်စုံကုန်သော ရသေ့တို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထို အလုံးစုံသော သူတို့သည်လည်း။ အသံသယံ၊ ယုံမှားမရှိ။ ဇာနန္တိ၊ သိကုန်၏။ တေသံ၊ ထိုသူတို့၏။ ယသဿိနော၊ များသော အခြံအရံ ရှိကုန်သော။ သဏှဘူတာ၊ အလုပ်အကျွေး ဖြစ်ကုန်သော သူတို့သည်လည်း။ ဇာနန္တိ၊ သိကုန်၏။

ထို့နောင်မှ ရသေ့သည် မိမိအကြောင်းကို နတ်သမီးအား ကြားလိုရကား-

၁၉။ ဧဝံ ဝိဒိတွာ ဝိဒု သဗ္ဗဓမ္မံ၊ ဝိဓံသနံ စဝနံ ဇီဝိတဿ။
န စိယျတိ တဿ နရဿ ပါပံ၊
သစေ န စေတေတိ ဝဓာယ တဿ။
၂၀။ ဣသိ ပူဂ သမညာ တေ၊
ဧဝံ လောကျာ ဝိဒိတာ ပတိ။
အနရိယ ပရိသမ္ဘာသေ၊ ပါပကမ္မံ ဇိဂီသသိ။
၂၁။ သစေ အဟံ မရိဿာမိ၊
တီရေ တေ ပုထု သုသောဏိ။
အသံသယံ တံ အသိလောကော၊
မယိ မတေ အာဂမိဿတိ။
၂၂။ တသ္မာ ဟိ ပါပကံ ကမ္မံ၊ ရက္ခဿေဝ သုမဇ္ဈိမေ။
မာ တံ သဗ္ဗော ဇနော ပုစ္ဆာ၊ ပကွတ္တာသိ မယိ မတေ။

ဟူသော ဤ လေးဂါထာတို့ကို ဆို၏။

၁၉။ ဒေဝဓီတေ၊ နတ်သမီး။ ယထာ၊ အကြင်အခြင်းဖြင့်။ အဟံ၊ ငါသည်။ သဗ္ဗဓမ္မံ၊ အလုံးစုံသော သုစရိုက်တရားကို၎င်း။ ဇီဝိတသ၊ အသက်၏။ ဝိဓံသနံ၊ ပျက်စီးခြင်းဟု ဆိုအပ်သော။ စဝနံ၊ စုတေခြင်းကို၎င်း။ ဇာနာမိ၊ သိ၏။ ဧဝံ၊ ဤသို့သော အခြင်းအရာဖြင့်။ ဝိဒိတွာ၊ သိ၍။ ဌိတဿ၊ တည်သော။ ဝိဒု-ဝိဒုနော၊ ပညာရှိသော။ တဿ နရဿ၊ ထိုသူအား။ သစေ၊ အကယ်၍။ တဿ ပရပုဂ္ဂလဿ၊ ထိုတပါးသောပုဂ္ဂိုလ်အား။ ဝဓာယ၊ သတ်ခြင်းငှာ။ န စေတေတိ၊ လုံ့လမပြု။ ပါပံ၊ မကောင်းမှုသည်။ န စိယျတိ၊ မပွား။

၂၀။ ဣသိပူဂသမညာတေ၊ ရသေ့အပေါင်းတို့သည် ကောင်း၏ဟု သမုတ်အပ်သော နတ်သမီး။ တံ၊ သင့်ကို။ လောကျာ၊ မကောင်းမှုကို ဝေးစွာပြုသဖြင့် လောက၏ အစီးအပွားတည်း။ ဧဝံ၊ ဤသို့။ ဝိဒိတာ၊ ငါသိ၏။ အနရိယပရိသမ္ဘာသေ၊ မကောင်းသဖြင့် အပြစ်တင်သော စကားကို ဆိုသော။ ပတိ၊ တင့်တယ်သော နတ်သမီး။ တွံ၊ သင်သည်။ ပါပကမ္မံ၊ မကောင်းမှုကို။ ဇိဂီသသိ၊ ဖြစ်စေဘိ၏။

