1121ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၃၃) စိတ်ကောင်းထားကြမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၃၃)

စိတ်ကောင်းထားကြမယ်

သင်ယူမှုဦးတည်ချက် ။ ။ နှမြောတွန့်တိုခြင်းမရှိဘဲ ပေးကမ်းကူညီတတ်တဲ့အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍အောက်ပါမေးခွန်းများကိုမေးပြီး ကလေးများ၏ ထင်မြင်ချက်ကို လွတ်လပ်စွာ ပြောပါစေ။

-သားတို့၊ သမီးတို့တွေ သူငယ်ချင်းကို ခဲတံငှားဖူးလား။
-ကိုယ်စားနေတဲ့မုန့်ကို သူငယ်ချင်းကို ခွဲကျွေးဖူးလား။
-ကိုယ်ကြိုက်တဲ့အရာတွေကို ငှားရမှာ၊ ပေးရမှာ နှမြောတွန့်တိုဖူးလား။
-သားတို့၊ သမီးတို့ စိတ်ကောင်းရှိတယ်ဆိုတာ ဘာလဲ။
-စိတ်ကောင်းရှိတဲ့လူရဲ့ မျက်နှာက ဘယ်လိုပုံစံမျိုးလဲ။ လုပ်ပြပါဦး။
-စိတ်ကောင်းမရှိတဲ့လူရဲ့ မျက်နှာကရော ဘယ်လိုပုံစံမျိုးလဲ။ လုပ်ပြပါဦး။

֍ဆရာက အောက်ပါတို့ကို ရှင်းပြပါ။

“သားတို့၊ သမီးတို့တွေ ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေ၊ ကိုယ်စားနေတဲ့ မုန့်တွေကို နှမြော တွန့်တိုခြင်းမရှိဘဲ ပေးကမ်းကူညီကြရမယ်။ အဲဒီလို သူငယ်ချင်းက လိုအပ်တာတွေကို ပေးကမ်းကူညီတတ်တဲ့သူဟာ လူချစ်လူခင်ပေါများမယ်။ ကိုယ်အကူအညီလိုရင်လည်း ပြန်ပြီး ကူညီစောင့်ရှောက်ကြလိမ့်မယ်”စသည်ဖြင့်ပြောပြီး အနှစ်ချုပ်ပေးပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ စိတ်ထားမကောင်းသောငှက်မ ဇာတ်လမ်းနှင့် ဇာတ်လမ်း သရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍“အခုဆရာက ကလေးတို့ကို စိတ်ထားမကောင်းလို့ ဒုက္ခရောက်သွားတဲ့ ငှက်မကြီး အကြောင်းကို ပြောပြမယ်”ဟု ပြော၍ အောက်ပါဇာတ်လမ်းကို ပြောပြပါ။

စိတ်ထားမကောင်းသောငှက်မ

ဟိုးရှေးရှေးတုန်းက တောအုပ်ကြီးတစ်ခုမှာ ကြက်တူရွေးငှက်ပေါင်းများစွာဟာ အုပ်စု ဖွဲ့ပြီး နေထိုင်ကြပါတယ်။ အဲဒီတောအုပ်ကြီးအလယ်မှာ လှည်းလမ်းမကြီးတစ်ခုလည်း ရှိတယ်။ အဲဒီလှည်းလမ်းမကြီးကနေ လှည်းပေါင်းများစွာက နေ့တိုင်းနေ့တိုင်း ဖြတ်သန်း သွား လာကြတယ်။ ကြက်တူရွေးငှက်တွေဟာ အဲဒီလှည်းလမ်းမပေါ်မှာ လှည်းသမားတွေ ကျကျန် ခဲ့တဲ့ စပါးစေ့တွေ၊ ပဲစေ့တွေစတဲ့ စားစရာတွေကို နေ့တိုင်းနေ့တိုင်း လိုက်ကောက်စားကြ တယ်။ အဲဒီကြက်တူရွေးတွေထဲမှာ လောဘကြီးပြီး သူတစ်ပါးတွေကို မစားစေချင်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ကြက်တူရွေးငှက်မကြီးတစ်ကောင်လည်း ရှိတယ်။ အဲဒီကြက်တူရွေး ငှက်မကြီးဟာ သူတစ်ပါးတွေ စပါးစေ့၊ ပဲစေ့တွေ အများကြီး စားနေရပြီဆိုရင် ဘေးကနေ မကျေမနပ်နဲ့ ဒေါသတွေ ဖြစ်နေလေ့ရှိတယ်။ “ဒီလှည်းလမ်းမကြီးမှာ ငါ တစ်ယောက်တည်း အစာစားရရင် ဘယ်လောက်ကောင်းမလဲ”လို့ အမြဲတမ်း တွေးနေခဲ့တယ်။ အခြားကြက်တူရွေး ငှက်တွေကတော့ အဲဒီကြက်တူရွေးငှက်မကြီးရဲ့ မကောင်းတဲ့စိတ်ထားကို မသိကြဘူး။ ဒီလိုနဲ့ ကြက်တူရွေးငှက်တွေဟာ နေ့တိုင်းနေ့တိုင်း လှည်းလမ်းမကြီးပေါ်မှာ ပျော်ရွှင်စွာနဲ့ အစာစား နေခဲ့ကြတယ်။

