ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု
by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၁၃။ ဇယဒ္ဒိသဇာတ် (၃)
1237ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု — ၅၁၃။ ဇယဒ္ဒိသဇာတ် (၃)မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်


တိံသနိပါတ်

၃။ ဇယဒိသဇာတ်

မိဘကို လုပ်ကျွေးခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် စိရဿံ ဝတ မေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဇယဒိသဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အမိအဖကို လုပ်ကျွေးသော ရဟန်းတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ပစ္စုပ္ပန်ဝတ္ထုသည် သုဝဏ္ဏသာမဇာတ်၌ ပစ္စုပ္ပန်ဝတ္ထုနှင့် တူသလျှင်ကတည်း။

အထူးကား - ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် ရဟန်းတို့- ရှေးပညာရှိတို့သည် ရွှေပန်းကို၎င်း, ထီးဖြူကို၎င်းစွန့်၍ မိဘတို့ကို လုပ်ကျွေးဘူးကုန်ပြီဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့-လွန်လေပြီးသောအခါ ကပိလတိုင်း ဥတ္တရ ပဉ္စာလမြို့၌ ပဉ္စာလမည်သောမင်းသည် မင်းပြုသတတ်၊ ထိုမင်း၏ မိဖုယားကြီးသည် ကိုယ်ဝန်ဆောင်၍ သားကို ဖွား၏။ ထိုမိဖုယားကြီးအား ရှေးဘဝ၌ တယောက်သော ရန်သူမိန်းမသည် အမျက်ထွက်၍ သင်၏ ဖွားတိုင်းဖွားတိုင်းသော သားကိုစားခြင်းငှါ စွမ်းနိုင်သည် ဖြစ်ရလို၏ဟု ဆုတောင်းခြင်းကို ဖြစ်စေ၍ ဘီလူးမဖြစ်၏။ ထိုဘီလူးမသည် ထိုအခါ အခွင့်ရ၍ ထိုမိဖုယားမြင်စဉ်လျှင် စိုသော အသားစိုင်နှင့်တူသော ထိုသားငယ်ကိုယူ၍ ကျွတ်ကျွတ်ဝါးလျက် စား၍ သွားလေ၏။ နှစ်ကြိမ်မြောက် သားဖွားရာ၌လည်း ထို့အတူသာလျှင် ပြု၏။ သုံးကြိမ်မြောက်၌ကား ထိုမိဖုယားကြီးအား သားဖွားအိမ်သို့ ဝင်သောအခါ အိမ်ကိုခြံရံ၍ မြဲမြံစွာ စောင့်ရှောက်ခြင်းကို ပြုကုန်၏။ သားဖွားသည့်နေ့၌ ဘီလူးမသည် လာလတ်၍ တဖန် သူငယ်ကိုယူ၏။ မိဖုယားသည် ဘီလူးမသည် ငါ့သားကိုယူခဲ့ပြီဟု ကျယ်စွာသော အသံကိုပြု၏။ လက်နက် စွဲကုန်သော သူတို့သည် လာလတ်ကုန်၍ မိဖုယားသည် ပေးအပ်သော အမှတ်ဖြင့် ဘီးလူးမကို လိုက်ကုန်၏။

ထိုဘီလူးမသည် စားခွင့်ကိုမရသဖြင့် ပြေး၍ ရေပြွန်ပေါက်သို့ဝင်၏။ သူငယ်သည် အမိအမှတ်ဖြင့် ထိုဘီလူးမ၏ နို့ကို စို့၏။ ထိုဘီလူးမသည် သားကဲ့သို့ ချစ်ခြင်းကို ဖြစ်စေ၍ သုသာန်သို့ သွားပြီးလျှင် သူငယ်ကို ကျောက်ဂူလိုဏ်ခေါင်း၌ထား၍ မွေးကျွေး၏။ ထိုအခါ အစဉ်သဖြင့် ကြီးသော ထိုသူငယ်အား လူသားကိုဆောင်၍ ပေး၏။ နှစ်ယောက်သော သူတို့သည်လည်း လူသားကိုစား၍ နေကုန်၏။ သူငယ်သည်လည်း မိမိ၏ လူ၏အဖြစ်ကို မသိ၊ ဘီလူးမသားဟူသော အမှတ်ရှိ၏။ ထိုမင်းသားသည် မိမိကိုယ်အဖြစ်ကိုစွန့်၍ ကွယ်ပျောက်ခြင်းငှါ မတတ်နိုင်၊ ထိုအခါ မင်းသားအား ဘီလူးမသည် ကွယ်ပျောက်စိမ့်သောငှာ တခုသော ဆေးမြစ်ကိုပေး၏။ ထိုမင်းသားသည် ဆေးမြစ် အာနုဘော်ကြောင့် ကွယ်ပျောက်၏။ လူသားကို စားလျက် သွား၏။ ဘီလူးမသည် ဝေဿဝဏ်နတ်မင်းကြီး၏ အမှုကိစ္စကို ဆောင်အံ့သောငှါ သွား၍ ထိုဝေဿဝဏ်

နတ်မင်းကြီး အထံ၌လျှင် သေ၏။

မိဖုယားသည်လည်း လေးကြိမ်မြောက်သောအခါ၌ တယောက်သော သားကို ဖွားပြန်၏။ ထိုမင်းသားသည် ဘီလူးမမှ လွတ်သည်၏ အဖြစ်ကြောင့် ရောဂါမရှိသည် ဖြစ်၏။ ထိုမင်းသားအား ရန်သူဖြစ်သော ဘီလူးမကိုအောင်၍ ဖွားသောကြောင့် ဇယဒိသမင်းသား ဟူသော အမည်ကို မှည့်ကုန်၏။ ထိုမင်းသားသည် အရွယ်ရောက်လတ်သော် အလုံးစုံသော အတတ်တို့၏ အပြီးသို့ရောက်၍ ထီးဖြူကိုဆောင်း၍ တိုင်းပြည်ကို ဆုံးမ၏။ ထိုအခါ ဘုရားလောင်းသည် ထိုမင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၏။ ထိုဘုရားလောင်းအား အလီနသတ္တုမင်းသားဟူသော အမည်ကို မှည့်ကုန်၏။ ထိုဘုရားလောင်းသည် အရွယ်ရောက်လတ်သော် အလုံးစုံ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ အိမ်ရှေ့မင်းဖြစ်၏။ ဘီလူးမသားသည်လည်း နောက်အဘို့၌ မေ့လျော့သဖြင့် ထိုဆေးမြစ်ကို

