1088စန္ဒကုမာရဇာတ်တော်ကြီး — သားတော်သ္မီးတော်များကို ဆောင်စေခြင်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ဧကရာဇ်မင်းကြီးသည်လည်း မင်းချင်းတို့ကိုခေါ်၍ “ငါသည် မယား, သားသမီးတို့ကိုသတ်၍ ယစ်ပူဇော်ပြီးလျှင် နတ်ပြည်သို့ သွားအံ့။ သင်တို့သွား၍ ငါ့သားသမီး, မိဖုရားတို့ကို အကြောင်းကြားလျက် ၄-ပါးသောစတုက္ကကို ဆောင်ယူချေ” ဆိုပြီးလျှင်၊ သားတော် ၄-ယောက်ကို ရှေးဦးစွာ ဆောင်စိမ့်သောငှာ-

“ဂစ္ဆထ ဝဒေထ ကုမာရ၊ စန္ဒဉ္စ သူရိယဉ္စ ဘဒ္ဒသေနဉ္စ။

သူရံ ဝါမဂေါတ္တဉ္စ၊ ပစုရာ ကိရ ဟောထ ယညတ္ထာယ။”

ဟူသော ဂါထာဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“အချင်းတို့... ယခု သွားချေ။ စန္ဒကုမာရ, သူရိယကုမာရ, ဘဒ္ဒသေန, ဝါမဂေါတ္တ ဤသားတော် ၄-ယောက်တို့ကို ခမည်းတော်မင်း ယဇ်ပူဇော်တော်မူမည့်အကြောင်းကို ပြောဆို၍ အစုစု နေစေကုန်”ဟု စေ၏။

မင်းချင်းတို့သည် ရှေးဦးစွာ အိမ်ရှေ့မင်း စန္ဒကုမာရထံသွား၍ “အရှင့်သား။ “အရှင်မင်းသားတို့ကိုသတ်၍ ခမည်းတော် နတ်ပြည်သွားတော်မူလိုသည်ဟု အရှင်မင်းသားတို့ကို ဖမ်းယူချေ” စေတော်မူသောကြောင့် ရောက်ပါသည်”ဟု လျှောက်၏။ “အဘယ်သူ့စကားကြောင့် “ငါ့ကို ဖမ်းချေ” စေတော်မူသနည်း”ဟု မင်းသားမေး၏။ “အရှင်မင်းသား။ ခဏ္ဍဟာလပုဏ္ဏား စကားကြောင့်တည်း”ဟု လျှောက်၏။ “အချင်းတို့။ ထိုသို့တပြီးကား ငါတစ်ယောက်ကိုသာ ဖမ်းသလော, တစ်ပါးသော သူတို့ကိုလည်း ဖမ်းသလော”ဟု မေး၏။ မင်းချင်းတို့လည်း “အရှင့်သားကိုသာ မဟုတ်။ ၄-ပါးသော သားတော် သမီးတော်တို့ကို ဖမ်းစေ၏။ သဗ္ဗစတုက္ကဖြစ်သောယဇ်ကို ပူဇော်လိုသတည်း”ဟုလျှောက်၏။

အိမ်ရှေ့မင်းလည်း “ခဏ္ဍဟာလပုဏ္ဏားအား တစ်ပါးသောသူတို့နှင့် ရန်မဖြစ်။ တရားသူကြီးအရာကို စန္ဒကုမာရ လုယူဘိသည်ဟု ငါ၌သာ ရန်ငြိုးရှိဘိ၏။ ငါတစ်ယောက်ကြောင့် များစွာသောသူတို့ကို သတ်မည်ကြံသည်ကား မသင့်။ ထိုသူတို့ မသေထိုက်ပေ။ ငါ့ခမည်းတော် မင်းကြီးကို ငါဖူးမြင်ရပါမူ ထိုသူအပေါင်းတို့ကို သေဘေးမှလွတ်အောင် ဆောင်ရွက်ရမည်ကား ငါ၏ဝန်တည်း”ဟု ကြံ၍ “အချင်းတို့။ ခမည်းတော်အမိန့်နှင့်ညီအောင် ငါ့ကို ပြုတော့”ဟုဆို၏။

မင်းချင်းတို့လည်း အိမ်ရှေ့မင်းကို အမိန့်တော်ရင်းနှင့်ညီအောင် ဆောင်ယူခဲ့၍ မင်းရင်ပြင် တင့်အပ်သောအရပ်၌ ထား၏။ ကြွင်းသော သားတော် ၃-ယောက်တို့ကိုလည်း ဖမ်းယူ၍ အိမ်ရှေ့မင်း၏အပါး၌ ထား၏။

မင်းချင်းတို့လည်း “အရှင်မင်းကြီး၊ သားတော် ၄-ယောက်တို့ကို ဆောင်ယူ၍ရောက်ပါပြီ”ဟု လျှောက်ကြကုန်၏။ မင်းကြီးလည်း မင်းချင်းတို့စကားကိုကြားလျှင် “အချင်းတို့။ ငါ့သားတော်များကို ဆောင်၍ပြီးမူ ငါ၏သမီးတော် ဥပသေနာ, ကောကိလာ, မုဒိတာ, နန္ဒာ ဤသမီးတော် ၄-ယောက်တို့ကိုလည်းဆောင်၍ မိမိတို့ မောင်တော်များအနီး၌ နေစေ”ဟု စေလိုက်၏။

မင်းချင်းတို့လည်း မင်းကြီးဆိုတိုင်း သမီး ၄-ယောက်တို့ကို ယဇ်ပူဇော်မည့်အကြောင်းကို ပြောဆိုပြီးလျှင် ငိုကြွေးမြည်တမ်းကုန်လျက်ပင်လျှင် ဆောင်ယူခဲ့၍ မောင်တော်များအနီး၌ ထားကုန်၏။

