4716စန္ဒကုမာရဇာတ်တော်ကြီး — ယဇ်တွင်း၌ ငိုမြည်တမ်း၍ လျှောက်တောင်းပန်ခြင်းမင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ

ထိုငိုမြည်တမ်းသောအကြောင်းကို ထင်စွာပြလိုသည်ဖြစ်၍ “အယမဿ ပါသာဒေါ”အစရှိသော ဂါထာကို ဟောတော်မူ၏။

အဓိပ္ပာယ်ကား-

“အိုအချင်းတို့။ ဤပြာသာဒ်နန်းကား စန္ဒကုမာရမင်းသား၏ ပြာသာဒ်တည်း။ အိမ်တော်တွင်း၌ အလွန်မွေ့လျော်ဖွယ် ရှိ၏။ ရွှေစင်အတိ ရောင်ငြိလျှံမြူး ခြူးပန်းခြူးနွယ် ဆန်းကြယ်လှစွာသော အမွှန်းတန်ဆာတို့သည်ကား အိမ်ရှေ့မင်းစီရင်အပ်သော တန်ဆာတည်း။ ယခုကား မင်းသား ၄-ယောက်တို့သည် အိမ်တော်ကိုစွန့်၍ ထွက်ခဲ့ကုန်၏။”

“၁၂-ရာသီလုံး အပွင့်အသီးနှင့်ပြည့်စုံစွာ နှလုံးမွေ့လျော်ဖွယ်ရှိသော ဤဥယျာဉ်သည်လည်း ရောက်သောသူတို့၏ စိတ်ကို စိုးရိမ်ကင်းပျောက် ဝမ်းမြောက်ပျော်ရွှင်စေတတ်သောကြောင့် အသောကမည်သော စန္ဒကုမာရမင်းသား၏ ဥယျာဉ်တည်း။ ယခု မင်းသား ၄-ယောက်တို့သည် ဥယျာဉ်ကိုစွန့်၍ ထွက်ခဲ့ကုန်ပြီ။”

“အခါနှင့်ယှဉ်၍ ပင်လုံးကျွတ်ပွင့်သော ဤပန်းတောသည်ကား စန္ဒကုမာရမင်းသား၏ မဟာလှေကားပန်းတောတည်း။ ဤကား အသောက ပန်းတောတည်း။ ဤကား သရက်တောတည်း။ ထိုပန်းတောတို့ကိုစွန့်၍ မင်းသား ၄-ယောက်တို့သည် ထွက်ခဲ့ကုန်ပြီ။”

“ကြာပဒုမ္မာ ကြာပုဏ္ဍရိက်တို့ဖြင့်ဖုံးလွှမ်းသော ဤရေကန်သည်ကား စန္ဒကုမာရမင်းသား၏ ရေကန်တည်း။ ဤရေကန်တွင်း၌ ရွှေလှေ, ရွှေလောင်းတို့ဖြင့်လည်းကောင်း၊ နွယ်ပန်းတို့ဖြင့်လည်းကောင်း ဆန်းကြယ်ကုန်၏။ ထိုနှလုံးမွေ့လျော်ဖွယ်ရှိသော ရေကန်တို့ကိုစွန့်၍ မင်းသားညီနောင် ၄-ယောက်တို့သည် ထွက်ခဲ့ကုန်ပြီ။ မင်းမိုက်ဧကရာဇ်သည် သားတော် ၄-ပါးတို့ကို သနားကြင်နာ မရှိ၊ သတ်အံ့သောငှာ ထုတ်ခဲ့ပြီ”

ဤသို့ အထူးထူးအပြားပြား ပြည်သားပြည်သူအပေါင်းတို့ ငိုကြွေးကြကုန်၏။ ထို ပြည်သူတို့သည် ဆင်တော်တင်းကုပ် စသည်သို့ သွားကြပြန်ကုန်၏။

“အချင်းတို့၊ ဤဆင်ကား စန္ဒကုမာရမင်းသား၏ ဧရာဝဏ်မည်သော ဆင်ရတနာတည်း။ ကြီးသောခွန်အားလည်း ရှိ၏။ တင့်တယ်သော အစွယ်လည်း ရှိ၏။ အချင်းတို့ ဤရထားကား စန္ဒကုမာရမင်းသား၏ မြင်းရထားတည်း။ ထိုရထားတို့သည် သာလိကာတို့၏အသံနှင့် တူသောလည်း ရှိကုန်၏။ ရတနာ၇-ပါးတို့ဖြင့် ဆန်းကြယ်တင့်တယ်စွာ၏။ ဤရထားထက်စီးလျက် မင်းသားညီနောင် ၄-ပါးတို့သည် နန္ဒဝန်ဥယျာဉ်သို့ထွက်၍ နတ်သားလုလင်ကဲ့သို့ တင့်တယ်ကုန်၏။ ယခုမူကား အရှင် မင်းသားညီနောင် ၄-ပါးတို့ကို မင်းမိုက် သတ်အံ့ဟု ထုတ်ခဲ့ကုန်ပြီ။”

“အချင်းတို့။ ရွှေဇမ္ဗူရာဇ်ကဲ့သို့ ချစ်ဖွယ်သောအရောင်အဆင်းနှင့် ပြည့်စုံစွာ နံ့သာစန္ဒကူး လိမ်းသပ်လျက် မြတ်လှစွာသော မင်းသားညီနောင် ၄-ပါးတို့ကို မင်းမိုက်ဧကရာဇ်သည် မချစ်မသနား သားမဟုတ်သကဲ့သို့ အဘယ့်ကြောင့်သတ်၍ ယဇ်အလို့ငှာ ပြုပါဘိသနည်း။”