ဖျောက်၍ ကွယ်ပျောက်ခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ ကိုယ်ထင်ပြလျက်လျှင် သုသာန်၌ လူသားကို စား၏။ လူတို့သည် ထိုဘီလူးကိုမြင်လျှင် ကြောက်လန့်ကုန်သောကြောင့် လာလတ်ကုန်၍ မင်းအား ကြားလျှောက်ကုန်၏။

အရှင်မင်းကြီး- တယောက်သော ဘီလူးသည် ကိုယ်ထင်ပြ၍ သုသာန်၌ လူသားကို စား၏။ ထိုဘီလူးသည် အစဉ်သဖြင့် မြို့တွင်းသို့ဝင်၍ လူကိုသတ်၍ စားလတ္တံ့၊ ထိုဘီလူးကို ဖမ်းအံ့သောငှါ သင့်၏ဟု ကြားလျှောက်ကုန်၏။ မင်းသည် ကောင်းပြီဟု ဝန်ခံပြီးလျှင် ထိုဘီလူးကို ဖမ်းကြကုန်လော့ဟု စေ၏။ ဗိုလ်ပါအပေါင်းသည် သွားကုန်၍ သုသာန်ကို ဝန်းရံကုန်၏။ ဘီလူးမသားသည် အဝတ်မရှိဘဲ ထိတ်လန့်လျက် သေဘေးမှ ကြောက်သည်ဖြစ်၍ မြည်တမ်းလျက် လူတို့အကြားဖြင့် ပြေး၏။ လူတို့သည် ဤသူကား ဘီလူးတည်းဟု သေဘေးမှ ကြောက်လန့်ကုန်သည် ဖြစ်၍ နှစ်ဖြာကွဲကုန်၏။ ဘီလူးမသားသည်လည်း ထိုသုသာန်မှ ပြေး၍လျှင် တောသို့ဝင်၏။ တဖန် လူတို့ခရီးသို့ မသွားပြီ။ ထိုဘီလူးမသားသည် တခုသော မဟာဝဋ္ဋနီမည်သော တောအုပ်ကိုမှီ၍ သွားကုန်သော လူတို့တွင် တယောက် တယောက်စီ ဖမ်းယူပြီးလျှင် တောသို့ဝင်၍ သတ်စားလျက် တခုသော ပညောင်ပင်၌ နေ၏။

ထိုအခါ တယောက်သော လှည်းကုန်သည်မှူးဖြစ်သော ပုဏ္ဏားသည် တောအုပ်ကို စောင့်ကုန်သော လူတို့အား တထောင်သော ဥစ္စာကိုပေး၍ လှည်းငါးရာတို့ဖြင့် ထိုခရီးကို သွား၏။ လူဖြစ်သော ဘီလူးသည် ကြွေးကြော်လျက် ပြေးလာ၏။ ကြောက်ကုန်သော လူတို့သည် ရင်ဖြင့်ဝပ်ကုန်၏။ ထိုလူဖြစ်သော ဘီလူးသည် ပုဏ္ဏားကိုယူ၍ ပြေးသည်ရှိသော် ငုတ်ဖြင့် ခြေကိုတိုက်မိ၍ တောအုပ်စောင့်သော လူတို့သည် လိုက်ကုန်သည်ရှိသော် ထိုပုဏ္ဏားကိုစွန့်၍ သွားပြီးလျှင် မိမိနေရာ ပညောင်ပင်ရင်း၌ အိပ်၏။ ထိုပညောင်ပင်ရင်း၌ အိပ်သော ထိုဘီလူးအား ခုနစ်ရက်မြောက်သောနေ့၌ ဇယဒိသမင်းသည်လည်း သမင်ကိုသတ်ခြင်းငှာ ဗိုလ်ပါ ခြံရံ၍ မြို့မှထွက်၏။ မြို့မှထွက်ကာမျှဖြစ်သော ထိုမင်းကို တက္ကသိုလ်ပြည်၌နေသော နန္ဒမည်သော အမိအဖကို လုပ်ကျွေးသော ပုဏ္ဏားသည် တဂါထာလျှင် တရာစီထိုက်သော သတာရဟ လေးဂါထာကိုယူ၍ လာလတ်ပြီးလျှင် ထိုမင်းကို ဖူးမြင်၏။ မင်းသည် ပြန်မှ ငါနာအံ့ဟုဆို၍ ထိုနန္ဒပုဏ္ဏားအား နေရာအိမ်ကို ပေးပြီးလျှင် သမင်တောသို့သွား၍ အကြင်သူ၏နံပါးဖြင့် သမင်သည် ပြေးအံ့၊ ထိုသူအားသာလျှင် အစားတည်းဟု ဆို၏။ ထိုအခါ တခုသော ချေဖြစ်သော သားသည် ထ၍ မင်း၏ ရှေးရှုပြေး၏။ မှူးမတ်တို့သည် ပြက်ရယ်ပြုကုန်၏။ ဇယဒိသမင်းသည် သန်လျက်ကို ကိုင်၍ ထိုချေကို လိုက်သည်ရှိသော် သုံးယူဇနာထက်၌ မှီ၍ သန်လျက်ဖြင့် နှစ်ပိုင်းဖြတ်ပြီးလျှင် ထမ်းပိုးဖြင့်ထမ်း၍ လာလတ်သော် လူဖြစ်သော ဘီလူးအရပ်သို့ ရောက်လျှင် နေဇာမြက်ပေါ်၌နေ၍ အတန်ငယ် အပန်းဖြေပြီးလျှင် သွားခြင်းငှါ အားထုတ်၏။ ထိုအခါ ဇယဒိသမင်းကို ဘီလူးသည် ထလတ်၍ ရပ်လော့၊ အဘယ်သို့ သွားအံနည်း၊ ငါ၏အစာ ဖြစ်ပြီဟုဆို၍ လက်၌ကိုင်၍ ထိုမင်းအား မေးလိုရကား-