၂၁။ ပုထုသုသောဏိ၊ များသော ကောင်းသော အသွေးအရည်နှင့် ပြည့်စုံသော နတ်သမီး။ သစေ၊ အကယ်၍။ အဟံ၊ ငါသည်။ တေ၊ သင်၏။ တီရေ၊ မြစ်နား၌။ မရိဿာမိ၊ သေအံ့။ မယိ မတေ၊ သရက်သီးကို မရ၍ ငါသေသည်ရှိသော်။ အသံသယံ၊ ယုံမှားမဲ့။ တံ၊ သင်နတ်သမီးသို့။ အသိလောကာ၊ ကဲ့ရဲ့ခြင်းသည်။ အာဂမိဿတိ၊ ရောက်လတ္တံ့။

၂၂။ သုမဇ္ဈိမေ၊ ခါးစည်း တင်ကျယ် ငယ်သောဝမ်းရှိသော နတ်သမီး။ တသ္မာ ဟိ- တသ္မာ ဧဝ၊ ထို့ကြောင့်လျှင်။ ပါပကံ ကမ္မံ၊ မကောင်းသော ကဲ့ရဲ့အပ်သော အမှုကို။ တွံ၊ သင်သည်။ ရက္ခဿေဝ၊ စောင့်ဘိလော့။ မယိ၊ ငါသည်။ မတေ၊ သေသည် ရှိသော်။ ပစ္ဆာ၊ နောက်၌။ သဗ္ဗော၊ အလုံးစုံသော။ ဇနော၊ လူအပေါင်းသည်။ တံ၊ သင့်ကို။ မာ ပကွတ္တာသိ၊ မကဲ့ရဲ့စေလင့်။

ထိုစကားကို ကြား၍ နတ်သ္မီးသည်-

၂၃။ အညာတမေတံ အဝိသယှ သာဟိ၊
အတ္တာနံ အမ္ဗဉ္စ ဒဒါမိ တေ တံ။
ယော ဒုစ္စဇေ ကာမဂုဏေ ပဟာယ၊
သန္တိဉ္စ ဓမ္မဉ္စ အဓိဋ္ဌိတောသိ။
၂၄။ ယော ဟိတွာ ပုဗ္ဗသညောဂံ၊
ပစ္ဆာ သံယောဇနေ ဌိတော။
အဓမ္မဉ္စေဝ စရတိ၊ ပါပဉ္စဿ ပဝဍ္ဎတိ
၂၅။ ဧဟိ တံ ပါပယိဿာမိ၊ ကာမံ အပ္ပေါဿုကေ ဘဝ။
ဥပနယာမိ သီတသ္မိံ၊ ဝိဟရာဟိ အနုဿုကော။
၂၆။ တံ ပုပ္ဖရသမတ္တေဟိ၊ ဝက္ကင်္ဂေဟိ အရိန္ဒမ။
ကောဉ္စာ မယူရာ ဒိဝိယာ၊ ကောယဋ္ဌိမဓုသာလိကာ။
ကူဇိကာ ဟံသ ပူဂေဟိ၊ ကောကိလေတ္ထ ပဗောဓရေ။
၂၇။ အမ္ဗေတ္ထ ဝိပ်ပသုနဂ္ဂါ၊ ပလာလ ခလသန္နိဘာ။
ကောသမ္ဗ သလဠာ နီပါ၊ ပက္ကတာလ ဝိလမ္ဗိနော။

ဟူသော ဤငါးဂါထာတို့ကို ဆို၏။

၂၃။ အဝိသယှသာဟိ၊ သည်းခံနိုင်ခဲသည်ကို သည်းခံခြင်းရှိသော ရှင်ရသေ့။ ဧတံ၊ ထိုသရက်သီးမှည့်အလို့ငှာ ဆိုသောအကြောင်းကို။ မယာ၊ ငါသည်။ အညာတံ၊ သိအပ်ပြီ။ ယော တွံ၊ အကြင်ရှင်ရသေ့သည်။ ဒုစ္စဇေ၊ စွန့်နိုင်ခဲကုန်သော။ ကာမဂုဏေ၊ ရွှေပန်း ထီးဖြူ ရွှေနန်းဟု ဆိုအပ်သော ဝတ္ထုကာမတို့ကို။ ပဟာယ၊ စွန့်၍။ သန္တိဉ္စ၊ မကောင်းသော အကျင့်ကို ငြိမ်းစေတတ်သောကြောင့် သန္တိဟု ဆိုအပ်သော သီလကို၎င်း။ ဓမ္မဉ္စ၊ သုစရိုက်တရားကို၎င်း။ အဓိဋ္ဌိတော၊ ကပ်၍ ရောက်သည်။ အသိ၊ ဖြစ်၏။ တံ၊ ရှင်ရသေ့ကို။ အာလိင်္ဂေတွာ၊ ပိုက်ဖက်၍။ အမ္ဗဝနံ၊ သရက်ဥယျာဉ်တောသို့။ နယန္တီ၊ ဆောင်ယူသည်ဖြစ်၍။ အတ္တာနံ၊ မိမိကိုယ်ကို၎င်း။ တံ အမ္ဗံ၊ ထိုသရက်သီးကို၎င်း။ တေ၊ ရှင်ရသေ့အား။ အဟံ၊ အကျွန်ုပ်သည်။ ဒဒါမိ၊ ပေးပါအံ့။