“အချင်းတို့။ ရွှေစင်အတု နုနုနယ်နယ် ရှုဖွယ်စတောင်း ယိုပျောင်းညံ့အိ မျက်စိအသရေဖြစ်သော မင်းသမီး ၄-ပါး သနားစရာတို့ကိုလည်းကောင်း၊ ရွှေစင်အလား စက်ထွားမွတ်ကြေ အသရေရှိသော မင်းမိဖုရား ၄-ပါးတို့ကိုလည်းကောင်း၊ အဆင်း,အရွယ် တင့်တယ်လျောက်ပတ် မြတ်သောသူဌေးကြီး ၄-ဦးတို့ကိုလည်းကောင်း အဘယ့်ကြောင့် မင်းမိုက်ဧကရာဇ် ယဇ်ပူဇော်အံ့နည်း။”

“အချင်းတို့ လူနည်း၍ တောကျယ်သော ရွာငယ်, နိဂုံး ဇနပုဒ်ကဲ့သို့ ငါတို့ပုပ္ဖဝတီပြည်ကြီးသည် မင်းသားညီနောင်တို့ကိုသတ်၍ ယဇ်ပူဇော်လတ်သော် ဆိတ်လတ္တံ့”ဟု ငိုကြွေးမြည်တမ်းကြကုန်၏။

ထိုအခါ လူများအပေါင်းတို့သည် မြို့ပြင်သို့ထွက်အံ့သောငှာ မရသည်ဖြစ်၍ မြို့တွင်း၌သာလျှင် တောင်သွားမြောက်လာ ဘယ်ညာလှည့်လည်လျက် မတည်မရပ် ရင်ခတ်လက်ချီ ငိုမြည်တမ်းကြကုန်၏။

ဘုရားလောင်း မင်းသားကိုလည်း ယဇ်တွင်းသို့ ဆောင်လေကုန်၏။ ယဇ်တွင်းအနီးသို့ ရောက်သောအခါ ဧကရာဇ်မင်း၏ မိဖုရားကြီးဖြစ်သော ဘုရားလောင်းမယ်တော် ဂေါတမီသည် “အရှင်မင်းကြီး။ အကျွန်ုပ်သားကို အသက် ချမ်းသာပေးတော်မူပါ”ဟု မင်း၏ခြေရင်း၌ဝပ်၍ ငိုကြွေးမြည်တမ်းလျက်-

“ဥမ္မတ္တိကာ ဘဝိဿာမိ၊ ဘူနဟတာ ပံသုနာ စ ပရိကိဏ္ဏာ။

သစေ စန္ဒဝရံ ဟန္တိ၊ ပါဏာ မေ ဒေဝ ရုဇ္ဈန္တိ။”

“ဥမ္မတ္တိကာ ဘဝိဿာမိ၊ ဘူနဟတာ ပံသုနာ စ ပရိကိဏ္ဏာ။

သစေ သူရိယဝရံ ဟန္တိ၊ ပါဏာ မေ ဒေဝ ရုဇ္ဈန္တိ။”

ဟူသော ၂-ဂါထာတို့ဖြင့် လျှောက်တောင်းပန်၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး။ အကယ်၍ မြတ်လှစွာသော စန္ဒကုမာရကို သတ်တော်မူအံ့။ အကျွန်ုပ်သည် အရုပ်အဆင်း ပျက်ခြင်းသို့ရောက်သဖြင့် မဆောက်တည်နိုင် မြေမှုန့်ကြဲလိမ်းလျက် ရှက်ကြောက်မရှိသော ရူးသွပ်ခြင်းသို့ ရောက်တော့အံ့၊ အကျွန်ုပ်၏အသက်ကို ချစ်သောထက် 'အဆအရာ ရင်မှာပိုက်မွေး သားရင်သွေးကို ချစ်ကြင်နာလှ၏။ အရှင်မင်းကြီး။ အကျွန်ုပ် ရင်ခွင်ပိုက်မွေး ရင်သွေးသူရိယကို အကယ်၍ သတ်အံ့။ အကျွန်ုပ်သည် ရူးသွပ်ခြင်းသို့ ရောက်လေအံ့။ အသက်ကိုချစ်သောထက် သားကို ချစ်လှသေး၏။ အရှင်မင်းကြီး။ အကျွန်ုပ်သားသမီးတို့ကို သတ်တော်မမူပါလင့်”ဟု

ငိုကြွေးမြည်တမ်းလျက် တောင်းပန်သော်လည်း ဧကရာဇ်မင်းသည် နားမျှမထောင်နေရကား မိဖုရားကြီးဂေါတမီသည် မိမိချွေးမ စန္ဒကုမာရမင်းသား၏ မယားတို့ကို ဆိုမြည်တမ်းပြန်လို၍ “အို၊ ချွေးမကောင်းတို့၊ သင်တို့ချစ်လင် အိမ်ရှေ့ရှင်သည် သင်တို့ကို အမျက်ထွက်၍ သွားအံ့သည်တကား။ မသွားရအောင် သင်တို့ အဘယ့်ကြောင့် မတားကုန်သနည်း”ဟု အိမ်ရှေ့မင်းမိဖုရားကြီး ဃဋ္ဋိကာ, ဥပရိက္ခီ, ပေါက္ခရဏီ, ဘာရိကာ ဤ၄-ယောက်တို့၏လည်ကိုဖက်လျက်-

