1144ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၃။ စူဠပန္ထကတ္ထေရဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

အပ္ပမာဒဝဂ်

၃။ စူဠပန္ထကမထေရ်ဝတ္ထု

ဥဋ္ဌာနေနပ္ပမာဒေနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် စူဠပန္ထကမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သူဌေးသမီး ကျွန်နှင့်လိုက်ပြေးရာမှ မဟာပန္တကနှင့် စူဠပန္တကတို့ ဖွားမြင်ခြင်း

ရာဇဂြိုဟ်ပြည်၌ ပစ္စည်းဥစ္စာ များစွာကြွယ်ဝသော ဓနသေဋ္ဌိမည်သော သူဌေးမျိုး၏သမီးသည် အရွယ်သို့ရောက်သောအခါ မိခင်ဖခင်တို့သည် ဘုံခုနစ်ဆင့်ရှိသော ပြာသာဒ် အထက်အပြင်၌ထား၍ အလွန်လျှင် စောင့်ရှောက်အပ်သဖြင့် အရွယ်မာန်ယစ်ခြင်းဖြင့် ယစ်သည်၏အဖြစ်ကြောင့် ယောက်ျား၌ လျှပ်ပေါ်လော်လည်ခြင်း ရှိသည်ဖြစ်၍ မိမိ၏ကျွန်ဖြစ်သော ယောက်ျားနှင့်သာလျှင် ပေါင်းဖက်ယဉ်ပါး မှားယွင်းခြင်းကို ပြုပြီးလျှင် “တစ်ပါးသော သူတို့သည်လည်း ဤငါ၏အမှုကို သိကုန်ရာ၏”ဟု ကြောက်ရွံ့ခြင်းကြောင့် “ငါတို့သည် ဤအရပ်၌ နေခြင်းငှာ မတတ်ကောင်း၊ မိခင်ဖခင်တို့သည် ဤပြစ်မှုကို အကယ်၍ သိကုန်သည်ဖြစ်အံ့၊ ငါ့ကို အပိုင်းအပိုင်း ပြုကုန်လတ္တံ့၊ အရပ်တစ်ပါးသို့ သွားကြကုန်စို့အံ့”ဟု ပြောဆိုလေသတတ်။ ထိုဇနီးခင်ပွန်း နှစ်ယောက်တို့သည် လက်ဆုပ်လက်ကိုင် ဥစ္စာနှစ်ကို ယူပြီးလျှင် တံခါးဦးဖြင့် ထွက်ခဲ့၍ အမှတ်မရှိ တစ်စုံတစ်ခုသော အရပ်၌ “သူတစ်ပါးတို့ မသိရာဌာနသို့သွား၍ နေကုန်အံ့”ဟု ထွက်ခွာသွားကြလေကုန်၏။

တစ်ခုသောအရပ်၌ နေကုန်သော ထိုသူတို့၏ ဆက်ဆံပေါင်းသင်း အတူနေခြင်းကိုစွဲ၍ ထိုသူဌေးသမီး၏ဝမ်း၌ ကိုယ်ဝန်သန္ဓေ စွဲတည်လေ၏။ သူဌေးသမီးသည် ကိုယ်ဝန်သန္ဓေရင့်ခြင်းကို အကြောင်းပြု၍ လင်ယောက်ျားနှင့် တိုင်ပင်သည်ကား “ငါ၏ ကိုယ်ဝန်သန္ဓေသည် ရင့်ခြင်းသို့ ရောက်ခဲ့လေပြီ၊ အမျိုးမိတ်ဆွေမှ ကင်းသောအရပ်၌ သားဖွားမြင်ရခြင်းမည်သည် ငါတို့နှစ်ယောက်အားပင် ဆင်းရဲဒုက္ခသို့ရောက်အောင် ဆောင်တတ်ရကား မိဘအိမ်သို့သာ ပြန်သွားကြကုန်စို့အံ့”ဟု တိုင်ပင်လေ၏။ လင်ယောက်ျားသည် “ငါသည် ထိုမိဘအိမ်သို့ အကယ်၍ သွားသည် ဖြစ်အံ့၊ ငါ့အား အသက်သည် ရှိတော့မည် မဟုတ်”ဟု ကြောက်ရွံ့သဖြင့် “ယနေ့သွားအံ့၊ နက်ဖြန် သွားအံ့”ဟု နေ့ရက်တို့ကိုသာ ကုန်လွန်စေ၏။ ထိုသူဌေးသမီး ကြံစည်သည်ကား “ဤလူမိုက်သည် မိမိ၏ အပြစ်ကြီးသောကြောင့် သွားခြင်းငှာ မရဲဝံ့၊ မိဘတို့မည်သည်ကား ဧကန်မုချ အစီးအပွားကို အလိုရှိသည်သာတည်း၊ ဤသူသည် သွားသည်မူလည်း ဖြစ်စေ၊ မသွားသည်မူလည်း ဖြစ်စေ ငါသွားတော့အံ့”ဟု ကြံစည်၍ ထိုလင်ယောက်ျားသည် အိမ်မှထွက်သွားခိုက် အိမ်ထောင်ခမ်းနား အသုံးအဆောင်တို့ကို သိုမှီး၍ မိမိ၏ မိဘအိမ်သို့ သွားသည်အဖြစ်ကို အခြားသောအိမ်၌ နေကုန်သော အိမ်နီးချင်းတို့အား ပြောကြားမှာထား၍ လမ်းခရီးသို့ ထွက်သွားလေ၏။

ထိုယောက်ျားသည်လည်း အိမ်သို့ပြန်လာ၍ သူဌေးသမီးကို မမြင်လတ်သော် အိမ်နီးချင်းတို့ကို မေးသဖြင့် ထိုသူဌေးသမီးသည် မိဘအိမ်သို့ ပြန်သွားလေပြီဟု ကြားရခြင်းကြောင့် လျင်စွာ အစဉ်အတိုင်းလိုက်၍ ခရီးအကြား၌ မှီလေ၏။ သူဌေးသမီးအားလည်း ထိုလမ်းခရီး၌ပင် သားဖွားမြင်ခြင်း ဖြစ်လေ၏။ ထိုခင်ပွန်းသည် ယောက်ျားက “ချစ်နှမ- ဤအရာကား အဘယ်နည်း”ဟုမေးသဖြင့် “ချစ်လင်- အကျွန်ုပ်အား သားတစ်ယောက် ဖွားမြင်ပြီ၊ ယခုအခါ၌ အဘယ်သို့ ပြုရကုန်အံ့နည်း”ဟု ဆိုလျှင် “အကြင် သားဖွားခြင်းကိစ္စ အကျိုးငှာ မိဘအိမ်သို့ ငါတို့ သွားရာ၏၊ ထိုကိစ္စသည် ခရီးအကြား၌သာ ပြီးငြိမ်းခဲ့လေပြီ၊ ထိုမိဘအိမ်သို့သွား၍ အဘယ်အမှု ပြုကုန်အံ့နည်း၊ ပြန်လည်ကြကုန်စို့အံ့”ဟုဆို၍ နှစ်ဦးသော ဇနီးခင်ပွန်းတို့သည်လည်း တစ်စိတ်တည်းဖြစ်၍ ပြန်လည်ခဲ့ကြလေကုန်၏။ ထိုသတို့သား သူငယ်အားလည်း လမ်းခရီး၌သာလျှင် ဖွားမြင်ခြင်းကြောင့် ပန္ထကဟူ၍ အမည်ကို မှည့်ခေါ်ကြကုန်၏။ ထို့နောက် မကြာမြင့်မီ သူဌေးသမီးအား တစ်ပါးသော ကိုယ်ဝန်သန္ဓေသည်လည်း တည်ပြန်လေ၏။ (ရှေးနည်းဖြင့်သာလျှင် အလုံးစုံ ချဲ့ဖွင့်အပ်၏။) ထိုသတို့သား သူငယ်အားလည်း လမ်းခရီး၌ ဖွားမြင်ခြင်းကြောင့် ရှေးဦးစွာဖွားမြင်သော သားအား မဟာပန္ထက၊ နောက်မှ ဖွားမြင်သောသားအား စူဠပန္ထကဟူ၍ အမည်ကို မှည့်ခေါ်ကြလေကုန်၏။

ပန္ထကညီနောင်အား အဘိုးအဘွားထံ ပို့ခြင်း

ထိုနှစ်ဦးသော ဇနီးမောင်နှံတို့သည်လည်း နှစ်ယောက်သော သူငယ်တို့ကို ချီပိုး၍ မိမိနေရာ အရပ်သို့သာလျှင် ပြန်သွားကြလေကုန်၏။ ထိုဇနီးခင်ပွန်းတို့သည် ထိုအရပ်၌ နေကြကုန်စဉ် မဟာပန္ထက သူငယ်သည် တစ်ပါးသောသူငယ်တို့ကို ဘထွေး, ဘကြီးဟူ၍လည်းကောင်း၊ အဘိုး,အဘွားဟူ၍လည်းကောင်း ခေါ်ဝေါ်ပြောဆိုကြသည်တို့ကို ကြားလျှင် မိခင်သို့ ချဉ်းကပ်၍ “မိခင်- ကျွန်တော်တို့မှ တစ်ပါးသော သူငယ်တို့သည် အဘိုး,အဘွား ဟူ၍လည်းကောင်း၊ ဘကြီး,ဘထွေး ဟူ၍လည်းကောင်း ခေါ်ဝေါ်ကြ ပြောဆိုကြပါသည်။ မိခင်- ကျွန်တော်တို့အား ခေါ်ဝေါ်ပြောဆိုစရာ ဆွေမျိုးသားချင်းများ မရှိပါတကား”ဟု မေးမြန်းလေ၏။ “ချစ်သား- ဤအရပ်၌ သင်ချစ်သားတို့အား ဆွေမျိုးသားချင်းများ မရှိသည်မှာ မှန်ပေ၏၊ ရာဇဂြိုဟ်ပြည်၌ကား ဓနသေဋ္ဌိမည်သော သူဌေးသည် အမောင်၏ အဘိုးတည်း၊ ထိုရာဇဂြိုဟ်ပြည်၌ ငါတို့၏ ဆွေမျိုးတို့သည် များစွာရှိကုန်၏”ဟု ပြောပြလေ၏။ “မိခင် အဘယ့်ကြောင့် ထိုရာဇဂြိုဟ်ပြည်သို့ မသွားဘဲ နေဘိသနည်း”ဟု မေးပြန်လတ်သော် ထိုသူဌေးသမီးသည် မိမိ၏ မသွားခြင်းအကြောင်းကို သားအား မပြောပြသဖြင့် သားငယ်တို့သည် အဖန်တလဲလဲ မေးကြကုန်သည်ရှိသော်-