၆၄။ စိရဿံ ဝတ မေ ဥဒပါဒိ အဇ္ဇ၊
ဘက္ခော မဟာ သတ္တမိ ဘတ္တကာလေ။
ကုတောသိ ကော ဝါသိ တဒိင်္ဃ ဗြူဟိ၊
အာစိက္ခ ဇာတိ ဝိဒိတော ယထာသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၆၄။ ဘော ပုရိသ၊ အို ယောက်ျား။ စိရဿံ ဝတ၊ ကြာမြင့်လေစွတကား။ မေ၊ ငါ့အား။ အဇ္ဇ၊ ယနေ့။ သတ္တမီ၊ အစာမစားရသည် ခုနစ်ရက်ရှိပြီ။ ဘတ္တကာလေ၊ အစာစားချိန် ကာလ၌။ မဟာဘက္ခော၊ မြတ်သော အစာသည်။ ဥဒပါဒိ၊ ဖြစ်ပေ၏။ တွံ၊ သင်သည်။ ကုတာ၊ အဘယ်အရပ်မှ။ အာဂတော၊ လာသည်။ အသိ၊ ဖြစ်သနည်း။ တွံ၊ သင်သည်။ ကော ဝါ၊ အဘယ်သူသည်မူလည်း။ အသိ၊ ဖြစ်သနည်း။ ဣင်္ဃ၊ ငါတိုက်တွန်း၏။ တံ၊ ထိုငါမေးသော အကြောင်းကို။ ဗြူဟိ၊ သင်ဆိုလော့။ ယထာ၊ အကြင် အခြင်းဖြင့်။ တယာ၊ သင်သည်။ ဇာတိ၊ ဇာတ်ကို။ ဝိဒိတော၊ သိအပ်၏။ တထာ၊ ထိုအခြင်းဖြင့်။ အာစိက္ခ၊ ငါ့အား ကြားလော့။

ဇယဒိသမင်းသည် ဘီလူးကိုမြင်လျှင် အလွန်ကြောက်သည်ဖြစ်၍ ပေါင်တုန်လှုပ်ခြင်းသို့ ရောက်သဖြင့် ပြေးခြင်းငှါ မတတ်နိုင်၊ ထိုသို့ ပေါင်တုန်လှုပ်သဖြင့် ပြေးသွားခြင်းငှါ မတတ်နိုင်သော်လည်း သတိကိုဖြစ်စေ၍ ဘီလူးအား အကြောင်းကိုကြားသဖြင့် တောင်းပန်လိုရကား-

၆၅။ ပဉ္စာလရာဇာ မိဂဝံ ပဝိဋ္ဌော၊
ဇယဒ္ဒိသော နာမ ယဒိဿုတော တေ။
စရာမိ ကစ္ဆာနိ ဝနာနိ စာဟံ၊
ပသဒံ ဣမံ ခါဒ မမဇ္ဇ မုဉ္စ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၆၅။ ယက္ခ၊ ဘီလူး။ အဟံ၊ ငါသည်။ ပဉ္စာလရာဇာ၊ ပဉ္စာလ မင်းသည်။ အသ္မိ၊ ဖြစ်၏။ မိဂဝံ၊ သမင်တောသို့။ ပဝိဋ္ဌော၊ ဝင်လာ၏။ အဟံ၊ ငါသည်။ ဇယဒ္ဒိသော နာမ၊ ဇယဒိသ အမည်ရှိ၏။ ယဒိ၊ အကယ်၍။ တေ၊ သင်သည်။ သုတော၊ ကြားဘူးအံ့သတည်း။ အဟံ၊ ငါသည်။ ကစ္ဆာနိ စ၊ တောင်ခြေရင်းသို့၎င်း။ ဝနာနိ စ၊ တောသို့၎င်း။ စရာမိ၊ သွား၏။ အဇ္ဇ၊ ယခုအခါ၌။ ဣမံ ပသဒံ၊ ဤချေကို။ ခါဒ၊ စားပါ။ မမ၊ ငါ့အား။ မုဉ္စ၊ လွှတ်ပါလော့။

ထိုစကားကိုကြား၍ ဘီလူးသည် မင်းအား စကားတုံ့ပြန်လိုရကား-

၆၆။ သေနေဝ တွံ ပလာသိ သယှမာနော၊
မမေသ ဘက္ခော ပသဒေါ ယံ ဝဒေသိ။
တံ ခါဒိယာန ပသဒံ ဇိဃညံ၊
ခါဒိဿံ ပစ္ဆာ န ဝိလာပကာလော။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၆၆။ ဇယဒိသ၊ ဇယဒိသမင်းမြတ်။ တွံ၊ သင်သည်။ သယှမာနော၊ ငါ့ကို နှိပ်စက်လိုသည်ဖြစ်၍။ သေနေဝ၊ ငါ့ဥစ္စာဖြင့်သာလျှင်။ ပလာသိ၊ မိမိကိုယ်ကို ဖလှယ်၏။ ဧသော ပသဒေါ၊ ဤချေသည်။ မမ၊ ငါ၏။ ဘက္ခော၊ အစာတည်း။ ယံ ပသဒံ၊ အကြင်ချေကို။ ခါဒ၊ စားပါလော့။ ဣတိ၊ ဤသို့။ ဝဒေသိ၊ ဆို၏။ တံ ပသဒံ၊ ထိုချေ။ ခါဒိယာန၊ စားဦး၍။ ဇိဃညံ၊ စားခြင်းငှါ အလိုရှိသောအခါ၌။ တံ၊ သင့်ကို။ ပစ္ဆာ၊ နောက်မှ။ ခါဒိဿံ၊ စားအံ့။ အယံ ကာလော၊ ဤအခါသည်။ န ဝိလာပကာလော၊ ငိုမြည်တမ်းရအံ့သောအခါမဟုတ်။

ထိုစကားကို ကြား၍ ဇယဒိသမင်းသည်- နန္ဒပုဏ္ဏားကို အောက်မေ့လျက် ဘီလူးကို တောင်းပန်ပြန်လိုရကား-

၆၇။ န စတ္ထိ မောက္ခော မမ နိက္ကယေန၊
ဂန္တွာန ပစ္စာဂမနာယ ပဏှေ။
တံ သင်္ကရံ ဗြာဟ္မဏဿ သမ္ပဒါယ၊
သစ္စာနုရက္ခီ ပုနရာဝဇိဿံ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၆၇။ ယက္ခ၊ ဘီလူး။ မမ၊ ငါ့အား။ နိက္ကယေန၊ ဝယ်သဖြင့်။ မောက္ခော၊ လွတ်ခြင်းသည်။ န စ အတ္ထိ၊ မရှိသလျှင်ကတည်း။ ဂန္တွာန၊ ပြည်သို့သွား၍။ ပဏှေ၊ နက်ဖြန်နံနက်စောစော၌။ ပစ္စာဂမနာယ၊ တဖန်ပြန်လာခြင်းငှါ။ ပဋိညံ၊ ဝန်ခံခြင်းကို။ ဂဏှာဟိ၊ ယူလော့။ ဗြာဟ္မဏဿ၊ နန္ဒပုဏ္ဏားအား။ ယံ သင်္ကရံ၊ အကြင်အချိန်းအချက်ကို။ မယာ၊ ငါသည်။ ကတံ၊ ပြုအပ်၏။ တံ သင်္ကရံ၊ ထိုအချိန်းအချက်ကို။ သမ္ပဒါယ၊ ပြည့်စုံစေ၍။ သစ္စာနုရက္ခီ၊ သစ္စာကိုစောင့်လျှက်။ ပုနရာဝဇိဿ၊ တဖန် လာအံ့။