တစ်နေ့တခြား မကောင်းတဲ့စိတ်ထားတွေ တိုးတိုးလာတဲ့ ကြက်တူရွေးငှက်မကြီးဟာ “တခြားငှက်တွေ ဒီနေရာမှာ အစာလာမစားနိုင်အောင် လုပ်မှပဲ”လို့ တွေးကာ တောအနှံ့ လျှောက်သွားပြီး “အို ... အဆွေငှက်အပေါင်းတို့ ... လှည်းလမ်းမကြီးမှာ ကြောက်မက်ဖွယ် အန္တရာယ်တွေ ဖြစ်ပေါ်နေပါတယ်။ ဆင်ကြမ်း၊ မြင်းကြမ်းကြီးတွေလည်း ဖြတ်သွားနေပါတယ်။ နွားကြမ်းကြီးတွေနဲ့ လှည်းတွေကလည်း ငှက်တွေကို တက်ကြိတ်သွားနိုင်ပါတယ်။ အဲဒီ လှည်းလမ်းမပေါ်ကို မသွားကြပါနဲ့တော့”လို့ စိုးရိမ်နေဟန်ဆောင်ပြီး လိမ်ညာပြောဆိုပါတယ်။ တခြားရိုးသားတဲ့ငှက်တွေဟာ ကြက်တူရွေးငှက်မကြီး ပြောတဲ့စကားကို ယုံကြည်ပြီး လှည်း လမ်းမပေါ်ကို သွားရောက် အစာမစားရဲကြတော့ဘူး။ ဒီတော့ လှည်းလမ်းမကြီးပေါ်မှာ စားစရာ စပါးစေ့တွေ၊ ပဲစေ့တွေက အများကြီး ဖြစ်နေတယ်။ စိတ်ထားမကောင်းတဲ့ ကြက်တူ ရွေးငှက်မကြီးဟာ တခြားငှက်တွေ မလာလို့ အစားအသောက်တွေများတော့ တစ်ယောက် တည်း ပျော်ပျော်ပါးပါးကြီး စားသောက်နေခဲ့တယ်။

တစ်နေ့တော့ ကြက်တူရွေးငှက်မကြီးဟာ စပါးစေ့၊ ပဲစေ့တွေကို အပုံလိုက်ကြီး တွေ့ တော့ စားချင်စိတ်တွေ အလွန်ဖြစ်ပြီး ပတ်ဝန်းကျင်ကို ဘာမှ သတိမထားမိခဲ့ဘူး။ လောဘ တကြီးနဲ့ ခေါင်းမဖော်နိုင်လောက်အောင် စားသောက်နေတဲ့ သူတစ်ပါးအပေါ် စိတ်ကောင်း မထားတဲ့ ငှက်မကြီးဟာ လှည်းတစ်စီးလာနေတာကိုလည်း သတိမထားမိခဲ့ဘူး။ သူ စားနေ တုန်းမှာ အဝေးကနေ လှည်းတစ်စီးက အရှိန်အဟုန်နဲ့လာပြီး ကြက်တူရွေးငှက်မကြီးပေါ်ကို တက်ကြိတ်သွားခဲ့ပါတယ်။