ခင်ပွန်းသည်ကို ဤသို့ ဆို၏။ “ဤသူငယ်တို့သည် ငါ့ကို အလွန်တရာ စိတ်ပင်ပန်းအောင် ပြုကြကုန်၏၊ ငါတို့၏ မိခင်ဖခင်တို့သည် ငါတို့ကိုမြင်လျှင် အသားကို စားကြကုန်လတ္တံ့လော၊ လာသာ လာပါ၊ သူငယ်တို့အား အဘိုးအဘွားအိမ်ကို ပြကုန်အံ့”ဟု ဆိုလေ၏။ “ငါသည် မျက်မှောက်၌ နေခြင်းငှာ မစွမ်းနိုင်၊ သင့်ကိုကား ရောက်အောင် ဆောင်ပို့ပေအံ့”ဟု ဆိုလျှင် “ကောင်းပါပြီ၊ အမှတ်မရှိ တစ်စုံတစ်ခုသော အကြောင်းဖြင့် သူငယ်တို့အား အဘိုး,အဘွား အိမ်ကိုသာ ပြခြင်းငှာ သင့်၏”ဟု ဇနီးမောင်နှံ နှစ်ယောက်တို့သည်လည်း သူငယ်တို့ကိုယူ၍ အစဉ်အားဖြင့် ရာဇဂြိုဟ်ပြည်သို့ ရောက်လာကြပြီးလျှင် မြို့တံခါး၌ တစ်ဆောင်သော ဇရပ်သို့ဝင်၍ သူငယ်တို့၏မိခင်သည် သူငယ်နှစ်ယောက်တို့ကိုခေါ်၍ မိမိ၏ လာရောက်သည်အဖြစ်ကို မိခင်ဖခင် သူဌေးကြီးတို့အား ပြောကြားစေ၏။ ထိုသမီးနှင့် သားမက်တို့၏ လာရောက်ကြောင်း သတင်းစကားကိုကြားလျှင် “သံသရာ၌ ကျင်လည်ကုန်သော သူတို့အား သားသမီးမဖြစ်ဖူးသော သူမည်သည် မရှိ၊ ထိုသူတို့သည် ငါတို့၏အပေါ်၌ များသော ပြစ်မှားခြင်းကို ပြုကုန်၏၊ ထိုသူတို့သည် ငါတို့မျက်မှောက်၌ နေခြင်းငှာ မတတ်ကောင်း (မသင့်လျော်)၊ ဤမျှလောက်သော ဥစ္စာကိုယူ၍ ဇနီးခင်ပွန်း နှစ်ယောက်တို့သည် ချမ်းသာရာအရပ်သို့သွား၍ အသက်မွေးကြလေကုန်၊ သူငယ်တို့ကိုကား ငါတို့အိမ်သို့သာလျှင် ပို့လာစေလော့”ဟု ဥစ္စာကိုပေး၍ တမန်စေလွှတ်လိုက်ကြလေကုန်၏။ ထိုဇနီးခင်ပွန်း နှစ်ယောက်တို့သည် ထိုမိခင်ဖခင် သူဌေးကြီးတို့ ပို့လိုက်သော ဥစ္စာကိုယူ၍ သူငယ်တို့ကို လာရောက်ကုန်သော တမန်တို့၏လက်၌အပ်၍ ပို့လိုက်ကြရလေကုန်၏။

ပန္ထကညီနောင်တို့ သာသနာတော်တွင်း ဝင်ခြင်း

သူငယ်တို့သည် အဘိုးအဘွားတို့၏အိမ်၌ ကြီးပွားကြကုန်၏။ ထိုနှစ်ယောက်တို့တွင် စူဠပန္ထကကား အလွန်ငယ်သေး၏၊ မဟာပန္ထကကား အဘိုးသူဌေးနှင့်အတူ မြတ်စွာဘုရား၏ တရားတော်ကို နာအံ့သောငှါ သွား၏။ အမြဲမပြတ် ဘုရားထံသို့ သွားလေ့ရှိသော ထိုမဟာပန္ထက၏စိတ်သည် ရှင်သာမဏေပြုခြင်းငှါ ညွတ်လာလေ၏။ ထိုမဟာပန္ထကသည် အဘိုးဖြစ်သော သူဌေးကြီးကို “အကယ်၍ ကျွန်တော့်ကို ခွင့်ပြုကြကုန်သည်ဖြစ်အံ့၊ ရှင်သာမဏေပြုချင်ပါ၏”ဟု ဆိုလေ၏။ အဘိုးသူဌေးကြီးလည်း “ချစ်သား- အဘယ်ဆိုသနည်း၊ အလုံးစုံသော လူအပေါင်းတို့အားလည်း ရှင်သာမဏေပြုခြင်းကို ငါမတားမြစ်အပ်၊ ထို့ကြောင့် ငါ့မြေး၏ ရှင်သာမဏေပြုခြင်းသည် ကောင်းလှပေ၏၊ စွမ်းနိုင်လျှင် ရှင်သာမဏေပြုလော့”ဟု ခွင့်လွှတ်ပြီးလျှင် မဟာပန္ထကကို ဘုရားအထံတော်သို့ ခေါ်ဆောင်သွား၍ “အသို့နည်း သူဌေးကြီး- သူငယ်ကို အသင် ရအပ်သလော”ဟု မိန့်ဆိုလတ်သော် “မြတ်စွာဘုရား- ရအပ်ပါ၏။ ဤသူငယ်သည် တပည့်တော်၏မြေး ဖြစ်ပါသည်။ ရှင်တော်မြတ်ဘုရားတို့၏ ထံတော်၌ ရှင်သာမဏေပြုလိုပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

မြတ်စွာဘုရားသည် ပိဏ္ဍပါတ်ဓုတင်ဆောင်သော ရဟန်းတစ်ပါးကို “ဤသူငယ်ကို ရှင်သာမဏေပြုလော့”ဟု မိန့်မြွက်တော်မူလေ၏။ မထေရ်သည် ထိုပန္ထကသတို့သားအား တစပဉ္စကကမ္မဋ္ဌာန်းကို (တစပဉ္စက ကမ္မဋ္ဌာန်းကား- ဆံပင်၊ မွေးညင်း၊ ခြေသည်း လက်သည်း၊ သွား၊ အရေ၊ ဤငါးပါးအပေါင်းကို ရှုဆင်ခြင်ပွားများခြင်းတည်း။) ပြောကြားသင်ပေး၍ ရှင်ပြုပေးလေ၏။ ထိုမဟာပန္ထကသည် များစွာသော ဘုရားစကားတည်းဟူသော ပိဋကတ်သုံးပုံကို သင်ယူ၍ အသက်နှစ်ဆယ် ပြည့်သည်ရှိသော် ရဟန်း ပဉ္စင်းအဖြစ်ကိုရ၍ အသင့်အတင့် နှလုံးသွင်းခြင်းဖြင့် ကမ္မဋ္ဌာန်းကို လုံ့လပြုလျက် အရဟတ္တဖိုလ်သို့ ရောက်လေ၏။ ထိုအရှင် မဟာပန္တကသည် ဈာန်ချမ်းသာ ဖိုလ်ချမ်းသာဖြင့် လွန်စေလျက် “ဤချမ်းသာကို စူဠပန္ထကအား ပေးခြင်းငှါ တတ်ကောင်း၏လော”ဟု ကြံစည်လေ၏။ ထို့နောက်မှ အဘိုးဖြစ်သော သူဌေးကြီး၏အထံသို့ သွား၍ “သူဌေးကြီး- အကယ်၍ ခွင့်ပြုသည်ဖြစ်အံ့၊ စူဠပန္ထကကို ရှင်သာမဏေပြုပေးလို၏”ဟု ဆိုလျှင် “အရှင်ဘုရား- ပြုပေးပါလော့”ဟု ခွင့်ပြုလေ၏။

(သူဌေးကြီးကား သာသနာတော်၌လည်း အလွန်တရာကြည်ညိုသတတ်။ ထိုသူငယ်တို့သည် သင်သူဌေးကြီးတို့၏ အဘယ်သမီးမှ ဖွားမြင်သော သားတို့ပေနည်းဟု မေးသည်ရှိသော် လျှပ်ပေါ်လော်လည်သော သမီးမှဟု ပြောကြားခြင်းငှါ ရှက်စနိုးသောကြောင့်လည်း အလွယ်တကူပင် ထိုသူငယ်တို့အား ရှင်သာမဏေအဖြစ်ကို ခွင့်ပြုလေသတတ်။)

မဟာပန္ထကမထေရ်သည် စူဠပန္ထကကို ရှင်ပြု၍ သီလတို့၌ တည်စေ၏။ ထိုစူဠပန္ထကသည် နုံ့နှေးသော ဉာဏ်ပညာရှိသူဖြစ်၍ အောက်ပါဂါထာကို လေးလသင်သော်လည်း မရနိုင်ဖြစ်လေ၏။

ပဒ္မံ ယထာ ကောကနဒံ သုဂန္ဓံ၊
ပါတော သိယာ ဖုလ္လ မဝီတဂန္ဓံ။
အင်္ဂီရသံ ပဿ ဝိရောစမာနံ၊
တပန္တမာဒိစ္စ မိဝန္တလိက္ခေ။