“ကိန္နု မာ န ရမာပေယျုံ၊ အညမညံ ပိယံ ဝဒါ။

ဃဋ္ဋိကာ ဥပရိက္ခီ စ၊ ပေါက္ခရဏီ စ ဘာရိကာ။

စန္ဒသူရိယေသု နစ္စန္တိယော၊ သမာ တာသံ န ဝိဇ္ဇတိ။”

ဟူသော ဂါထာဖြင့် ငိုမြည်တမ်း၏။

အဓိပ္ပာယ်ကား-

“ငါ့သားစန္ဒကုမာရ၏ ငယ်ချစ်ငယ်ကြင်ဖြစ်သော သင်တို့ချွေးမ ၄-ယောက်သည် အချင်းချင်း နှစ်လိုဖွယ်သောစကားကို ဆိုကုန်လျက် စန္ဒကုမာရမင်းသား, သူရိယမင်းသားတို့၏အထံ၌ ကခြင်း, သီခြင်းဖြင့် ငါ့သားများကို အဘယ့်ကြောင့် မမွေ့လျော်စေကုန်သနည်း။ လင်၏မွေ့လျော်ခြင်းကို ဖြစ်စေတတ်သော ကခြင်း,သီခြင်းအမှု၌ သင်တို့ ၄-ယောက်နှင့်တူသော သူတို့သည် မရှိကုန်”ဟုဆို၏။

ချွေးမ ၄-ယောက်တို့နှင့်အတူ ငိုကြွေးမြည်တမ်းပါသော်လည်း ဧကရာဇ်မင်းသည် တစ်စုံတစ်ခုသော စကားကိုမျှ မယူသည်ဖြစ်၍ ခဏ္ဍဟာလပုဏ္ဏားကို ကျိန်ဆဲလိုရကား ဘုရားလောင်းမယ်တော် ဂေါတမီသည်-

“ဣမံ မယှံ ဟဒယသောကံ၊ ပဋိမုဉ္စတု ခဏ္ဍဟာလ တဝ မာတာ။

ယော မယှံ ဟဒယသောကော၊ စန္ဒမှိ ဝဓာယ နိန္နိတေ။”

“ဣမံ မယှံ ဟဒယသောကံ၊ ပဋိမုဉ္စတု ခဏ္ဍဟာလ တဝ မာတာ။

ယော မယှံ ဟဒယသောကော၊ သူရိယမှိ ဝဓာယ နိန္နိတေ။”

“ဣမံ မယှံ ဟဒယသောကံ၊ ပဋိမုဉ္စတု ခဏ္ဍဟာလ တဝ ဇာယာ။

ယော မယှံ ဟဒယသောကော၊ စန္ဒမှိ ဝဓာယ နိန္နီတေ။”

“ဣမံ မယှံ ဟဒယသောကံ၊ ပဋိမုဉ္စတု ခဏ္ဍဟာလ တဝ ဇာတာ။

ယော မယှံ ဟဒယသောကော၊ သူရိယမှိ ဝဓာယ နိန္နိတေ။”

“မာ စ ပုတ္တေ မာ စ ပတိံ၊ အဒ္ဒက္ခိ ခဏ္ဍဟာလ တဝ မာတာ။

ယော ဃာတေသိ ကုမာရေ၊ အဒူသကေ သီဟသင်္ကာသေ။”

“မာ စ ပုတ္တေ မာ စ ပတိံ၊ အဒ္ဒက္ခိ ခဏ္ဍဟာလ တဝ မာတာ။

ယော ဃာတေသိ ကုမာရေ၊ အပေက္ခိတေ သဗ္ဗလောကဿ။”

“မာ စ ပုတ္တေ မာ စ ပတိံ၊ အဒ္ဒက္ခိ ခဏ္ဍဟာလ တဝ ဇာယာ။

ယော ဃာတေသိ ကုမာရေ၊ အဒူသကေ သီဟသင်္ကာသေ။”

“မာ စ ပုတ္တေ မာ စ ပတိံ၊ အဒ္ဒက္ခိ ခဏ္ဍဟာလ တဝ ဇာယာ။

ယော ဃာတေသိ ကုမာရေ၊ အပေက္ခိတေ သဗ္ဗလောကဿ။”

ဟူသော ၈-ဂါထာတို့ဖြင့်ဆို၏။

အဓိပ္ပာယ်ကား-

“ဟယ်၊ ခဏ္ဍဟာလပုဏ္ဏား။ ငါ့သားစန္ဒကုမာရကို သတ်အံ့သောငှာ နင် ဆောင်သည်ရှိသော် ငါ၏နှလုံး စိုးရိမ်ခြင်းပြင်းစွာဖြစ်၏။ ဤငါ၏စိုးရိမ်ခြင်းသည် နင့်အမိဝမ်း၌ ဝင်စေသတည်း။”

“ဟယ်၊ ခဏ္ဍဟာလပုဏ္ဏား။ ငါ့သား သူရိယကုမာရကို သတ်အံ့သောငှာ နင် ဆောင်သည်ရှိသော် ငါ၏ စိုးရိမ်ခြင်း၊ ပူဆွေးခြင်း ဖြစ်၏။ ဤငါ၏စိုးရိမ်ခြင်း, ပူဆွေးခြင်းသည် နင့်အမိဝမ်း၌ ဝင်စေသတည်း။”