သူတစ်ပါးတွေအပေါ် စိတ်ကောင်းမထားဘဲ အစားအသောက်မက်မောတဲ့ ငှက်မကြီး ဟာ လှည်းကြိတ်တဲ့ဒဏ်ရာကြောင့် ကိုယ်နှစ်ခြမ်းကွဲပြီး သေဆုံးသွားခဲ့တယ်။ ငှက်မကြီး ပျောက်လို့ ငှက်မင်းဟာ ငှက်တွေကို အစည်းအဝေးခေါ်ပြီး လိုက်ရှာစေခဲ့ပါတယ်။ နောက်ဆုံး တော့ လှည်းလမ်းကြောင်းပေါ်မှာ ကိုယ်နှစ်ခြမ်းကွဲပြီး သေနေတဲ့ ကြက်တူရွေးငှက်မကြီးကို တွေ့ သွားခဲ့ကြတယ်။ ငှက်မင်းဟာ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ စပါးစေ့တွေ၊ ပဲစေ့တွေ အများကြီးကို တွေ့ လိုက်တယ်။ အဲဒီအခါ ငှက်မကြီးဟာ သူတစ်ပါးအပေါ် စိတ်ကောင်း မထားဘဲ တစ်ကိုယ်တည်း စားချင်တဲ့စိတ်ကြောင့် သေဆုံးရခြင်းဖြစ်တယ်လို့ စဉ်းစားမိတယ်။

အဲဒီအခါ ငှက်မင်းက ငှက်အားလုံးကို သူတစ်ပါးအပေါ် စိတ်ကောင်းထားဖို့၊ အားလုံး ချစ်ချစ်ခင်ခင်နဲ့ စိတ်ကောင်းနှလုံးကောင်းထားကာ နေထိုင်စားသောက်ကြဖို့ ဆုံးမစကား ပြောကြားလိုက်ပါတယ်။ အဲဒီနေ့ကစပြီး တောထဲမှာရှိတဲ့ ငှက်တွေဟာ တစ်ဦးကိုတစ်ဦး ချစ်ချစ်ခင်ခင်၊ ကြင်ကြင်နာနာနဲ့ ပျော်ရွှင်စွာ နေထိုင်သွားခဲ့ကြပါတော့တယ်။

မှီငြမ်း ။ ။ အနုသာသိကဇာတ်၊ ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ပထမတွဲ။ ၄၄၉။ ဇာ၊ ဋ္ဌ၊ ၁၊ ၄၅၃။

֍ဇာတ်လမ်းပါအကြောင်းအရာများကို ကလေးများနှင့် ဆွေးနွေးပြောဆိုပြီးလျှင် အောက်ပါ မေးခွန်းများကို မေးပါ။

-ဇာတ်လမ်းထဲကငှက်မကြီးဟာ သူများတွေ ကောင်းကောင်းစားနေတာကို တွေ့ တော့ သူ ဘယ်လို ခံစားရသလဲ။ (ပျော်လား၊ စိတ်ညစ်သလား၊ ဘာကြောင့်လဲ စသည်ဖြင့် ဆက်မေးနိုင်သည်။)
-ငှက်မကြီးဟာ ဘာဖြစ်လို့ လိမ်ညာပြီး ပြောသလဲ။
-ငှက်မကြီးဟာ ဘာဖြစ်လို့ လှည်းကြိတ်ခံရသလဲ။
-ငှက်မကြီးကို အတုယူသင့်သလား။ ဘာကြောင့်လဲ။