၂၄။ ဘော တာပသ၊ အို ရှင်ရသေ့။ ယော၊ အကြင်သူသည်။ ပုဗ္ဗသညောဂံ၊ ရှေး၌ဖြစ်သော အနှောင်အဖွဲ့ကို။ ဟိတွာ၊ စွန့်ပြီး၍။ ပစ္ဆာသံယောဇနေ၊ နောက်ဖြစ်သော အနှောင်အဖွဲ့၌။ ဌိတော၊ တည်၏။ သော၊ ထိုသူသည်။ အဓမ္မဉ္စေဝ၊ မကောင်းသော အကျင့်ကိုလည်း။ စရတိ၊ ကျင့်သည်မည်၏။ အဿ၊ ထိုသူအား။ ပါပဉ္စ၊ မကောင်းမှုသည်လည်း။ ပဝဍ္ဎတိ၊ ပွား၏။

၂၅။ တာပသ၊ ရှင်ရသေ့။ ဧဟိ၊ လာလှည့်။ တံ၊ သင် ရှင်ရသေ့ကို။ ပါပယိဿာမိ၊ ပို့အံ့။ ကာမံ၊ စင်စစ်သဖြင့်။ အပ္ပေါဿုကော၊ သရက်သီးမှည့်၌ ကြောင့်ကြခြင်း ကင်းသည်။ ဘဝ၊ ဖြစ်လော့။ အဟံ၊ အကျွန်ုပ်သည်။ ဥပါနယာမိ၊ ဆောင်အံ့။ သီတသ္မိံ၊ ချမ်းမြေ့သော သရက်တော၌။ အနုဿုကော၊ ကြောင့်ကြမရှိသည်ဖြစ်၍။ ဝိဟရာဟိ၊ နေတော်မူလော့။

၂၆။ အရိန္ဒမ၊ ရန်သူကို ဆုံးမတတ်သော မင်းမြတ်။ ပုပ္ဖရသမတ္တေဟိ၊ ပန်းရက်ဖြင့် ယစ်ကုန်သော။ ဝက္ကင်္ဂေဟိ၊ ငှက်တို့ကြောင့်။ အဘိနာဒိတံ၊ အလွန်ပဲ့တင်ထပ်သော။ တံ၊ ထိုနတ်တို့၏ သရက်ဥယျာဉ်ကို။ ပဿ၊ ရှုတော်မူလော့။ ကောဉ္စာ၊ ကြိုးကြာတို့သည်၎င်း။ မယူရာ၊ ဥဒေါင်းတို့သည်၎င်း။ ကောယဋ္ဌိမဓုသာလိကာ၊ ဝန်လိုငှက်, ရွှေဆက်ရက်ဖြစ်ကုန်သော ငှက်တို့သည်၎င်း။ ဧတေ ဒိဝိယာ၊ ထိုနတ်ငှက်တို့သည်။ ဧတ္ထ၊ ဤသရက်ဥယျာဉ်၌။ ဝသန္တိ၊ နေကုန်၏။ ဟံသပူဂေဟိ စ၊ ဟင်္သာအပေါင်းတို့သည်လည်း။ ကူဇိကာ၊ တွန်မြူးသော အသံတို့ဖြင့် ပဲ့တင်ထပ်စေကုန်၏။ ကောကိလာ၊ ဥဩတို့သည်။ ဝဿန္တိယော၊ တွန်မြူးကုန်သည်ဖြစ်၍။ အတ္တာနံ၊ မိမိကိုယ်ကို။ ပဗောဓရေ၊ သိစေကုန်၏။