“ဟယ်၊ ခဏ္ဍဟာလပုဏ္ဏား။ ငါ့သားစန္ဒကုမာရကို သတ်အံ့သောငှာ နင် ထုတ်သည်ရှိသော် ငါ၏ပူပန်ခြင်းဖြစ်၏။ ထို ငါ၏ပူပန်ခြင်းသည် နင့်မယားဝမ်း၌ ဝင်စေသတည်း။”

“ဟယ်၊ ခဏ္ဍဟာလပုဏ္ဏား။ ငါ၏သားသူရိယကို သတ်အံ့သောငှာ ထုတ်သည်ရှိသော် ငါ၏ပူပန်ခြင်းဖြစ်၏။ ထိုငါ၏ ပူပန်ခြင်းသည် နင့်မယားဝမ်း၌ ဝင်စေသတည်း။”

“ဟယ်၊ ခဏ္ဍဟာလပုဏ္ဏား။ နင်သည် ခြင်္သေ့မင်း၏ ရဲရင့်ခြင်းနှင့်တူသော ငါ့သားတော်တို့ကို အပြစ်မဲ့သတ်ဘိ၏။ နင့်အမိသည် သား,လင်တို့ကို မမြင်ရသည် ဖြစ်စေသတည်း။”

“ဟယ်၊ ခဏ္ဍဟာလပုဏ္ဏား။ ပြည်သားပြည်သူအပေါင်းတို့၏ မျက်ရစ်သဖွယ်ဖြစ်သော ငါ့သားတော်တို့ကို နင် သတ်ဘိ၏။ နင့်အမိသည် သား,လင်တို့ကို မမြင်ရသည် ဖြစ်စေသတည်း။”

“ဟယ်၊ ခဏ္ဍဟာလပုဏ္ဏား။ ခြင်္သေ့မင်း၏ ရဲရင့်ခြင်းနှင့်တူသော သားတော်တို့ကို အပြစ်မရှိ နင်သတ်ဘိ၏။ နင့်မယားသည် သား,လင်တို့ကို မမြင်ရသည် ဖြစ်စေသတည်း။”

“ဟယ်၊ ခဏှာဟာလပုဏ္ဏား။ ပြည်သားပြည်သူ လူအပေါင်းတို့၏ မျက်ရှုဖြစ်သော သားတော်များကို နင်သတ်ဘိ၏။ နင့်မယားသည် သားကိုလည်းကောင်း, လင်ကိုလည်းကောင်း မမြင်ရသည် ဖြစ်စေသတည်း”ဟု ဘုရားလောင်းမယ်တော် ဂေါတမီသည် ကျိန်ဆဲ၏။

ဘုရားလောင်းအိမ်ရှေ့မင်းသည် ယဇ်တွင်းသို့ရောက်သောအခါ ခမည်းတော်ကို တောင်းပန်ပြန်လို၍-

“မာ နော ဒေဝ အဝဓိ၊ ဒါသေ နော ဒေဟိ ခဏ္ဍဟာလဿ။

အပိ နိဂ္ဂလဗန္ဓကာပိ၊ ဟတ္ထီ အဿေ စ ပါလေမ။”

“မာ နော ဒေဝ အဝဓိ၊ ဒါသေ နော ဒေဟိ ခဏ္ဍဟာလဿ။

အပိ နိဂ္ဂလဗန္ဓကာပိ၊ ဟတ္ထီဆကဏာနိ ဥဇ္ဈေမ။”

“မာ နော ဒေဝ အဓိ၊ ဒါသေ နော ဒေဟိ ခဏ္ဍဟာလဿ။

အပိ နိဂ္ဂလဗန္ဓကာပိ၊ အဿဆကဏာနိ ဥဇ္ဈေမ။”

“မာ နော ဒေဝ အဝဓိ၊ ဒါသေ နော ဒေဟိ ခဏ္ဍဟာလဿ။

ယဿ ဟောန္တိ တဝ ကာမာ၊ အပိ ရဋ္ဌာ ပဗ္ဗာဇိတာ။

ဘိက္ခာစရိယံ စရိဿာမ။”

“ဒိဗ္ဗံ ဒေဝ ဥပယာစန္တိ၊ ပုတ္တတ္ထိကာပိ ဒလိဒ္ဒါ။

ပဋိဘာနာနိပိ ဟိတွာ၊ ပုတ္တေ န လဘန္တိ ဧကစ္စာ။”

“အာသီသိကာနိ ကရောန္တိ၊ ပုတ္တာ နော ဇာယန္တု တတော ပပုတ္တာ။

အထ နော အကာရဏသ္မာ၊ ယညတ္ထာယ ဒေဝ ဃာတေသိ။”

“ဥပယာစိတကေန ပုတ္တံ လဘန္တိ ၊ မာ တာတ နာ အဃာတေသိ။

မာ ကိစ္ဆာ လစ္ဆေကေဟိ ပုတ္တေဟိ၊ ယဇိတ္ထော ဣမံ ယညံ။”

“ဥပဃာစိတကေန ပုတ္တံ လဘန္တိ ၊ မာ တာတ နော အဃာတေသိ။

မာ ကပဏလဒ္ဓကေဟိ ပုတ္တေဟိ၊ အမ္မာယ နော ဝိပ္ပဝါသေဟိ။”