ကောကနဒံ၊ ကောကနဒ အမည်ရှိသော။ ပဒ္မံ၊ ပဒုမ္မာကြာသည်။ ပါတော၊ နံနက်အခါ၌။ အဝီတဂန္ဓံ၊ အနံ့မကင်းသည်ဖြစ်၍။ သုဂန္ဓံ၊ ကောင်းသော အနံ့ရှိသည်ဖြစ်၍။ ဖုလ္လံ၊ ပွင့်ခြင်းသို့ ရောက်သည်။ သိယာ ယထာ၊ ဖြစ်သကဲ့သို့။ အန္တလိက္ခေ၊ ကောင်းကင်၌။ ဝိရောစမာနံ၊ တင့်တယ်ခြင်းရှိထသော။ တပန္တံ၊ တောက်ပသော တန်ခိုးအာနုဘော်ရှိထသော။ အာဒိစ္စံ ဣဝ၊ နေမင်းကဲ့သို့။ ဝိရောစမာနံ၊ တင့်တယ်ခြင်း ရှိထသော။ အင်္ဂီရသံ၊ ကိုယ်တော်မှထွက်သော အရောင်ရှိသော ဘုရားရှင်ကို။ ပဿ၊ ကြည့်ရှုလေလော့။

(ကောက+နဒ- တောခွေးအူသောပန်း၊ တောခွေးတို့သည် ရေလယ်၌ရှိသော ပဒုမ္မာကြာနီပန်းကို အမဲသားထင်၍ မစားရခြင်းကြောင့် အူကြသည်ဟူလို။ ပဒုမံ-ကို ဥသရဖျက်၍ကပ်၊ ပဒ္မံ- ဖြစ်၏။ ဝဏ္ဏသဒ္ဓိတည်း။)

ရှင်စူဠပန္ထက ဉာဏ်ထိုင်းရခြင်း၏ အတိတ်ကံ

ထိုစူဠပန္ထကသည် ကဿပဘုရားရှင် လက်ထက်တော် အခါ၌ ရဟန်းပြု၍ လျင်မြန်ထက်မြက်သော ပညာရှိတစ်ယောက် ဖြစ်ရကား ဉာဏ်နုံ့နှေးသော ရဟန်းတစ်ပါး၏ ပါဠိကို သင်ယူသောအခါ၌ ပြက်ရယ်မှုကို ပြသတတ်၊ ထိုဉာဏ်နုံ့နှေးသော ရဟန်းသည် ထိုပြက်ရယ်မှုဖြင့် ရှက်နိုးသည်ဖြစ်၍ ပါဠိကိုလည်း မသင်ယူ၊ ရွတ်အံ သရဇ္ဈာယ်ခြင်းကိုလည်း မပြုဝံ့ရှာလေ။ ထိုပြက်ရယ်မှုပြုသော အကုသိုလ်ကံကြောင့် ဤစူဠပန္ထကသည် ရှင်ပြုပြီးလျှင်ပြီးချင်း နုံ့နှေးသော ဉာဏ်ပညာရှိသောသူ ဖြစ်လေ၏။ သင်ယူအပ်တိုင်း သင်ယူအပ်တိုင်းသော ပုဒ်သည် အထက်အထက်ပုဒ်ကို သင်ယူစဉ် မေ့လျော့ပျောက်ပျက်လေ၏။ ထိုစူဠပန္ထကသည် ဤပဒ္မံစသော ဂါထာကိုသာလျှင် သင်ယူခြင်းငှာ လုံ့လပြုစဉ် လေးလတို့သည် ကုန်လွန်ကုန်၏။

ထိုအခါ စူဠပန္ထကကို မဟာပန္ထကသည် “ငါ့ညီ စူဠပန္ထက- သင်သည် ဤဘုရားသာသနာတော်၌ မထိုက်သောသူ ဖြစ်၏၊ လေးလတို့ဖြင့် တစ်ခုသောဂါထာကိုလည်း (နှုတ်တက်ရွရွ) သင်ယူခြင်းငှာ မတတ်နိုင်၊ ရဟန်းကိစ္စကိုကား အဘယ်မှာ အပြီးသို့ ရောက်စေနိုင်အံ့နည်း၊ ဤကျောင်းမှထွက်လော့”ဟု နှင်ထုတ်လေ၏။

စူဠပန္ထကသည်လည်း ဘုရားသာသနာတော်၌ အလွန် မြတ်နိုးခြင်းကြောင့် လူ၏အဖြစ်ကို မတောင့်တ။ ထိုအခါ၌လည်း မဟာပန္ထကသည် ဆွမ်းညွှန်ရဟန်းဖြစ်၏။ အဘယမင်းသား မွေးမြူအပ်သော ဇီဝကသည် များစွာသော ပန်းနံ့သာ နံ့သာပျောင်းကို ယူလျက် မိမိ၏ သရက်ဥယျာဉ်သို့လာ၍ မြတ်စွာဘုရားကို ပူဇော်ကာ တရားတော်ကို နာကြားပြီးလျှင် နေရာမှထ၍ ဘုရားရှင်ကို ရှိခိုးပြီးလျှင် မဟာပန္ထကမထေရ်သို့ကပ်၍ “အရှင်ဘုရား- ဘုရားရှင်အထံတော်၌ ရဟန်းတို့သည် အဘယ်မျှ ရှိကြပါကုန်သနည်း”ဟု မေးလျှောက်လေ၏။ “ရဟန်းငါးရာရှိ၏”ဟု မိန့်ဆိုလတ်သော် “နက်ဖြန် ဘုရားအမှူးရှိသော ငါးရာသော ရဟန်းတို့ကို ဆောင်ယူ၍ တပည့်တော်တို့၏ နေအိမ်၌ ဆွမ်းကို အလှူခံတော်မူကြပါဘုရား”ဟု လျှောက်လေ၏။ “ဒါယကာ- စူဠပန္ထကမည်သော ရဟန်းသည် နုံ့နှေးသောဉာဏ်ပညာ ရှိ၏၊ စည်ပင်ပြန့်ပြော ကြီးပွားခြင်း သဘောမရှိ၊ ထိုစူဠပန္ထကကို ချန်ထားခဲ့၍ ကြွင်းသော ရဟန်းတို့အား ဒါယကာ ပင့်ဖိတ်သည်ကို ဝန်ခံစေအံ့”ဟု မဟာပန္ထကမထေရ်သည် မိန့်ဆိုလေ၏။ စူဠပန္ထကမထေရ်သည် ထိုစကားကိုကြားလျှင် “ဤမဟာပန္ထကမထေရ်ကား ဤမျှလောက်ကုန်သော ရဟန်းတို့အား ပင့်ဖိတ်ခြင်းကို ဝန်ခံသည်ရှိသော် ငါ့ကိုအပပြု၍ ဝန်ခံ၏။ မချွတ်လျှင် ငါ၏နောင်တော်ကား ငါ့အပေါ်၌ စိတ်ပျက်သည် ဖြစ်လတ္တံ့၊ ယခုအခါ ငါ့အား ဤမြတ်စွာဘုရား သာသနာတော်ဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ လူဖြစ်၍ အလှူစသော ကောင်းမှုတို့ကို ပြုလျက် အသက်မွေးအံ့”ဟု ကြံစည်အောက်မေ့လေ၏။ ထိုစူဠပန္ထကမထေရ်သည် တစ်ဖန် မိုးသောက်သောနေ့၌ စောစောကသာလျှင် လူထွက်ခြင်းငှာ ထွက်ခွာသွားလေ၏။

မြတ်စွာဘုရားသည် နံနက်စောစောအခါ၌ လောကကို ကြည့်တော်မူသည်ရှိသော် ဤအကြောင်းကို မြင်တော်မူသဖြင့် ရှေးဦးစွာ ကြွသွားတော်မူပြီးလျှင် စူဠပန္ထက သွားရာခရီးဖြင့် တံခါးမုခ်ဦး၌ စင်္ကြံကြွတော်မူလျက် နေတော်မူလေ၏။ စူဠပန္ထကသည် သွားသည်ရှိသော် ဘုရားရှင်ကိုမြင်၍ ချဉ်းကပ်ကာ ရှိခိုးလျက်နေလေ၏။ ထိုအခါ စူဠပန္ထကကို ဘုရားရှင်သည် “ချစ်သား စူဠပန္ထက- ဤအစောကြီးအချိန်၌ သင် အဘယ်အရပ်သို့ သွားအံ့နည်း”ဟု မေးတော်မူ၏။ “မြတ်စွာဘုရား- တပည့်တော်ကို နောင်တော် မဟာပန္ထကသည် ကျောင်းမှ နှင်ထုတ်သောကြောင့် လူထွက်ခြင်းငှာ သွားပါအံ့”ဟု လျှောက်လေ၏။

စူဠပန္ထကမထေရ်နှင့် ရဇောဟရဏံ ကမ္မဋ္ဌာန်း

“စူဠပန္ထက- သင်၏ ရဟန်းအဖြစ်မည်သည်ကား ငါဘုရားအထံ၌ ဖြစ်၏။ သင့်နောင်တော် နှင်ထုတ်အပ်သည်ရှိသော် ငါဘုရားအထံသို့ အဘယ့်ကြောင့် မလာဘဲနေသနည်း၊ လာလှည့်၊ လူအဖြစ်ဖြင့် သင့်အား အဘယ်အကျိုးရှိအံ့နည်း၊ ငါဘုရားအထံ၌ နေရလတ္တံ့”ဟု မိန့်တော်မူ၍ စက်လက္ခဏာအစုံဖြင့် ရေးမှတ်အပ်သော အပြင်ရှိသော လက်တော်ဖြင့် စူဠပန္ထက ဦးခေါင်းကို သုံးသပ်တော်မူလျက် ခေါ်ဆောင်သွားပြီးလျှင် ဂန္ဓကုဋိတံခါးမုခ်၌ နေစေ၍ “စူဠပန္ထက- အရှေ့အရပ်သို့ရှေးရှုမူ၍ ဤပုဆိုးပိုင်းကို “ရဇောဟရဏံ ရဇောဟရဏံ” (မြူကိုဆောင်သော အဝတ်၊ မြူကိုဆောင်သော အဝတ်)ဟု သုံးသပ်ဆုပ်နယ်လျက် ဤအရပ်၌သာ မြဲမြဲစွဲစွဲ နေရစ်လော့”ဟု မှာထားတော်မူ၍ တန်ခိုးတော်ဖြင့် ဖန်ဆင်းအပ်သော ဖြူစင်သော ပုဆိုးပိုင်းကို ပေးပြီးလျှင် ဆွမ်းဘုဉ်းပေးချိန်ကာလကို ကြားလျှောက်အပ်သည်ရှိသော် ရဟန်းအပေါင်းခြံရံလျက် ဇီဝက၏ အိမ်သို့ ကြွတော်မူ၍ ခင်းထားအပ်သော ဘုရားနေရာ၌ နေတော်မူလေ၏။ စူဠပန္ထကသည်လည်း နေကိုကြည့်လျက် ထိုပုဆိုးပိုင်းကို “ရဇောဟရဏံ ရဇောဟရဏံ” (မြူကိုဆောင်တတ်သော အဝတ်၊ မြူကိုဆောင်တတ်သော အဝတ်)ဟု သုံးသပ်ဆုပ်နယ်လျက် နေလေ၏။ ထိုပုဆိုးအပိုင်းသည် သုံးသပ်ဆုပ်နယ်စဉ် ညစ်နွမ်းခဲ့လေ၏။ ထို့နောက် ကြံစည်ပုံကား “ဤပုဆိုးအပိုင်းသည် အလွန်လျှင် ဖြူစင်လျက် ဤအတ္တဘောကိုမှီ၍ ရှေးသဘောကို စွန့်ပြီးလျှင် ဤသို့ ညစ်နွမ်းခြင်း ဖြစ်ရလေ၏။ ပြုပြင်ခြင်းသဘောရှိသော ဘုံသုံးပါး၌ ဖြစ်ဖြစ်သမျှ သင်္ခါရတရားတို့သည် မမြဲကုန်စွတကား”ဟု ကုန်ခြင်းပျက်ခြင်းကို စူးစမ်းဆင်ခြင်လျက် ဝိပဿနာကို ပွားများစေလေ၏။

