စန္ဒကုမာရဇာတ်တော်ကြီး/အခန်း-၀၂
ဧကရာဇ်မင်းသည်လည်း အလွန် ပညာနည်းလှသော မင်းတည်း။ တစ်နေ့သ၌ ဧကရာဇ်မင်းသည် ညဉ့်အခါ စက်ပျော်သည်ရှိသော် မိုးသောက်ယံအခါ၌ အိပ်မက်တွင် ရတနာ ၇-ပါးဖြင့်ပြီးသော မြို့တံတိုင်းတို့ဖြင့် တင့်တယ်စွာ တန်ဆာဆင်အပ်သော မုခ်တံခါးရှိသောမြို့ကြီး၌ ရွှေသဲတို့ဖြင့်ခင်းအပ်သော ယူဇနာ ၆၀-အကျယ်ရှိသော ခရီးဈေးလမ်းမလည်းရှိထသော, ယူဇနာ ၁၀၀၀ အမြင့်ဆောင်သော ဝေဇယန္တာပြာသာဒ်စသော အထူးအဆန်း ဘုံဗိမာန်တို့ဖြင့်လည်းကောင်း၊ နန္ဒဝန်ဥယျာဉ် အစရှိသည်တို့ဖြင့်လည်းကောင်း တန်ဆာဆင်အပ်သော တာဝတိံသာနတ်ပြည်ကို မြင်မက်သတည်း။
အိပ်မက်မြင်ပြီး၍နိုးလျှင် ထိုတာဝတိံသာနည်ပြည်သို့ ရောက်၍ စံစားပျော်မွေ့လိုသောစိတ် ရှိသည်ဖြစ်၍ “မိုးသောက်သောအခါ ဆရာ ခဏ္ဍဟာလသည် ငါ၏အထံသို့ခစားလာလတ္တံ့။ ထိုအခါ နတ်ပြည်သို့ရောက်အံ့သောအကြောင်းကို ဆရာပုရောဟိတ်အား မေး၍၊ ဆရာကြားအပ်သောခရီးဖြင့် ထိုတာဝတိံသာနတ်ပြည်သို့သွားအံ့”ဟု ကြံလျက်၊ နံနက်မိုးသောက်လျှင် ခဏ္ဍဟာလပုဏ္ဏားကို လည်တစွင့်စွင့် မျှော်လင့်တောင့်တလျက် နေ၏။
ခဏ္ဍဟာလပုဏ္ဏားသည် နံနက်မိုးသောက်လျှင်, ခစားမြဲအချိန်ရောက်လျှင်, ရေချိုး၍ ဝတ်စားတန်ဆာ ဆင်ယင်ဝတ်စားပြီးလျှင် ခစားအံ့သောငှာ နန်းတော်သို့ဝင်၍ မင်း၏အထံတော် ပုရောဟိတ်တို့နေရာ၌ နေပြီးသော် “အရှင်မင်းကြီး။ ယနေ့ ချမ်းသာစွာ စက်တော်မူရပါ၏လော”ဟု လျှောက်၏။
ဧကရာဇ်မင်းလည်း ခဏ္ဍဟာလပုဏ္ဏားအား မြတ်သောနေရာ၌ နေစေ၍-
“သဂ္ဂါနမဂ္ဂမာစိက္ခ၊ တွံသိ ဗြာဟ္မဏ ဓမ္မဝိနယကုသလော။
ယထာ ဣတော ဝဇန္တိ သုဂတိံ၊ နရာ ပုညာနိ ကတွာန။”
ဟူသောဂါထာဖြင့် ပြဿနာမေး၏။
ထိုဂါထာ၏အဓိပ္ပာယ်ကား-
“ဆရာပုဏ္ဏား... ဆရာကား တရားသဖြင့် ပြညွှန်းဆုံးမခြင်း၌ လိမ္မာ၏။ အကြင်အချင်းဖြင့် လူတို့သည် ကောင်းမှုပြုကုန်၍ နတ်ပြည်သို့သွားကြကုန်၏။ ထိုသူတို့ နတ်ပြည်သို့သွားသကဲ့သို့ ငါလည်း နတ်ပြည်သို့ သွားလို၏။ နတ်ပြည်သို့ရောက်ကြောင်း ကောင်းမှုကို ငါ့အား မြွက်ကြားညွှန်ပြလော့”ဟုဆို၏။
ခဏ္ဍဟာလပုဏ္ဏားသည် “ယခု ငါ့ရန်သူ၏ပျက်စီးခြင်းကို မြင်ရတော့အံ့။ ငါ၏ရန်သူဖြစ်သော စန္ဒကုမာရမင်းသားကို သေကျေပျက်စီးအောင်ပြုသဖြင့် အခွင့်သာယာစွာ ငါ၏အလို ပြည့်အံ့သည်”ဟု ကြံပြီးသော်-