ထိုစကားကိုကြား၍ ဘီလူးသည် အကြောင်းကို ပြောဆိုစေသဖြင့် တောင်းပန်ခြင်းကို ဝန်ခံလိုရကား-

၆၈။ ကိံ ကမ္မဇာတံ အနုတပ္ပသေ တွံ၊
ပတ္တံ သမီပံ မရဏဿ ရာဇာ။
အာစိက္ခ မေတံ အပိ သက္ကုဏေမု၊
အနုဇာနိတုံ အာဂမနာယ ပဏှေ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၆၈။ ဇယဒိသ၊ ဇယဒိသမင်းမြတ်။ မရဏဿ၊ သေခြင်း၏။ သမီပံ၊ အနီးသို့။ ပတ္တံ၊ ရောက်ပြီးသော။ ရာဇာ၊ ပြည့်ရှင်မင်း ဖြစ်သော။ တွံ၊ သင်မင်းမြတ်သည်။ ကမ္မဇာတံ၊ ကံသည်လျှင် ပြုပြင်အပ်သော အမှုကို။ ကိံ၊ အဘယ့်ကြောင့်။ အနုတပ္ပသေ၊ စိုးရိမ်ဘိသနည်း။ ဧတံ၊ ထိုစိုးရိမ်ခြင်း၏အကြောင်းကို။ မေ၊ ငါ့အား။ အာစိက္ခ၊ ကြားလော့။ တံ၊ ထိုအကြောင်းကို။ သုတွာ၊ ကြားရ၍။ ပဏှေ၊ နက်ဖြန်နံနက်အခါ၌။ အဂမနာယ၊ လာခြင်းကို။ အနုဇာနိတုံ၊ ခွင့်ပြုခြင်းငှါ။ အပိ သက္ကုဏေမု၊ တတ်နိုင်ကုန်ငြားအံ့လည်း မသိ။

ဇယဒိယမင်းသည် ထိုအကြောင်းကို ဘီလူးအား ကြားလိုရကား-

၆၉။ ကတာ မယာ ဗြာဟ္မဏဿ ဓနာသာ၊
တံ သင်္ကရံ ပဋိမုက္ကံ န မုတ္တံ။
တံ သင်္ကရံ ဗြာဟ္မဏဿ သမ္ပဒါယ၊
သစ္စာနုရက္ခီ ပုနရာဝဇိဿံ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၆၉။ ယက္ခ၊ ဘီလူး။ မယာ၊ ငါသည်။ ဗြာဟ္မဏဿ၊ နန္ဒပုဏ္ဏားအား။ ဓနာသာ၊ ဥစ္စာ၌ တပ်မက်မောခြင်းကို။ ကတာ၊ ပြုအပ်၏။ သင်္ကရံ၊ ဥစ္စာပေးအံ့ဟု ဝန်ခံခြင်းကို။ ပဋိမုက္ကံ၊ ကိုယ်၌ စွပ်ထားအပ်၏။ တံ သင်္ကရံ၊ ထိုကိုယ်၌ စွပ်၍ ထားအပ်သော ဝန်ခံခြင်းမှ။ န မုတ္တံ၊ မလွတ်ပါသေး။ ဗြာဟ္မဏဿ၊ နန္ဒပုဏ္ဏားအား။ တံ သင်္ကရံ၊ ထိုဝန်ခံခြင်းကို။ သမ္ပဒါယ၊ ပြည့်စုံစေ၍။ သစ္စာနုရက္ခီ၊ သစ္စာကိုစောင့်လျက်။ ပုနရာဝဇိဿံ၊ တဖန် သင့်ထံသို့ လာအံ့။

ထိုစကားကို ကြား၍ ထိုမင်းကို လွှတ်လိုရကား-

၇၀။ ယာ တေ ကတာ ဗြာဟ္မဏဿ ဓနာသာ၊
တံ သင်္ကရံ ပဋိမုက္ကံ န မုတ္တံ။
တံ သင်္ကရံ ဗြာဟ္မဏဿ သမ္ပဒါယ၊
သစ္စာနုရက္ခီ ပုနရာဝဇဿု။

ဟူသော ခုနစ်ခုမြောက်သောဤဂါထာကို ဆို၏။

၇၀။ ဇယဒိသ၊ မင်းမြတ် ဇယဒိသ။ ဗြာဟ္မဏဿ၊ နန္ဒပုဏ္ဏားအား။ ယာ ဓနာသာ၊ အကြင်ဥစ္စာ၌ တပ်မက်မောခြင်းကို။ တေ၊ သင်သည်။ ကတာ၊ ပြုအပ်၏။ တံ သင်္ကရံ၊ ထိုဥစ္စာပေးအံ့ဟု ဝန်ခံခြင်းကို။ ပဋိမုက္ကံ၊ ကိုယ်၌စွပ်၍ ထားအပ်၏။ တံ၊ ထိုကိုယ်၌စွပ်၍ ထားအပ်သော ဝန်ခံခြင်းမှ။ န မုတ္တံ၊ သင်မလွတ်သေး။ ဗြာဟ္မဏဿ၊ နန္ဒပုဏ္ဏားအား။ သင်္ကရံ၊ ဝန်ခံခြင်းကို။ ကတံ၊ သင်ပြုအပ်၏။ တံ၊ ထိုဝန်ခံခြင်းကို။ သမ္ပဒါယ၊ ပြည့်စုံစေပြီး၍။ သစ္စာနုရက္ခီ၊ သစ္စာကို စောင့်လျက်။ ပုနရာဝဇဿု၊ တဖန် ပြန်၍ သင်လာခဲ့။