စူဠပန္ထကမထေရ် ရဟန္တာဖြစ်ခြင်း

ဘုရားရှင်သည်လည်း စူဠပန္ထက၏ စိတ်သည် ဝိပဿနာသို့ တက်ပြီဟုသိ၍ “စူဠပန္ထက- သင်သည် ပုဆိုးပိုင်းကိုသာလျှင် ညစ်နွမ်း၏၊ မြူ, မြေမှုန့်ဖြစ်၍ဖြစ်၏ဟု အမှတ်သညာ မပြုလင့်၊ သင်၏ ကိုယ်တွင်း၌လည်း ရာဂမြူ စသည်တို့သည် ရှိကုန်၏၊ ထိုရာဂမြူ စသည်တို့ကို ပယ်လေလော့”ဟု မိန့်တော်မူပြီးလျှင် ရောင်ခြည်တော်လွှတ်တော်မူ၍ ရှေ့၌ ထိုင်နေတော်မူသကဲ့သို့ ထင်ရှားပြသော ကိုယ်ရှိသဖြင့် ဤဂါထာတို့ကို ဟောတော်မူလေ၏။

ရာဂေါ ရဇော န စ ပန ရေဏု ဝုစ္စတိ၊
ရာဂဿေတံ အဓိဝစနံ ရဇောတိ။
ဧတံ ရဇံ ဝိပ္ပဇဟိတွာန ဘိက္ခဝေါ၊
ဝိဟရန္တိ တေ ဝိဂတရဇဿ သာသနေ။
ဒေါသော ရဇော န စ ပန ရေဏု ဝုစ္စတိ၊
ဒေါသဿေတံ အဓိဝစနံ ရဇောတိ။
ဧတံ ရဇံ ဝိပ္ပဇဟိတွာန ဘိက္ခဝေါ။
ဝိဟရန္တိ တေ ဝိဂတရဇဿ သာသနေ။
မောဟော ရဇော န စ ပန ရေဏု ဝုစ္စတိ၊
မောဟဿေတံ အဓိဝစနံ ရဇောတိ။
ဧတံ ရဇံ ဝိပ္ပဇဟိတွာန ဘိက္ခဝေါ၊
ဝိဟရန္တိ တေ ဝိဂတရဇဿ သာသနေ။

ရဇော၊ ရဇဟူသည်။ ရာဂေါ၊ ငါးပါးအာရုံ ကာမဂုဏ်တို့ကို ခုံမင်တပ်မက် နှစ်သက်တတ်သော ရာဂပေတည်း။ ရေဏု ပန၊ မြူကိုသာလျှင်။ န စ ဝုစ္စတိ၊ မဆိုအပ်သေး။ ရဇောတိ ဧတံ၊ ရဇဟူသော ဤအမည်သည်။ ရာဂဿ၊ ငါးပါးအာရုံ ကာမဂုဏ်တို့ကို ခုံမင်တပ်မက် နှစ်သက်တတ်သော ရာဂ၏။ အဓိဝစနံ၊ အမည်ပေတည်း။ ဝိဂတရဇဿ၊ ရာဂမြူကင်းသော ဘုရား၏။ သာသနေ၊ သာသနာတော်၌။ ဘိက္ခဝေါ၊ သံသရာဘေးကို ရှုဆင်ခြင်လေ့ရှိကုန်သော။ ယေ၊ အကြင်ရဟန်းတို့သည်။ အတ္ထိ-သန္တိ၊ ရှိကုန်၏။ တေ၊ ထိုရဟန်းတို့သည်။ ဧတံ ရဇံ၊ ဤရာဂတည်းဟူသော မြူကို။ ဝိပ္ပဇဟိတွာန၊ ပယ်စွန့်၍။ ဝိဟရန္တိ၊ နေကြကုန်၏။

ရဇော၊ ရဇဟူသည်။ ဒေါသော၊ မျက်ကြုတ်ကိုးတန် ဖွဲ့ပြန်မပျက် အမျက်ဒေါသပေတည်း။ ရေဏု ပန၊ မြူကိုသာလျှင်။ န စ ဝုစ္စတိ၊ မဆိုအပ်သေး။ ရဇောတိ ဧတံ၊ ရဇဟူသော ဤအမည်သည်။ ဒေါသဿ၊ ဖျက်ဆီးတတ်သော ဒေါသ၏။ အဓိဝစနံ၊ အမည်ပေတည်း။ ဝိဂတရဇဿ၊ ဒေါသမြူကင်းသော ဘုရား၏။ သာသနေ၊ သာသနာတော်၌။ ဘိက္ခဝေါ၊ သံသရာဘေးကို ရှုဆင်ခြင်လေ့ရှိကုန်သော။ ယေ၊ အကြင်ရဟန်းတို့သည်။ အတ္ထိ-သန္တိ၊ ရှိကုန်၏။ တေ၊ ထိုရဟန်းတို့သည်။ ဧတံ ရဇံ၊ ဤဒေါသတည်းဟူသော မြူကို။ ဝိပ္ပဇဟိတွာန၊ ပယ်စွန့်၍။ ဝိဟရန္တိ၊ နေကြကုန်၏။

ရဇော၊ ရဇဟူသည်။ မောဟော၊ တွေဝေမိုက်မဲခြင်း မောဟ ပေတည်း။ ရေဏု ပန၊ မြူကိုသာလျှင်။ န စ ဝုစ္စတိ၊ မဆိုအပ်သေး။ ရဇောတိ ဧတံ၊ ရဇဟူသော ဤအမည်သည်။ မောဟဿ၊ မိုက်မဲတွေဝေခြင်း မောဟ၏။ အဓိဝစနံ၊ အမည်ပေတည်း။ ဝိဂတရဇဿ၊ မောဟမြူကင်းသော ဘုရား၏။ သာသနေ၊ သာသနာတော်၌။ ဘိက္ခဝေါ၊ သံသရာဘေးကို ရှုဆင်ခြင်လေ့ရှိကုန်သော။ ယေ၊ အကြင်ရဟန်းတို့သည်။ အတ္ထိ-သန္တိ၊ ရှိကုန်၏။ တေ၊ ထိုရဟန်းတို့သည်။ ဧတံ ရဇံ၊ ဤမောဟတည်းဟူသော မြူကို။ ဝိပ္ပဇဟိတွာန၊ ပယ်စွန့်၍။ ဝိဟရန္တိ၊ နေကြကုန်၏။

ဤဂါထာတို့ကို ဟောတော်မူပြီးသည်အဆုံး၌ စူဠပန္ထ ကသည် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ထိုစူဠပန္ထကအား ပဋိသမ္ဘိဒါတို့နှင့် တကွသာလျှင် ပိဋကတ်သုံးပုံတို့သည် နှုတ်၌ လာကုန်၏။

စူဠပန္ထကမထေရ် တန်ခိုးပြခြင်း

ထိုစူဠပန္ထကသည် ရှေးအခါ၌ ပြည့်ရှင်မင်းကြီးဖြစ်၍ မြို့ကို လက်ယာရစ် လှည့်လည်သည်ရှိသော် နဖူးမှ ချွေးယိုထွက်သောအခါ စင်ကြယ်သော အဝတ်ဖြင့် နဖူးစွန်းကို သုတ်လေ၏။ အဝတ်သည် ညစ်နွမ်းခဲ့လေ၏။ ထိုပြည့်ရှင်မင်းသည် “ဤကိုယ်ကိုမှီ၍ ဤသို့သဘောရှိသော စင်ကြယ်သော အဝတ်သည် ပကတိ စင်ကြယ်သောသဘောကို စွန့်၍ ညစ်နွမ်းရလေ၏၊ သင်္ခါရတရားတို့သည် မမြဲကုန်စွတကား”ဟု အနိစ္စသညာကို ရဖူးလေ၏။ ထိုအကြောင်းကြောင့် ရဇောဟရဏ ကမ္မဋ္ဌာန်းသည်ပင် ထိုအရှင်စူဠပန္ထက၏ အကြောင်းအထောက်အပံ့ ဖြစ်လေ၏။ အဘယမင်းသား မွေးမြူအပ်သော ဇီဝကသည်လည်း ဘုရားရှင်အား အလှူရေစက်ကို ဆက်ကပ်သော် ဘုရားရှင်သည် “ဇီဝက- ကျောင်း၌ ရဟန်းတို့ ရှိကုန်သေးသည် မဟုတ်လော”ဟု မိန့်တော်မူ၍ လက်တော်ဖြင့် သပိတ်ကို ပိတ်တော်မူလေ၏။ ထိုအခါ မဟာပန္ထက မထေရ်သည် “မြတ်စွာဘုရား- ကျောင်းတော်၌ ရဟန်းတို့ မရှိပါပြီဘုရား”ဟု လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် “ဒါယကာ ဇီဝက- ရှိသေး၏”ဟု မိန့်တော်မူပြန်သဖြင့် ဇီဝကသည် “ထိုသို့ဖြစ်မူ အချင်းယောက်ျား- သွားတဲ့ချေ၊ ကျောင်းတော်၌ ရဟန်းတို့သည် ရှိသည်အဖြစ်, မရှိသည်အဖြစ်ကို သင်ကိုယ်တိုင် သိအောင်ပြုလော့”ဟု ယောက်ျားတစ်ယောက်ကို စေလွှတ်လိုက်လေ၏။

