779ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၂။ ကုမ္ဘဃောသကသေဋ္ဌိဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

အပ္ပမာဒဝဂ်

၂။ ကုမ္ဘဃောသက သူဌေးသားဝတ္ထု

ဥဋ္ဌာနဝတောအစရှိသော ဤတရားဒေသနာကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကုမ္ဘဃောသက သူဌေးသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကုမ္ဘဃောသကသူဌေးသား အသံနှင့် ဗိမ္ဗိသာရမင်းကြီး၏ အသိဉာဏ်

ရာဇဂြိုဟ်ပြည်၌ ရာဇဂြိုဟ်သူဌေးအိမ်တွင် ယင်နာသည် ဖြစ်ပေါ်လေ၏။ ထိုယင်နာ ဖြစ်သည်ရှိသော် ယင်တို့ကို အစပြု၍ နွားတိုင်အောင် တိရစ္ဆာန်ဖြစ်သော သတ္တဝါတို့သည် ရှေးဦးစွာ သေကြကုန်၏။ ထို့နောင်မှ ကျွန်အမှုလုပ်, အလုံးစုံတို့နောက်မှ အိမ်ရှင်တို့ သေကြကုန်၏။ ထို့ကြောင့် ထိုယင်နာရောဂါသည် အလုံးစုံသော သူတို့နောက်၌ သူဌေးကြီးနှင့် သူဌေးကတော်ကြီးတို့ကို ကိုင်ဖမ်း(စွဲကပ်)လေ၏။ ထိုသူဌေးကြီးနှင့် သူဌေးကတော်ကြီးတို့သည် ယင်နာ တွေ့ကုန်လတ်သော် မိမိတို့အထံ၌ရှိသော သားကို ကြည့်၍ ပြည့်သော မျက်ရည်ရှိသော မျက်လုံးတို့ဖြင့် “ချစ်သား- ဤယင်နာ ဖြစ်သည်ရှိသော် နံရံကို ဖောက်ခွဲ၍ ထွက်ပြေးသောသူတို့သာ အသက်ကို ရကုန်သတတ်၊ သင်သည်လည်း ငါတို့ကိုမကြည့်မူ၍ ထွက်ပြေးပြီးလျှင် အသက်ရှည်သည်ရှိသော် တစ်ဖန်ပြန်လာ၍ ငါတို့ ဤမည်သောအရပ်၌ ကုဋေလေးဆယ်သော ဥစ္စာတို့ကို မြှုပ်ထားအပ်ကုန်၏။ ထိုဥစ္စာတို့ကို ဖော်ထုတ်၍ အသက်မွေးရစ်လေလော့”ဟု သားငယ်ကို မှာထားပြောကြားလေ၏။ သူဌေးသားလည်း ထိုမိဘတို့၏စကားကို ကြားရလျှင် မရွှင်သောမျက်နှာဖြင့် ငိုကြွေးမြည်တမ်းလျက် မိဘနှစ်ပါးတို့ကို ရှိခိုး၍ သေဘေးမှကြောက်သောကြောင့် နံရံကိုဖောက်ခွဲကာ ထွက်ပြေးပြီးလျှင် တောင်တောထူထပ် ရှုပ်ထွေးရာသို့သွား၍ တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး ထိုအရပ်၌နေ၍ တစ်ဖန်ပြန်လာလေ၏။ ထိုသို့ပြန်လာသောအခါ သူဌေးသားကို ငယ်သောအခါက ထွက်သွား၍ ဆံပင်မုတ်ဆိတ်တို့ ပေါက်ရောက်ရှည်လျားသောအခါမှ ပြန်လာသောကြောင့် တစ်စုံတစ်ယောက်သောသူမျှလည်း မမှတ်မိလေ။

သူဌေးသား လုလင်သည်လည်း မိဘနှစ်ပါးတို့ ပေးအပ်သောအမှတ်ဖြင့် ဥစ္စာထားရာအရပ်သို့ သွားရောက်၍ ပစ္စည်းဥစ္စာ၏ မပျက်မစီးရှိသည်အဖြစ်ကိုသိလျှင် “ငါ့ကို တစ်စုံတစ်ယောက်သောသူသည် မမှတ်မိ (မသိ)၊ ငါသည် ဥစ္စာကိုဖော်ထုတ်၍ သုံးဆောင်သည်ဖြစ်အံ့၊ “သူဆင်းရဲတစ်ယောက် ရွှေအိုးကို ဖော်ထုတ်၏”ဟု ငါ့ကိုဖမ်း၍ ရိုက်ပုတ်ညှဉ်းဆဲကုန်ရာ၏၊ ငါသည် သူတစ်ပါး၏ အခစားပြုလုပ်၍ အသက်မွေးရမူကား ကောင်းလေစွ”ဟု ကြံဆင်ခြင်၏။ ထို့နောက် ပုဆိုးပိုင်းတစ်ထည်ကိုဝတ်၍ “အခစားနားပေးသဖြင့် ခိုင်းစေခြင်းငှာ အလိုရှိသော တစ်စုံတစ်ယောက်သောသူ ရှိပါသလော”ဟု မေးမြန်းလျက် အခစာအမှုကို ပြုလေ့ရှိသောသူတို့၏ ခရီးလမ်းမသို့ ရောက်သွားလေ၏။ ထိုအခါ ထိုလုလင်ကို အခစားအမှု ပြုလုပ်လေ့ရှိသောသူတို့ မြင်၍ “ငါတို့၏ တစ်ခုသောအမှုကို ပြုလုပ်သည်ဖြစ်အံ့၊ သင့်အား ထမင်းရိက္ခာကို ပေးကုန်အံ့”ဟု ဆိုကြလေကုန်၏၊ “အဘယ်အမှုပါနည်း”ဟု မေးမြန်းလျှင် “အိပ်ရာမှ နိုးကြားအောင် တိုက်တွန်းနှိုးဆော်ရသောအမှုတည်း၊ ထိုအမှုကို စွမ်းဆောင်နိုင်မူ နံနက်စောစောကလျှင်ထ၍ “ဖခင်တို့- ထကြပါကုန်လော့၊ လှည်းတို့ကို ကကြ, ပြင်ကြပါကုန်လော့၊ နွားတို့ကို ယှဉ်ကကြပါကုန်လော့၊ ဆင်,မြင်းတို့ မြက်အလို့ငှာ သွားချိန်တန်ပါပြီ၊ မိခင်တို့- အသင်တို့သည်လည်း ထကြပါကုန်လော့၊ ယာဂု ကျိုကြပါကုန်လော့၊ ထမင်းချက်ကြပါကုန်လော့၊” ဤသို့ အစရှိသည်ဖြင့် လှည့်လည်ကာ ပြောကြားရမည်”ဟု ပြောဆိုကြကုန်၏။ ထိုသူဌေးသား လုလင်သည် “ကောင်းပါပြီ”ဟု ဝန်ခံလေ၏။ ထိုအခါ ထိုလုလင်နေရန် အိမ်တစ်ဆောင်ကို ပေးကြလေကုန်၏။ ထိုလုလင်သည်လည်း နေ့တိုင်းနေ့တိုင်း ထိုအမှုကို ပြုလုပ်လေ၏။