၂၇။ အရိန္ဒမ၊ ရန်သူကို ဆုံးမတော်မူတတ်သော မင်းမြတ်။ ဧတ္ထ၊ ဤသရက်ဥယျာဉ်၌။ ဝိပ်ပသုနဂ္ဂါ၊ အသီးဝန်ကြောင့် ညွတ်သော အဖျားရှိကုန်သော။ အမ္ဗာ၊ သရက်ပင်တို့သည်၎င်း။ ပလာလခလသန္နိဘာ၊ အပွင့်အပေါင်းဖြင့် သလေးကောက်လှိုင်းထားရာ တလင်းနှင့်တူသော။ ပက္ကတာလဝိလမ္ဘိနော၊ ထန်းသီးမှည့်ကဲ့သို့ တွဲရရွဲဆွဲသော အသီးရှိကုန်သော။ ကောသမ္ဗသလဠာ၊ ကြို့ပင် ထင်းရူးပင်တို့သည်၎င်း။ နီပါ၊ ကျည်းပင်တို့သည်၎င်း။ သန္တိ၊ ရှိကုန်၏။

ဤသို့ ထိုနတ်သမီးသည် သရက်ဥယျာဉ်ကို ချီးမွမ်းပြီးလျှင် ရသေ့ကို သရက်ဥယျာဉ်၌ ထားခဲ့၍ ဤသရက်ဥယျာဉ်၌ သရက်သီးတို့ကို စားလျက် မိမိ၏ တပ်မက်မောခြင်း တဏှာကို ပြည့်စေလော့ဟု ဆို၍ သွားလေ၏။ ရသေ့သည် သရက်သီးတို့ကို စားလျက် သရက်သီး၌ တပ်မက်မောခြင်း တဏှာကို ပြည့်စေပြီးလျှင် အပင်အပန်းဖြေ၍ သရက်ဥယျာဉ်၌ လှည့်လည်သည်ရှိသော် ဆင်းရဲဝေဒနာကို ခံရသော ထိုပြိတ္တာကိုမြင်၍ တစုံတခုသော စကားကို ဆိုခြင်းငှါ မတတ်နိုင်၊ နေဝင်သည်ရှိသော် ကချေသည် မိန်းမအပေါင်း ခြံရံလျက် နတ်စည်းစိမ်ကို ခံစားသော ထိုပြိတ္တာအသုရကာယ်ကို မြင်၍ အကြောင်းကို မေးလိုရကား-

၂၈။ မာလီ ကိရိဋိ ကာယူရီ၊ အင်္ဂါရီ စန္ဒနုဿဒေါ။
ရတ္တိ တွံ ပရိစာရေသိ၊ ဒိဝါ ဝေဒေသိ ဝေဒနံ။
၂၉။ သောဠသိတ္ထိသဟဿာနိ၊ ယာတေမာ ပရိစာရိကာ။
ဧဝံ မဟာနုဘာဝေါသိ၊ အဗ္ဘုတော လောမဟံသနော။
၃၀။ ကိံ ကမ္မမကရီ ပုဗ္ဗေ၊ ပါပံ အတ္တဒုက္ခာဝဟံ။
ယံ ကရိတွာ မနုဿေသု၊ ပိဋ္ဌိမံသာနိ ခါဒသိ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၂၈။ ဒေဝပုတ္တ၊ နတ်သား။ တွံ၊ သင်သည်။ မာလီ၊ နတ်ပန်းကို ပန်လျက်။ ကိရိဋိ၊ နတ်ဦးရစ်ကို ပေါင်းလျက်။ ကာယူရီ၊ နတ်တန်ဆာတို့ကို ဆင်ယင်လျက်။ အင်္ဂါရီ၊ နတ်တို့၏ အင်္ဂါကြီးငယ်နှင့် ပြည့်စုံသည်ဖြစ်၍။ စန္ဒနုဿဒေါ၊ နတ်၏ စန္ဒကူးနံ့သာကို လိမ်းကျံလျက်။ ရတ္တိံ၊ ညဉ့်၌။ ပရိစာရေသိ၊ နတ်စည်းစိမ်ကို ခံစားရ၏။ ဒိဝါ၊ နေ့၌ကား။ ဝေဒနံ၊ ကြီးစွာသော ဆင်းရဲ ဝေဒနာကို။ ဝေဒေသိ၊ ခံရ၏။