ဟူသော ၈-ဂါထာတို့ကိုဆို၏။

အဓိပ္ပာယ်ကား-

“ခမည်းတော်မင်းကြီး။ အကျွန်ုပ်တို့ကို သတ်တော်မမူပါလင့်။ ခဏ္ဍဟာလပုဏ္ဏားအား ကျွန်အဖြစ်ဖြင့် ပေးတော်မူပါလော့။ ထိုသို့မပြုမူ ဆင်ထိန်းမ မြင်းထိန်း, ဆင်စာရိတ်, မြင်းစာရိတ်, ဆင်းချေးကျုံး၊ မြင်းချေးကျုံး ထားတော်မူပါလော့။ ထိုသို့မဟုတ်မူ ပြည်မှမူလည်း နှင်ထုတ်တော်မူလော့။ ခွက်လက်စွဲလျက် တောင်းစား၍ အသက်မွေးပါကုန်အံ့။”

“ခမည်းတော်မင်းကြီး ဆင်းရဲသောမိန်းမတို့သည် သားလိုချင်သည်ဖြစ်၍ နတ်တို့ကို တောင်းပန်ကုန်၏။ အချို့သော မိန်းမတို့သည် ချင်ခြင်းကိုစွန့်သောကြောင့်လည်း သားမရကုန်။ ခမည်းတော်တို့သည် ချင်ခြင်းရှိသည်ဖြစ်၍ သားကို တောင့်တသောကြောင့် အကျွန်တို့ကို ရသည်မဟုတ်လော။ ထိုသို့ချစ်မြတ်နိုးသဖြင့် ရအပ်သောသားတို့ကို အပြစ်မဲ့ အဘယ့်ကြောင့် သတ်တော်မူပါအံ့နည်း။ သားကိုရခြင်းသည်ကား အလွန် ဆင်းရဲငြိုငြင်သဖြင့်ရ၏။ ထိုသို့ ငြိုငြင်စွာရသော အကျွန်ုပ်တို့ကို ယဇ်မပူဇော်လင့်။ အကျွန်ုပ်တို့ကိုသတ်၍ အမိတစ်ယောက်တည်း အထီးကျန်သည်ကို မပြုလင့်”ဟု

မင်းသားအိမ်ရှေ့ရှင် ဦးတင်လက်မြှောက် အကြိမ်ကြိမ်လျှောက်သော်လည်း နှုတ်ထောက်မပြန် လှန်၍မကြည့်နေလျှင်၊ မင်းကြီးခြေရင်း၌ ဝပ်၍ မင်းသား ငိုကြွေးလျက်-

“ဗဟုဒုက္ခာ ပေါသိယစန္ဒံ၊ တုဝံ ဇီယသေ ပုတ္တံ။

ဝန္ဒာမိ ခေါ တေ ပါဒေ၊ လဘတံ တာတော ပရလောကံ။”

“ဟန္ဒ စ မံ ဥပဂူဟ၊ ပါဒေ တေ အမ္မ ဝန္ဒိတုံ ဒေဟိ။

ဂစ္ဆာမိ ဒါနိ ပဝါသံ၊ ယညတ္တာယ ဧကရာဇဿ။”

“ဟန္ဒ စ မံ ဥပဂူဟ၊ ပါဒေ တေ အမ္မ ဝန္ဒိတုံ ဒေဟိ။

ဂစ္ဆာမိ ဒါနိ ပဝါသံ၊ မာတု ကတွာ ဟဒယသောကံ။

“ဟန္ဒ စ မံ ဥပဂူဟ၊ ပါဒေ တေ အမ္မ ဝန္ဒိတုံ ဒေဟိ။

ဂစ္ဆာမိ ဒါနိ ပဝါသံ၊ ဇနဿ ကတွာ ဟဒယသောကံ။”

ဟူသော ၄-ဂါထာတို့ဖြင့် ရွတ်ဆို၏။

အဓိပ္ပာယ်ကား-

ကိုယ့်အသက်ထက် ဆထက်ကြည်လင် ချစ်ခင်လှပေသောမယ်တော်သည် ဆင်းရဲငြိုငြင်သဖြင့် သနားမြတ်လေး မွေးကျွေးသုတ်သင် ပြုပြင်တော်မူပေ၏။ မယ်တော်သည် သားကို အောက်မေ့တော်မူပေ၏။ အကျွန်ုပ်သည် မယ်တော်၏ခြေတော်ကို ရိုသေစွာရှိခိုးပါ၏။ အကျွန်ုပ်အဖသည် အကျွန်ုပ်တို့ကိုသတ်၍ နတ်ပြည်စည်းစိမ်ကို ရစေသတည်း။”

“မယ်တော်။ ယခု အကျွန်ုပ်ကို ဖက်တော်မူပါလော့။ ခြေတော်ကိုလည်း ရှိခိုးအံ့သောငှာ ပေးတော်မူပါလော့။ ယခု မယ်တော်၏ စိုးရိမ်ပူဆွေးခြင်းကိုပြု၍ မယ်တော်နှင့် သေကွဲ ကွဲရတော့အံ့။ မယ်တော် အကျွန်ုပ်ကို ဖက်ပါလော့။ ခြေတော်ကိုလည်း ရှိခိုးအံ့သောငှာ ပေးပါလော့။ ပြည်သူတို့၏ စိုးရိမ်ပူဆွေးခြင်းကိုပြု၍ ကွေကွင်းရတော့အံ့”

ထိုအခါ ဘုရားလောင်းမယ်တော် ဂေါတမီသည် သား ငိုမြည်တမ်းသံကို သည်းမခံနိုင်သည်ဖြစ်၍ ငိုမြည်တမ်းလိုရကား-