“အတိဒါနံ ဒဒိတွာန၊ အဝဇ္ဈေ ဒေဝ ဃာတေတွာ။
ဧဝံ ဝဇန္တိ သုဂတိံ၊ နရာ ပုညာနိ ကတွာန။”
ဟူသောဂါထာဖြင့် နတ်ပြည်သို့ရောက်ကြောင်း ကောင်းသော ခရီးဖြစ်သည်ဟု ကြားပေ၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး... သူတစ်ပါးတို့ လှူနိုင်ခဲသော အလွန်သော “အတိဒါန”ကို ပြုသောကြောင့်လည်းကောင်း၊ မသတ်အပ်သောသူတို့ကို သတ်၍ ကောင်းမှုပြုသောကြောင့်လည်းကောင်း နတ်ပြည်သို့ရောက်ကြကုန်၏”ဟုဆို၏။
ထိုအခါ မင်းကြီးသည် အတိဒါနစသည်ကို ပြုရမည်ဆိုသော ပုဏ္ဏားစကားကို အဓိပ္ပာယ် မသိမထင်နိုင်သည် ဖြစ်၍-
“ကိံပနေတံ အတိဒါနံ၊ ကေ စ အဝဇ္ဈာ ဣမသ္မိံ လောကသ္မိံ။
ဧတဉ္စ ခေါ နော အက္ခာဟိ၊ ယဇိဿာမိ ဒဒါမိ ဒါနာနိ။”
ဟူသောဂါထာဖြင့် မေးပြန်၏။
အဓိပ္ပာယ်ကား-
“ဆရာပုဏ္ဏား... “အတိဒါန”ဟူသည်ကား အဘယ်နည်း။ “မသတ်အပ်သောသူ”ဟူသည်ကား အဘယ်သူနည်း။ ငါ့အား ထင်စွာကြားလော့။ ငါ လှူဒါန်းပူဇော်အံ့”ဟု ဆို၏။
ပုဏ္ဏားလည်း အတိဒါန စသည်ကိုကြားလို၍-
“ပုတ္တေဟိ ဒေဝ ယဇိတဗ္ဗံ၊ မဟေသီဟိ နေဂမေဟိ စ။
ဥသဘေဟိ အာဇာနိယေဟိ စတူဟိ၊ သဗ္ဗစတုက္ကေန ဒေဝ ယဇိတဗ္ဗံ။”
ဟူသော ဂါထာဖြင့် ဖြေ၏။
အဓိပ္ပာယ်ကား-
“အရှင်မင်းကြီး... သား, သမီး, မိဖုရား, သူကြွယ်, နွားလားဥသဘ, အာဇာနည်မြင်းစသော ခပ်သိမ်းစုံ ၄-ခုစီဖြစ်သော သဗ္ဗစတုက္ကဖြင့် ပူဇော်အပ်၏”ဟု ကြား၏။
ထိုခဏ္ဍဟာလပုဏ္ဏားသည် နတ်ပြည်ခရီးကို မင်းကြီး မေးတော်မူလျှင် ငရဲသို့ရောက်ကြောင်း မကောင်းသောခရီးကို ကြားလေသတည်း။ ထိုသားသမီးစသော သဗ္ဗစတုက္ကကို ပူဇော်ခြင်းအစီအရင်ကို ကြားလိုပြန်၍လည်း “အရှင်မင်းကြီး။ သားသမီးစသည်တို့၏ ဦးခေါင်းကို သန်လျက်ဖြင့်ဖြတ်၍ ရွှေခွက်ဖြင့် လည်ချောင်းသွေးကို ခံယူပြီးလျှင် တွင်း၌ထည့်၍ ယဇ်ပူဇော်ကုန်သောမင်းတို့သည် ဤကိုယ်၏ အထီးကျန်သောသူ ဖုန်းတောင်းယာစကာတို့အား အဝတ်အစား စသည်တို့ကို ပေးလှူစွန့်ကြဲခြင်းသည် ဒါနသာမည်၏။ ပြုနိုင်ခဲ့သည် မဟုတ်။ မိမိရင်သွေးရင်သား စသည်တို့၏ လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်ခြင်းသည်သာ သူတစ်ပါးတို့ စွန့်နိုင်ခဲသောကြောင့် အတိဒါနဖြစ်သည်ဟူ၍ အလွန်မလိမ္မာသော ဧကရာဇ်မင်းကြီးအား လှည့်ပတ်လျက် စကား ၁၀-ပါးအနက်တွင် ကောက်ပင်ရိတ်ဖြတ်စကားဖြင့် စန္ဒကုမာရ မင်းသားတစ်ယောက်ကိုသာ သတ်လိုလျက် များစွာသောသူတို့နှင့်တကွ သတ်ရမည်စီရင်သည်ကား ထိုခဏ္ဍဟာလပုဏ္ဏားသည် “စန္ဒကုမာရမင်းသားကိုသတ်၍ ယဇ်ပူဇော်တော်မူပါ”ဟု ဆိုချေသော် “မင်းသား၌ ရန်ငြိုးရှိသောကြောင့်သာ ဤပုဏ္ဏား စီရင်သည်ဟူ၍ မင်းကြီး အယူတော်ရှိရာသည်”ဟု နှလုံးပြုလျက်၊ အစုစု ၄-ခု၊ ၄-ခုစီသော သတ္တဝါတို့အတွင်း၌ မင်းသားအိမ်ရှေ့ရှင်ကို မထင်မရှားသွင်း၍ ဆိုဘိ၏။
ထိုသို့ သဗ္ဗစတုက္ကဖြစ်သော အတိဒါနကိုစီရင်မည်ဟု နှီးနှောပြောဆိုကြသော မင်း, ပုဏ္ဏား ၂-ယောက်တို့၏စကားကို နန်းတော်တွင်း၌ မင်းခစားပရိသတ် မှူးမတ်အပေါင်းမှ မောင်းမမိဖုရားတို့ ကြားလေလျှင် ယုဂန္ဓိုရ်လေသွဲ့၍ နွဲ့ပျောင်းသော အင်ကြင်းပင်ပျိုတောကဲ့သို့ သောသောအုတ်အုတ် တုန်လှုပ်ကြောက်လန့်လျက် ငိုကြွေးမြည်တမ်းသောအသံသည် နန်းတော်အလုံး လွှမ်း၍တက်၏။
ခဏ္ဍဟာလပုဏ္ဏားသည် “အရှင်မင်းကြီး။ အသို့နည်း။ ဤအစီအရင်အတိုင်း ယဇ်ပူဇော်နိုင်အံ့လော, မပူဇော်နိုင်အံ့လော”ဟု မေး၏။ “ဆရာ။ နတ်ပြည်သို့ရောက်ကြောင်း ကောင်းမှုဖြစ်သော ဤယဇ်ပူဇော်ခြင်းကို အဘယ့်ကြောင့် မပူဇော်နိုင်အံ့နည်း။ ယဇ်ပူဇော်၍ ငါနတ်ပြည်သို့သွားအံ့”ဟု မင်းကြီးဆိုလျှင်၊ “အရှင်မင်းကြီး။ ကြောက်တတ်သော သဘောရှိ၍ နတ်ပြည်သို့ရောက်ကြောင်း ကောင်းမှုကို အလိုနည်းကုန်သောသူတို့သည် ယဇ်ပူဇော်ခြင်းငှာ မတတ်နိုင်။ အရှင်မင်းကြီးကား နတ်ပြည်သို့ရောက်ကြောင်း ကောင်းမှု၌ ရဲရင့်ပေသည်။ ကောင်းစွ”ဟုဆိုလျက်၊ “ကောင်းမှုဟူသည် မနှေးမဆိုင်းရာ။ အလျင်တဆော ပြုရာ၏။ အရှင်မင်းကြီး၊ အကျွန်ုပ်ဆိုသည့်အတိုင်း နန်းတော်ကနေ၍ စီရင်တော်မူ။ အကျွန်ုပ်ကား ယဇ်ပူဇော်ရန် တွင်းကို စီရင်အံ့”ဟု အမှုနှင့်လျော်စွာ ဗိုလ်ပါအပေါင်းနှင့် မြို့မှထွက်ခဲ့၍ မြို့ပြင်အရှေ့မျက်နှာ၌ မြေအခင်းအကျင်းသင့်ရာ ညီညွတ်စွာသုတ်သင်လျက် ယဇ်တွင်းစီရင်ပြီးသော် ပတ်လည်ဝန်းကျင် ဝင်း, စောင်ရန်း ကာရံစေ၏။
(အဘယ့်ကြောင့် ဝင်းကာရံစေသနည်းဟူမူကား- ယဇ်ပူဇော်သောအခိုက် “မထိုက်မလျော် မတော်မသင့် ကျင့်၏တကား”ဟု တရားစောင့်သော ရဟန်းပုဏ္ဏားတို့ မြစ်တားမည်ကိုစိုး၍ ထိုသူတို့ မဝင်စိမ့်သောငှာ ဝင်းစောင်ရန်း ကာရံစေသတည်း။)