ထိုအခါ တစ်နေ့သ၌ ဗိမ္ဗိသာရမင်းကြီးသည် ထိုကုမ္ဘဃောသကလုလင်၏ အသံကို ကြားရလေ၏။ ထိုဗိမ္ဗိသာရမင်းသည်ကား အလုံးစုံသောသူတို့၏ အသံကို သိတတ်သော သဘောရှိ၏။ ထို့ကြောင့် “ဤအသံသည် များသော ဥစ္စာရှိသော ယောက်ျားတစ်ယောက်၏ အသံဖြစ်သည်”ဟု ဆိုလေ၏။ ထိုအခါ ဗိမ္ဗိသာရမင်း၏ အထံ၌နေသော တစ်ယောက်သော နန်းတွင်းသူ အလုပ်အကျွေးမောင်းမသည် “မင်းကြီးသည်ကား ဟုတ်ဟုတ်ငြားငြား (တော်စွာ လျော်စွာ) စကားကို မဆိုလတ္တံ့၊ ငါသည် ဤသူ့အကြောင်းကို သိခြင်းငှာ သင့်၏”ဟု ကြံ၍ “အမောင်သွားပါချေ။ ထိုသူ့အကြောင်းကို သိအောင် ပြုချေလော့”ဟု မင်းချင်း တစ်ယောက်ကို စေလွှတ်လိုက်လေ၏။ မင်းချင်းယောက်ျားလည်း လျင်စွာသွား၍ ထိုကုမ္ဘဃောသကလုလင်ကို မြင်လျှင် ပြန်လာ၍ “ဤသူကား အခစားအမှု ပြုလေ့ရှိကုန်သောသူတို့၏ အခဖြင့်ပြုသော အထီးကျန်သူ ယောက်ျားတစ်ယောက်တည်း”ဟု လျှောက်ကြားလေ၏။ မင်းကြီးသည်လည်း ထိုမင်းချင်းယောက်ျား စကားကိုကြားလျှင် ဆိတ်ဆိတ်နေလျက် နှစ်ရက်မြောက်သော နေ့၌လည်းကောင်း၊ သုံးရက်မြောက်သော နေ့၌လည်းကောင်း ထိုလုလင်၏အသံကို ကြားပြန်လျှင် ရှေးအတူသာလျှင် မိန့်ဆိုပြန်လေ၏။ ထိုနန်းတွင်းသူ အလုပ်အကျွေး မောင်းမလည်း ရှေးအတူကြံ၍ အဖန်တလဲလဲ စေလွှတ်သော် “ဤသူကား အထီးကျန်သော သူဆင်းရဲ”ဟူ၍သာ ဆိုသဖြင့် နန်းတွင်းသူ အလုပ်အကျွေး မောင်းမသည် ဤသို့ကြံစည်လေ၏။ “မင်းကြီးသည် ဤသူကား အထီးကျန်သော သူဆင်းရဲဟု ဆိုသော စကားကို ကြားသော်လည်း ယုံကြည်တော်မမူ၊ အဖန်တလဲလဲလျှင် ဤအသံသည် များသော ဥစ္စာရှိသော ယောက်ျားတစ်ယောက်၏ အသံဖြစ်သည်ဟု မိန့်ဆိုတော်မူ၏။ ဤမင်းကြီးဆိုသော စကား၌ အကြောင်းရှိတန်ရာ၏၊ ဟုတ်မှန်သော သဘောအတိုင်း ဤယောက်ျား၏ အကြောင်းကို သိခြင်းငှာ သင့်၏”ဟု ကြံစည်လေ၏။