၂၉။ ယာ ဣမာ၊ အကြင် နတ်သမီးတို့သည်။ တေ၊ သင့်အား။ ပရိစာရိကာ၊ လုပ်ကျွေးကုန်၏။ တာနိ သောဠသိတ္ထိ သဟဿာနိ၊ ထိုတသောင်း ခြောက်ထောင်သော နတ်သမီးတို့သည်။ သန္တိ၊ ရှိကုန်၏။ ဧဝံ၊ ဤသို့။ အဗ္ဘုတော၊ မဖြစ်ဘူးမြဲသော။ လောမဟံသနော၊ ကြက်သီး မွေးညှင်း ထခြင်းကို ဖြစ်စေတတ်သော။ မဟာနုဘာဝေါ၊ ကြီးသော အာနုဘော်ရှိသည်။ အသိ၊ ဖြစ်၏။

၃၀။ ပုဗ္ဗေ၊ ရှေးဘဝ၌။ ကိံ ကမ္မံ၊ အဘယ်ကံကို။ အကရိ၊ သင်ပြုခဲ့ဘူးသနည်း။ မနုဿေသု၊ လူ့ပြည်တို့၌။ အတ္တဒုက္ခာဝဟံ၊ မိမိ၏ ဆင်းရဲခြင်းကို ဆောင်တတ်သော။ ယံ ပါပံ၊ အကြင် မကောင်းမှုကို။ ကရိတွာ၊ ပြု၍။ ဣဒါနိ၊ ယခုအခါ၌။ အတ္တနော၊ မိမိ၏။ ပိဋ္ဌိမံသာနိ၊ ကျောက်ကုန်းသားတို့ကို။ ခါဒသိ၊ သင်စားရ၏။ တံ ပါပံ၊ ထိုမကောင်းမှုကား။ ကိံ၊ အဘယ်နည်း။

ပြိတ္တာသည် ထိုရသေ့ကိုသိ၍ အရှင်မင်းကြီးတို့သည် အကျွန်ုပ်ကို မသိကုန်လော၊ အကျွန်ုပ်သည် အရှင်မင်းကြီးတို့၏ ပုရောဟိတ်တည်း၊ အကျွန်ုပ်အား ညဉ့်၌ ဤချမ်းသာကို ခံစားရခြင်းကို အရှင်မင်းကြီးတို့ကို မှီ၍ ပြုအပ်သော ထက်ဝက်သော ဥပုသ်၏ အကျိုးဆက်ကြောင့် ရပေ၏။ နေ့၌ ကြီးစွာသော ဆင်းရဲကို ခံရခြင်းကိုကား အကျွန်ုပ်သည် ပြုအပ်သော တံစိုးစားခြင်းဟူသော မကောင်းမှု၏ အကျိုးဆက်ကြောင့် ရ၏။ ထိုစကားသည် မှန်၏။ အကျွန်ုပ်ကို အရှင်မင်းကြီးတို့သည် တရားဆုံးဖြတ်ရာ၌ထားတော်မူအပ်သည်ဖြစ်၍ စဉ်းလဲသော တရားကို တံစိုးစားသောကြောင့် သူတပါးတို့၏ ကျောက်ကုန်းသားကို စားသည်နှင့် တူသည်ဖြစ်၍ ထိုမကောင်းမှု၏ အကျိုးဆက်ကြောင့် နေ့အခါ၌ ဤဆင်းရဲကို ခံရ၏ဟု ဆို၍ ထိုအကြောင်းကို ရှင်ရသေ့အား ကြားလိုရကား-

၃၁။ အဇ္ဈာနာနိ ပဋိဂ္ဂယှ၊ ကာမေသု ဂိဒ္ဓိတော အဟံ။
အစရိ ဒီဃမဒ္ဓါနံ၊ ပရေသံ အဟိတာယ ဟံ။
၃၂။ ယော ပိဋ္ဌိမံသိကော ဟောတိ၊ ဧဝံ ဥက္ကစ္စ ခါဒတိ။
ယထာဟမဇ္ဇ ခါဒါမိ၊ ပိဋ္ဌိမံသာနိ အတ္တနော။