ဤသို့သော စကားကို ဆိုပြီးလျှင် ဇယဒိသမင်းကို လွှတ်လိုက်၏။ ဘီလူးသည် လွှတ်အပ်သည်ရှိသော် ထိုဇယဒိသမင်းသည် အဆွေဘီလူး- သင်သည် မစိုးရိမ်လင့်၊ နံနက်စောစောကလျှင် ငါလာအံ့ဟု ဆို၍ ခရီးနိမိတ်တို့ကို မှတ်လျက် မိမိဗိုလ်ပါ ရှိရာသို့ သွားပြီးလျှင် ဗိုလ်ပါအပေါင်း ခြံရံလျက် မြို့သို့ဝင်၍ နန္ဒပုဏ္ဏားကို ခေါ်စေပြီးလျှင် မြတ်သော အဘိုးများစွာထိုက်သော နေရာ၌ နေစေ၍ ထိုလေးဂါထာတို့ကို နာပြီးလျှင် လေးထောင်သော ဥစ္စာတို့ကိုပေး၍ ယာဉ်ထက်သို့တင်၍ ဤပုဏ္ဏားကို တက္ကသိုလ်ပြည်သို့ ဆောင်ကြကုန်ဟု လူတို့ကိုစေ၍ ပုဏ္ဏားကို လွှတ်လိုက်ပြီးလျှင် နက်ဖြန်နေ့၌ ဘီလူးအထံသို့ သွားလိုရကား သားတော် အလီနသတ္တု မင်းသားကိုခေါ်၍ ဆုံးမတော်မူ၏။ ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၇၁။ မုတ္တော စ သော ပေါရိသာဒဿ ဟတ္ထာ၊
ဂန္တွာ သကံ မန္ဒိရံ ကာမကာမိံ။
တံ သင်္ကရံ ဗြာဟ္မဏဿ သမ္ပဒါယ၊
အာမန္တယီ ပုတ္တမလီနသတ္တုံ။
၇၂။ အဇ္ဇေဝ ရဇ္ဇံ အဘိသိဉ္စယဿု၊
ဓမ္မဉ္စရေ သေသေ ပရေသုစာပိ။
အဓမ္မကာရော စ တေ မာဟု ရဋ္ဌေ၊
ဂစ္ဆာမဟံ ပေါရိသာဒဿုပန္ထေ။

ဟူသော ဤနှစ်ဂါထာတို့ကို ဟောတော်မူ၏။

၇၁။ ဘိက္ခဝေ၊ ရဟန်းတို့။ ပေါရိသာဒဿ၊ ပေါရိသာဒ၏။ ဟတ္ထာ၊ လက်မှ။ မုတ္တော၊ လွတ်ပြီးသော။ သော စ၊ ထိုဇယဒိသ မင်းသည်ကား။ ကာမကာမိံ၊ ကာမဂုဏ်တို့ဖြင့် မွေ့လျော်ဘွယ်ရှိသော။ သကံမန္ဒိရံ၊ မိမိနန်းသို့။ ဂန္တွာ၊ သွား၍။ ဗြာဟ္မဏဿ၊ နန္ဒပုဏ္ဏားအား။ တံ သင်္ကရံ၊ ထိုအချိန်းအချက်ကို။ သမ္ပဒါယ၊ ပြည့်စုံစေ၍။ အလီနသတ္တုံ၊ အလီနသတ္တု အမည်ရှိသော။ ပုတ္တံ၊ သားတော်ကို။ အာမန္တယိ၊ ခေါ်၏။

၇၂။ ပုတ္တ၊ ချစ်သား။ တေ၊ သင်ချစ်သားအား။ ရဇ္ဇံ၊ မင်းအဖြစ်ကို။ ဒဒါမိ၊ ငါပေး၏။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ အဘိသိဉ္စယဿု၊ အဘိသိက် သွန်းစေလော့။ သေသေ စ၊ မိမိကိုယ်၌၎င်း။ ပရေသု စ၊ သူတပါးတို့၌၎င်း။ ဓမ္မံ၊ တရားကို။ စရေ၊ ကျင့်လော့။ ရဋ္ဌေ၊ တိုင်းနိုင်ငံ၌။ အဓမ္မကာရော၊ မကောင်းသောအကျင့်ကို ကျင့်ခြင်းသည်။ တေ၊ သင်ချစ်သားအား။ မာ အဟု၊ မဖြစ်စေလင့်။ အဟံ၊ ငါသည်။ ပေါရိသာဒဿ၊ ပေါရိသာဒ၏။ ဥပန္ထေ၊ အထံသို့။ ဂစ္ဆာမိ၊ သွားရအံ့။

ထိုအကြောင်းကို ကြား၍ သားတော် အလီနသတ္တုမင်းသားသည် ခမည်းတော်မင်းကြီးကို မေးလျှောက်လိုရကား-

၇၃။ ကိံ ကမ္မံ ကြုဗ္ဗံ တဝ ဒေဝ ပါဒေ။
နာရာဓယိ တဒိစ္ဆာမိ သောတုံ။
ယ မဇ္ဇ ရဇ္ဇမှိ ဥဒဿယေ တုဝံ၊
ရဇ္ဇံပိ နိစ္ဆေယျ တယာ ဝိနာဟံ။

ဟူသော ဆယ်ခုမြောက်သော ဤဂါထာကို ဆို၏။

၇၃။ ဒေဝ၊ ခမည်းတော်မင်းကြီး။ တဝ၊ ခမည်းတော်မင်းကြီး၏။ ပါဒေ၊ ခြေရင်းတော်၌။ ကိံ ကမ္မံ၊ အဘယ်အမှုကို။ ကြုဗ္ဗံ၊ ပြုမိသည်ဖြစ်၍။ နာရာဓယိ၊ နှစ်သက်တော်မမူသနည်း။ ယံ-ယေန၊ အကြင် မနှစ်သက်ကြောင်းဖြစ်သောအမှုကြောင့်။ မံ၊ အကျွန်ုပ်ကို။ တုဝံ၊ ခမည်းတော် မင်းကြီးသည်။ အဇ္ဇ၊ ယနေ့။ ရဇ္ဇမှိ၊ မင်းအဖြစ်၌။ ဥဒဿယေ၊ တည်စေ၏။ တံ၊ ထိုမနှစ်သက်ကြောင်းဖြစ်သော အမှုကို။ အဟံ၊ အကျွန်ုပ်သည်။ သောတုံ၊ နာခြင်းငှာ။ ဣစ္ဆာမိ၊ အလိုရှိပါ၏။ အဟံ၊ အကျွန်ုပ်သည်။ တယာ၊ ခမည်းတော်မင်းကြီးနှင့်။ ဝိနာ၊ ကင်း၍။ ရဇ္ဇံပိ၊ မင်းအဖြစ်ကိုလည်း။ န ဣစ္ဆေယျံ၊ အလိုမရှိနိုင်။

