ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၁၂။ ကုမ္ဘဇာတ် (၂)
842ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၅၁၂။ ကုမ္ဘဇာတ် (၂)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်

တိံသနိပါတ်

၂။ ကုမ္ဘဇာတ်

သေရည်သေရက် စတင်ဖြစ်ပေါ်လာခြင်း အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ကော ပါတုရာသိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကုမ္ဘဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဝိသာခါ ဒါယိကာမ၏ အဆွေခင်ပွန်း ဖြစ်ကုန်သော သေသောက်ကုန်သော ငါးရာကုန်သော မိန်းမတို့ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားသည် မှန်၏။ သာဝတ္ထိပြည်၌ သေသောက်ပွဲသဘင် ကြွေးကြော်သည်ရှိသော် ထိုငါးရာကုန်သော မိန်းမတို့သည်လည်း မိမိတို့လင်အား ပွဲသဘင် ကစားပြီးသောအဆုံး၌ ထက်စွာသော သုရာကိုစီရင်၍ ပွဲသဘင်ကို ကစားကုန်အံ့ဟု ဆိုကုန်လတ်သော် ဤပွဲသဘင်သည် သောက်ပွဲသဘင်တည်း၊ ငါသည် သုရာကို မသောက်ဟု ဆိုလတ်သော် သင်တို့သည် ဘုရားသခင်အား အလှူပေးကုန်လော့၊ ငါတို့မူကား ပွဲသဘင်ကစားကုန်အံ့ဟု ဆိုကုန်၏။ ထိုဝိသာခါသည် ကောင်းပြီဟု ဝန်ခံ၍ ထိုအဆွေခင်ပွန်းဖြစ်သော မိန်းမငါးရာတို့ကို လွှတ်လိုက်ပြီးလျှင် သဗ္ဗညူ မြတ်စွာဘုရားကို ပင့်ဘိတ်၍ အလှူကြီးပေး၍ များစွာကုန်သော ပန်း, နံ့သာတို့ကို လက်စွဲလျက် ညချမ်းသောအခါ တရားတော်ကို နာခြင်းငှါ ထိုငါးရာသော မိန်းမအပေါင်း ခြံရံလျက် ဇေတဝန်ကျောင်းတော်သို့ သွား၏။

ထိုမိန်းမတို့သည်ကား သုရာကို သောက်ကုန်လျက် ဝိသာခါနှင့်တကွ သွားကုန်၍ တံခါးမုတ်၌ ရပ်ကုန်လျှက် သုရာကို သောက်ကုန်လျှက်လျှင် ဝိသာခါနှင့်တကွ မြတ်စွာဘုရားအထံသို့ လာကုန်၏။ ဝိသာခါသည် မြတ်စွာဘုရားကို ရှိခိုး၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေ၏။ ငါးရာကုန်သော မိန်းမတို့တွင် အချို့ကုန်သော မိန်းမတို့သည် မြတ်စွာဘုရားရှေ့တော်၌ ကကုန်၏။ အချို့ကုန်သော မိန်းမတို့သည် သီချင်းကို သီကုန်၏။ အချို့ကုန်သော မိန်းမတို့သည် လက်ကို လှုပ်ကုန်၏။ အချို့ကုန်သော မိန်းမတို့သည် ခြေကိုလှုပ်ကုန်၏။ အချို့ကုန်သော မိန်းမတို့သည် ငြင်းခုံခြင်းကို ပြုကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ထိုသုရာယစ်ကုန်သော မိန်းမတို့အား ထိတ်လန့်ခြင်းကို ဖြစ်စိမ့်ငှာ မျက်မှောင်တော်အမွေးမှ ညိုသော ရောင်ခြည်တော်ကို လွှတ်တော်မူ၏။ အမိုက်သည် ဖြစ်၏။ ထိုမိန်းမတို့သည် အလွန်ထိတ်လန့်ကုန်၏။ သေဘေးမှ ကြောက်ကုန်၏။ ထို့ကြောင့် ထိုမိန်းမတို့အား သုရာယစ်ခြင်းသည် ပြေ၏။ သဗ္ဗညူမြတ်ဘုရားသည် နေတော်မူရာ ပလ္လင်မှ ကွယ်တော်မူခဲ့ပြီးလျှင် မြင်းမိုရ်တောင်ထိပ်၌ ရပ်တော်မူ၏။ ဥဏ္ဏလုံ မွေးရှင်တော်မှ ရောင်ခြည်တော်ကို လွှတ်တော်မူ၏။ လ- တထောင်, နေ- တထောင် ထွက်သကဲ့သို့ ဖြစ်၏။ မြတ်စွာဘုရားသည် ထိုမြင်းမိုရ်တောင်ထိပ်၌ ရပ်တော်မူလျက်လျှင် ထိုမိန်းမတို့အား ထိတ်လန့်ခြင်း ဖြစ်စိမ့်သောငှာ-

ကိံနု ဟောသော ကိမာနန္ဒော၊ နိစ္စံ ပဇ္ဇလိတေ သတိ
အန္ဓကာရေန သွနဒ္ဓါ၊ ပဒီပံ န ဂဝေသထ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

ဥပါသိကာယော၊ ဒါယိကာမတို့။ တုမှာကံ၊ သင်တို့အား။ နိစ္စံ၊ အမြဲ။ ပဇ္ဇလိတေ၊ ရာဂအစရှိသော မီးဖြင့် တောက်လောင်သည်။ သတိ၊ ရှိလျက်။ ကိံ၊ အဘယ့်ကြောင့်။ ဟောသော နု၊ ရွှင်မြူးကြသနည်း။ ကိံ၊ အဘယ့်ကြောင့်။ အာနန္ဒော နု၊ နှစ်သက်ဝမ်းမြောက်ကြသနည်း။ အန္ဓကာရေန၊ မောဟတည်းဟူသော အမိုက်တိုက်ဖြင့်။ ဩနဒ္ဓါ၊ မြှေးယှက်အပ်ကုန်သော။ တုမှေ၊ သင်တို့သည်။ ပဒီပံ၊ ပညာတည်းဟူသော ဆီမီးကို။ န ဂဝေသထ၊ မရှာကြကုန်သနည်း။

ဤဂါထာကို ဟောတော်မူသော အဆုံး၌ ထိုငါးရာကုန်သော မိန်းမတို့သည်လည်း သောတာပတ္တိဖိုလ်၌ တည်ကုန်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ ဂန္ဓကုဋိအရိပ်ဝယ် ဘုရားနေရာတော်၌ နေတော်မူ၏။ ထိုအခါ မြတ်စွာဘုရားကို ဝိသာခါသည် ရှိခိုး၍ ဘုန်းတော်ကြီးသော အရှင်ဘုရား- အရှက်အကြောက်ကို ဖျက်ဆီးတတ်သော ဤသေသောက်ခြင်းသည် အဘယ်ကာလမှစ၍ ဖြစ်ပါသနည်းဟု မေးလျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် ဝိသာခါအား ထို အကြောင်းကို ဟောတော်မူလိုသည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဝိသာခါ- လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ကာသိတိုင်း၌ နေသော သုရာမည်သော မုဆိုးတယောက်သည် ဆင်စွယ်, စာမရီမြီး အစရှိသော ဥစ္စာရှာခြင်းငှါ ဟိမဝန္တာသို့ သွား၏။ ထိုဟိမဝန္တာ၌ တခုသော သစ်ပင်သည် အထက်သို့ရောက်၍ တရပ်တသူရှိသော အရပ်၌ ခက်မသုံးခု ရှိ၏။ ထို သစ်ပင်၏ ခက်မသုံးခုတို့၏ အကြား၌ အိုးစရည်း ပမာဏရှိသော အခေါင်းသည် ရှိ၏။ ထိုအခေါင်းသည် မိုဃ်းရွာသည်