ကုမ္ဘဃောသကအား သားသမက်ဖမ်း ပရိယာယ်

ထို့နောက်မှ နန်းတွင်းသူ အလုပ်အကျွေး မောင်းမသည် “အရှင်မင်းကြီး- ဘုရားကျွန်မသည် အသပြာ တစ်ထောင်ကို ရပါမူကား သမီးတော်ကိုခေါ်သွား၍ ထိုဥစ္စာကို မင်းအိမ်တော် ရွှေတိုက်သို့ သွင်းပါအံ့”ဟု မင်းကြီးကို သံတော်ဦးတင်လေ၏။ မင်းကြီးသည် ထိုမောင်းမအား အသပြာ တစ်ထောင်ကို ပေးစေ၏။ ထိုမောင်းမလည်း ထိုအသပြာတစ်ထောင်ကို ယူပြီးလျှင် သမီးတော်ကို ညစ်နွမ်းသော သဘောရှိသော ထဘီအဝတ်တစ်ထည်ကို ဝတ်စေလျက် သမီးတော်နှင့်တကွ နန်းတော်မှထွက်ခဲ့၍ ခရီးသွားသူတို့ ဖြစ်လေဟန် အခစားအမှုပြုသောသူတို့၏ လမ်းမခရီးသို့သွား၍ အိမ်တစ်အိမ်သို့ ဝင်ပြီးလျှင် “မိခင်- ကျွန်မတို့သည် ခရီးသွားတို့ ဖြစ်ပါသဖြင့် တစ်ရက်နှစ်ရက်ခန့်လောက် ဤအိမ်၌ အပန်းဖြေပြီးမှ သွားပါရစေ”ဟု ဆိုလေ၏။ “ချစ်သမီး- ဤအိမ်၌ အိမ်သူအိမ်သား များကုန်၏။ နေခြင်းငှာ မစွမ်းနိုင်၊ ကုမ္မဃောသက၏အိမ်ကား လူမရှိ၊ ထိုကုမ္ဘဃောသကအိမ်သို့ သွားကြကုန်လော့”ဟု အိမ်ရှင်က ဆိုသည်ရှိသော် ထိုမောင်းမလည်း ကုမ္ဘဃောသက အိမ်သို့ သွား၍ “အရှင်- ကျွန်မတို့သားအမိနှစ်ယောက်သည် ခရီးသွား ဧည့်သည်ဖြစ်ပါသဖြင့် တစ်ရက် နှစ်ရက်မျှ ဤအိမ်၌ နေပါရစေ”ဟု ပန်ကြားပြောဆိုပြီးလျှင် အဖန်တလဲလဲ တားမြစ်အပ်သော်လည်း “အရှင်- ယနေ့ တစ်နေ့မျှနေ၍ နံနက်စောစော သွားပါအံ့”ဟု ဆိုလျက် ထွက်ခွာဖဲသွားခြင်းငှာ အလိုမရှိလေဘဲ ထိုမောင်းမသည် ထိုအိမ်၌ပင် တည်းခိုနေထိုင်၍ တစ်ဖန် မိုးသောက်သော နေ့၌ ကုမ္ဘဃောသက တောသို့ သွားအံ့သောအခါ “အရှင့်သား- သင်၏ဝမ်းစာ ဆန်ရိက္ခာကို ပေးထားခဲ့၍ သွားပါ၊ သင့်ဖို့ အာဟာရကိုချက်၍ ထားနှင့်ပါအံ့”ဟု ဆိုလေ၏။

“မိခင်- အလိုမရှိပါ၊ ကျွန်တော်ပင် ချက်၍ စားပါမည်”ဟု ကုမ္ဘဃောသကဆိုလတ်သော် အဖန်တလဲလဲ တောင်းပန်၍ မေတ္တာကြိုး ထုံးဖွဲ့အောင်ဆိုခြင်းကြောင့် ထိုကုမ္ဘဃောသသည် ပေးအပ်သည်ရှိသော် ယူကာမျှကိုသာလျှင်ပြု၍ အိမ်ဈေးမှ အိုးခွက်တို့ကိုလည်းကောင်း၊ သန့်ရှင်းစင်ကြယ်သော ဆန်အစရှိသည်တို့ကိုလည်းကောင်း ဆောင်စေ၍ နန်းတော်တွင်း မင်းအိမ်၌ ချက်သောနည်းဖြင့် အလွန်သန့်ရှင်းစင်ကြယ်သော ထမင်းကိုလည်းကောင်း၊ ကောင်းမွန် မြိန်မြတ်သော အရသာရှိသော နှစ်မျိုးသုံးမျိုးသော လက်သုပ်ဟင်းလျာတို့ကိုလည်းကောင်း ဖွယ်ဖွယ်ရာရာ ချက်ထားပြီးမှ အမှုလုပ်ရာ တောမှ ရောက်လာသော ကုမ္ဘဃာသက လုလင်အား ပြုပြင်၍ ပေးလေ၏။ ထိုအခါ မွန်မြတ်သော ခဲဖွယ်ဘောဇဉ် ဟင်းလျာတို့ကို စားသောက်ရသဖြင့် ပျော့ပျောင်းသိမ်မွေ့သောစိတ်သို့ ရောက်သော ထိုကုမ္ဘဃောသက လုလင်ကို “အရှင်- ကျွန်မတို့သည် ခရီးပန်းသော သဘောရှိကြပါကုန်၏၊ တစ်ရက်နှစ်ရက် ဤအိမ်၌သာလျှင် တည်းခိုကာ နေထိုင်ကြပါရစေဦး”ဟု ဆိုလေ၏။ ကုမ္ဘဃောသက လုလင်လည်း “ကောင်းပါပြီ”ဟု ဝန်ခံလေ၏။ ထို့နောက် ညချမ်းအခါ၌လည်းကောင်း၊ တစ်ဖန် မိုးသောက်သော နေ့၌လည်းကောင်း မြိန်မြတ်ကောင်းမွန်သော ထမင်းကိုချက်၍ ကုမ္ဘဃောသကလုလင်အား ပြုပြင်ကာ ပေးလေ၏။ ထိုကုမ္ဘဃောသက လုလင်၏ နူးညံ့ပျော့ပျောင်းသော စိတ်ရှိသည့်အဖြစ်ကို သိရလျှင် “အရှင်- နှစ်ရက် သုံးရက်ပတ်လုံး ဤအိမ်၌သာ တည်းခိုကာ နေထိုင်ကြပါရစေဦး”ဟု ပြောဆိုကာ နေလေ၏။ ထိုအိမ်၌နေစဉ် ထက်စွာသောဓားဖြင့် ထိုကုမ္ဘဃောသကလုလင်၏ ညောင်စောင်းနေရာ အပေါင်၏အောက် ထိုထိုအရပ်၌ လှီးဖြတ်ထားလေ၏။ ကုမ္ဘဃောသကလုလင်လာ၍ ထိုင်ကာမျှ၌ ညောင်စောင်းသည် အောက်သို့ တွဲလွဲဆွဲကာ လျှောကျလေ၏။ ကုမ္ဘဃောသက လုလင်သည် “အဘယ့်ကြောင့် ဤညောင်စောင်းသည် ဤသို့ပြတ်၍ လျှောကျသွားရသနည်း”ဟု ဆိုလေသော် “အရှင်- ကလေးသူငယ်တို့ကို တားမြစ်ခြင်းငှာ မစွမ်းနိုင်ပါကုန်၊ ဤညောင်စောင်း၌သာလျှင် စုဝေးကာ နေထိုင်ကြပါကုန်၏”ဟု ဆိုလေ၏။