ထိုစကားကိုကြား၍ ခမည်းတော် ဇယဒိသမင်းကြီးသည် မိမိအကြောင်းကို သားတော်အား ကြားလိုရကား-

၇၄။ န ကမ္မုနာ ဝါ ဝစသာ ဝါ တာတ၊
အပရာဓိတော တုဝိယံ သရာမိ။
သဒ္ဓိဉ္စ ကတွာ ပေါရိသာဒကေန၊
သစ္စာနုရက္ခီ ပုနာဟံ ဂမိဿံ။

ဟူသော ဤဂါထာကို ဆို၏။

၇၄။ တာတ၊ ချစ်သား။ ကမ္မုနာ ဝါ၊ ကိုယ် အမူအရာမှ၎င်း။ ဝစသာ ဝါ၊ စကားမှ၎င်း။ ဣတော၊ ဤကိုယ်နှုတ် နှစ်ပါးမှ။ တုဝိယံ၊ သင့်အထံ၌ဖြစ်သော။ အပရာဓံ၊ အပြစ်ကို။ န သရာမိ၊ ရှိ၏ဟူ၍ ငါမအောက်မေ့။ ပေါရိသာဒကေန စ၊ ပေါရိသာဒနှင့်မူကား။ သဒ္ဓိံ၊ တကွ။ သစ္စံ၊ သစ္စာကို။ ကတွာ၊ ပြု၍။ အာဂတော၊ လာ၏။ သစ္စာနုရက္ခီ၊ ပြုအပ်သော သစ္စာကို စောင့်လိုသည်ဖြစ်၍။ ပုန၊ တဖန်။ အဟံ၊ ငါသည်။ ဂမိဿံ၊ ပေါရိသာဒအထံသို့ သွားအံ့။

ထိုစကားကိုကြား၍ သားတော် အလီနသတ္တု မင်းသားသည် ခမည်းတော်ကိုထား၍ ပေါရိသာဒ အထံသို့ မိမိသွားလိုကြောင်းကို တင်လျှောက်လိုရကား-

၇၅။ အဟံ ဂမိဿာမိ ဣဓေဝ ဟောဟိ၊
နတ္ထိ တတော ဇီဝတော ဝိပ္ပမောက္ခော။
သစေ တုဝံ ဂစ္ဆသိယေဝ ရာဇာ၊
အဟံပိ ဂစ္ဆာမိ ဥဘော န ဟောမ။

ဟူသော ဤဂါထာကို ဆို၏။

၇၅။ မဟာရာဇ၊ မြတ်သော ခမည်းတော်မင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ ဂမိဿာမိ၊ ပေါရိသာဒ အထံသို့ သွားပါအံ့။ တုဝံ၊ သင်ခမည်းတော် မင်းကြီးသည်။ ဣဓေဝ၊ ဤနန်းတော်၌ သာလျှင်။ ဟောဟိ၊ ဖြစ်တော်မူလော့။ တုဝံ၊ သင်ခမည်းတော်မင်းကြီးသည်။ သစေ ဂစ္ဆသိ၊ အကယ်၍ သွားတော်မူအံ့။ တတော၊ ထိုပေါရိသာဒအထံမှ။ ဇီဝတော၊ အသက်ရှင်သော ခမည်းတော်မင်းကြီးအား။ ဝိပ္ပမောက္ခော၊ သေဘေးမှ လွတ်ခြင်းမည်သည်။ နတ္ထိ၊ မရှိ။ ရာဇ၊ ခမည်းတော်မင်းမြတ်။ တုဝံ၊ သင်ခမည်းတော် မင်းမြတ်သည်။ သစေ ဂစ္ဆသိ၊ အကယ်၍ သွားတော်မူအံ့။ အဟံပိ၊ အကျွန်ုပ်သည်လည်း။ ဂစ္ဆာမိ၊ သွားအံ့။ ဥဘော၊ နှစ်ယောက်ကုန်သော သားအဖတို့သည်။ န ဟောမ၊ ဘီလူးစာ မဖြစ်ပါစေကုန်လင့်။ တသ္မာ၊ ထို့ကြောင့်။ အဟံ ဧဝ၊ အကျွန်ုပ်သည်သာလျှင်။ ဂစ္ဆာမိ၊ သွားပါအံ့။

သားတော် တင်လျှောက်သော ထိုစကားကိုကြား၍ ခမည်းတော် ဇယဒိသ မင်းကြီးသည် သားတော်သွားခြင်း၌ အပြစ်ကို သားတော်အား ပြောလိုရကား-

၇၆။ အဒ္ဓါဟိ တာတ သန္တာနံ သ ဓမ္မော၊
မရဏာ စ မေ ဒုက္ခတရံ တဝဿ။
ကမ္မာသပါဒေါ တံ ယဒါ ပစိတွာ၊
ပသယှ ပါဒေ ဘိဒါ ရုက္ခသူလေ။

ဟူသော ဤဂါထာကို ဆို၏။

၇၆။ တာတ၊ ချစ်သား။ ဧသ-ဧသော၊ ဤသို့ အဖကိုယ်စား သွား၍ ဘီလူးအစားခံခြင်းသည်။ အဒ္ဓါဟိ၊ စင်စစ်လျှင်။ သန္တာနံ၊ ပညာရှိ သူတော်ကောင်းတို့၏။ ဓမ္မော၊ သဘောတည်း။ အပိ စ၊ ထိုသို့ ဖြစ်ငြားသော်လည်း။ ယဒါ၊ အကြင်အခါ၌။ တံ၊ သင်ချစ်သားကို။ ကမ္မာသပါဒေါ၊ ကွဲသောခြေရှိသော ပေါရိသာဒသည်။ ရုက္ခသူလေ၊ ထက်စွာသော သစ်သားတံစို့၌။ ဘိဒါ၊ ထိုး၍။ ပစိတွာ၊ ကင်၍။ ပသယှ၊ နှိပ်စက်ညှဉ်းဆဲ၍။ ခါဒေ၊ စားရာ၏။ တဒါ၊ ထိုသို့ စားသောအခါ၌။ မေ၊ ငါ၏။ မရဏာ စ၊ သေသောထက်လည်း။ တဝ၊ သင်ချစ်သား၏။ မရဏံ၊ သေခြင်းသည်။ ဒုက္ခတရံ၊ အလွန်ဆင်းရဲစွာသည်။ အဿ၊ ဖြစ်ရာ၏။