ရှိသော် ရေဖြင့် ပြည့်၏။ ထိုသစ်ပင်ကို ရံ၍ သဖန်းခါး ပင်သည်၎င်း၊ ရှစ်ရှားပင်သည်၎င်း၊ ငြုတ်ချိုပင်သည်၎င်း ရှိ၏။ ထိုသဖန်းခါး, ရှစ်ရှား, ငြုတ်တို့ အသီးအမှည့်တို့သည် ကြွေ၍ ထိုသစ်ပင်အခေါင်း၌ ကျကုန်၏။ ထိုသစ်ပင်၏ အနီး၌ အလိုလိုသာလျှင်ဖြစ်သော သလေးခင်းသည် ရှိ၏။ ထိုသလေးခင်းမှ ကျေးငှက်တို့သည် သလေးနှံတို့ကိုယူ၍ ထိုသစ်ပင်၌နေ၍ စားကုန်၏။ စားကုန်သော ထိုကျေးငှက်တို့၏ကျသော သလေးစပါးတို့သည်၎င်း, သလေးဆန်တို့သည်၎င်း ထိုသစ်ပင်အခေါင်း၌ ကျကုန်၏။ ဤသို့ ထိုရေသည် နေပူဖြင့်ကျက်၍ အရည်သည် နီသောအဆင်းရှိသည်ဖြစ်၍ နွေလအခါ၌လည်း ရေငတ်ကုန်သော ငှက်တို့သည် ထိုရေကို သောက်ကုန်သဖြင့် ယစ်ကုန်၍လျှင် အထက်သို့ပျံ၍ သစ်ပင်ရင်း၌ ကျကုန်၏။ အတန်ငယ် အိပ်ပျော်၍ တွန်မြူးကုန်လျက် သွားကုန်၏။ သစ်ပင်ထက်၌ ခွေး, မျောက် အစရှိသည်တို့လည်း ဤနည်းဖြင့်လျှင် ဖြစ်ကုန်၏။

မုဆိုးသည် ထိုအခြင်းအရာကို မြင်၍ ဤရေသည် အဆိပ်သည် အကယ်၍ ဖြစ်ငြားအံ့၊ ဤသတ္တဝါတို့သည် သေကုန်ရာ၏။ စင်စစ်သော်ကား ဤသတ္တဝါတို့သည် အတန်ငယ် အိပ်ပျော်၍ အလိုရှိရာသို့ သွားကုန်၏။ ဤရေသည် အဆိပ်မဟုတ်ဟု ကြံ၍ အတန်ငယ်ယူ၍ မိမိသည်လည်း သောက်၍ ယစ်သည်ဖြစ်၍ အမဲကို စားလိုသည်ဖြစ်၍ ထို့နောင်မှ မီးကိုညှိ၍ သုရာယစ်သဖြင့် သစ်ပင်ရင်း၌ ကျကုန်သော ခါ, ကြက် အစရှိသည်တို့ကို သတ်၍ အသားကို မီးကျီးတို့၌ကင်၍ လက်တဘက်ဖြင့် ကိုင်၍ အမဲကင်ကို စားလျက် လက်တဘက်ဖြင့် ထိုရေကို သောက်လျက် တရက်နှစ်ရက် ထိုအရပ်၌ သာလျှင် နေ၏။ ထိုသစ်ပင်မှ မနီးမဝေးသော အရပ်၌ ဝရုဏမည်သော ရသေ့တယောက်သည် နေ၏။ မုဆိုးသည် တပါးသောအခါ၌လည်း ထိုရသေ့၏ အထံသို့ ရောက်ဘူး၏။ ထိုသို့ ရောက်ဘူးသောကြောင့် ထိုမုဆိုးအား ဤသို့သော အကြံသည် ဖြစ်၏။ ဤအဖျော်ကို ရသေ့နှင့်တကွ ငါသောက်အံ့ဟု အကြံဖြစ်၏။ ဤသို့ အကြံဖြစ်ပြီး၍ ထိုမုဆိုးသည် တခုသော ဝါးကျည်တောက်ကို ပြည့်စေပြီးလျှင် အမဲကင်နှင့်တကွ ဆောင်ယူ၍ ကျောင်းသို့ဝင်၍ အရှင်ဘုရား- ဤအဖျော်ကို သောက်တော်မူကုန်လော့ဟု ဆို၍ နှစ်ယောက်ကုန်သော မုဆိုး, ရသေ့တို့သည်လည်း အမဲကင်ကို စားလျက် သောက်ကုန်၏။ ဤသို့လျှင် သုရာမည်သော မုဆိုးသည်၎င်း, ဝရုဏမည်သော ရသေ့သည်၎င်း မြင်သည်ဖြစ်သောကြောင့် ထိုအဖျော်အား သုရာ ဟူ၍၎င်း၊ ဝရုဏ ဟူ၍၎င်း အမည်သည် ဖြစ်၏။

ထိုနှစ်ယောက်ကုန်သော သုရာမုဆိုး, ဝရုဏ ရသေ့တို့သည်လည်း တခုသော အကြောင်းသည် ရှိ၏ဟု ကြံ၍ ဝါးကျည်တောက်ကို ပြည့်စေပြီးလျှင် ထမ်းပိုးဖြင့်ထမ်း၍ ပစ္စန္တရစ်မြို့သို့ သွားကြလျက် သေကို ပြုတတ်ကုန်သော သူတို့သည် လာကုန်၏ဟု မင်းအား ကြားလေစေကုန်၏ မင်းသည် ခေါ်စေ၏။ ထိုသုရာမုဆိုး, ဝရုဏရသေ့တို့သည် ထိုမင်းအား သေကို ဆက်ကုန်၏။ မင်းသည် နှစ်ကြိမ် သုံးကြိမ်သောက်၍ ယစ်၏။ ထိုမင်းအား ထိုသေသည် တရက်နှစ်ရက် သောက်လောက်ရုံမျှသာ ရှိသည်ဖြစ်၏။ ထိုအခါ မုဆိုး, ရသေ့တို့ကို တပါးသော သေသည်လည်း ရှိသေး၏လောဟု မေး၏။ အရှင်မင်းကြီး- ရှိပါသေး၏ဟု ဆိုကုန်လတ်သော် အဘယ်အရပ်၌ ရှိသနည်းဟု မေး၏။ အရှင်မင်းကြီး- ဟိမဝန္တာ၌ ရှိပါကုန်၏ဟု ဆိုကုန်လတ်သော် ထိုသို့တပြီးကား ဆောင်ကြကုန်လော့ဟု ဆို၏။ ထိုမုဆိုး-ရသေ့တို့သည် သွား၍ နှစ်ကြိမ်မြောက် ဆောင်ယူပြီးလျှင် မပြတ်သွား၍ ဆောင်ယူခြင်းငှါ မတတ်နိုင်ကုန်လတ္တံ့ဟု ကြံ၍ သေ၏ အဆောက်အဦတို့ကို မှတ်ခဲ့ပြီးလျှင် ထိုသစ်ပင်၏ အခေါက်ကို အစပြု၍ အလုံးစုံသော သေ၏ အဆောက်အဦတို့ကို ထည့်၍ မြို့၌ သေကို ပြုကုန်၏။ မြို့သူတို့သည် သေကိုသောက်၍ မေ့လျော့ခြင်းသို့ ရောက်ကုန်သဖြင့် ဆင်းရဲကုန်၏။ မြို့သည် သုဉ်းသကဲ့သို့ ဖြစ်၏။

