ဆန္နတ္ထေရဝတ္ထု
ပဏ္ဍိတဝဂ်
၃။ ဆန္နမထေရ်ဝတ္ထု
န ဘဇေ ပါပကေ မိတ္တေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်ဆန္နမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
မိတ်ဆွေကောင်းကို ဆည်းကပ်ခစားပါ
ထိုအရှင်ဆန္နမထေရ်ကား “ငါသည် ငါတို့အရှင်ကောင်းသားနှင့် အတူတကွ မြတ်သော တောထွက်ခြင်းဖြင့် ထွက်၏။ ထိုစဉ်အခါ ငါမှတစ်ပါး အခြားသူတစ်ယောက်ကိုမျှလည်း မမြင်ရ၊ ယခုအခါ၌ကား “ငါကား သာရိပုတြာမည်၏။ ငါကား မောဂ္ဂလာန်မည်၏၊ ငါတို့သည် အဂ္ဂသာဝက ဖြစ်ကုန်၏”ဟု ဤပုဂ္ဂိုလ်တို့သည် လှည့်လည်သွားလာကြကုန်၏၊” စသည်ဖြင့် အဂ္ဂသာဝကနှစ်ပါးတို့ကို ဆဲရေး၏။ မြတ်စွာဘုရားသည် ရဟန်းတို့၏အထံမှ ထိုအကြောင်းကို ကြားတော်မူလျှင် ဆန္နမထေရ်ကိုခေါ်စေတော်မူ၍ ပြောဆိုဆုံးမတော်မူလေ၏။ ထိုဆန္နမထေရ်သည် ထိုမြတ်စွာဘုရား ဆုံးမတော်မူသော ခဏ၌သာလျှင် ဆိတ်ဆိတ်နေ၍ တစ်ဖန် သွားပြီးလျှင် မထေရ်တို့ကို ဆဲရေးမြဲ ဆဲရေးပြန်သည်သာလျှင်တည်း။ ဤသို့ သုံးကြိမ်တိုင်အောင် ဆဲရေးသော ထိုဆန္နမထေရ်ကို ခေါ်စေတော်မူ၍ မြတ်စွာဘုရားသည် ပြောဆိုဆုံးမတော်မူပြီးလျှင် “ချစ်သားဆန္န- နှစ်ဦးသော အဂ္ဂသာဝကတို့မည်သည်ကား အသင်၏ ကောင်းသော အဆွေခင်ပွန်းတို့ ဖြစ်ကုန်၏၊ မြတ်လှသော ယောက်ျားမြတ်တို့ဖြစ်ကုန်၏၊ ဤသို့သဘောရှိသော ကောင်းသော အဆွေခင်ပွန်းတို့ကို ပေါင်းဖော်မှီဝဲလေလော့၊ ဆည်းကပ်ခစားလေလော့”ဟု မိန့်တော်မူပြီး၍ တရားတော်ကို ဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။
ဒေသနာတော်
ဘဇေထ မိတ္တေ ကလျာဏေ၊ ဘဇေထ ပုရိသုတ္တမေ။
ပါပကေ၊ ယုတ်မာကုန်သော။ မိတ္တေ၊ အဆွေခင်ပွန်းတို့ကို။ န ဘဇေ၊ မဆည်းကပ်ရာ။ ပုရိသာဓမေ၊ ကြမ်းတမ်းကုန်သော သူတို့ကို။ န ဘဇေ၊ မဆည်းကပ်ရာ။ ကလျာဏေ၊ ကောင်းကုန်သော။ မိတ္တေ၊ အဆွေခင်ပွန်းတို့ကို။ ဘဇေထ၊ ဆည်းကပ်ရာ၏။ ပုရိသုတ္တမေ၊ ယောက်ျားမြတ်ဖြစ်ကုန်သော သူတော်ကောင်းတို့ကို။ ဘဇေထ၊ ဆည်းကပ်ရာ၏။
ဒေသနာတော်၏ အကျိုး
ဒေသနာတော်၏ အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။
ဆန္နမထေရ် ရဟန္တာဖြစ်ခြင်း
ဆန္နမထေရ်သည်ကား ထိုအဆုံးအမစကားကို ကြားနာရသော်လည်း ရှေးနည်းဖြင့်သာလျှင် ရဟန်းတို့ကို ဆဲရေးရေရွတ်ပြန်၏။ တစ်ဖန်လည်း မြတ်စွာဘုရားအား လျှောက်ကြားကြပြန်ကုန်၏။ မြတ်စွာဘုရားသည် ဤသို့မိန့်တော်မူလေ၏။ ချစ်သားရဟန်းတို့-ငါဘုရား ထင်ရှားရှိတော်မူစဉ် ဆန္နကို ဆုံးမခြင်းငှာ သင်တို့ မစွမ်းနိုင်ပေကုန်လတ္တံ့၊ ငါဘုရား ပရိနိဗ္ဗာန် စံယူတော်မူသည်ရှိသော် စွမ်းနိုင်ပေကုန်လတ္တံ့”ဟု မိန့်တော်မူသောကြောင့် ပရိနိဗ္ဗာန်ပြုရာ ညောင်စောင်း၌ လျောင်းစက်တော်မူသောအခါ အရှင်အာနန္ဒာမထေရ်သည် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တပည့်တော်တို့သည် ဆန္နမထေရ်အပေါ်၌ အဘယ်သို့ ပြုကျင့်လိုက်ပါမည်နည်းဘုရား”ဟု မေးလျှောက်သည်ရှိသော် “ချစ်သားအာနန္ဒာ- ဆန္နရဟန်းအား ဗြဟ္မဒဏ်ကို ပေးကြကုန်လော့”ဟု စေခိုင်းတော်မူ၏။ (ဗြဟ္မဒဏ်ဟူသည်ကား ကောင်းသောအမှုဖြစ်စေ၊ မကောင်းသောအမှုဖြစ်စေ သူပြုလိုရာ ပြုပစေ၊ ချီးမွမ်းခြင်းမပြုရ၊ ကဲ့ရဲ့ခြင်းမပြုရ၊ ဘာမျှမပြောရ။ သံဃာအားလုံးက အဖက်မလုပ်ဘဲ ပယ်စွန့်ပစ်ထားခြင်းတည်း။) အရှင်ဆန္နလည်း မြတ်စွာဘုရား ပရိနိဗ္ဗာန်စံယူတော်မူပြီးသည်ရှိသော် အရှင်အာနန္ဒာမထေရ် မိန့်ကြားပြောပြအပ်သော ဗြဟ္မဒဏ်ကို ကြားသိရလေသောကြောင့် ဆင်းရဲငြိုငြင်သော စိတ်နှလုံးဖြင့် ယူကျုံးမရဖြစ်၍ သုံးကြိမ်တိုင်အောင် မူးမေ့ကာ လဲကျသွားပြီးလျှင် “အရှင်ဘုရားတို့- တပည့်တော်ကို ဖျက်ဆီးခြင်းကို ပြုတော်မမူကြပါကုန်လင့်ဘုရား”ဟု အဖန်ဖန်အထပ်ထပ် လျှောက်ထားတောင်းပန်၍ ရဟန်းကျင့်ဝတ် မယွင်းမချွတ် မပျက်ပြားအောင် ကောင်းစွာ ဖြည့်ကျင့်သည်ရှိသော် မကြာမြင့်မီပင်လျှင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်တော်မူလေ၏။