“ဟန္ဒ စ ပဒုမပတ္တာနံ၊ မောဠိံ ဗန္ဓဿု ဂေါတမိပုတ္တ။

စမ္ပက ကဒလိမိဿာယော၊ သော တေ ပေါရာဏိကာ ပကတိ။”

“ဟန္ဒ စ ဝိလေပနံ တေ၊ ပစ္ဆိမကံ စန္ဒနံ ဝိလိမ္ပဿု။

ယေဟိ စ သုဝိလိတ္တော၊ သောဘသိ ရာဇပရိသာယံ။”

“ဟန္ဒ စ မုဒုကာနိ ဝတ္ထာနိ၊ ပစ္ဆိမကံ ကာသိကံ နိဝါသေဟိ။

ယေဟိ စ သုနိဝတ္ထော၊ သောဘသိ ရာဇပရိသာယံ။”

“မုတ္တာမဏိကနကဝိဘူသိတာနိ၊ ဂဏှဿု ဟတ္ထာဘရဏာနိ။

ယေဟိ စ ဟတ္ထာဘရဏေဟိ၊ သောဘသိ ရာပေရိသာယံ။”

ဟူသော ၄-ဂါထာတို့ကို ရွတ်ပြန်၏။

အဓိပ္ပာယ်ကား-

“ချစ်သားစန္ဒကုမာရ။ ယခု ကြာချပ်နှင့်တူသော ဦးရစ်ပေါင်းကို ပေါင်းလော့။ ဂေါ်သဇင်, စကား, ပန်းမြတ်များကို ရွှေသားသခင် ပန်ဆင်ဦးလော့။ ဤတန်ဆာတို့ကား သင်ဆင်မြဲသော တန်ဆာတို့တည်း။ အကျော်စန္ဒကူး လိမ်းသပ်အပ်သော သားမြတ်ရတနာသည် များစွာသောမှူးမတ်ပရိသတ်အလယ်၌ ရှုဖွယ်တင့်တယ်ရှိ၏။ ထိုစန္ဒကူး အကျော်တို့ကို သားတော် သတ်မှတ်လိမ်းသပ်ပါဦး။ သင့်အား နောင်သောအခါ မလိမ်းရလတ္တံ့။ ယခု အဆုံးသောလိမ်းသပ်ခြင်းဖြင့် လိမ်းသပ်ဦးလော့။”

“ချစ်သား။ အကြင်ပုဆိုးတို့ကို ဝတ်သည်ရှိသော် မင်းပရိသတ်အလယ်၌ ရှုဖွယ်တင့်တယ်ရှိ၏။ ထိုရှုဖွယ်တင့်အပ် မြတ်သောပုဆိုးတို့ကို အဆုံးစွန်သောဝတ်ခြင်းဖြင့် ဝတ်ပါဦးလော့။ ပုလဲမျိုး, ပတ္တမြားမျိုး အဖိုးထိုက်သောမျက်မြတ်တို့ဖြင့် စီရင်အပ်သော ရွှေလက်ကောက်, ရွှေနားတောင်း, ရွှေဘယက်တို့ကို ဆင်သည်ရှိသော် မင်းပရိသတ်အလယ်၌ တင့်တယ်၏။ ထိုတန်ဆာတို့ကို ဆင်ပါဦးလော့”ဟု ဆို၍ ငိုမြည်တမ်း၏။

အိမ်ရှေ့မင်း၏မိဖုရားကြီးသည် စန္ဒာဒေဝီ အမည်ရှိ၏။ ထိုစန္ဒာဒေဝီ မိဖုရားကြီးသည် ယောက္ခမဖြစ်သော ဧကရာဇ်မင်း၏ခြေရင်း၌ဝပ်၍ ငိုကြွေးမြည်တမ်းလျက်-

“န ဟိ နူနာယံ ရဋ္ဌပါလော၊ ဘူမိပတိ ဇနပဒဿ ဒါယာဒေါ။

လောကိဿရော မဟန္တော၊ ပုတ္တသိနေဟံ ဇနယတိ။”

ဟူသော ဂါထာကို ဆို၏။

အဓိပ္ပာယ်ကား-

“ရေမြေစိုးချင်း မင်းတကာတို့၏ သခင်အရှင် ဖြစ်တော်မူသော မင်းတရားကြီးသည် ရင်တော်၌ဖြစ်သော သားရတနာကိုစင်လျက် မကြင်မနာ အဘယ့်ကြောင့် သတ်ပါအံ့နည်း”ဟု ဆို၏။

ထိုချွေးမ စန္ဒာဒေဝီစကားကို မင်းကြီးကြားလျှင်-

“မယှံပိ ပိယာ ပုတ္တာ၊ အတ္တာ စ ပိယော တုမှေစ ဘရိယာယော။

သဂ္ဂဉ္စ ပတ္ထယာနော၊ တေနာဟံ ဃာတယိဿာမိ။”

ဟူသော ဂါထာကိုဆို၏။

အဓိပ္ပာယ်ကား-

“ချွေးမ စန္ဒာဒေဝီ... ငါသည် သားကိုလည်းကောင်း, မိမိကိုယ်ကိုလည်းကောင်း, သင်တို့ချွေးမများကိုလည်းကောင်း, မယားကိုလည်းကောင်း ချစ်၏။ ထိုသို့ချစ်လျက်ပင် နတ်ပြည်ကို လိုသောကြောင့် သတ်အံ့သတည်း”ဟု ဆို၏။