သေလုပ်တတ်သော မုဆိုး-ရသေ့တို့သည် ထိုမြို့မှ ပြေးကုန်၍ ဗာရာဏသီမြို့သို့ ရောက်ကုန်လျှင် သေလုပ်တတ်သော သူတို့သည် လာကုန်၏ဟု မင်းအား ကြားစေကုန်၏။ မင်းသည် ခေါ်စေ၍ စားနပ်ရိက္ခာကို ပေး၏။ ထိုဗာရာဏသီ

မြို့၌လည်း သုရာကို ပြုကုန်၏။ ထိုဗာရာဏသီမြို့၌လည်း ထိုရှေးအတူသာလျှင် ပျက်စီး၏။ ထိုဗာရာဇာသီပြည်မှ ပြေးလေ၍ သာကေတပြည်သို့ ရောက်ကုန်၏။ သာကေတပြည်မှ သာဝတ္ထိပြည်သို့ ရောက်ကုန်၏။ ထိုအခါ သာဝတ္ထိပြည်၌

သဗ္ဗမိတ္တမည်သော မင်းသည် မင်းပြု၏။ ထိုမင်းသည် ထိုမုဆိုး- ရသေ့တို့အား သင်္ဂြိုဟ်ထောက်ပံ့ခြင်းကို ပြုပြီးလျှင် သင်တို့သည် အဘယ်ကို အလိုရှိကုန်သနည်းဟု မေး၍ သေ၏ အဆောက်အဦဖြစ်သော အမြစ်အခေါက်ကို၎င်း, သလေးမုံ့ညက်ကို၎င်း, အိုးစရည်းကြီး ငါးရာတို့ကို၎င်း အလိုရှိ၏ဟု ဆိုလတ်သော် ထိုအလုံးစုံကို ပေးစေ၏။

ထိုမုဆိုး-ရသေ့တို့သည် အိုးစရည်းကြီး ငါးရာတို့၌ သေကိုထည့်၍ ကြွက်တို့ သောက်မည်စိုးသောကြောင့် သေအိုးကို စောင့်စိမ့်သောငှါ တလုံးတလုံးသော အိုး၏အနီး၌ တခု တခုစီသော ကြောင်ကို ချည်ကုန်၏။ ထိုကြောင်တို့သည်

သုရာကျက်၍ အထက်သို့ ဝေသောအခါ အိုးနံပါး၌ ယိုစီးသောသေကို သောက်ကုန်သဖြင့် ယစ်ကုန်၍ အိပ်ပျော်ကုန်၏။ ကြွက်တို့သည် လာလတ်ကုန်၍ ထိုကြောင်တို့၏ နား, နှာခေါင်း, အစွယ် အမြီးတို့ကို စား၍ သွားကုန်၏။ ကြောင်တို့သည် သေကိုသောက်၍ သေကုန်၏ဟု မှူးမတ်တို့သည် မင်းအား ကြားလျှောက်ကုန်၏။ မင်းသည် ထိုမုဆိုး, ရသေ့တို့သည် အဆိပ်ကိုပြုသည် ဖြစ်ကုန်လတ္တံ့ဟု နှစ်ယောက်သောသူတို့၏ ဦးခေါင်းကို ဖြတ်စေ၏။ ထိုနှစ်ယောက်သော သူတို့သည် အရှင်မင်းကြီး အလွန်ချိုမြိန်၏ဟု ဆိုမြည်တမ်းကုန်လျက် သေကုန်၏။

မင်းသည် ထိုသူတို့ကို သတ်ပြီး၍ သေအိုးတို့ကို ခွဲလေကုန်ဟု စေ၏။ ကြောင်တို့သည် သုရာအယစ် ပြေကုန်သည်ရှိသော် ထ၍ ကစားမြူးတူးလျက် သွားကုန်၏။ ထိုသို့ သွားကုန်သော ကြောင်တို့ကိုမြင်၍ မင်းအား ကြားလျှောက်ကုန်၏။ မင်းသည် အကယ်၍ အဆိပ်ဖြစ်အံ့၊ ထိုကြောင်တို့သည် သေကုန်ရာ၏။ အလွန် ချိုမြိန်မြတ်သည်သာလျှင် ဖြစ်ရာ၏။ ထိုသေကို ငါသောက်အံ့ဟု ကြံ၍ မြို့ကို တန်ဆာဆင်စေပြီးလျှင် မင်းယင်ပြင်၌ မဏ္ဍပ်ကို ဆောက်လုပ်စေ၍ တန်ဆာဆင်အပ်သော မဏ္ဍပ်၌ ကောင်းစွာဆောက်အပ်သော ထီးဖြူရှိသော ရာဇပလ္လင်၌ နေ၍ မှူးမတ်အပေါင်း ခြံရံလျက် သေကို သောက်အံ့သောငှါ အားထုတ်၏။ ထိုအခါ သိကြားနတ်မင်းသည် အဘယ်သူသည် အမိအဘကို လုပ်ကျွေးခြင်း အစရှိသည်တို့၌ မမေ့မလျော့သနည်း၊ သုံးပါး အပြားရှိသော သုစရိုက်တရားတို့ကို ဖြည့်သနည်းဟု လူ့ပြည်ကို ကြည့်လတ်သော် သေသောက်အံ့သောငှာ နေသော ထိုမင်းကိုမြင်၍ ဤမင်းသည် သေကို အကယ်၍ သောက်အံ့၊ ဤသို့ သောက်သည်ရှိသော် အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်းကြီးသည် ပျက်စီးလတ္တံ့၊ အကြင်အခြင်းဖြင့် ပြုသည်ရှိသော် မင်းသည် သေကို မသောက်လတ္တံ့၊ ထိုအခြင်းဖြင့် ထိုမင်းကို ငါပြုအံ့ဟု ကြံ၍ သေဖြင့်ပြည့်သော အိုးတလုံးကို လက်ဝါးပြင်၌ထား၍ ပုဏ္ဏားအသွင်ဖြင့် လာလတ်ပြီးလျှင် မင်း၏ရှေးရှုဖြစ်သော။ ကောင်းကင်၌ရပ်၍ ဤအိုးကို ဝယ်ကြကုန်လော့ဟု ဆို၏။ သဗ္ဗမိတ္တမင်းသည် ထိုအခြင်းဖြင့်ဆိုလျက် ကောင်းကင်၌ တည်သော ထိုသိကြားမင်းကိုမြင်၍ ပုဏ္ဏား- အဘယ်အရပ်မှ လာသနည်းဟု မေး၍ ထိုသိကြားမင်းနှင့်တကွ စကားပြောလိုရကား-