֍ဆရာက အောက်ပါအတိုင်း ရှင်းပြပါ။

“ကိုယ့်မိသားစုထဲမှာ ဖြစ်ဖြစ်၊ သူငယ်ချင်း အချင်းချင်းမှာဖြစ်ဖြစ် တစ်ဦးပေါ်တစ်ဦး စိတ်ကောင်းမထားနိုင်ရင် မကောင်းတဲ့အပြောအဆို၊ အပြုအမူတွေကို ဖြစ်ပေါ်စေတယ်။ အချင်းချင်းချစ်ခင်မှု၊ စည်းလုံးညီညွတ်မှုတွေကိုလည်း ပျက်ပြားစေနိုင်တယ်။ ဒါကြောင့် ကိုယ်ဖြစ်ချင်တာကို ရိုးရိုးသားသား ကြိုးစားလုပ်ဆောင်သွားမှ အချင်းချင်း ချစ်ခင်မှု၊ စည်းလုံးညီညွတ်မှုတွေရပြီး ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားနိုင်မှာဖြစ်တယ်”စသည်ဖြင့် ပြောပြပေးပါ။

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက မိမိကိုယ်တိုင် နှမြောတွန့်တိုစိတ်ထားမိသော အကြောင်းအရင်းတစ်ခုနှင့် ထိုစိတ် ကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများ၊ ထိုသို့မဖြစ်အောင် အကောင်းဘက်မှ စဉ်းစား၍ ပြုမူလုပ်ဆောင်ခဲ့ပုံနှင့် ဖြစ်ပေါ်လာသောကောင်းကျိုးများကို ကလေးများ စိတ်ဝင်စားဖွယ် ဖြစ်အောင် ပြောပြပါ။

ဥပမာ - ဆရာ ငယ်ငယ်တုန်းက သူငယ်ချင်းတွေက ခဲတံ၊ ပေတံ၊ ခဲဖျက်တွေ ငှားရင် ကိုယ့်ပစ္စည်းကို နှမြောတွန့်တိုပြီး မပေးခဲ့ဘူး။ ကိုယ်စားနေတဲ့မုန့်ကိုလည်း သူငယ်ချင်း တွေကို ခွဲဝေမကျွေးခဲ့ဘူး။ အဲဒါကြောင့် သူငယ်ချင်းတွေအကုန်လုံးက ဆရာ့ကို မချစ် ကြဘူး။ ဆရာနဲ့လည်း မကစားချင်ကြဘူး။ အဲဒီတော့ ဆရာက တစ်ယောက်တည်းဖြစ်နေ တာပေါ့။ အဲဒါနဲ့ နောက်ကျတော့ ဆရာက သူငယ်ချင်းတွေကိုလည်း ပစ္စည်းတွေငှား တယ်။ မုန့်ရှိရင်လည်း ခွဲကျွေးတယ်။ သူငယ်ချင်းတွေကို ကူညီပြီး သင့်သင့်မြတ်မြတ်နေ တော့ သူငယ်ချင်းတွေ အကုန်လုံးက ဆရာ့ကို ချစ်ကြပြီး ဆရာလိုအပ်တာတွေကိုလည်း ကူညီပေးကြတယ်။ သူငယ်ချင်းတွေနဲ့ ဆရာ ချစ်ချစ်ခင်ခင်နေလာကြတာ အခုထိပဲပေါ့။

֍ထို့နောက် ကလေးများအား အောက်ပါမေးခွန်းများမေး၍ ဆွေးနွေးပါ။

ကလေးတို့ရော နှမြောတွန့်တိုစိတ်ဖြစ်ခဲ့ဖူးလား။ (အမှန်အတိုင်းပြောရန် အားပေးပါ။) အဲဒီအခါ ဘာလုပ်ခဲ့သလဲ။ ဘာပြောခဲ့သလဲ။ ဘာတွေ ဆက်ဖြစ်ခဲ့သလဲ။

֍ဆရာက အောက်ပါအတိုင်းရှင်းပြပါ။

လူတစ်ဦးနဲ့တစ်ဦး ပြောဆိုဆက်ဆံတဲ့အခါ ကောင်းတဲ့အတွေးကို တွေးပြီး ကောင်းကောင်းမွန်မွန် ပြောဆိုဆက်ဆံ၊ နေထိုင်ပြုမူမှသာ အချင်းချင်းအဆင်ပြေပြီး စိတ်ချမ်းသာ ပျော်ရွှင်မှုကို ရရှိနိုင်မယ်။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မနာလိုခြင်း ကင်းကြစေ ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို စက်ဝိုင်းပုံစံနေစေပြီး တစ်ယောက်ပုခုံးကိုတစ်ယောက် ကိုင်ထားကာ မတ်တတ်ရပ်နေပါစေ။ အောက်ပါ ကဗျာကို ရွတ်ဆိုလျက် လှည့်ပတ်သွားလာပါစေ။