“မိခင်- ကျွန်တော်အား ဤသို့သော ဆင်းရဲဒုက္ခသည် အသင်မိခင်တို့ကိုမှီ၍ ဖြစ်လေဘိသည်၊ ကျွန်တော်သည် ရှေးအခါ၌ တစ်စုံတစ်ခုသော အရပ်သို့ သွားလိုသည်ရှိသော် တံခါးကိုပိတ်၍သွားရပါသည်”ဟု ဆိုသောအခါ „အမောင်- အဘယ်သို့ ပြုရအံ့နည်း၊ တားမြစ်ခြင်းငှာ မစွမ်းနိုင်ပါ”ဟု ဆို၏။ ဤနည်းဖြင့်သာလျှင် နှစ်ရက်သုံးရက်တို့ပတ်လုံး ဆက်လက် ဖြတ်ထားခြင်းကြောင့် ကုမ္ဘဃောသကလုလင်သည် ကဲ့ရဲ့ကာ ရှုတ်ချကာ ပြောဆိုသော်လည်း ရှေးနည်းအတူသာလျှင်ဆို၍ တစ်ဖန် ကြိုးတစ်ချောင်း နှစ်ချောင်းမျှသာ ချန်ထား၍ ကြွင်းသမျှ ကြိုးတို့ကို အကုန်အစင် ဖြတ်ထားလေ၏။ ထိုနေ့၌ ကုမ္ဘဃောသက လုလင်သည် ထိုင်ကာမျှ၌သာလျှင် တစ်နေရာလုံး မြေသို့ ကျလေ၏။ ဦးခေါင်းသည် ပုဆစ်ဒူးတို့နှင့်တကွ တစ်ပေါင်းတည်းဖြစ်လေ၏။ ကုမ္ဘဃောသက လုလင်သည် ထ၍ “အဘယ်ကို ပြုရပါအံ့နည်း၊ ဤယခုအခါ၌ အဘယ်သို့ သွားရပါအံ့နည်း၊ သင်တို့သည် အိပ်ရာညောင်စောင်းကိုပင် မပိုင်သောသူတို့ကဲ့သို့ ပြုကုန်ဘိသည်တကား”ဟု ဆိုလေ၏။ “အမောင်-ငါသည် အဘယ်သို့ ပြုရပါအံ့နည်း၊ အိမ်နီးချင်း သူငယ်တို့ကို တားမြစ်ခြင်းငှာ မစွမ်းနိုင်ပါ၊ အမောင်- ရှိပါစေတော့၊ ထွေထွေရာရာ မကြံပါလင့်၊ ဤသို့သဘောရှိသော အချိန်အခါမဲ့၌ ဘယ်အရပ်သို့ သွားသင့်သနည်း”ဟု ဆို၍ သမီးကိုခေါ်ပြီးလျှင် “ချစ်သမီး- သင့်မောင်အား အိပ်စရာ နေရာအခွင့်ကို ပြုလေလော့”ဟု ဆိုလေ၏။