၃၃။ ကော ပါတု ရာသိ တိဒိဝါ နဘမှိ၊
ဩဘာသယံ သံဝရိ စန္ဒိမာဝ။
ဂတ္တေဟိ တေ ရသ္မိယော နိစ္ဆရန္တိ၊
သတေရိတာ ဝိဇ္ဇုရိဝန္တလိက္ခေ။
၃၄။ သော ဆိန္နဝါတံ ကပ္ပသိ အဃသ္မိံ၊
ဝေဟာယသံ ဂစ္ဆသိ တိဋ္ဌသိ စ။
ဣဒ္ဓိ နု တေ ဝတ္ထုကတာ သုဘာဝိတာ၊
အနဒ္ဓဂူန မပိ ဒေဝတာနံ။
၃၅။ ဝေဟာယယံ ဂမ္မ မာဂမ္မ တိဋ္ဌသိ စ၊
ကုမ္ဘံ ကိဏာထာတိ ယမေတမတ္ထံ။
ကော ဝါ တုဝံ ကိဿ ဝတာယံ ကုမ္ဘော၊
အက္ခာဟိ မေ ဗြာဟ္မဏ ဧတမတ္ထံ။

ဟူသော ဤသုံးဂါထာတို့ကို ဆို၏။

၃၃။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ ကော၊ အဘယ်အရပ်မှ။ အာဂတော၊ လာသည်။ အာသိ၊ ဖြစ်သနည်း။ ကိံ၊ အသို့နည်း။ တိဒိဝါ၊ တာဝတိံသာ နတ်ပြည်မှ။ အာဂန္တွာ၊ လာလတ်၍။ နဘမှိ၊ ကောင်းကင်၌။ ပါတု၊ ထင်ရှားဖြစ်သည်။ အာသိ၊ ဖြစ်သနည်း။ သံဝရိ၊ ညဉ့်၌။ ဩဘာသယံ၊ ထွန်းပသော။ စန္ဒိမာဝ၊ လကဲ့သို့။ အန္တလိက္ခေ၊ ကောင်းကင်၌။ သတေရိတာ၊ သတေရိတမည်သော။ ဝိဇ္ဇုရိဝ၊ လျှပ်စစ်ကဲ့သို့။ တေ၊ သင်၏။ ဂတ္တေဟိ၊ ကိုယ်တို့မှ။ ရသ္မိယော၊ အရောင်တို့သည်။ နိစ္ဆရန္တိ၊ ထွက်ကုန်၏။

၃၄။ ဗြာဟ္မဏ၊ ပုဏ္ဏား။ သော တွံ၊ ထိုသင်သည်။ အဃသ္မိံ၊ ကောင်းကင်၌။ ဆိန္နဝါတံ၊ ပြတ်သော လေရှိသည်ကို။ ကပ္ပသိ၊ ဖြစ်စေ၏။ ဝေဟာယသံ၊ ကောင်းကင်၌။ ဂစ္ဆသိ စ၊ သွားလည်း သွား၏။ တိဋ္ဌသိ စ၊ ရပ်လည်း ရပ်၏။ တတ္ထ၊ ထိုကောင်းကင်၌။ အနဒ္ဓဂူနံ၊ ခြေဖြင့် ခရီးကို မသွားကုန်သော။ ဒေဝတာနံ၊ နတ်တို့၏။ ယာ ဣဒ္ဓိ၊ အကြင်တန်ခိုးသည်၎င်း။ တေ၊ သင်၏။ သုဘာဝိတာ၊ ကောင်းစွာ ပွားစေအပ်သော။ ယာပိ ဣဒ္ဓိ၊ အကြင် တန်ခိုးသည်၎င်း။ အတ္ထိ၊ ရှိ၏။ တာယ၊ ထိုတန်ခိုးဖြင့်။ ဝတ္ထုကတာ နု၊ တည်ရာကဲ့သို့ပြုအပ်သလော။

၃၅။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ဝေဟာယသံ၊ ကောင်းကင်၌ ဖြစ်သော။ ဂမ္မံ၊ ခြေဖြင့် နင်းသွားခြင်းကို။ အာဂမ္မ၊ စွဲ၍။ တိဋ္ဌသိ-တိဋ္ဌမာနော၊ ရပ်သော။ တုဝံ၊ သင်ကား။ ကော ဝါ၊ အဘယ်သူနည်း။ ဧတမတ္ထံ၊ ထိုအကြောင်းကို။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားလော့။ ကုမ္ဘံ၊ အိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။ ဣတိ၊ ဤသို့။ ယံ အတ္ထံ၊ အကြင်အကြောင်းကို။ မေ၊ ငါ့အား။ ဝဒေသိ၊ သင်ဆို၏။ တံ အတ္ထံ၊ ထိုအကြောင်းကို။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားလော့။ တေ၊ သင်၏။ အယံ၊ ဤအိုးသည်။ ကိဿ၊ အဘယ်ဝတ္ထု၏။ ကမ္ဘော၊ အိုးနည်း။

ထို့နောင်မှ သိကြားသည် မြတ်သောမင်းကြီး - ထိုသို့တပြီးကား နာလော့ဟုဆို၍ သုရာသောက်ခြင်း အပြစ်တို့ကို ပြလိုရကား-

၃၆။ န သပ္ပိကုမ္ဘော နာပိ တေလကုမ္ဘော၊
ဖာဏိတဿ မဓုရဿ ကုမ္ဘော။
ကုမ္ဘဿ ဝဇ္ဇာနိ အနပ္ပကာနိ။
ဒေါသေ ဗဟူ ကုမ္ဘဂတေ သုဏာထ။
။ လ။
၅၉။ န ယိမသ္မိံ ကုမ္ဘသ္မိံ ဒဓိမဓုဝါ၊
ဧဝံ အဘိညာယ ကိဏာဟိ ရာဇ။
ဧဝံ ဟိ မံ ကုမ္ဘဂတံ မယာ တေ၊
အက္ခာတရူပံ တဝ သဗ္ဗမိတ္တ။

ဟူသော ဤနှစ်ဆယ့်လေးဂါထာတို့ကို ဆို၏။

၃၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အယံ၊ ဤအိုးသည်။ န သပ္ပိကုမ္ဘော၊ ထောပတ်အိုးလည်း မဟုတ်။ နာပိ တေလကုမ္ဘော၊ ဆီအိုးလည်း မဟုတ်။ ဖာဏိတဿ၊ တင်လဲ၏။ ကုမ္ဘော၊ အိုးသည်။ ၊ မဟုတ်။ မဓုရဿ၊ ပျား၏။ ကုမ္ဘော၊ အိုးသည်။ ၊ မဟုတ်။ ကုမ္ဘဿ၊ အိုး၏။ ဝဇ္ဇာနိ၊ အပြစ်တို့သည်။ အနပ္ပကာနိ၊ များကုန်၏။ ဗဟူ၊ များစွာကုန်သော။ ကုမ္ဘဂတေ၊ အိုး၌ဖြစ်ကုန်သော။ ဒေါသေ၊ အပြစ်တို့ကို။ သုဏာထ၊ နာကုန်လော့။

၃၇။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်၍။ ဂစ္ဆာ၊ သွားသည်ရှိသော်။ ဂလေယျ၊ ဘဝါးလှမ်းတိုင်းလှမ်းတိုင်း လဲရာ၏။ ပပတံ၊ ကမ်းပါးပြတ်သို့၎င်း။ သောဗ္ဘံ၊ တွင်းသို့၎င်း။ ဂုဟံ၊ လိုဏ်ခေါင်းသို့၎င်း။ စန္ဒနိယံ၊ ညွန်စေးရွံ့သို့၎င်း။ ဩဠိဂလ္လံ၊ ဆန်ဆေးရေ စသည်တို့ကို သွန်ရာခရီးသို့၎င်း။ ပတေ၊ ကျရာ၏။ အဘောဇနေယျံ၊ မစားသင့်သော ဝတ္ထုကို။ ဗဟုံပိ၊ များစွာလည်း။ ဘုဉ္ဇေယျ၊ စားမိရာ၏။ ယာ ကုမ္ဘိ၊ အကြင်အိုးသည်။ ဧဝရူပါ၊ ဤသို့သဘောရှိ၏။ တဿာ ကုမ္ဘိယာ၊ ထိုအိုး၏။ ဝဇ္ဇာနိ၊ အပြစ်တို့ကို။ သုဏာထ၊ နာကုန်လော့။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်။