ထိုခဏ၌ အရှင်စူဠပန်သည် “ငါ၏နောင်တော်သည် ကျောင်းတော်၌ ရဟန်းမရှိဟု ဆိုလေပြီ၊ ကျောင်း၌ ရဟန်းရှိသည့်အဖြစ်ကို ထိုသူအား ပြအံ့”ဟု သရက်ဥယျာဉ်တစ်ခုလုံးကို ရဟန်းတို့ဖြင့်သာလျှင် ပြည့်စေ၏။ အချို့သော ရဟန်းတို့သည် သင်္ကန်းချုပ်ခြင်းအမှု ပြုကြကုန်၏။ အချို့သော ရဟန်းတို့ကား သင်္ကန်းဆိုးခြင်းအမှု ပြုကြကုန်၏။ အချို့သော ရဟန်းတို့ကား သရဇ္ဈာယ်ခြင်းကို ပြုကြကုန်၏။ ဤသို့သောနည်းဖြင့် အချင်းချင်း မတူအောင် ရဟန်းတစ်ထောင်ကို ဖန်ဆင်းလေ၏။ ထိုစေလိုက်သော ယောက်ျားသည် ကျောင်း၌ များစွာသောရဟန်းကို မြင်၍ ပြန်လည်ခဲ့ပြီးလျှင် “သခင်- သရက်ဥယျာဉ် တစ်ခုလုံးသည် ရဟန်းတို့ဖြင့် ပြည့်၏”ဟု သမားတော်ဇီဝကအား ပြောကြားလေ၏။ မထေရ်သည်လည်း ထိုအရပ်၌လျှင်-

သဟဿက္ခတ္တုံ အတ္တာနံ၊ နိမ္မိနိတွာန ပန္ထကော။
နိသီဒမ္ဗဝနေ ရမ္မေ၊ ယာဝ ကာလပ္ပဝေဒနာ။

ပန္တကော၊ စူဠပန္ထက မထေရ်သည်။ အတ္တာနံ၊ မိမိကိုယ်ကို။ သဟဿက္ခတ္တုံ၊ ရဟန်းတစ်ထောင်ဖြစ်အောင်။ နိမ္မိနိတွာန၊ ဖန်ဆင်း၍။ ယာဝ ကာလပ္ပဝေဒနာ၊ ဆွမ်းဘုဉ်းပေးချိန် ရောက်သောကာလ ပြောကြားသည်တိုင်အောင်။ ရမ္မေ၊ နှလုံးမွေ့လျော် ပျော်ဖွယ်ရာရှိသော။ အမ္ဗဝနေ၊ သရက်ဥယျာဉ်တော်၌။ နိသီဒိ၊ နေတော်မူလေပြီ။

ထိုအခါ မြတ်စွာဘုရားသည် ပင့်လွှတ်သော ယောက်ျားကို “ကျောင်းသို့သွား၍ စူဠပန်မည်သော မထေရ်ကို ဘုရားခေါ်တော်မူ၏ဟူ၍ ဆိုချေလော့”ဟု မိန့်တော်မူလိုက်၏။ ထိုယောက်ျားသည် သွား၍ ဘုရားမိန့်တော်မူတိုင်း ဆိုလတ်သော် “ငါ စူဠပန်၊ ငါ စူဠပန်”ဟု ခံတွင်းတစ်ထောင်လုံး မိန့်မြွက်ကာ ထကြလေကုန်၏။ ထိုယောက်ျားလည်း ပြန်သွား၍ “မြတ်စွာဘုရား- အလုံးစုံသော ရဟန်းတို့သည်လည်း စူဠပန် မည်သည်သာတည်း”ဟု လျှောက်ပြန်သော် “ထိုသို့ဖြစ်မူ သွား၍ ငါစူဠပန်ဟု ရှေးဦးစွာဆိုသော ရဟန်းကို လက်၌ ကိုင်လော့၊ ကြွင်းသော ရဟန်းတို့သည် ကွယ်ပျောက်ကုန်လတ္တံ့”ဟု မိန့်တော်မူလေ၏။ ထိုယောက်ျားလည်း ကျောင်းသို့ ပြန်သွား၍ ဘုရားမိန့်တော်မူတိုင်း ပြုသောခဏ၌ တစ်ထောင်မျှလောက်သော ရဟန်းတို့သည် ကွယ်ပျောက်ကုန်၏။ စူဠပန္ထကမထေရ်လည်း ထိုယောက်ျားနှင့် အတူတကွ ကြွသွားလေ၏။ မြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးပြီးသောအဆုံး၌ ဇီဝကကို ခေါ်တော်မူ၍ “ဇီဝက- စူဠပန်၏သပိတ်ကို ယူလော့၊ ဤစူဠပန္ထကသည် သင့်အား တရားဟောလတ္တံ့”ဟု မိန့်တော်မူ၏။ ဇီဝကလည်း ဘုရားမိန့်တော်မူတိုင်း ပြုလေ၏။ စူဠပန္ထ ကသည် ခြင်္သေ့မင်း၏ အသံကဲ့သို့ ရဲရင့်သောအသံကိုမြည်လျက် ခြင်္သေ့ပျိုကဲ့သို့ သုံးပုံသော ပိဋကတ်တို့ဖြင့် မွှေနှောက်ချောက်ချား၍ တရားဟောခြင်းကို ပြုတော်မူလေသတည်း။

ရှင်စူဠပန်နှင့်စပ်သော စကားပြောရာ အစည်းအဝေးသို့ မြတ်စွာဘုရား ကြွတော်မူခြင်း

မြတ်စွာဘုရားလည်း နေရာမှထတော်မူ၍ ရဟန်းသံဃာအပေါင်း ခြံရံလျက် ကျောင်းတော်သို့ကြွ၍ ရဟန်းတို့သည် ကျင့်ဝတ်ကို ပြုအပ်သည်ရှိသော် နေရာမှထတော်မူ၍ ဂန္ဓကုဋိမုခ်ဦး၌ ရပ်တော်မူလျက် ရဟန်းသံဃာအပေါင်းအား ဘုရားအဆုံးအမကို ပေးတော်မူပြီးလျှင် ကမ္မဋ္ဌာန်းတရားကို ဟောကြားတော်မူ၍ ရဟန်းအပေါင်းကို လွှတ်လိုက်ပြီးမှ အလွန်ကောင်းသော နံ့သာတို့ဖြင့် မွှေးကြိုင်လှသော ပန်းအပေါင်းတို့ဖြင့် ထုံအပ်သော ဂန္ဓကုဋိတိုက်သို့ ဝင်တော်မူ၍ လက်ယာနံပါးဖြင့် မြတ်သော ကျိန်းစက်ခြင်းသို့ ရောက်တော်မူလေ၏။ ဝါ- ကျိန်းစက်တော်မူလေ၏။

ထို့နောက် ညချမ်းသောအခါ၌ ရဟန်းတို့သည် ထိုမှဤမှ ပေါင်းဆုံကြသဖြင့် နီမြန်းသော ကမ္ဗလာတင်းတိမ်ကို ထက်ဝန်းကျင် ကာရံဘိသကဲ့သို့ ထိုင်နေတော်မူကြကုန်လျက် မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်နှင့်စပ်သော စကားကို အားထုတ် ပြောဆိုကြလေကုန်၏။ “ငါ့ရှင်တို့- မဟာပန္ထကသည် စူဠပန္ထက၏ အလိုအဇ္ဈာသယကို မသိသောကြောင့် လေးလတို့ဖြင့် တစ်ခုသောဂါထာကို သင်ယူခြင်းငှာ မတတ်နိုင်၊ “ဤသူသည်ကား နုံ့နှေးသော ဉာဏ်ပညာရှိသောသူတည်း”ဟု ကျောင်းမှ နှင်ထုတ်ခဲ့၏။ မြတ်စွာဘုရားသည်ကား ကိုယ်တော်မြတ်၏ အတုမရှိသော တရားမင်း ဖြစ်တော်မူခြင်းကြောင့် ဤစူဠပန်မထေရ်အား ဆွမ်းစားခြင်း၏အကြား တစ်ခုသော ကာလ၌သာလျှင် ပဋိသမ္ဘိဒါလေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်ကို ကယ်မ ပေးသနားတော်မူပေ၏၊ သုံးပုံသော ပိဋကတ်တို့သည်လည်း ပဋိသမ္ဘိဒါတို့နှင့် တကွသာလျှင် နှုတ်၌ လာကုန်၏၊ ဘုရားရှင်တို့၏ အားအစွမ်းအာနုဘော်မည်သည်ကား ကြီးမြတ်လှ၏၊ အံ့ဩ၍ မကုန်နိုင်”ဟု ပြောဆိုကြလေကုန်၏။