သတို့သမီးလည်း နံပါးတစ်ဖက်ဖြင့်အိပ်၍ “အရှင်- ဤအရပ်သို့ လာလှည့်ပါ”ဟု ဆို၏။ မိခင်ဖြစ်သောသူကလည်း ကုမ္ဘဃောသက လုလင်ကို “အမောင်- သွားပါချေ၊ နှမကလေးနှင့်အတူ အိပ်ပါလော့”ဟု ဆိုပြန်၏။ ကုမ္ဘဃောသကလုလင်သည် ထိုသတို့သမီးနှင့် အတူတကွ ညောင်စောင်းတစ်ခုတည်း၌ အိပ်သဖြင့် ထိုနေ့၌ပင်လျှင် အကျွမ်းတဝင် ရောနှောခြင်းကို ပြုမိလေရကား သတို့သမီးသည် (ထ၍) ငိုကြွေးမြည်တမ်းလေ၏။ ထိုအခါ သတို့သမီးကို မိခင်က “ချစ်သမီး- အဘယ့်ကြောင့် ငိုကြွေးမြည်တမ်းဘိသနည်း”ဟု မေးလေ၏။ “မိခင်- ဤမည်သော ဖြစ်ပုံမျိုးသည် ဖြစ်ခဲ့လေပြီ”ဟု ဆို၏။ “ချစ်သမီး- ရှိပါစေတော့၊ အဘယ်သို့သောအမှုကို ပြုခြင်းငှာ တတ်နိုင်ကောင်းတော့အံ့နည်း၊ ချစ်သမီးသည်လည်း တစ်ယောက်သော မှီခိုအားထားရာ ခင်ပွန်းလင်ကို ရခြင်းငှာ သင့်၏။ ဤလုလင်သည်လည်း တစ်ယောက်သော ခြေရင်းအလုပ်အကျွေး ဇနီးမယားကိုရခြင်းငှာ သင့်၏”ဟု ဆို၍ ကုမ္ဘဃောသကကို သားမက်ပြုလေ၏။ ထိုသူတို့သည် အညီအညွတ် ပေါင်းသင်းနေထိုင်ခြင်းဖြင့် နေထိုင်ကြလေကုန်၏။

ကုမ္ဘဃာသက ဗိမ္ဗိသာရမင်းကြီးထံ ရောက်ရပုံ

မိခင်ဖြစ်သော ထိုမောင်းမသည် နှစ်ရက်သုံးရက် လွန်မြောက်သောအခါ မင်းကြီးအထံသို့ “အရှင်မင်းမြတ်- အခစားအမှု ပြုသောသူတို့၏ ခရီးလမ်းမ၌ ပွဲသဘင် ကျင်းပကြကုန်၊ အကြင်သူ၏အိမ်၌ ပွဲသဘင်ကို မကျင်းပသည်ဖြစ်အံ့၊ ထိုသူအား ဤမျှသောဒဏ်သည် ဖြစ်စေရမည်ဟု ဆင့်ဆို ကြွေးကြော်ခြင်းကို ပြုတော်မူပါလော့”ဟု သတင်းစကားကို စေလွှတ် ပို့လိုက်လေ၏။ ဗိမ္ဗိသာရမင်းကြီးသည် ထိုမောင်းမဆိုတိုင်း ပြုစေ၏။ ထိုအခါ၌ ကုမ္ဘဃောသကကို ယောက္ခမက “ချစ်သား- အခစားအမှု ပြုသောသူတို့၏ ခရီးလမ်းမ၌ ဘုရင်မင်းမြတ်၏ အာဏာဖြင့် ပွဲသဘင်ကို ကျင်းပရမည် ဖြစ်ချေပြီ၊ အသို့ပြုကုန်ရအံ့နည်း”ဟု ဆိုလေ၏။ “မိခင်- ကျွန်တော်သည် အခစားအမှုပြုရသော်လည်း အသက်မွေးခြင်းငှာ မစွမ်းနိုင်ပါ၊ အဘယ်သို့လျှင် ပြုနိုင်ပါတော့အံ့နည်း”ဟု ဆို၏၊ „ချစ်သား- အိမ်ရာထောင်၍နေခြင်းဖြင့် နေသောသူတို့ မည်သည်ကား ကြွေးမြီကိုသော်လည်း ယူရကုန်၏။ မင်း၏အာဏာကို မပြုဘဲနေခြင်းငှာ မရအပ်၊ ယူအပ်သောကြွေးမြီမှကား အမှတ်မရှိ တစ်စုံတစ်ခုသော အကြောင်းဖြင့် လွတ်ခြင်းငှာ တတ်ကောင်း၏၊ ချစ်သား- သွားချေ၊ တစ်စုံတစ်ယောက်သောသူ၏အထံမှ တစ်ခုနှစ်ခုကုန်သော အသပြာတို့ကို ဆောင်ယူခဲ့လော့”ဟု ဆို၏။ ထိုကုမ္ဘဃောသကလုလင်သည် ကဲ့ရဲ့ငြီးတွားကာသွား၍ ကုဋေလေးဆယ်ဥစ္စာထားရာမှ တစ်သပြာကိုသာလျှင် ဆောင်ယူခဲ့လေ၏။