၃၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ စိတ္တသ္မိံ၊ စိတ်၌။ အနေသမာနော၊ အစိုးမရသည်ဖြစ်၍။ ဘက္ခသာရီ၊ အဟောင်းဖြစ်သော မြက်ဖတ်ကို စားသော။ ဂေါရိဝ၊ နွားကဲ့သို့။ ဧဝရူပေါ၊ ဤသို့သဘောရှိ၏။ အနာထမာနောဝ၊ ကိုးကွယ်ရာမရှိသော သူကဲ့သို့။ အာဟိဏ္ဍတိ၊ လည်တတ်၏။ ဥပဂါယတိ စ၊ သီလည်း သီတတ်၏။ နစ္စတိ စ၊ ကလည်း ကတတ်၏။ ယာ သုရာ၊ အကြင်သေသည်။ ဧဝရူပါ၊ ဤသို့ သဘောရှိ၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

၃၉။ မဟာရာဇ၊ မင်းကြီး။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ အစေလောဝ၊ တက္ကတွန်းကဲ့သို့။ နဂ္ဂေါ၊ အဝတ်မဝတ်ဘဲ။ ဂါမေ၊ ရွာ၌၎င်း။ ဝိသိခန္တရာနိ၊ လမ်းခရီးအလယ်သို့၎င်း။ စရေယျ၊ သွားမိရာ၏။ သံမူဠှစိတ္တော၊ တွေဝေသော စိတ်ရှိသည်ဖြစ်၍။ အတိဝေလသာယိ၊ အတိုင်းအရှည်ထက် လွန်စွာအိပ်ခြင်းသို့ ရောက်ရာ၏။ တဿာ၊ ထိုများသော အပြစ်ရှိသောသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

၄၀။ မဟာရာဇ၊ မင်းကြီး။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဥဋ္ဌာယ၊ ထ၍။ ပဝေဓမာနော၊ တုန်လှုပ်လျက်။ သီသဉ္စ၊ ဦးခေါင်းကို၎င်း။ ဗာဟုံ စ၊ လက်ရုံးကို၎င်း။ ပစာလယန္တော၊ လှုပ်လျက်။ သော၊ ထိုသေသောက်သော သူသည်။ ဒါရုကဋလ္လကောဝ၊ သစ်သားဖြင့် လုပ်အပ်သော ယန္တရားရုပ်ကဲ့သို့။ နစ္စတိ၊ က၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

၄၁။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ အဂ္ဂိဒဍ္ဎာ၊ မီးလောင်ကုန်လျက်။ သယန္တိ၊ အိပ်ရကုန်၏။ အထော၊ ထိုမှတပါး။ သိင်္ဂါလေဟိ၊ မြေခွေးတို့သည်။ ခါဒိတာ၊ စားအပ်ကုန်သည်ဖြစ်၍။ အာသေ-အာသေယျုံ၊ နေကုန်ရာ၏။ ဗန္ဓံ၊ နှောင်ဖွဲ့ခြင်းသို့၎င်း။ ဝဓံ၊ သတ်ပုတ် ညှဉ်းဆဲခြင်းသို့၎င်း။ ဘောဂဇာနိံ၊ စည်းစိမ် ယုတ်ခြင်းသို့၎င်း။ ဥပေန္တိ၊ ရောက်ကုန်၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

၄၂။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ သဘာယံ၊ သဘင်၌။ အဘာသနေယျံ၊ မဆိုအပ်သော စကားကို။ ဘာသေယျ၊ ဆိုမိရာ၏။ အပေတဝတ္ထော၊ အဝတ်မှကင်းသည်။ သမာနော၊ ဖြစ်လျက်။ ဝန္တဂတော၊ မိမိအန်ဖတ်၌ လဲသည်ဖြစ်၍။ သမက္ခိတော၊ အန်ဖတ်ဖြင့် လိမ်းကျံလျက်။ ဗျသန္နော၊ နစ်သောအဖြစ်သို့ ရောက်သည်ဖြစ်၍။ သယတိ၊ အိပ်ရ၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

၄၃။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ ဥက္ကဋ္ဌော၊ ငါကား အလွန်မြတ်သော သူတည်း ငါနှင့်တူသောသူ မရှိဟု။ ဘာသေယျ၊ ကြုံးဝါး ပြောဆိုရာ၏။ အာဝိလကျခော၊ နီသောမျက်စိရှိသည်ဖြစ်၏။ သဗ္ဗပထဝီ၊ အလုံးစုံသော မြေသည်။ မမေဝ၊ ငါ၏သာလျှင်။ ပထဝီ၊ မြေတည်း။ မေ၊ ငါနှင့်။ သမော၊ တူသော။ စတုရန္တော၊ သမုဒြာလေးစင်း အပိုင်းအခြားရှိသောမြေ၌ အစိုးရသော။ ရာဇာပိ၊ မင်းသည်လည်း။ နတ္ထိ၊ မရှိ။ ဣတိ၊ ဤသို့။ မညေ၊ ထင်မှတ်တတ်၏။ တဿာ၊ ထိုသို့သော သေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

၄၄။ ယာ သုရာ၊ အကြင်သေသည်။ မာနာတိမာနာ၊ ပကတိသောမာန် အလွန်သော မာန်မူခြင်းတို့ကို ပြုတတ်၏။ ကလဟာနိ၊ ငြင်းခုံခြင်းတို့ကိုလည်း ပြုတတ်ကုန်၏။ ပေသုဏီ၊ ဂုံးတိုက် ချောပစ်ခြင်းကိုလည်း ပြုတတ်ကုန်၏။ ဒုဗ္ဗဏ္ဏိနီ၊ အဆင်းမလှခြင်းကိုလည်း ပြုတတ်၏။ နဂ္ဂိနီ၊ အဝတ်မရှိသည်ကိုလည်း ပြုတတ်၏။ ပလာယိနီ၊ ပြေးခြင်းကိုလည်း ပြုတတ်၏။ စောရာနံ၊ သူခိုးတို့၏၎င်း။ ဓုတ္တာနံ၊ သေသောက်ကြူးတို့၏၎င်း။ ဂတိ၊ ရောက်ရာလည်းဖြစ်၏။ နိကေဆတာ၊ နေရာလည်း ဖြစ်၏။ တဿာ၊ ထိုသို့သော အပြစ်ရှိသော သေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

၄၅။ လောကေ၊ လူ့ပြည်၌။ ဣဒ္ဓါနိ၊ ပြည့်စုံကုန်သော။ ဖီတာနိ၊ အဝတ်တန်ဆာ ထက်ဝန်းကျင် ဥစ္စာတို့ဖြင့် ပွင့်လန်းကုန်သော။ အနေကသဟဿဓနာနိ၊ အထောင်မက များစွာသော ဥစ္စာရှိကုန်သော။ ယာနိ ကုလာနိ၊ အကြင်အမျိုးတို့သည်။ အာသုံ၊ ဖြစ်ကုန်၏။ တာနိ ကုလာနိ၊ ထိုအမျိုးတို့ကို။ ဣမာယ၊ ဤသေသည်။ ဥစ္ဆိန္နဒါယဇ္ဇကတာနိ၊ ပြတ်သော အမွေခံရှိသည်တို့ကို ပြုတတ်ကုန်၏။ တဿာ၊ ထိုသို့သော အပြစ်ရှိသော သေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

