စန္ဒကုမာရဇာတ်တော်ကြီး/အခန်း-၀၈
ထိုအခါ ပုပ္ဖဝတီပြည်အလုံး ချောက်ချား၍ ပြည်သူအပေါင်းတို့သည်လည်း အတူတကွ ထွက်သွားအံ့သောငှာ လာလတ်ကုန်၏။ တံခါးမဆံ့ အပြည့်အနှက် ထွက်ရာလမ်းမတွေ့ တိုးဝှေ့ပွတ်သပ်လျက် ထွက်ကြကုန်၏။
ခဏ္ဍဟာလပုဏ္ဏားသည် ထိုပြည်သူပြည်သား များစွာသော ပရိသတ်တို့ကိုမြင်လျှင် “မင်းရေးမင်းမှုကို မည်သို့မဆိုနိုင်ရာ”ဟု ကြံ၍၊ “မထွက်စေရ”၊ တံခါးကို ပိတ်၍ထား၏။ ပြည်သူပြည်သား ပရိသတ်အပေါင်းလည်း မထွက်ရလျှင် မြို့နား၌ရှိသော ဥယျာဉ်သို့သွားကြကုန်၍ ဥယျာဉ်၏အနီး၌ သည်းစွာငိုကြွေးကြကုန်၏။ ထိုသို့ ငိုကြွေးသံဖြင့် ဥယျာဉ်၌ သစ်သီး, သစ်ပွင့် ဆွတ်ယူနားနေသော ငှက်အပေါင်းတို့သည် လန့်၍ပျံလေကုန်၏။ လူများအပေါင်းတို့သည် ထိုငှက်အပေါင်း ကောင်းကင်သို့ ပျံသွားသည်ကိုမြင်လျှင်-
အို၊ ကောင်းကင်ပျံသွား ငှက်အများတို့။ သင်တို့သည် အကယ်၍ သားဟင်းမျိုးကို အလိုရှိကုန်မူကား ဤပုပ္ဖဝတီပြည်၏ အရှေ့မျက်နှာ၌ ယဇ်တွင်းရှိ၏။ ထိုယဇ်တွင်း၌ မင်းမိုက်ဧကရာဇ်သည် မိမိသား ၄-ယောက်တို့ကိုသတ်၍ ယဇ်ပူဇော်လေ၏။ ထိုအရပ်သို့ ပျံကြပါလေ။”
“အို၊ ငှက်အပေါင်းတို့။ သင်တို့သည် အကယ်၍ သားဟင်းမျိုးကို အလိုရှိမူကား ဤပုပ္ဖဝတီပြည်၏ အရှေ့မျက်နှာ၌ ယဇ်တွင်းရှိ၏။ ထိုယဇ်တွင်း၌ မင်းမိုက်ဧကရာဇ်သည် သမီး၄-ယောက်တို့ကိုလည်းကောင်း၊ မိဖုရား ၄-ယောက်တို့ကိုလည်းကောင်း, သား၄-ယောက်တို့ကိုလည်းကောင်း, သူဌေးကြီး ၄-ယောက်တို့ကိုလည်းကောင်း, လက္ခဏာဝင် ဆင်၄-စီးတို့ကိုလည်းကောင်း, စီးတော်မြင်း ၄-စီးတို့ကိုလည်းကောင်း၊ နွားလားဥသဘ ၄-ကောင်တို့ကို လည်းကောင်း၊ ၄-ခုစီဖြစ်သော သတ္တဝါတို့ကိုသတ်၍ ယဇ်ပူဇော်၏။ ထိုအရပ်သို့ ပျံကြပါလေ”ဟု ကြွေးကြော်မြည်တမ်းကြကုန်၏။
ဤသို့ ပြည်သူပြည်သားအပေါင်းတို့ ဥယျာဉ်အနီး၌ ငိုကြွေးပြီးသော် ဘုရားလောင်းအိမ်ရှေ့မင်းစံရာ နန်းတော်ပြာသာဒ်ထက်သို့သွား၍ လက်ယာရစ်လှည့်လည်လျက် အိမ်တော်တွင်း၌ ပန်းချီပန်းပု ပြောက်ထုရေးသား ထူးပြားအံ့ဖွယ် ဆန်းကြယ်ပြေပြစ် စုလစ်မွန်းချွန်း အမွှန်းတန်ဆာ စသည်တို့ကိုလည်းကောင်း၊ ဥယျာဉ်သစ်ပင် စသည်တို့ကိုလည်းကောင်း ရှုကြကုန်လျက် ငိုကြွေးမြည်တမ်းကုန်၏။