စန္ဒာဒေဝီလည်း-

“မံ ပဌမံ ဃာတေဟိ၊ မာ မေ ဟဒယံ ဒုက္ခံ ဖာလေသိ။

အလင်္ကတော သုန္ဒရကော၊ ပုတ္တော ဒေဝ တဝ သုခုမာလော။”

“ဟန္ဒ မံ ဟနဿု၊ ပရလောကေ စန္ဒကေန ဟေဿာမိ။

ပုညံ ကရဿု ဝိပုလံ၊ ဝိစရာမ ဥဘောပိ ပရလောကေ။”

ဟူသော ၂-ဂါထာတို့ကို ဆို၏။

အဓိပ္ပာယ်ကား-

“အရှင်မင်းကြီး... လူကိုသတ်၍ နတ်ပြည်သို့ရောက်မည်မှန်လျှင် အကျွန်ုပ်လင် စန္ဒကုမာရမင်းသားကို မသတ်မီ အကျွန်ုပ်ကို ရှေးဦးစွာ သတ်တော်မူပါ။ အကျွန်ုပ်လင်၏ ဆင်းရဲခြင်းကို မမြင်လိုပါပြီ။ လင်၏ဆင်းရဲခြင်းဖြင့် အကျွန်ုပ်နှလုံးသားကို ခွဲတော်မမူပါလင့်။”

“အရှင်မင်းကြီး၏ သားတော် စန္ဒကုမာရမင်းသားသည် ဝတ်စားမဆင်မပြင်ဘဲလျက် မျက်စိအစု ရှု၍မခန်းသော စကားပန်းသဖွယ် တင့်တယ်လှပါ၏။ အရှင်မင်းကြီး။ ရှေးဦးစွာ ယခု အကျွန်ုပ်ကို သတ်တော်မူပါ။ တမလွန်၌ ကြည်ဖြူချစ်ခင် သက်လုံးကြင်၍ မြဲလျှင်မကွာ ဖြစ်လိုပါ၏။ အရှင်မင်းကြီး။ ပြန့်ပြောစွာကောင်းမှု ပြုတော်မူပါလော့။ အကျွန်ုပ်တို့ ၂-ယောက် နောင်တမလွန်ဘဝသို့ အတူတကွ သွားကုန်ပါအံ့”ဟုဆို၏။

မင်းကြီးလည်း-

“မာ တွံ စန္ဒေ ရုစ္စိ ပရဏံ၊ ဗဟုကာ တဝ ဒေဝရာ ဝိသာလက္ခိ။

တေ တံ ရမယိဿန္တိ၊ ယိဋ္ဌသမိံ ဂေါတမိပုတ္တေ။”

ဟူသော ဂါထာကိုဆို၏။

အဓိပ္ပာယ်ကား-

“ယနေ့ မွေးစသောသမင်ငယ်မ၏ မျက်လုံးသဖွယ် တင့်တယ်သော မျက်စိရှိသော ချွေးမ စန္ဒာဒေဝီ၊ သင့်ကို အဘယ့်ကြောင့် သတ်အံ့နည်း။ သင်၏သေခြင်းကို သင် အလိုမရှိလင့်။ ဂေါတမီမိဖုရား၏ သားဖြစ်သော သင်၏ချစ်လင် စန္ဒကုမာရကို ယဇ်ပူဇော်သည်ရှိသော် ကျန်ရစ်သော သားတော်အငယ် သင်၏မတ်သည် များစွာရှိသေး၏။ ထိုမတ်အများတွင် သင်နှစ်သက်ရာ တော်သင့်ထိုက်တန်သောမတ်နှင့် အိမ်ရှေ့မင်း မိဖုရားကြီးအဖြစ်ဖြင့် သင့်ကို မွေ့လျော်စံပျော်စေအံ့”ဟုဆို၏။

ဤစကားကို မင်းကြီးဆိုလျှင် စန္ဒာဒေဝီ အိမ်ရှေ့မိဖုရားသည် သွေးခြည်တမ်းလု နုလှသောရင်သားကို လက်ဝါးလက်ဆုပ် ခတ်ပုတ်ရိုက်တီးလျက် “အလမတ္ထော ဇီဝိတေန၊ ပါယာမိ ဝိသံ ပရိဿာမိ”ဟူသော ဂါထာဝက်ဖြင့်ဆို၍ သည်းစွာငိုကြွေးမြည်တမ်း၏။

အဓိပ္ပာယ်ကား-

“အသက်ကဲ့သို့ နှစ်လိုချင်ခင်ကြင်နာလှသော အရှင့်သားနှင့် ကွေကွင်းလျက် အသက်ရှည်သဖြင့် အဘယ်အကျိုး ရှိအံ့နည်း။ အဆိပ်ကိုစား၍ သေအံ့။ ဤမင်းကြီး၏ အဆွေအမျိုး လမ်းရိုးညွှန်တတ်သော အမတ်ကောင်း, ခင်ပွန်းကောင်း မရှိလေသလော။ ရင်သွေးအစစ်ဖြစ်သော သားကိုသတ်အံ့ဟု ပြုသည်ကို ပြည်သူတို့ မည်သူမျှ မဆိုကြပါကုန်တကား။ ခြေချင်းလက်ကောက် လျှံတောက်ပြီးပြက် ဘယက်တန်ဆာ, ရတနာရွှေကုံး မင်းသုံးမင်းဝတ်ဖြင့် တင့်တယ်စွာဆင်ကုန်သော အကျွန်ုပ်၏သားတို့သည် ရှိကုန်၏။ ထိုအကျွန်ုပ်သားတို့ကို ယဇ်ပူဇော်တော်မူပါလော့၊ ဂေါတမီ အရှင်မသား စန္ဒကုမာရကို လွှတ်တော်မူပါ။”