၄၆။ ယံ၊ အကြင်အမျိုးကို။ နိဿာယ၊ မှီ၍။ ယတ္ထ၊ အကြင်အမျိုး၌။ ဓညံ၊ စပါးသည်၎င်း။ ဓနံ၊ ဥစ္စာသည်၎င်း။ ရဇတံ၊ ငွေသည်၎င်း။ ဇာတရူပံ၊ ရွှေသည်၎င်း။ ခေတ္တံ၊ လယ်သည်၎င်း။ ဂဝံ၊ နွားသည်၎င်း။ ပတိဋ္ဌိတာ၊ တည်ကုန်၏။ တတ္ထ၊ ထိုအရပ်၌။ တဿ၊ ထိုအမျိုး၏။ ဗဟူနိ၊ များစွာကုန်သော ဥစ္စာတို့သည်။ ဣမာယ၊ ဤသေကြောင့်။ ဝိနာသယန္တိ၊ ပျက်စီးကုန်၏။ ကုလာနံ၊ အမျိုးတို့၏။ ဥစ္ဆေဒနိဝိတ္တဂတံ၊ ပြတ်ခြင်း ဥစ္စာမရှိခြင်းသို့ ရောက်ခြင်းကို။ ဣမာယ၊ ဤသေသည်။ ကတံ၊ ပြုအပ်၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

၄၇။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ ပေါသော၊ ယောက်ျားသည်။ ဒိတ္တရူပေါဝ၊ မာန်ဆောင်တတ်သော သဘောရှိသည် ဖြစ်၍လျှင်။ မာတရဉ္စ၊ အမိကို၎င်း။ ပိတရဉ္စ၊ အဖကို၎င်း။ အက္ကောသတိ၊ ဆဲရေးမိတတ်၏။ သသူပိ၊ ယောက္ခမ မိန်းမသူကိုလည်း။ ဂဏှေယျ၊ ကိလေသာ၏ အစွမ်းဖြင့် ဆွဲငင်မိရာ၏။ အထော၊ ထိုမှတပါး။ သုဏှမ္ပိ၊ ချွေးမကိုလည်း။ ဂဏှေယျ၊ ကိလေသာ၏ အစွမ်းဖြင့် ဖမ်းမိရာ၏။ တဿာ၊ ထိုသို့သော အပြစ်ရှိသော သေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

၄၈။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ နာရီ၊ မိန်းမသည်။ ဒိတ္တရူပါဝ၊ စောင်းမာန်တက်သော သဘောရှိသည် ဖြစ်၍လျှင်။ သသုရဉ္စ၊ ယောက္ခမ ယောက်ျားသူကို၎င်း။ သာမိကဉ္စ၊ လင်ကို၎င်း။ အက္ကောသတိ၊ ဆဲရေးမိတတ်၏။ ဒါသံပိ၊ မိမိကျွန်ကိုသော်လည်း။ ဂဏှေယျ၊ ကိလေသာ၏ အစွမ်းဖြင့် လင်ထင်မှတ်၍ ဖမ်းငင်မိရာ၏။ ပရိစာရိကံပိ၊ အလုပ်အကျွေးဖြစ်သော သူကိုလည်း။ ဂဏှေယျ၊ ကိလေသာ၏ အစွမ်းဖြင့် ဆွဲငင်မိရာ၏။ တဿာ၊ ထိုသို့သော အပြစ်ရှိသော သေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

၄၉။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ ပေါသော၊ ယောက်ျားသည်။ ဓမ္မေ၊ မြတ်သော အကျင့်တရား၌။ ဌိတံ၊ တည်သော။ သမဏံ ဝါ၊ ရဟန်းကို၎င်း။ ဗြာဟ္မဏံ ဝါ၊ ပုဏ္ဏားကို၎င်း။ ဟနေယျ၊ သတ်ပုတ်ညှဉ်းဆဲရာ၏။ တတော နိဒါနံ၊ ထိုသို့ သတ်ပုတ် ညှဉ်းဆဲခြင်းဟူသော အကြောင်းကြောင့်။ အပါယမှိ၊ အပါယ်လေးပါးသို့။ ဂစ္ဆေယျ၊ ရောက်ရာ၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

၅၀။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ ကာယေန စ၊ ကိုယ်ဖြင့်၎င်း။ ဝါစာယ စ၊ နှုတ်ဖြင့်၎င်း။ စေတသာ စ၊ စိတ်ဖြင့်၎င်း။ ဒုစ္စရိတံ၊ မကောင်းသော အကျင့်ကို။ စရန္တိ၊ ကျင့်မိတတ်ကုန်၏။ ဒုစ္စရိတံ၊ မကောင်းသော အကျင့်ကို။ စရိတွာ၊ ကျင့်မိသောကြောင့်။ နိရယံ၊ ငရဲသို့။ ဝဇန္တိ၊ ရောက်ရကုန်၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

၅၁။ ပုဗ္ဗေ၊ ရှေး၌။ သုရံ၊ သေကို။ အပိဝန္တံ၊ မသောက်သော။ ယံ ပုရိသံ၊ အကြင်ယောက်ျားကို။ ဗဟုံ၊ များစွာသော။ ဟိရညံ၊ ရွှေကို။ ပရိစ္စဇန္တော၊ ပေးကုန်လျက်။ အလီကံ၊ မဟုတ်မမှန်သောစကားကို။ ဘဏ၊ သင်ဆိုလော့။ ဣတိ၊ ဤသို့ဆိုကုန်၍။ ယာစမာနာပိ၊ တောင်းပန်ကုန်သော်လည်း။ န လဘန္တိ၊ မရကုန်။ တံ၊ ထိုသေကို။ ပိဝိတွာ၊ သောက်ပြီး၍။ ဌိတာ၊ တည်သော။ သော၊ ထိုယောက်ျားသည်။ အလီကံ၊ မဟုတ်မမှန်သော စကားကို။ ဘဏတိ၊ ဆိုတတ်၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

၅၂။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ ပေသနေ၊ စေပါးဘွယ်၌။ ပေသိယန္တော၊ စေသည်ရှိသော်။ အစ္စာယိကေ၊ အဆောတလျင် ပြုအပ်သော။ ကရဏီယမှိ၊ ပြုဘွယ်ကိစ္စသည်။ ဇာတေ၊ ဖြစ်လတ်သည်ရှိသော်။ ကေန၊ အဘယ်အကြောင်းကြောင့်။ အာဂတော၊ လာသနည်း။ ဣတိ၊ ဤသို့။ ဝုတ္တေ၊ ဆိုအပ်သော်။ သော၊ ထိုသေသောက်သောသူသည်။ အတ္ထံပိ၊ မှာလိုက်သော စကားအနက်မျှကိုလည်း။ န ပဇာနာတိ၊ မသိ။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