ထိုမောင်းမသည် ကုမ္မဃောသကလုလင်ပေးအပ်သော အသပြာကို မင်းကြီးအား ပို့စေ၍ မိမိ၏ အသပြာဖြင့် ပွဲသဘင်ကို ကျင်းပပြီးသော် တစ်ဖန် နှစ်ရက်သုံးရက် လွန်ပြန်သောအခါ ရှေးနည်းအတူသာလျှင် သတင်းစကားကို စေလွှတ်ပို့လိုက်ပြန်လေ၏။ တစ်ဖန် မင်းကြီးသည် ပွဲသဘင်ကို ကျင်းပစေကုန်သတည်း၊ မကျင်းပကုန်သော သူတို့အား ဤမျှလောက်သောဒဏ် ဖြစ်စေရမည်ဟု မင်း၏အာဏာဖြင့် စေပြန်လေ၏။ တစ်ဖန်လည်း ကုမ္ဘဃောသကကို ယောက္ခမဖြစ်သော မင်းမောင်းမသည် ရှေးနည်းအတူသာလျှင် ဆို၍ နှိပ်စက်ညှဉ်းပန်းအပ်သည်ရှိသော် ဥစ္စာထားရာအရပ်သို့ သွား၍ သုံးခုသော အသပြာတို့ကို ယူဆောင်လေ၏။ ထိုမင်းမောင်းမသည် ကုမ္မဃောသက လုလင် ဆောင်ယူခဲ့သော ထိုအသပြာတို့ကို မင်းကြီးအားပို့စေ၍ တစ်ဖန် နှစ်ရက်သုံးရက် လွန်ပြန်သောအခါ ရှေးနည်းအတူသာလျှင် သတင်းစကား စေလွှတ်ပို့လိုက်ပြီးလျှင် “ယခုအခါ၌ မင်းချင်းယောက်ျားတို့ကို စေလွှတ်၍ ဤကုမ္ဘဃောသကလုလင်ကို ခေါ်စေတော်မူပါ”ဟု မင်းကြီးကို စေခိုင်းပြန်လေ၏။ မင်းချင်းယောက်ျားတို့လည်း ထိုအရပ်သို့သွား၍ “ကုမ္ဘဃောသက မည်သောသူသည် အဘယ်သူနည်း”ဟု မေး၍ ရှာဖွေကုန်လျက် ကုမ္ဘဃောသက လုလင်ကို တွေ့မြင်သဖြင့် “အိုအချင်း- လာလှည့်၊ အသင့်ကို မင်းကြီးသည် ခေါ်တော်မူ၏”ဟု ဆိုကြကုန်၏။ ထိုကုမ္ဘဃောသက လုလင်သည် ကြောက်ရွံ့သောကြောင့် “ငါ့ကို မင်းကြီးသည် မသိ၊” ဤသို့ အစရှိသော စကားတို့ကိုဆို၍ လိုက်သွားခြင်းငှာ အလိုမရှိဘဲ နေလေ၏။

ထိုအခါ ကုမ္ဘဃောသက လုလင်ကို အနိုင်အထက်အားဖြင့် လက်စသည်တို့ကို စွဲကိုင်၍ ခေါ်ငင်ကြကုန်၏၊ ယောက္ခမဖြစ်သော မိန်းမသည် ထိုမင်းချင်းယောက်ျားတို့ကို မြင်လျှင် “အချင်း ဆိုနိုင်ခက်သော ယောက်ျားတို့- သင်တို့သည် ငါ၏ သားမက်ကို လက်စသည်တို့၌ ကိုင်စွဲခြင်းငှာ မလျောက်ပတ်ကုန်”ဟု ခြိမ်းခြောက် မောင်းမဲ၍ “ချစ်သား- လာလှည့်၊ မကြောက်လင့်၊ မင်းကြီးကိုဖူးမြင်၍ သင်၏လက်စသည်တို့ကို ကိုင်ဆွဲငင်ကုန်သော သူတို့အား လက်တို့ကိုသာလျှင် ဖြတ်စေအံ့”ဟု ဆို၍ သမီးကိုခေါ်ယူပြီးလျှင် မင်းအိမ်သို့ ရှေ့မှ သွားနှင့်ပြီးသော် အသွင်ကို လဲလှယ်၍ အလုံးစုံသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် တင့်အပ်လျောက်ပတ်သော အရပ်၌ တည်နေလေ၏။ မင်းချင်းယောက်ျားတို့သည်လည်း ကုမ္ဘဃောသက လုလင်ကို ဆွဲငင်၍ ဆောင်ယူသွားကြကုန်သည်သာတည်း။

ကုမ္ဘဃာသက သူဌေးရာထူး ရရှိခြင်း

ထိုအခါ ရှိခိုး၍ တည်နေသော ကုမ္ဘဃောသက လုလင်ကို မင်းကြီးက “သင်သည် ကုမ္ဘဃောသကမည်သောသူ ဟုတ်ပေသလော”ဟု မေးတော်မူလေ၏။ “အရှင်မင်းမြတ်- ဟုတ်ပါ၏”ဟု ဝန်ခံလျှင် “အဘယ့်ကြောင့် များစွာသော ဥစ္စာကိုသုံးဆောင်၍ မစားသောက်လေဘိသနည်း”ဟု မေးတော်မူလေ၏။ “အရှင်မင်းမြတ်- အခစားပြုလုပ်၍ အသက်မွေးရသော ဘုရားကျွန်တော်မျိုးအား များစွာသောဥစ္စာ အဘယ်မှာ ရှိပါတုံအံ့နည်း”ဟု လျှောက်တင်လေလျှင် ဗိမ္ဗိသာရမင်းကြီးက “ဤသို့ မပြုလင့်၊ အဘယ့်ကြောင့် ငါတို့ကို လှည့်ပတ်ဘိသနည်း”ဟု မိန့်ဆိုသောအခါ “အရှင်မင်းမြတ်- မလှည့်ပတ်ရပါ၊ ဘုရားကျွန်တော်မျိုးအား ဥစ္စာ မရှိပါ”ဟု လျှောက်တင်ပြန်လေ၏။ ထိုအခါ မင်းကြီးသည် ထိုကုမ္ဘဃောသကအား ထိုအသပြာတို့ကို ထုတ်ပြပြီးလျှင် “ဤအသပြာတို့သည်ကား အဘယ်သူ၏ အသပြာတို့ပေနည်း”ဟု မေးမြန်းတော်မူလေ၏။ ကုမ္ဘဃောသကသည် မှတ်မိသည်ဖြစ်၍ “ငါသည် မိုက်မှားမိလေစွတကား၊ အဘယ်သို့သော အကြောင်းဖြင့် ဤအသပြာတို့သည် မင်းကြီး၏လက်တော်သို့ ရောက်ပါလိမ့်မည်နည်း”ဟု ကြံစည်ကာ ထိုမှဤမှ ကြည့်ရှုလတ်သော် အထူးထူးသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် တိုက်ခန်းတံခါးအနီး၌ တည်နေကြကုန်သော နန်းတွင်းသူ သားအမိနှစ်ယောက်တို့ကို မြင်ရကား “ဤအမှုကား ဝန်လေးလေစွ၊ ဤမိန်းမတို့ကား ငါ့ထံသို့ မင်းကြီးစေလွှတ်အပ်သူတို့ ဖြစ်တန်ရာ၏”ဟု ကြံဆင်ခြင်မိလေ၏။