ထိုအခါ တရားသဘင်၌ ဤသို့သော စကားဖြစ်သည်ကို မြတ်စွာဘုရား သိတော်မူသဖြင့် “ယခုအခါ ငါဘုရားသည် တရားသဘင်သို့ ကြွသွားခြင်းငှာ သင့်လျော်လျောက်ပတ်၏”ဟု ကြံတော်မူကာ မြတ်သော ကျိန်းစက်ရာမှ ထတော်မူပြီးလျှင် ကောင်းစွာဆိုးအပ်သော နှစ်ထပ်ရှိသော သင်းပိုင်တော်ကို ပြင်ဝတ်တော်မူ၍ လျှပ်စစ်နွယ်ကဲ့သို့ တင့်တယ်သော ခါးပန်းတော်ကို ဖွဲ့တော်မူ၍ ကမ္ဗလာနီနှင့်တူသော မြတ်စွာဘုရား၏ ကိုယ်ရုံသင်္ကန်းတော်ကြီးကို ခြုံရုံတော်မူ၍ မွှေးကြိုင်သင်းပျံ့ ပန်းရနံ့ရှိသော ဂန္ဓကုဋိတိုက်တော်မှ ထွက်ကြွတော်မူခဲ့ပြီးလျှင် အမုန်ယစ်သော ဆင်မင်းကဲ့သို့ ခြင်္သေ့မင်း၏ စံပယ်တင့်တယ်ခြင်းအားဖြင့် အဆုံးမရှိသော ဘုရားရှင်တို့၏ တင့်တယ်ခြင်းဖြင့် တရားသဘင်သို့ ကြွသွားတော်မူ၍ တန်ဆာဆင်အပ်သော မဏ္ဍပ်ဇရပ် တန်ဆောင်းအလယ်၌ ကောင်းစွာခင်းထားအပ်သော မြတ်သော ဘုရားနေရာတော်ထက်သို့ တက်တော်မူပြီးသော် ခြောက်ပါးသော အဆင်းရှိသော ဘုရားရှင်၏ ရောင်ခြည်တော်တို့ကို လွှတ်တော်မူလျက် သမုဒြာ၏ဝမ်းပြင်ကို ချောက်ချားစေသကဲ့သို့လည်းကောင်း၊ ယုဂန္ဓိုရ်တောင်ထိပ်၌ ထွက်ပေါ်စဖြစ်သော နေလုလင်ပျိုကဲ့သို့လည်းကောင်း နေရာအလယ်၌ သီတင်းသုံး စံနေတော်မူလေ၏။

မြတ်စွာဘုရား ကြွရောက်တော်မူကာမျှ၌ပင် ရဟန်းသံဃာ အပေါင်းသည် စကားဖြတ်၍ ဆိတ်ဆိတ်နေလေ၏။ မြတ်စွာဘုရားသည်ကား နူးညံ့လှစွာသော မေတ္တာစိတ်ဖြင့် ပရိသတ်ကို ကြည့်တော်မူ၍ “ဤပရိသတ်သည် အလွန်လျှင် တင့်တယ်ပေ၏။ ရဟန်းတစ်ပါးအားမျှလည်း လက်လှုပ်ခြင်းသည်လည်းကောင်း၊ ခြေလှုပ်ခြင်းသည်လည်းကောင်း၊ ချောင်းဟန့်သံသည်လည်းကောင်း၊ ချေဆတ်သံသည်လည်းကောင်း မရှိခဲ့တကား၊ အလုံးစုံသော ဤရဟန်းတို့သည် ဘုရား၌ရိုသေခြင်းဖြင့် ကောင်းစွာရိုသေခြင်း ရှိကြကုန်၏။ ဘုရား၏ တန်ခိုးရှိန်စော် အာနုဘော်ဖြင့် ခြိမ်းခြောက်အပ်ကုန်သည်ဖြစ်၍ ငါဘုရားသည် အာယုကပ်ပတ်လုံး(အသက်ဆုံးအောင်)လည်း စကားမဆိုမူ၍ နေတော်မူလတ်သည်ရှိသော် ရှေးဦးစွာ စကားကိုဖြစ်စေ၍ မပြောမဆိုကြကုန်လတ္တံ့၊ စကားကို ဖြစ်စေတတ်သော ဝတ်မည်သည်ကို ငါဘုရားသည်ပင် သိအပ်ပေ၏။ ငါဘုရားသည်သာလျှင် ရှေးဦးစွာ စတင် ပြောဆိုပေအံ့”ဟု ဗြဟ္မာမင်း၏အသံကဲ့သို့ ချိုမြိန်သာယာသော အသံတော်ဖြင့် ရဟန်းတို့ကိုခေါ်တော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု ပြောဆို၍ “အပြီးအဆုံးသို့ မရောက်သေးသော ငါမလာမီအကြား၌ဖြစ်သော စကားကား အဘယ်စကားပေနည်း”ဟု မေးတော်မူသဖြင့် “ဤမည်သော စကားဖြင့် စည်းဝေးကြပါကုန်၏”ဟု လျှောက်ထားသောအခါ “ချစ်သား ရဟန်းတို့- စူဠပန္ထကသည် ယခုအခါ၌သာလျှင် နုံ့နှေးသော ပညာရှိသည်မဟုတ်သေး၊ ရှေးအခါ၌လည်း နုံ့နှေးသောပညာ ရှိသည်သာလျှင်တည်း၊ သက်သက် ယခုအခါ၌သာလျှင် ငါဘုရားသည် ဤစူဠပန္ထက၏ မှီခိုကိုးကွယ်ရာ ဖြစ်ဖူးသည်မဟုတ်သေး၊ ရှေးအခါ၌လည်း မှီခိုကိုးကွယ်ရာ ဖြစ်ဖူးသည်သာလျှင်တည်း၊ ရှေး၌သော်ကား ငါဘုရားသည် ဤစူဠပန္ထကကို လောကီဥစ္စာစု၏ အရှင်သခင်ဖြစ်အောင် ပြုခဲ့ဖူး၏၊ ယခုအခါ၌ကား လောကုတ္တရာဥစ္စာ၏ အရှင်သခင်ဖြစ်အောင် ပြုတော်မူရ၏”ဟု မိန့်တော်မူ၍ ထိုအကြောင်းကို အကျယ်အားဖြင့် မှတ်သားနာကြားလိုသော ရဟန်းတို့သည် ရိုသေညွှတ်ပျောင်း တောင်းပန်အပ်သည်ဖြစ်ရကား လွန်လေပြီးသော အတိတ်ကို ဆောင်တော်မူလေ၏။

ရှင်စူဠပန်၏ အတိတ်ဝတ္ထု

ချစ်သားရဟန်းတို့- ရှေးလွန်လေပြီးသောအခါ ဗာရာဏသီပြည်၌နေသော လုလင်တစ်ယောက်သည် အတတ်ပညာ သင်ကြားခြင်းငှာ တက္ကသိုလ်ပြည်သို့သွား၍ ဒိသာပါမောက္ခ ဆရာ့အထံ၌ စာသင်သားအတွင်းနေ တပည့်ရင်းဖြစ်၍ ငါးရာသော လုလင်တို့၏အတွင်း၌ ဆရာအား အလွန်ကျေးဇူးများသော တပည့်တစ်ယောက် ဖြစ်လေ၏။ ခြေလက်ဆုပ်နယ်ခြင်း အစရှိသော အလုံးစုံသော ကိစ္စတို့ကို ပြုလေ့ရှိ၏။ သို့ရာတွင် နုံ့နှေးသော ပညာရှိသည်၏အဖြစ်ကြောင့် တစ်စုံတစ်ခုသော အတတ်ပညာကို သင်ယူခြင်းငှာ မစွမ်းနိုင်ပေ။ ဒိသာပါမောက္ခ ဆရာကြီးကလည်း “ဤတပည့်သည်ကား ငါ့အား များစွာ ကျေးဇူးရှိ၏၊ ထိုတပည့်ကို တတ်မြောက်အောင် သင်ပေးအံ့”ဟု လုံ့လပြုပါသော်လည်း တစ်စုံတစ်ခုသော အတတ်ကိုမျှ တတ်မြောက်စေခြင်းငှာ မစွမ်းနိုင်၊ ထိုလုလင်သည် ကြာမြင့်စွာနေပါလျက် တစ်ဂါထာကိုမျှလည်း သင်ယူခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ ငြီးငွေ့သဖြင့် “ပြန်သွားတော့အံ့”ဟု ဆရာကို ပန်ကြား ခွင့်တောင်းလေ၏။

ဒိသာပါမောက္ခ ဆရာသည်လည်း “ဤတပည့်သည် ငါ့အား ကျေးဇူးကြီးလှ၏။ ထိုတပည့်၏ ပညာရှိဖြစ်ခြင်းကို အမြဲမပြတ် ငါတောင့်တ၏၊ ထိုသို့ တောင့်တပါသော်လည်း အတတ်ပညာ အထမြောက်အောင် ပြုခြင်းငှာ မစွမ်းနိုင်၊ စင်စစ်မုချ ငါသည် ဤတပည့်အား ကျေးဇူးတုံ့ ဆပ်ခြင်းကို ပြုခြင်းငှာ ထိုတပည့်အား တစ်ခုသောမန္တန်ကို ဖွဲ့သီကုံး၍ ပေးလိုက်အံ့”ဟု ကြံပြီးလျှင် ဒိသာပါမောက္ခဆရာသည် ထိုတပည့်လုလင်ကို တောသို့ခေါ်ဆောင်၍ “ဃဋ္ဋေသိ ဃဋ္ဋေသိ၊ ကိံကာရဏာ ဃဋ္ဋေသိ၊ အဟမ္ပိ တံ ဇာနာမိ”ဟူသော ဤမန္တန်ကို ဖွဲ့သီကုံး၍ သင်ယူစေပြီးသော် အကြိမ်တစ်ရာမက များစွာအပြန်ပြန် အခေါက်ခေါက် သရဇ္ဈာယ်စေ၍ အသင့်ဉာဏ်၌ ထင်ပြီလော (ရပြီလာ)”ဟု မေး၍ “ထင်ပါပြီ (ရပါပြီ)”ဟု ဆိုသည်ရှိသော် “နုံ့နှေးသော ပညာရှိသောသူမည်သည်ကား လုံ့လပြု၍ လေ့ကျက်အပ်သော အတတ်သည် မပြေးထွက် မပျောက်ပျက်နိုင်”ဟု ကြံ၍ ခရီးလမ်းစာ ရိက္ခာပေး၍ “သွားလေလော့၊ ဤမန္တန်ကိုမှီ၍ အသက်မွေးရပေလတ္တံ့။ မန္တန် မပျောက်မရွေ့ မမေ့စိမ့်သောငှာ အမြဲမပြတ် ရွတ်အံသရဇ္ဈာယ်ခြင်းကို ပြုလေလော့”ဟု ပြောဆိုမှာထားပြီးမှ လွှတ်လိုက်လေ၏။ ထိုလုလင်၏ မိခင်သည်လည်း ဗာရာဏသီပြည်သို့ ရောက်သောအခါ “ငါ့သားသည် အတတ်ပညာကို သင်ယူ၍ ပြန် လာသည်”ဟု ကြီးစွာ ချီးမြှင့်ခြင်းကို ပြုပေသည်။