၅၃။ ဟိရိမနာပိ၊ ရှက်ကြောက်တတ်ကုန်သော သူတို့သည်လည်း။ မဒနာယ၊ သေဖြင့်။ မတ္တာ၊ ယစ်ကုန်သည်ဖြစ်၍။ အဟိရိကဘာဝံ၊ အရှက်အကြောက်ကင်းသော အဖြစ်ကို။ ပါတုကရောန္တိ၊ ထင်ရှားပြုတတ်ကုန်၏။ ဓီရာ၊ ပညာရှိတို့သည်။ သန္တာပိ၊ ရှိကုန်လျက်လည်း။ ဗဟုကံ၊ များစွာသော စကားကို။ ဘဏန္တိ၊ ဆိုမိတတ်ကုန်၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို ကိဏာထ၊ ဝယ်ကြကုန်လော့။

၅၄။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ ဧကတူပါ၊ ဝက်သူငယ်တို့ကဲ့သို့ အမျိုးယုတ်သော သူနှင့်တကွ တပေါင်းတည်း ဖြစ်ကုန်၍။ သယန္တိ၊ အိပ်ကုန်၏။ အနာသကာ၊ ကင်းသော အာဟာရရှိကုန်သည်ဖြစ်၍။ တဏ္ဍိလဒုက္ခသေယဉ္စ၊ မြေ၌ ဆင်းရဲစွာသော အိပ်ခြင်းသို့၎င်း။ ဒုဗ္ဗဏ္ဏိယဉ္စ၊ အဆင်း မလှခြင်းသို့၎င်း။ အာယသတျဉ္စ၊ ကဲ့ရဲ့ခြင်းသို့၎င်း။ ဥပေန္တိ၊ ရောက်ကုန်၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

၅၅။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ ပတ္တက္ခန္ဓာ၊ ငိုက်ဆိုက်ကျသော လည်ရှိသည်ဖြစ်၍။ ကူဋဟတာ၊ လည်၌ဖွဲ့အပ်သော ယန္တရားဖြင့် ညှဉ်းဆဲအပ်ကုန်သော။ ဂါဝေါ ဣဝ၊ နွားတို့ကဲ့သို့။ သယန္တိ၊ အိပ်ကုန်၏။ ဝါရုဏိယာ၊ သေ၏။ ဝေဂေါ ဣဝ၊ အဟုန်ကဲ့သို့။ နရေ၊ လူတို့ကို။ သုသဟော၊ ပြင်းစွာ နှိပ်စက်တတ်သော။ ဝေဂေါ၊ အဟုန်သည်။ န ဟိ အတ္ထိ၊ မရှိသလျှင်ကတည်း။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

၅၆။ ယံ သုရံ၊ အကြင်သေကို။ ဃောရဝိသံ၊ ပြင်းသော အဆိပ်ရှိသော။ သပ္ပံ ဣဝ၊ မြွေကဲ့သို့။ မနုဿာ၊ လူတို့သည်။ ဝိဝဇ္ဇန္တိ၊ ရှောင်ကြဉ်ကုန်၏။ လောကေ၊ လူ့ပြည်၌။ ဝိသသမာနံ၊ အဆိပ်နှင့်တူသော။ တံ သုရံ၊ ထိုသေကို။ ကော နရော၊ အဘယ်သူသည်။ ပါတုံ၊ သောက်ခြင်း။ အရဟတိ၊ ထိုက်အံ့နည်း။

၅၇။ မဟာရာဇ၊ မြတ်သော မင်းကြီး။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ ဝေ၊ စင်စစ်။ အဏ္ဍကဝေဏ္ဍပုတ္တာ၊ အဏ္ဍကဝေဏ္ဍသား ဖြစ်ကုန်သော တကျိပ်ကုန်သော မင်းညီနောင်တို့သည်။ သမုဒ္ဒတီရေ၊ သမုဒြာကမ်းနား၌။ ပရိဝါရယန္တာ၊ ခြံရံကုန်လျှက်။ မုသလေဟိ၊ ကျည်ပွေ့တို့ဖြင့်။ အညမညံ၊ အချင်းချင်း။ ဥပက္ကမုံ၊ ရိုက်ပုတ်ကြကုန်၏။ တဿာ၊ ထိုသေဖြင့်။ ပုဏ္ဏံ၊ ပြည့်သော။ ဣမံ ကုမ္ဘံ၊ ဤအိုးကို။ ကိဏာထ၊ ဝယ်ကြကုန်လော့။

၅၈။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယံ၊ အကြင်သေကို။ ပိဝိတွာ၊ သောက်သောကြောင့်။ သမာယာ၊ မယားနှင့်တကွကုန်သော။ ပုဗ္ဗဒေဝါ၊ အသုရာနတ်တို့သည်။ ဝေ၊ စင်စစ်။ ပမတ္တာ၊ သေယစ်ကုန်သည်ဖြစ်၍။ သဿတိယာ၊ နှစ်လ ရှည်လျားသောကြောင့် မြဲသည်ဟု သမုတ်အပ်သော။ တိဒိဝါ၊ တာဝတိံသာ နတ်ပြည်မှ။ စုတာ၊ ရွေ့လျော့၍ ကျကုန်၏။ တာဒိသံ၊ ထိုသို့ သဘောရှိသော။ ဣမံ မဇ္ဇံ၊ ဤသေကို။ တံ၊ ထိုသေသည်။ နိရတ္ထကံ၊ အကျိုးမရှိ။ ဣတိ၊ ဤသို့။ ဇာနံ-ဇာနန္တော၊ သိသော သင်မင်းကြီးသည်။ ကထံ၊ အဘယ်ကြောင့်။ ပိဝေယျ၊ သောက်အံ့နည်း။

၅၉။ သဗ္ဗမိတ္တ၊ သဗ္ဗမိတ္တ အမည်ရှိတော်မူသော။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣမသ္မိံ၊ ဤသို့ သဘောရှိသော။ ကုမ္ဘသ္မိံ၊ အိုး၌။ ဒဓိ ဝါ၊ နိုခမ်းသည်၎င်း။ မဓုဝါ၊ ပျားသည်၎င်း။ ၊ မဟုတ်။ ဧဝံ၊ ဤသို့ အပြစ်များသော အဖြစ်ကို။ အဘိညာယ၊ သိ၍။ ကိဏာဟိ၊ ဝယ်လော့။ ဧဝံဟိ၊ ဤသို့လျှင်။ ကုမ္ဘဂတံ၊ အိုး၌တည်သော အဖြစ်ကို။ တဝ၊ ရှင်မင်းကြီးအား။ မယာ၊ ငါသည်။ အက္ခာတရူပံ၊ သဘောအားဖြင့် ကြားအပ်ပြီ။

ထိုစကားကိုကြား၍ သဗ္ဗမိတ္တမင်းကြီးသည် သုရာ၏အပြစ်ကို သိသဖြင့် နှစ်သက်သည်ဖြစ်၍ သိကြားမင်းအား ချီးမွမ်းလိုရကား-