ထို့နောင် မိဖုရား ၄-ယောက်တို့ကို ဆောင်ယူစေလိုပြန်၍ “အချင်းတို့၊ ငါ၏ မိဖုရားကြီးဖြစ်သော ဝိဇယာ, ဧရာဝတီ, ကေသိနီ, သုနန္ဒာ ဤမိဖုရား ၄-ယောက်တို့ကို ယဇ်အလို့ငှာ အစုစု နေစေ”ဟုစေ၏။ မင်းချင်းတို့လည်း မိဖုရား ၄-ယောက်တို့ကို ငိုမြည်တမ်းလျက်ပင် ဆောင်ယူခဲ့၍ မင်းသားတို့၏အနီး၌ ထား၏။

ထို့နောက် သူဌေးကြီး ၄-ယောက်တို့ကို ယူစေလိုပြန်၍ “အချင်းတို့ ပုဏ္ဏမုခသူဌေး, ဘဒ္ဒိယသူဌေး, သိင်္ဂါလသူဌေး, ဝဍ္ဎသူဌေး ဤ ၄-ယောက်သော သူဌေးတို့ကို ယဇ်အလို့ငှာ ဆောင်၍ အစုစုနေစေ”ဟုစေ၏။ မင်းချင်းတို့လည်း သူဌေး ၄-ယောက်တို့ကို ဆောင်ကုန်၏။

မင်း၏သားတော်, သမီးတော်, မိဖုရားတို့ကို ဆောင်သောအခါကား ပြည်သားပြည်သူအပေါင်းတို့က တစ်ခွန်းသောစကားကိုမျှ မဆို။ သူဌေး ၄-ယောက်တို့ကို ဖမ်းယူသောအခါကား သူဌေးတို့နှင့် ဆွေမျိုးသားချင်း ပေါက်ဖော်တော်စပ်သူ များသည်ဖြစ်၍ တစ်ပြည်လုံး ချောက်ချားလျက် “မင်းကြီး။ သူဌေး ၄-ယောက်တို့ကိုသတ်၍ ယဇ်ပူဇော်မည်ဆိုသော် မသတ်ရအောင် လျှောက်မည်”ဟု သူဌေး ၄-ယောက်ကို ခြံရံကုန်လျက် သားမယား ပြည်သားပြည်သူအပေါင်းလိုက်၍၊ မင်းကြီးအား “အရှင်မင်းကြီး။ အကျွန်ုပ်တို့ကို ဦးစွန်းထုံး၍ ဦးခေါင်းပြည်းစေသဖြင့် ပြည်မှသော်လည်း နှင်ထုတ်တော်မူပါ။ ထိုသို့မပြုမူ အကျွန်ုပ်တို့ကို ကျွန်အဖြစ်သော်လည်း ပြုတော်မူပါ။ အသက်ကို သနားတော်မူပါ”ဟု လျှောက်တောင်းပန်ကြကုန်သော်လည်း နားမျှမခံ မပြန်မကြည့်နေပြီးသော်၊ မင်းချင်းတို့လည်း မင်းကြီးအလိုကိုသိသဖြင့် သား, မယား, ပြည်သားပြည်သူအပေါင်းတို့ကို ပယ်ခွာနှင်ထုတ်လိုက်၍ သူဌေး ၄-ယောက်တို့ကို မင်းသားများအနီး၌ ထားလေ၏။

ထို့နောင်မှ ဆင်အစရှိသည်တို့ကို ယူစိမ့်သောငှာ စေပြန်လို၍ “အချင်းတို့။ အဘယင်္ကရ မည်သောဆင်, နာဠာဂိရိ မည်သော ဆင်, အစ္စုဂ္ဂတ မည်သောဆင်, ဝရုဏဒန္တ မည်သောဆင်၊ ဤဆင်၄-စီးတို့ကိုလည်း ယဇ်အလို့ငှာ ဆောင်ချေ။ ထိုမှတစ်ပါး ကေသနီမည်သော မြင်း, သုရာမုခမည်သော မြင်း, ပုဏ္ဏားကမည်သော မြင်း, ဝိနတကမည်သော မြင်း၊ ဤမြင်း ၄-စီးတို့ကိုလည်း ဆောင်ချေ။ ထိုမှတစ်ပါး ယူထပတိမည်သော နွားလား, အနောဇမည်သော နွားလား, နိသဘမည်သော နွားလား, ဂဝံပတိမည်သော နွားလား၊ ဤဥသဘ ၄-ခုတို့ကို ဆောင်ချေ။ ဤသတ္တဝါများကို ယဇ်ပူဇော်တော်မူမည်။ အစုစု သင့်ရာနေစေ။ ခပ်သိမ်းစုံ ယဇ်ပူဇော်တော်မူရန် ကိစ္စကို ပြီးအောင်စီရင်၍ နေထွက်လျှင် ပူဇော်တော်မူမည်။ ငါ့သား စန္ဒကုမာရမင်းသားကိုလည်း နေထွက်လျှင် လည်ချောင်းသွေးဖြင့် ယဇ်ပူဇော်တော်မူမည်ဖြစ်သောကြောင့် နေမထွက်မီ ယခု မိုးသောက်ယံ စံပျော်မွေ့လျော်စေ”ဟု စေ၏။

ဧကရာဇ်မင်း၏ မယ်တော်, ခမည်းတော်တို့သည်လည်း ရှိသေးသတတ်။