ထိုအခါ ကုမ္ဘဃောသကလုလင်ကို မင်းကြီးက “အိုအချင်း- ဆိုဘိလော့၊ အဘယ့်ကြောင့် ဤသို့ ပြုဘိသနည်း”ဟု မေးတော်မူ၏။ “အရှင်မင်းမြတ်- ဘုရားကျွန်တော်မျိုးအား မှီခိုအားထားရာ မရှိပါ”ဟု လျှောက်တင်သဖြင့် မင်းကြီးက “ငါသို့ သဘောရှိသောသူသည် အသင်၏ မှီခိုအားထားရာ ဖြစ်ခြင်းငှာ မသင့်ပြီလော”ဟု မိန့်တော်မူလေ၏။ “အရှင်မင်းမြတ်- အရှင်မင်းမြတ်သည် ဘုရားကျွန်တော်မျိုး၏ မှီခိုအားထားရာ အကယ်၍ ဖြစ်တော်မူပါကုန်အံ့၊ သင့်လျော် ကောင်းမြတ်ပါ၏”ဟု လျှောက်တင်သဖြင့် “အိုအချင်း- မှီခိုအားထားရာ ဖြစ်ပေတော့အံ့၊ သင့်အား ဥစ္စာသည် အဘယ်မျှ ရှိသနည်း”ဟု မေးတော်မူလေ၏။ “အရှင်မင်းမြတ်- ကုဋေလေးဆယ်မျှလောက် ရှိပါသည်”ဟု လျှောက်ထားသည်ရှိသော် “အဘယ်ဝတ္ထုကို ရခြင်းငှာ သင့်သနည်း”ဟု မေးတော်မူသဖြင့် „အရှင်မင်းမြတ်- လှည်းတို့ကို ရခြင်းငှာ သင့်ပါသည်”ဟု လျှောက်တင်လေ၏။

ဗိမ္ဗိသာရမင်းကြီးသည် အရာမက များစွာသော လှည်းတို့ကို ကစေပြီးလျှင် စေလွှတ်၍ ထိုဥစ္စာအားလုံးကို တင်ဆောင် ယူလာစေပြီးလျှင် မင်းရင်ပြင်၌ အစုအပုံကို ပြုစေပြီးသော် ရာဇဂြိုဟ်ပြည်၌ နေကုန်သော သူတို့ကို စည်းဝေးစေ၍ “ဤရာဇဂြိုဟ်ပြည်၌ တစ်စုံတစ်ယောက်သောသူအား ဤမျှလောက်သော ဥစ္စာသည် ရှိသလော”ဟု မေးတော်မူသဖြင့် “အရှင်မင်းမြတ်- မရှိပါ”ဟု လျှောက်ထားကုန်သည်ရှိသော် “ထိုသူအား အဘယ်သို့ ပြုခြင်းငှာ သင့်သနည်း”ဟု မေးတော်မူလေ၏။ “အရှင်မင်းမြတ်- ပူဇော်သက္ကာရကို ပြုခြင်းငှာ သင့်ပါသည်”ဟု လျှောက်ဆိုသည်ရှိသော် ကြီးစွာသော ပူဇော်သက္ကာရဖြင့် ထိုကုမ္ဘဃောသကလုလင်ကို သူဌေးအရာ၌ထား၍ သမီးတော်ကိုလည်း ကုမ္ဘဃောသကအားသာလျှင် ပေးဆောင်ထိမ်းမြားပြီးလျှင် ထိုကုမ္ဘဃောသကနှင့် အတူတကွ မြတ်စွာဘုရားထံတော်သို့သွားကြ၍ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးပြီးလျှင် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဤယောက်ျားကို ရှုစားတော်မူကြပါဘုရား၊ ဤသို့သဘောရှိသော တည်ကြည်သော ပညာရှိသောသူမည်သည် မရှိပါ၊ ကုဋေလေးဆယ်ကြွယ်ဝသော စည်းစိမ်ချမ်းသာရှင် ဖြစ်ပါလျက်လည်း လျှပ်ပေါ်လော်လည်သော အခြင်းအရာကိုလည်းကောင်း၊ ငါဟူသော မာန်ထောင်လွှားခြင်းမျှကိုလည်းကောင်း မပြုမူ၍ အထီးကျန်စွာ ဆင်းရဲရှာသောသူကဲ့သို့ ပုဆိုးပိုင်းကိုဝတ်လျက် အမှုပြုသောသူတို့၏ ခရီးလမ်းမ၌ အခစားပြုသဖြင့် အသက်မွေး၍ နေပါသည်။ ဒကာတော်သည် ဤမည်သော အကြောင်း ဥပါယ်တံမျဉ်ပြုသဖြင့် သိရပါသည်။ သိရပြီးသောအခါ ခေါ်စေ၍ ဥစ္စာရှိသည့်အဖြစ်ကို ဝန်ခံစေပြီးလျှင် ထိုဥစ္စာကို ဆောင်ယူစေသဖြင့် သူဌေးအရာ၌ ထားအပ်ပါသည်၊ သမီးတော်ကိုလည်း ထိုကုမ္ဘဃောသကလုလင်အား ဒကာတော်သည် ပေးအပ်ဆောင်နှင်းပါသည် မြတ်စွာဘုရား၊ ဒကာတော်သည် ဤသို့ သဘောရှိသော တည်ကြည်သော ပညာရှိသောသူကို မမြင်စဖူးပါဘုရား”ဟု နားတော်လျှောက်လေ၏။