၆၀။ န မေ ပိတာ ဝါ အထဝါပိ မာတာ၊
ဧတာဒိသာ ယာဒိသကော တုဝံသိ။
ဟိတာနုကမ္ပီ ပရမတ္ထကာမော၊
သောဟံ ကရိဿံ ဝစနံ တဝဇ္ဇ။
၆၁။ ဒဒါမီ တေ ဂါမဝရာနိ ပဉ္စ၊
ဒါသီသတံ သတ္တဂဝံ သတာနိ။
အာဇညယုတ္တေ စ ရထေ ဒသိမေ။
အာစရိယော ဟောသိ မမတ္ထကာမော။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၆၀။ ဗြာဟ္မဏ၊ ပုဏ္ဏား။ မေ၊ ငါ၏။ ပိတာ ဝါ၊ အဖသည်၎င်း။ အထ၊ ထို့မြို့။ မာတာပိ ဝါ၊ အမိသည်၎င်း။ ဧတာဒိသာ၊ ထိုသို့ သဘောရှိကုန်သည်။ န ဟောန္တိ၊ မဖြစ်ကုန်။ ယာဒိသကော၊ အကြင်သို့ သဘောရှိသော။ တုဝံ၊ သင်သည်။ မေ၊ ငါ၏။ ဟိတာနုကမ္ပီ၊ အစီးအပွားကို အလိုရှိသည်။ အသိ၊ ဖြစ်၏။ တာဒိသာ၊ ထိုသို့ သဘောရှိသော။ တုဝံ၊ သင်သည်။ မေ၊ ငါ၏။ ပရမတ္ထကာမော၊ မြတ်သောအကျိုးကို အလိုရှိသည်။ အသိ၊ ဖြစ်၏။ သော အဟံ၊ ထိုငါသည်။ အဇ္ဇ၊ ယခုအခါ၌။ တဝ၊ သင်၏။ ဝစနံ၊ စကားကို။ ကရိဿံ၊ လိုက်နာပါအံ့။

၆၁။ ဗြာဟ္မဏ၊ ပုဏ္ဏား။ ပဉ္စဂါမဝရာနိ၊ အခွန်တသိန်းထွက်သော ငါးရွာတို့ကို၎င်း။ ဒါသီသတံ၊ ကျွန်မတရာကို၎င်း။ သတ္တဂဝံ သတာနိ၊ ခုနစ်ရာသော နွားတို့ကို၎င်း။ အာဇညယုတ္တေ၊ အာဇာနည်မြင်း က, ကုန်သော။ ဣမေဒသ ရထေ စ၊ ဤဆယ်စီးကုန်သော ရထားတို့ကို၎င်း။ တေ၊ သင့်အား။ အဟံ၊ ငါသည်။ ဒဒါမိ၊ ပေး၏။ တွံ၊ သင်သည်။ မမ၊ ငါ၏။ အတ္ထကာမော၊ အကျိုးစီးပွားကို အလိုရှိသော။ အာစရိယော၊ ဆရာသည်။ အဟောသိ၊ ဖြစ်ပေ၏။

ထိုစကားကိုကြား၍ သိကြားမင်းသည် နတ်၏ ကိုယ်အဖြစ်ကိုပြ၍ မိမိကိုယ်ကို သိစိမ့်သောငှါ ကောင်းကင်၌ ရပ်၍ မိမိအား ပေးသောဆုကို ပယ်သဖြင့် ထိုမင်းအား အဆုံးအမကို ပေးလိုရကား-

၆၂။ တဝေဝ ဒါသီသတ မတ္ထု ရာဇ။
ဂါမာ စ ဂါဝေါ စ တဝေဝ ဟောန္တု။
အာဇညယုတ္တာ စ ရထာ တဝေဝ၊
သက္ကောဟမသ္မိ တိဒသာန မိန္ဒော။
၆၃။ မံသောဒနံ သပ္ပိပါယာသံ ဘုဉ္ဇ၊
ခါဒဿု စ တံ့ မဓုနာ သ ပူဝေ။
ဧဝံ တုဝံ ဓမ္မရတော ဇနိန္ဒ၊
အနိန္ဒိတော သဂ္ဂ မုပေဟိ ဌာနံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၆၂။ ရာဇ၊ မင်းမြတ်။ ဒါသီသတံ၊ သင်မင်းမြတ်၏ ကျွန်မတရာသည်။ တဝေဝ၊ သင်မင်းမြတ်အားသာလျှင်။ အတ္ထု၊ ဖြစ်စေသတည်း။ ဂါမာ စ၊ ရွာငါးရွာတို့သည်၎င်း။ ဂါဝေါ စ၊ ခုနစ်ရာသော နွားတို့သည်၎င်း။ တဝေဝ၊ သင်မင်းမြတ်အားသာလျှင်။ ဟောန္တု၊ ဖြစ်စေကုန်လော့။ အာဇည ယုတ္တရထာ စ၊ အာဇာနည်မြင်းကသော ရထားတို့သည်လည်း။ တဝေဝ၊ သင်မင်းမြတ်အားသာလျှင်။ ဟောန္တု၊ ဖြစ်စေကုန်လော့။ အဟံ၊ ငါသည်။ တိဒသာနံ၊ တာဝတိ့သာနတ်တို့ကို။ ဣန္ဒော၊ အစိုးရသော။ သက္ကော၊ သိကြားမင်းသည်။ အသ္မိ၊ ဖြစ်၏။

၆၃။ ဇနိန္ဒ၊ လူတို့ကို အစိုးရတော်မူသော မင်းမြတ်။ တွံ၊ သင်မင်းမြတ်သည်။ မံသောဒနံ၊ သားပြွမ်းထမင်းကို၎င်း။ သပ္ပိပါယာသံ၊ ဃနာထမင်းကို၎င်း။ ဘုဉ္ဇ၊ စားလော့။ မဓုနာ၊ ပျားနှင့်။ သဟ၊ တကွ။ ပူဝေ စ၊ မုံ့တို့ကို၎င်း။ ခါဒဿု၊ စားလော့။ ဧဝံ၊ ဤသို့ အထူးထူးသော မြတ်သောအရသာရှိသော ခဲဘွယ် ဘောဇဉ်ကိုစား၍ သေသောက်ခြင်းမှ ကြဉ်ရှောင်လျက်။ ဓမ္မရတော၊ သုစရိုက်တရား၌ မွေ့လျော်သည်ဖြစ်၍။ အနိန္ဒိတော၊ မကဲ့ရဲ့အပ်သည်ဖြစ်၍။ တုဝံ၊ သင်မင်းမြတ်သည်။ သဂ္ဂံ၊ ရူပါရုံစသည်ဖြင့် မြတ်သော။ ဌာနံ၊ နတ်ပြည်သို့။ ဥပေဟိ၊ ကပ်လော့။

ဤသို့လျှင် သိကြားနတ်မင်းသည် ထိုသဗ္ဗမိတ္တမင်းအား အဆုံးအမကို ပေးပြီးလျှင် မိမိနေရာ တာဝတိ့သာ နတ်ရွာသို့လျှင် သွားလေ၏။ ထိုသဗ္ဗမိတ္တ မင်းသည်လည်း သုရာကို မသောက်မူ၍ သုရာအိုးတို့ကို ခွဲစေပြီးလျှင် သီလကို ဆောက်တည်၍ အလှူပေးသဖြင့် နတ်ပြည်သို့ လား၏။ ဇမ္ဗူဒိပ်ကျွန်း အလုံး၌လည်း အစဉ်သဖြင့် သေသောက်ခြင်းသည် ပြန့်ပွားခြင်းသို့ ရောက်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ ဝိသခါ- ယခုအခါ အာနန္ဒာသည် ထိုအခါ သဗ္ဗမိတ္တမင်း ဖြစ်ဘူးပြီ၊ ယခုအခါ ဘုရားသည်လျှင် ထိုအခါ သိကြားနတ်မင်း ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

နှစ်ခုမြောက်ဖြစ်သောကုမ္ဘဇာတ်သည် ပြီး၏။

*****