မနာလိုခြင်း ကင်းကြစေ

သူလိုအပ်တာ ကိုယ်ကပေးလို့၊
ကူညီပေးစို့ တို့တစ်တွေ။
စိတ်ထားကောင်းကို ထူထောင်သွားလို့၊
ဖြူအောင်ထားစို့ အမြဲပေ။
ကိုယ့်ထက်သာရင် သူငယ်ချင်းတို့၊
မနာလိုခြင်း ကင်းကြစေ။
ဝန်တိုစိတ်များ သတိထား၊
ရှောင်ရှားကြမယ်လေ။
အဲဒါမှ တို့လူငယ်များ စိတ်ထားမြတ်မယ်လေ။

֍ကဗျာရွတ်ဆိုပြီးသောအခါ ကလေးများကို ဆရာက နှစ်ယောက်တစ်တွဲစီ တွဲခိုင်း၍ မျက်နှာချင်းဆိုင် ရပ်နေပါစေ။

֍ပြီးလျှင် ဆရာက “သားတို့၊ သမီးတို့ နှစ်ယောက်ထဲက တစ်ယောက်က အမူအရာတစ်ခု ကို စတင်ပြုလုပ်ရမယ်။ နောက်တစ်ယောက်က အဲဒီလူ လုပ်တဲ့အတိုင်း လိုက်လုပ်ရမယ်” ဟု ပြောပြထားပါ။

ဥပမာ - ရှေ့မှရပ်နေသောသူက ပြုံးပြလျှင် နောက်တစ်ယောက်ကလည်း ပြုံးပါး၊ ရှေ့မှ ရပ်နေသောသူ မဲ့ပြလျှင် လိုက်မဲ့ပြပါစေ .... စသည်။

֍ဤနည်းဖြင့် ကလေးများကို တစ်ယောက်တစ်လှည့် ပြုလုပ်ပါစေ။

֍အောက်ပါမေးခွန်းများ မေးမြန်းပြီး ကလေးများနှင့် ဆွေးနွေးပါ။

-သားတို့၊ သမီးတို့ ပြုံးပြတာကို မြင်ချင်လား၊ မဲ့ပြတာကို မြင်ချင်လား။
-ခုနက သားတို့၊ သမီးတို့ ဘယ်အချိန်မှာ ပြုံးပြီး၊ ဘယ်အချိန်မှာ မဲ့ကြသလဲ။

֍ကလေးများအားလုံး ပါဝင်ပြီးပါက ဆရာက အောက်ပါအတိုင်း အနှစ်ချုပ်ပါ။ “ကိုယ့်ကိုပြုံးပြတာကို မြင်ချင်ရင် ကိုယ်ကစပြီး အရင်ဦးအောင် ပြုံးပြရမယ်။ ကိုယ့်ကို မဲ့ပြတာ မကြိုက်ရင် ကိုယ်ကလည်း မဲ့မပြရဘူး။ လူချစ်လူခင်ပေါတဲ့ အကောင်းဆုံးဆေး ကတော့ ပြုံးပြတာပဲ။ သားတို့၊ သမီးတို့လည်း လူချစ်လူခင်ပေါများအောင် ပြုံးပြရမယ်။ နောက်ပြီး စိတ်ထားလည်း ကောင်းရမယ်။ ကိုယ်က သူများအပေါ် စိတ်ကောင်းထားမှ ကိုယ့်ကိုလည်း သူများက စိတ်ကောင်းထားမယ်။ ရုပ်လေးပဲလှတာ မဟုတ်ဘဲ စိတ်ထား လေးပါလှရင် အကောင်းဆုံးပဲ။”