ဗာရာဏသီမင်းသည် မန္တန်ကို တစ်ထောင်ပေး၍ သင်ယူခြင်း

ထိုအခါ ဗာရာဏသီမင်းကြီးသည် “ငါ့အား ကာယကံ စသည်တို့၌ တစ်စုံတစ်ခုသော အပြစ်သည် ရှိလေသလော”ဟု ဆင်ခြင်သည်ရှိသော် မိမိ၏ မလျောက်ပတ်သောအမှု တစ်စုံတစ်ခု ပြုမိသည်ကို မမြင်မူ၍ “မိမိ၏ အပြစ်မည်သည်ကား မိမိအား မထင်ပေ၊ သူတစ်ပါးတို့အားကား ထင်မြင်တတ်၏။ ပြည်သူပြည်သား အပေါင်းတို့ကို စူးစမ်းအံ့”ဟု ကြံ၍ ညဉ့်အခါ မထင်ရှားသောအသွင်ဖြင့် ထွက်၍ “ညစာထမင်းစား၍ နေသောသူတို့၏ စကားပြောခြင်းမည်သည် အထူးထူးအပြားပြား ဖြစ်တတ်၏။ ငါသည် မတရားသဖြင့် မင်းပြုသည်ဖြစ်အံ့၊ မင်းကျင့်တရားဆယ်ပါးကို မစောင့်သော မင်းယုတ်မာသည် ဒဏ်ပေးခြင်း၊ အခွန်ယူခြင်း စသည်တို့ဖြင့် ဖျက်ဆီးသည်ဟု ဆိုကုန်လတ္တံ့၊ တရားနှင့်အညီ မင်းအဖြစ်ကို ပြုသည်ဖြစ်အံ့၊ ငါတို့မင်းသည် ရှည်သောအသက် ရှိပါစေ အစရှိသော စကားတို့ကို ဆို၍ ငါ၏ ဂုဏ်ကျေးဇူးကို ဆိုကုန်လတ္တံ့”ဟု ထိုထိုအိမ်တို့၏နံရံသို့ အစဉ်လျှောက်သဖြင့် သွားလာလှည့်ပတ်လေ၏။ ထိုခဏ၌ ဥမင်သူခိုးတို့သည် အိမ်နှစ်ခုတို့၏ အကြား ဥမင်ကို တူးဖောက်ဖျက်ဆီး၍ ဥမင်တစ်ခုတည်းဖြင့်သာ နှစ်ဆောင်သောအိမ်တို့ကို ဝင်ခြင်းငှာ တူးကြကုန်၏။ မင်းကြီးသည် ထိုသူခိုးတို့ကိုမြင်၍ အိမ်အရိပ်၌ ရပ်နေလေ၏။ ထိုသူခိုးတို့ ဥမင်ဖောက်၍ အိမ်သို့ဝင်၍ ဥစ္စာဘဏ္ဍာကို ကြည့်သောအခါ လုလင်နိုး၍ ထိုမန္တန်ကို ရွတ်ဖတ်သရဇ္ဈာယ်လိုရကား-

<(b>“ဃဋ္ဋေသိ ဃဋ္ဋေသိ၊ ကိံကာရဏာ ဃဋ္ဋေသိ၊ အဟမ္ပိ တံ ဇာနာမိ”ဟု ရွတ်ဆိုလေ၏။ တွံ၊ သင်သည်။ ဃဋ္ဋေသိ၊ ချတ်ချယ်ပြစ်မှားဘိ၏။ ဃဋ္ဋေသိ၊ ချတ်ချယ်ပြစ်မှားဘိ၏။ ကိံကာရဏာ၊ အဘယ်အကြောင်းကြောင့်။ ဃဋ္ဋေသိ၊ ချုတ်ချယ်ပြစ်မှားဘိသနည်း။ အဟမ္ပိ၊ ငါသည်လည်း။ တံ၊ ထိုအကြောင်းကို။ ဇာနာမိ၊ သိ၏။ ဤကားအနက်။)

သူခိုးတို့လည်း ထိုမန္တန်ရွတ်သံကြား၍ “လုလင်သည် ငါတို့၏ အမူအရာကို သိသွားပြီ၊ ယခုအခါ ငါတို့ကို ရိုက်ပုတ် ဖျက်ဆီးလတ္တံ့”ဟု အောက်မေ့လျက် ကိုယ်တွင်ဝတ်သော အဝတ်ပုဆိုးတို့ကိုမျှလည်း မယူနိုင်၊ စွန့်လွှတ်လျက် ကြောက်လန့်တကြား မျက်နှာရှေးရူမူရာ အရပ်သို့သာလျှင် ထွက်ပြေး တိမ်းရှောင်ကြကုန်၏။ မင်းလည်း ပြေးလေသော ထိုသူခိုးတို့ကို မြင်၍လည်းကောင်း၊ လုလင်၏ မန္တန် သရဇ္ဈာယ်သံကို ကြား၍လည်းကောင်း လုလင်နေသော အိမ်ကိုသာ မှတ်သားပြီးလျှင် ပြည်သူပြည်သား အပေါင်းကိုစူးစမ်းလျက် နန်းတော်သို့ ဝင်တော်မူလေ၏။ ထိုမင်းလည်း နံနက်မိုးသောက် ရောက်သည်ရှိသော် စောစောကလျှင် ယောက်ျားတစ်ယောက်ကိုခေါ်၍ “အချင်း- သွားချေ၊ ဤအမည်ရှိသော လမ်းခရီးဝယ် အကြင်အိမ်၌ ဥမင်သည် ပျက်စီး၏၊ ထိုအိမ်၌ တက္ကသိုလ်ပြည်မှ အတတ်သင်၍ ပြန်လည်ရောက်လာသော လုလင်ရှိ၏၊ ထိုလုလင်ကို ခေါ်ဆောင်ချေ”ဟု စေလွှတ်တော်မူ၏။ ထိုမင်းချင်းယောက်ျားလည်း လျင်မြန်စွာသွား၍ “သင့်ကို ပြည့်ရှင်မင်း ခေါ်တော်မူသည်”ဟု ပြောဆိုကာ လုလင်ကို ခေါ်ဆောင်လေ၏။ ထိုအခါ မင်းသည် “အမောင်- သင် တက္ကသိုလ်ပြည်မှ အတတ်သင်၍ ရောက်လာသောလုလင် မဟုတ်လော”ဟု မေးတော်မူသည်ရှိသော် “အရှင်မင်းကြီး- မှန်လှပါသည်”ဟု လျှောက်လျှင် “သင်၏ ထိုအတတ်ကို ငါတို့အားလည်း ပေးလော့”ဟု ဆို၏။ “အရှင်မင်းကြီး- ကောင်းပါပြီ၊ တူမျှသောနေရာ၌ နေ၍ သင်ယူတော်မူပါ”ဟု ဆိုသဖြင့် မင်းကြီးလည်း ထိုဆိုတိုင်းပြု၍ မန္တန်ကို သင်ယူပြီးသည်ရှိသော် “ဤသည်ကား သင်၏ဆရာအဖို့ (ဆရာစား)”ဟု တစ်ထောင်သောဥစ္စာကို ပေးကမ်းချီးမြှောက်လေ၏။

ဃဋ္ဋေသိမန္တန်ဆရာ စစ်သူကြီးဖြစ်ခြင်း

ထိုအခါ စစ်သူကြီးသည် မင်းကြီး၏ ဆတ္တာသည်ကို “အဘယ်အခါ မင်းကြီး မုတ်ဆိတ်ရိပ်အံ့နည်း”ဟု ဆို၏။ “နက်ဖြန်သန်ဘက် မုတ်ဆိတ်ရိတ်လတ္တံ့”ဟု ဆိုလေလျှင် စစ်သူကြီးသည် ထိုဆတ္တာသည်အား တစ်ထောင်သော ဥစ္စာတို့ကိုပေး၍ “ငါတို့အား ပြုဖွယ်ကိစ္စရှိသည်”ဟုဆိုသဖြင့် “ဤတစ်ထောင်သော ဥစ္စာဖြင့် အဘယ်အမှုကို ပြုရပါအံ့နည်း”ဟု မေးလတ်သော် “မင်းကြီးအား မုတ်ဆိတ်ပယ်ယောင်ဆောင်လျက် သင်တုန်းကို အလွန်ထက်အောင် သွေးပြီးလျှင် လည်ချောင်းရေမျိုကို ဖြတ်လော့၊ ငါ မင်းဖြစ်သည်ရှိသော် သင် စစ်သူကြီးဖြစ်လတ္တံ့”ဟု ဆိုလေ၏။ ထိုဆတ္တာသည်သည်လည်း “ကောင်းပါပြီ”ဟု ဝန်ခံ၍ မင်းကြီးအား မုတ်ဆိတ်ပယ်အံ့သောနေ့၌ နံ့သာရေဖြင့် မုတ်ဆိတ်ကိုဆွတ်၍ သင်တုန်းကို ကျင်းလျက်(ခတ်လျက်) နဖူးပြင်ဆံစပ်ကိုကိုင်၍ “ဤသင်တုန်းကား အနည်းငယ်တုံးသေး၏။ တစ်ချက်တည်းဖြင့်သာလျှင် ရေမျိုပြတ်အောင် ဖြတ်သင့်၏”ဟု တစ်ဖန် တစ်ခုသောနေရာ၌ သင်တုန်းကို သွေးပြန်၏။ ထိုခဏ၌ မင်းသည် မိမိ၏မန္တန်ကို အောက်မေ့၍ သရဇ္ဈာယ်လိုရကား “ဃဋ္ဋေသိ ဃဋ္ဋေသိ၊ ကိံ ကာရဏာ ဃဋ္နေသိ၊ အဟမ္ပိ တံ ဇာနာမိ” ဟူသော ဂါထာမန္တန်ကို ရွတ်ဆိုလေ၏။ ဆတ္တာသည်ကား ထိုမန္တန်ရွတ်သံကြားလျှင် နဖူးပြင်မှချွေးတို့သည် ယိုထွက်ကုန်သည်ဖြစ်၍ ထိုဆတ္တာသည် “ငါ့အကြောင်းကို မင်းကြီးသည် သိချေပြီ”ဟု ကြောက်လန့်တကြား သင်တုန်းကို မြေ၌ပစ်ချပြီးလျှင် မင်းကြီး၏ခြေရင်း၌ ရင်ဖြင့်ဝပ်၍ နေလေ၏။ မင်းတို့မည်သည် လိမ္မာပါးနပ်ကုန်သည်ဖြစ်ရကား ဆတ္တာသည်ကို “ဟယ်... ယုတ်မာလှသော ဆတ္တာသည်- ငါသို့သောမင်းကို ဤမင်းကြီးသည် မသိဟူ၍ မှတ်ထင်သလော”ဟု ကြိမ်းမောင်းတော်မူလေ၏။