ထိုသို့ လျှောက်ထားသော စကားကို ကြားသိတော်မူ၍ မြတ်စွာဘုရားသည် “ဒါယကာမင်းမြတ်- ဤသို့ အသက်မွေးသောသူ၏ အသက်ရှည်ခြင်းသည် တရားသဖြင့် သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အသက်ရှည်ခြင်း မည်၏၊ သူတစ်ပါး၏ ပစ္စည်းဥစ္စာကို ခိုးခြင်းအစရှိသော အမှုသည်ကား ပစ္စုပ္ပန်လောက ဤဘဝ၌လည်း နှိပ်စက်ဖိစီး ဖျက်ဆီးတတ်၏၊ တမလွန်လောက နောင်ဘဝ၌လည်း နှိပ်စက်ဖိစီး ဖျက်ဆီးတတ်၏။ ထိုအကြောင်းကြောင့် ချမ်းသာခြင်းမည်သည် မရှိ၊ ထိုစကား မှန်၏။ တစ်စုံတစ်ယောက်သော ယောက်ျားအား ဥစ္စာစီးပွား ဆုံးပါးပျက်စီးသောအခါ၌ လယ်ထွန်ခြင်းကိုလည်းကောင်း၊ အခစားအမှု လုပ်ခြင်းကိုလည်းကောင်း ပြု၍ အသက်ရှည်ခြင်းသည်သာလျှင် တရားသဖြင့် သင့်တင့်လျောက်ပတ် ကောင်းမြတ်သော အသက်ရှည်ခြင်း မည်၏၊ ဤသို့သဘောရှိသော လုံ့လဝီရိယနှင့် ပြည့်စုံသော၊ သတိနှင့် ပြည့်စုံသော၊ ကိုယ်နှုတ်တို့ဖြင့် စင်ကြယ်သော အမှုရှိသော၊ ပညာဖြင့် စူးစမ်းဆင်ခြင်၍ ပြုလေ့ရှိသော၊ ကိုယ်,နှုတ်,နှလုံး သုံးပါးဖြင့် ကျင့်သုံး စောင့်စည်းလေ့ရှိသော၊ တရားသဖြင့် အသက်မွေးမြူခြင်းကို မွေးမြူလေ့ရှိသော၊ မကင်းသော သတိတရား၌ တည်သောသူအား အစိုးရခြင်း စည်းစိမ်ချမ်းသာသည် တစ်နေ့တခြား တိုးပွားသည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ဒေသနာတော်

[၂၄] ဥဋ္ဌာနဝတော သတိမတော၊ သုစိကမ္မဿ နိသမ္မကာရိနော။
သညတဿ ဓမ္မဇီဝိနော၊ အပ္ပမတ္တဿ ယသောဘိဝဍ္ဎတိ။

ဥဋ္ဌာနဝတော၊ ထကြွလုံ့လ ဝီရိယရှိထသော။ သတိမတော၊ သတိနှင့် ပြည့်စုံထသော။ သုစိကမ္မဿ၊ အပြစ်မရှိ စင်ကြယ်သော ကာယကံ စသည်တို့နှင့် ပြည့်စုံတသော။ နိသမ္မကာရိနော၊ စူးစမ်းဆင်ခြင်၍ ပြုလေ့ရှိထသော။ သညတဿ၊ ကိုယ်နှုတ်နှလုံးကို စောင့်စည်းလေ့ရှိထသော။ ဓမ္မဇီဝိနော၊ တရားနှင့်အညီ အသက်မွေးလေ့ရှိထသော။ အပ္ပမတ္တဿ၊ မမေ့မလျော့သောသူအား။ ယသော၊ စည်းစိမ်ဥစ္စာ အရာအထူး ကျေးဇူးသတင်း ကျော်စောခြင်းသည်။ အဘိဝဍ္ဎတိ၊ တစ်နေ့တခြား တိုးပွားလေ၏။

ဒေသနာတော်၏ အကျိုး

ဤဂါထာ၏အဆုံး၌ ကုမ္ဘဃောသကသူဌေးသည် သောတာပတ္တိဖိုလ်၌ တည်လေ၏။ ထိုမှတစ်ပါး များစွာသော သူတို့သည်လည်း သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။ ဤသို့ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

ကုမ္ဘဃောသကသူဌေးသားဝတ္ထု ပြီး၏။