ထိုစကားကို ကြား၍ သားတော် အလီနသတ္တု မင်းသားသည် တဖန် မိမိသွားလိုသော အကြောင်းကို ခမည်းတော်မင်းကြီးအား တင်ပြန်လိုရကား-

၇၇။ ပါဏေန တေ ပါဏမဟံ နိမိဿံ၊

မာ တွံ အဂါ ပေါရိသာဒဿုပန္ထေ။

ဧတဉ္စ တေ ပါဏမဟံ နိမိဿံ၊

တသ္မာ မဟံ ဇီဝိတဿ ဝဏ္ဏေမိ။

ဟူသော ဤဂါထာကို ဆို၏။

၇၇။ မဟာရာဇ၊ မြတ်သော မင်းကြီး။ အဟံ၊ အကျွန်ုပ်သည်။ ပါဏေန၊ အကျွန်ုပ်အသက်ဖြင့်။ တေ၊ ခမည်းတော်မင်းကြီး၏။ ပါဏံ၊ အသက်ကို။ နိမိဿံ၊ ဖလှယ်ပါအံ့။ တွံ၊ ခမည်းတော်မင်းကြီးသည်။ ပေါရိသာဒဿ၊ ပေါရိသာဒ၏။ ဥပန္ထေ၊ အထံသို့။ မာ အဂါ၊ သွားတော်မမူပါလင့်။ ဧတံ ပါဏံ၊ ထိုအကျွန်ုပ်အသကျကို။ တေ၊ ခမည်းတော် မင်းကြီး၏။ ပါဏေန၊ အသက်ဖြင့်။ နိမိဿံ၊ ဖလှယ်ပါအံ့။ တသ္မာ၊ ထို့ကြောင့်။ တဝ၊ ခမည်းတော် မင်းမြတ်၏။ ဇီဝိတဿ၊ အသက်ရှင်ခြင်း၏။ အတ္ထာယ၊ အကျိုးငှါ။ မမ၊ အကျွန်ုပ်၏။ မတံ၊ သေခြင်းကို။ ဝဏ္ဏေမိ၊ အလိုရှိပါ၏။

သားတော် တင်လျှောက်သော ထိုစကားကို ကြား၍ ခမည်းတော် ဇယဒိသမင်းကြီးသည် သားတော် အစွမ်းကို သိတော်မူသည်ဖြစ်၍ ချစ်သား- ကောင်းပြီ၊ သင် ချစ်သားသည် သွားလေလော့ဟု ဝန်ခံ၏။ ထိုသားတော် အလီနသတ္တု မင်းသားသည်လည်း မယ်တော် ခမည်းတော်တို့ကို ရှိခိုး၍ မြို့မှထွက်၏။

ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၇၈။ တတော ဟဝေ ဓီတိမာ ရာဇပုတ္တော၊
ဝန္ဒိတွာ မာတု စ ပိတု စ ပါဒေ။

ဟူသော ထက်ဝက်သော ဤဂါထာကို ဟောတော်မူ၏။

၇၀။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော-တဒါ၊ ထိုအခါ၌။ ဟဝေ၊ စင်စစ်သဖြင့်။ ဓီတိမာ၊ ပညာရှိသာ။ ရာဇပုတ္တော၊ အလီနသတ္တုမင်းသားသည်။ မာတု စ၊ မယ်တော်၏၎င်း။ ပိတု စ၊ ခမည်းတော် မင်းကြီး၏၎င်း။ ပါဒေ၊ ခြေတော်တို့ကို။ ဝန္ဒိတွာ၊ ရှိခိုးပြီး၍။ နိက္ခန္တော၊ မြို့မှ ထွက်လေ၏။

ထိုသို့ အလီနသတ္တု မင်းသား မြို့မှထွက်သောအခါ မင်းသား၏ မယ်တော်မိဖုယား ခမည်းတော်မင်းကြီးတို့သည်၎င်း နှမတော်သည်၎င်း မယားသည်၎င်း မှူးမတ် အခြွေအရံအပေါင်းတို့သည်၎င်း အတူတကွ ထွက်ကြကုန်၏။ ထိုမင်းသားသည် မြို့မှထွက်၍ ခမည်းတော်ကို လမ်းခရီးကို မေးပြီးလျှင် လမ်းခရီးကို ကောင်းစွာမှတ်လျက် မယ်တော် ခမည်းတော်တို့ကို ရှိခိုး၍ မယ်တော် ခမည်းတော်တို့မှ ကြွင်းကုန်သော ပရိသတ်တို့အား အဆုံးအမကို ပေးပြီးလျှင် မကြောက်မရွံ ကေသရရာဇာ ခြင်္သေ့မင်းကဲ့သို့ ရဲရင့်ခြင်းနှင့် ပြည့်စုံစွာ ခရီးသို့သက်၍ ဘီလူးအထံသို့ သွားလေ၏။ ထိုသို့ သွားလေသော သားတော်ကိုမြင်ရလျှင် မယ်တော် မိဖုယားကြီးသည် မိမိကိုယ်အဖြစ်ဖြင့် တည်အံ့သောငှာ မတတ်နိုင်သည်ဖြစ်၍ မြေ၌လဲ၏။ ခမည်းတော် မင်းကြီးသည်လည်း လက်နှစ်ဘက်တို့ကို မြှောက်၍ သည်းစွာသော အသံဖြင့် ငိုကြွေး၏။

ထိုအကြောင်းကိုလည်း ထင်ရှား ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

ဒုက္ခိနိဿ မာတာ နိပတာ ပထဗျာ၊
ပိတုဿ ပဂ္ဂယှ ဘုဇာနိ ကန္ဒတိ။

ဟူသော ထက်ဝက်သော ဤဂါထာကို ဟောတော်မူ၏။

ဘိက္ခဝေ၊ ရဟန်းတို့။ အဿ၊ ထိုအလီနသတ္တု မင်းသား၏။ မာတာ၊ မယ်တော် မိဖုယားကြီးသည်။ ဒုက္ခိနိ၊ စိတ်ပင်ပန်းခြင်း ဆင်းရဲနှိပ်စက်အပ်သည်ဖြစ်၍။ ပထဗျာ၊ မြေ၌။ နိပတာ၊ လဲ၏။ အဿ၊ ထိုအလီန သတ္တုမင်းသား