ဟူသော ဤဂါထာနှစ်ခုတို့၏ အပေါင်းကို ဆို၏။

၃၁။ ဘန္တေ၊ ရှင်ရသေ့။ အဟံ၊ အကျွန်ုပ်သည်။ အဇ္ဈာနာနိ၊ ဗေဒင်တို့ကို။ ပဋိဂ္ဂယှ၊ သင်၍။ ကာမေသု၊ ဝတ္ထုကာမ ကိလေသာကာမတို့၌။ ဂိဒ္ဓိတော၊ တပ်မက်မော၏။ ဘန္တေ၊ ရှင်ရသေ့။ အဟံ၊ အကျွန်ုပ်သည်။ ဒီဃမဒ္ဓါနံ၊ ရှည်မြင့်စွာသော ကာလပတ်လုံး။ အဟိတာယ၊ မိမိကိုယ်ကို ဖျက်ဆီးခြင်းငှါ။ ပရေသံ၊ သူတပါးတို့အား။ အစရိ၊ ကျင့်မိပြီ။

၃၂။ ဘန္တေ၊ ရှင်ရသေ့။ ယော၊ အကြင်သူသည်။ ပိဋ္ဌိမံသိကော၊ သူတပါးတို့၏ ကျောက်ကုန်းသားကို စားတတ်သည်။ ဝါ၊ ချောပစ်သောစကားကို ဆိုတတ်သည်။ ဟောတိ၊ ဖြစ်၏။ သော၊ ထိုသူသည်။ အဇ္ဇ၊ ယခုအခါ၌။ အဟံ၊ အကျွန်ုပ်သည်။ အတ္တနော၊ မိမိ၏။ ပိဋ္ဌိမံသာနိ၊ ကျောက်ကုန်းသားတို့ကို။ ခါဒါမိ ယထာ၊ စားရသကဲ့သို့။ ဧဝံ၊ ဤအတူ။ အတ္တနော၊ မိမိ၏။ ပိဋ္ဌိမံသာနိ၊ ကျောက်ကုန်းသားတို့ကို။ ဥက္ကစ္စ၊ ခွါ၍။ ခါဒါမိ၊ စားရ၏။

ဤသို့သော စကားကို ဆိုပြီး၍ ထိုပြိတ္တာသည် ရသေ့ကို မေး၏။ အရှင်ဘုရားတို့သည် အဘယ့်ကြောင့် ဤအရပ်သို့ ကြွလာတော် မူကုန်သနည်းဟု မေး၏။ ရသေ့သည် အလုံးစုံသော အကြောင်းကို အကျယ်အားဖြင့် ပြောဆို၏။

အရှင်ဘုရား- ယခုအခါ ဤအရပ်၌ နေတော်မူကုန်လတ္တံ့လော၊ ကြွကုန်လတ္တံ့လောဟု မေး၏။ ဤအရပ်၌ ငါမနေအံ့၊ ကျောင်းသို့သာလျှင် သွားအံ့ဟု ဆို၏။ ထိုစကားကို ကြား၍ ဝေမာနိက ပြိတ္တာသည် အရှင်ဘုရား- ကောင်းပြီ၊ အကျွန်ုပ်သည် အရှင်ဘုရားအား မပြတ်လျှင် သရက်သီးမှည့်ဖြင့် လုပ်ကျွေးပါအံ့ဟုဆို၍ မိမိအာနုဘော်ဖြင့် ကျောင်း၌ ထားခဲ့ပြီးလျှင် မငြီးငွေ့မူ၍ ဤကျောင်း၌ သာလျှင် နေတော်မူပါကုန်လော့ဟု ဝန်ခံခြင်းကို ယူပြီးလျှင် ထိုအခါမှစ၍ မပြတ်လျှင် သရက်သီးမှည့်ဖြင့် လုပ်ကျွေး၏။ ရသေ့သည် ထိုသရက်သီးမှည့်ကို စားလျက် ကသိုဏ်းပရိကံကိုပြု၍ ဈာန် အဘိညာဉ်တို့ကို ဖြစ်စေသဖြင့် ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ထိုဒါယကာ ဒါယိကာမတို့အား ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ အချို့ကုန်သောသူတို့သည် သောတာပန် ဖြစ်ကုန်၏။ အချို့ကုန်သော သူတို့သည် သကဒါဂါမ် ဖြစ်ကုန်၏။ အချို့ကုန်သော သူတို့သည် အနာဂါမ် ဖြစ်ကုန်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ဒါယကာတို့- ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ မြစ်စောင့်နတ်သမီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

လက်ဆောင်တံစိုး၊ စားသည့်ကျိုး၊ ဖြစ်ရိုး ပြိတ္တာပြည်

ရှေးဦးစွာသော ကိံဆန္ဒဇာတ်သည် ပြီး၏။

*****