ထိုအခါ ဆတ္တာသည်လည်း “အရှင်မင်းကြီး- ကျွန်တော်မျိုးအား အသက်ဘေးမဲ့ပေးတော်မူပါ”ဟု လျှောက်လတ်သော် “အသင်တောင်းသောအတိုင်းဖြစ်စေ၊ မကြောက်လင့်၊ အမှန်အတိုင်း အစစ်ခံလော့”ဟု မိန့်တော်မူ၏။ “အရှင်မင်းကြီး- စစ်သူကြီးသည် ကျွန်တော်မျိုးအား တစ်ထောင်သော ဥစ္စာကိုပေး၍ မင်းကြီး၏မုတ်ဆိတ်ကို ပြုပြင်ဟန်ဆောင်လျက် လည်မျိုကိုဖြတ်လော့၊ ငါမင်းဖြစ်လျှင် သင့်အား စစ်သူကြီးအရာကို ပေးအံ့ဟု ဆိုပါကြောင်း”နှင့် လျှောက်တင်လေ၏။ မင်းကြီးသည်လည်း “ငါကား ဆရာကိုမှီ၍ ငါအသက်ရှင်တော့သည်”ဟု ကြံအောက်မေ့၍ စစ်သူကြီးကို ခေါ်တော်မူပြီးလျှင် “အိုအချင်းစစ်သူကြီး- သင်သည် ငါ့အထံမှ အဘယ်မည်သောဆုလာဘ်ကို မရဖူးသည်ရှိသနည်း၊ ယခုအခါ သင့်ကိုကြည့်ရှုခြင်းငှာ မတတ်ကောင်း၊ ငါ၏နိုင်ငံ နေပြည်တော်မှ မြန်စွာထွက်သွားလော့”ဟု အမိန့်တော်ပြန်လျက် စစ်သူကြီးကို နိုင်ငံမှ နှင်ထုတ်၍ ဆရာကို ခေါ်တော်မူပြီးလျှင် “ဆရာ- ဆရာ့ကိုမှီ၍သာ ငါသည် အသက်ကိုရအပ်၏”ဟုဆို၍ ပူဇော်သက္ကာများပြုလျက် ထိုလုလင်အား စစ်သူကြီးအရာကို ပေးတော်မူလေ၏။ “စူဠပန္ထကသည် ထိုအခါ ထိုလုလင်ဖြစ်ပြီး၊ ငါဘုရားကား ဒိသာပါမောက္ခဆရာ ဖြစ်တော်မူပြီ”ဟု မြတ်စွာဘုရားသည် လွန်လေပြီးသော ဤအကြောင်းကို ဆောင်တော်မူ၍ “ချစ်သားရဟန်းတို့- ရှေး၌လည်း စူဠပန္ထကသည် ဤသို့ နုံ့နှေးသောဉာဏ် ရှိသည်သာလျှင် ဖြစ်ဖူး၏။ ထိုအခါ၌လည်း ငါသည် စူဠပန္ထက၏ မှီခိုကိုးကွယ်ရာဖြစ်၍ လောကီစည်းစိမ်၌ တည်စေဖူးလေပြီ”ဟု မိန့်တော်မူလေ၏။

စူဠသေဋ္ဌိဇာတ်ကို ဟောတော်မူခြင်း

ထိုမှတစ်ဖန် တစ်နေ့သ၌ “ဘုရားရှင်သည် စူဠပန္ထက၏ မှီခိုရာ အားထားရာ ဖြစ်တော်မူပေ၏။ အံ့ဖွယ်ရှိစွ”ဟု စကားကိုဖြစ်စေအပ်သည်ရှိသော် (ဧကကနိပါတ်) စူဠသေဋ္ဌိဇာတ်၌ အတိတ်ဖြစ်သောအကြောင်းကို ဟောတော်မူ၍-

အပ္ပကေနာပိ မေဓာဝီ၊ ပါဘတေန ဝိစက္ခဏော။
သမုဋ္ဌာပေတိ အတ္တာနံ၊ အဏုံ အဂ္ဂိံဝ သန္ဓမံ။

အဏုံ၊ ဆိုဖွယ်မရ အနည်းငယ်မျှဖြစ်သော။ အဂ္ဂိံ၊ မီးကို။ သန္ဓမံ၊ မှုတ်လျက်။ မဟန္တံ အဂ္ဂိက္ခန္ဓံ၊ ကြီးလှစွာသော မီးပုံကြီးကို။ သမုဋ္ဌာပေတိ ဣဝ၊ ဖြစ်စေသကဲ့သို့။ ဝိစက္ခဏော၊ ထိုထိုအရာ ကောင်းစွာမြော်မြင် ဆင်ခြင်တတ်သော။ မေဓာဝီ၊ ပညာရှိသည်။ အပ္ပကေန၊ အနည်းငယ်သာဖြစ်သော။ ပါဘတေနာပိ၊ အရင်းဥစ္စာဖြင့်သော်လည်း။ အတ္တာနံ၊ မိမိကိုယ်ကို။ သမုဋ္ဌာပေတိ၊ ဥစ္စာစည်းပွား တိုးပွားဖြင်ပည်း သူဌေးကြီးဖြစ်စေတတ်၏။

ဤဂါထာကို ဟောတော်မူပြီးလျှင် “ရဟန်းတို့- ယခုအခါ၌သာလျှင် ငါဘုရားသည် ဤစူဠပန္ထက၏ မှီခိုရာ ဖြစ်သည်မဟုတ်သေး၊ ရှေး၌လည်း မှီခိုရာ ဖြစ်ဖူးသည်သာလျှင်တည်း။ ရှေး၌ကား ငါဘုရားသည် ဤစူဠပန္ထကကို လောကီစည်းစိမ်၏ အရှင်ဖြစ်အောင် ပြုဖူးပြီ၊ ယခုအခါ၌ လောကုတ္တရာ စည်းစိမ်ရှင်ပြုရပေပြီ၊ ထိုအခါ၌လည်း တပည့်ငယ်သည် စူဠပန္ထကဖြစ်၏။ စူဠသေဋ္ဌိ သူဌေးသည်ကား ငါဘုရားဖြစ်၏”ဟု ဇာတ်ကို ပေါင်းတော်မူလေ၏။

တစ်ဖန် တစ်နေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ “ငါ့ရှင်တို့- စူဠပန္ထကသည် လေးလတို့ဖြင့် လေးပိုဒ်ရှိသော ဂါထာကို သင်ယူခြင်းငှာ မတတ်နိုင်သော်လည်း လုံ့လကို မစွန့်မူ၍သာလျှင် ရဟန္တာအဖြစ်၌ တည်ရလေ၏၊ ယခုအခါ လောကုတ္တရာ တရားစည်းစိမ်ရှင် ဖြစ်ရလေ၏”ဟု စကားကို ဖြစ်စေကုန်၏။ ဘုရားရှင် ကြွလာ၍ “ချစ်သားတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးနေကြသနည်း”ဟု မေးသဖြင့် “ဤမည်သော စကားဖြင့် စည်းဝေးနေကြပါသည်”ဟု လျှောက်ကြားလတ်သော် “ချစ်သား ရဟန်းတို့- ငါဘုရား၏ သာသနာတော်၌ အားထုတ်သော လုံ့လရှိသောသူသည် လောကုတ္တရာတရား၏ အရှင်သခင် ဖြစ်သည်သာတည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူ၏။

ဒေသနာတော်

[၂၅] ဥဌာနေနပ္ပမာဒေန သံယမေန ဒမေန စ။
ဒီပံ ကယိရာထ မေဓာဝီ၊ ယံ ဩဃော နာဘိကီရတိ။

ဥဋ္ဌာနေန စ၊ ထကြွခြင်းကြောင့်လည်းကောင်း။ အပ္ပမာဒေန စ၊ မမေ့မလျော့ခြင်းကြောင့်လည်းကောင်း။ သံယမေန စ၊ စတုပါရိသုဒ္ဓိ သီလတည်းဟူသော စောင့်စည်းခြင်းကြောင့်လည်းကောင်း။ ဒမေန စ၊ ဣန္ဒြေကို ဆုံးမခြင်းကြောင့်လည်းကောင်း။ ဣမေဟိ ဓမ္မေဟိ၊ ဤလေးပါးကုန်သော တရားတို့ကြောင့်။ (ပဝတ္တာယ၊ ဖြစ်သော။ ဓမ္မောဇပညာယ၊ သူတော်ကောင်းတရားကြောင့်ဖြစ်သော ပညာနှင့်။ သမန္နာဂတော၊ ပြည့်စုံသော)။ မေဓာဝီ၊ ပညာရှိ သူတော်ကောင်းသည်။ ယံ ဒီပံ၊ အကြင် အရဟတ္တဖိုလ် တည်းဟူသော မှီခိုရာကျွန်းကို။ ဩဃော၊ ဩဃလေးထွေ ရေအလျဉ်သည်။ နာဘီကီရတိ၊ မဖိစီး မလွှမ်းမိုးနိုင်။ တံ ဒီပံ၊ ထိုအရဟတ္တဖိုလ် တည်းဟူသော မှီခိုရာ ကျွန်းကို။ ကယိရာထ၊ ပြုခြင်းငှာ စွမ်းနိုင်ရာ၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည် ဖြစ်ကုန်၏။ ဤသို့ ဒေသနာတော်သည် ရောက်လာသော ပရိသတ်အား အကျိုးရှိလေ၏။

စူဠပန္ထကမထေရ်ဝတ္ထု ပြီး၏။