“အရှင်မင်းကြီး... အကျွန်ုပ်ကိုယ်ကို အပိုင်းပိုင်းဖြတ်၍ အစု ၁၀၀-ပြုပြီးလျှင် ၇-ပါးသောအရပ်တို့၌ ပူဇော်တော်မူပါ။ ခြင်္သေ့မင်း၏ ရဲရင့်ခြင်းနှင့်တူသော အိမ်ရှေ့ရောက်ပြီး သားကြီးရတနာကို သတ်တော်မမူပါလင့်၊ အရှင်မင်းကြီး။ အကျွန်ုပ်ကို အဖို့ ၁၀၀-ပြု၍ ၇-ပါးသော အရပ်တို့၌ ပူဇော်တော်မူပါလော့။ ပြည်သားပြည်သူ လူအပေါင်း၏ မျက်ရစ်သဖွယ် ငယ်ချစ်ကျွမ်းဝင် အကျွန်ုပ်လင်ကို အရှင်မင်းကြီး သတ်တော်မမူပါလင့်”ဟု

စန္ဒာဒေဝီမိဖုရားသည် မင်းကြီး၏ အနီး၌နေ၍ ဤမျှလောက်သော ငိုမြည်တမ်းခြင်းဖြင့် ငိုကြွေးတောင်းပန်ပါသော်လည်း တစ်ခုသောသက်သာရာကိုမျှ မရသည်ဖြစ်၍ အိမ်ရှေ့မင်းထံသွားပြီးလျှင် ငိုကြွေးလျက်နေ၏။

ထိုအခါ စန္ဒာဒေဝီကို ဘုရားလောင်းအိမ်ရှေ့မင်းသည် “အသက်ကဲ့သို့ ချစ်ခင်မြတ်နိုးပေသော စန္ဒာဒေဝီ၊ ရှေးအထက်က အသက်ရှင်စဉ် သင်တို့နှင့် ချမ်းသာစွာ စံပျော်သောအခါ အမှုကြီး,အမှုငယ် အသွယ်သွယ်သောအကြောင်း ကောင်းမကောင်း ရာ,မရာကို ပညာဖြင့် အခွင့်လျော်အောင် ဆောင်ရွက်ပြောဆိုနိုင်ပေသည်ဖြစ်၍ သင့်အား အမှုနှင့်အင်တန် ဆင်ရန်တန်ဆာ ရတနာဆုလာဘ်ကို အထပ်ထပ် ငါ ပေးတော်မူသည်။ ဤယခု သင့်အား ငါပေးခြင်းသည်ကား အဆုံးစွန်သော ပေးခြင်းတည်း။ သင်သည် ငါ၏ကိုယ်၌ဆင်သော တန်ဆာကိုယူလော့”ဟု ကိုယ်တော်၌ဆင်သော တန်ဆာကို ပေးတော်မူ၏။

စန္ဒာဒေဝီမိဖုရားသည် အိမ်ရှေ့မင်းစကားကိုကြားလျှင် ထိုဂါထာတို့ဖြင့် တစ်ဖန် မြည်တမ်းပြန်၏။

“ရှေးသောအခါ အရှင်မင်းသားတို့၏လည်ကုပ်၌ ပွင့်ကုန်သော ပန်းတို့သည်လည်းကောင်း, ဆန်းကြယ်စွာ သီကုံးသော ပန်းကုံးတို့သည်လည်းကောင်း ကျကုန်၏။ ယခုကား မကြာမြင့်မီ အရှင့်သား လည်တော်၌ ထက်စွာသွေးပြီးသော သန်လျက်ဓားအသွားဖြင့် ကျလတ္တံ့။ ငါသည် အကြင်မျှကာလပတ်လုံး နှလုံးကွဲ၍ မသေသေး။ ထိုနှလုံး မကွဲသေးသော ကာလပတ်လုံး ယူကျုံးမရ ဒုက္ခအပေါင်းဖြင့် နှောင်ဖွဲ့ဘိ၏တကား။”

“ကာသိကရာဇ်တိုင်းဖြစ် ပုဆိုးကိုဝတ်လျက် ရွှေနားတောင်းဖြင့် တင့်တယ်စွာ နံ့သာအကျော်လိမ်းသပ်၍ မြတ်သောခဲဖွယ်ဘောဇဉ်ကို သုံးဆောင်ကုန်သဖြင့် တင့်တယ်လျောက်ပတ် မြတ်လှကုန်သော ငါတို့သခင် အရှင်မင်းသားတို့သည် မိခင်ဘိုးဘွား, သားမယား ပြည်သားပြည်သူ လူအပေါင်းတို့၏ စိုးရိမ်ခြင်းကိုပြု၍ ယခု ထွက်ခဲ့ကုန်၏”

ဤသို့ စန္ဒာဒေဝီမိဖုရားသည် ပြင်းစွာ ငိုကြွေးမြည်တမ်း၏။ ထိုငိုကြွေးစဉ်လျှင် ယဇ်တွင်း၌ စီရင်ရန် အမှုခပ်သိမ်းကို ပြီးစေပြီးလျှင် အိမ်ရှေ့မင်းကို ယဇ်တွင်းသို့ဆောင်ယူခဲ့၍ တွင်းပေါ်၌ လည်တော်ကို ညွတ်စေလျက် နေစေ၏။