၏။ ပိတု၊ ခမည်းတော် ဇယဒိသ မင်းကြီးသည်လည်း။ ဘုဇာနိ၊ လက်နှစ်ဘက်တို့ကို။ ပဂ္ဂယှ၊ မြှောက်၍။ ကန္ဒတိ၊ ငိုကြွေး၏။

ဤထက်ဝက်သော ဂါထာကို ဟောတော်မူပြီး၍ ထိုအလီနသတ္တုမင်းသား၏ ခမည်းတော် ဇယဒိသမင်းကြီးသည် အားထုတ်အပ်သော တောင့်တခြင်းနှင့်ယှဉ်သော စကားကို၎င်း, မယ်တော် မိဖုယားကြီးသည်၎င်း, နှမတော်သည်၎င်း, မင်းသားမယားသည်၎င်း ပြုအပ်သော သစ္စာတို့ကို ထင်ရှားပြပြန်တော် မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၇၉။ တံ ဂစ္ဆန္တံ တာဝ ပိတာ ဝိဒိတွာ၊
ပရမ္မုခေါ ဝန္ဒတိ အဉ္ဇလီ သော။
သောမော စ ရာဇာ ဝရုဏော စ ရာဇာ၊
ပဇာပတိ စန္ဒိမာ သူရိယော စ။
ဧတေဟိ ဂုတ္တာ ပုရိသာဒကမှာ။
အနုညာတော သောတ္ထိမုဉ္စေဟိ တာတ။
၈၀။ ယံ ဒဏ္ဍကိရညော ဂတဿ မာတာ၊
ရာမဿ ကသိ သောတ္ထာနံ သုဂုတ္တာ။
တန္တေ အဟံ သောတ္ထာနံ ကရောမိ၊
ဧတေန သစ္စေန သရန္တု ဒေဝါ။
အနုညာတော သောတ္ထိ မုဉ္စေဟိ ပုတ္တ။
၈၁။ အာဝီ ရဟောဝါပိ မနောပဒေါသံ၊
နာဟံ သရေ ဇာတု မလီနသတ္တေ။
တေန သစ္စေန သရန္တု ဒေဝါ၊
အနုညာတော သောတ္ထိ မုဉ္စေဟိ ဘာတု။
၈၂။ ယသ္မာ စ မေ အနဓိမာနောသိ သာမိ၊
နစာပိ မေ မနသာ အပ္ပိယောသိ။
ဧတေန သစ္စေန သရန္တု ဒေဝါ၊
အနုညာတော သောတ်ထ မုဉ္စေဟိ သာမိ။

ဟူသော ဤလေးဂါထာတို့ကို ဟောတော်မူ၏။

၇၉။ ဘိက္ခဝေ၊ ရဟန်းတို့။ တာဝ၊ ရှေးဦးစွာ။ ပိတာ၊ ခမည်းတော် ဇယဒိသမင်းကြီးသည်။ သော၊ ထိုငါ့သားတော်သည်။ ပရမ္မုခေါ၊ တပါးသို့ မျက်နှာမူလျက်။ ဂစ္ဆတိ၊ သွား၏။ ဂစ္ဆန္တံ၊ သွားလေသော။ တံ၊ ထိုသားတော်ကို။ ဝိဒိတွာ၊ သိ၍။ အဉ္ဇလီ၊ လက်အုပ်ချီလျက်။ ဒေဝတာ၊ သောမနတ်စသော နတ်တို့ကို။ ဝန္ဒတိ၊ ရှိခိုး၏။ သောမော၊ သောမအမည်ရှိသော။ ရာဇာ စ၊ နတ်မင်းသည်၎င်း။ ဝရုဏော၊ ဝရုဏအမည်ရှိသော။ ရာဇာ စ၊ နတ်မင်းသည်၎င်း။ ပဇာပတိ၊ ပဇာပတိအမည်ရှိသော။ ရာဇာ စ၊ နတ်မင်းသည်၎င်း။ စန္ဒိမာ စ၊ လနတ်သားသည်၎င်း။ သူရိယော စ၊ နေနတ်သားသည်၎င်း။ သန္တိ၊ ရှိကုန်၏။ ဧတေ၊ ထိုနတ်တို့ကို။ အဟံ၊ ငါသည်။ ဝန္ဒာမိ၊ ရှိခိုး၏။ တာတ၊ ချစ်သား။ ဧတေဟိ၊ ထိုနတ်တို့သည်။ ဂုတ္တော၊ စောင့်ရှောက်သည်ဖြစ်၍။ အနုညာတော၊ ပေါရိသာဒသည် အနူးအညွတ် လွှတ်အပ်သည်ဖြစ်၍။ တွံ၊ သင်ချစ်သားသည်။ သောတ္ထိ၊ ချမ်းသာစွာ။ ပုရိသာဒကမှာ၊ ပေါရိသာဒ အထံမှ။ မုဉ္စေဟိ၊ လွတ်စေသတည်း။

၈ဝ။ ဒဏ္ဍကိရညော၊ ဒဏ္ဍကီမင်း၏။ ဝိဇိတေ၊ နိုင်ငံ၌။ ကုမ္ဘဝတီနဂရံ၊ ကုမ္ဘဝတီပြည်သို့။ ဂတဿ၊ သွားသော။ ရာမဿ၊ အမိအဖကို လုပ်ကျွေးသော ရာမမင်း၏။ မာတာ၊ အမိသည်။ သုဂုတ္တာ၊ ကောင်းစွာ စောင့်ရှောက်အပ်သည်ဖြစ်၍။ ယံ၊ အကြင်သို့သဘောရှိသော။ သောတ္ထာနံ၊ ချမ်းသာသည်၏ အဖြစ်ကို။ အကာသိ၊ ပြုဘူးလေပြီ။ ပုတ္တ၊ ချစ်သား။ တေ၊ သင်ချစ်သားအား။ တံ၊ ထိုသို့ သဘောရှိသော။ သောတ္ထာနံ၊ ချမ်းသာသည်၏ အဖြစ်ကို။ အဟံ၊ ငါသည်။ ကရောမိ၊ ပြု၏။ ဧတေန သစ္စေန၊ ထိုမှန်သောစကားကြောင့်။ ဒေဝါ၊ နတ်တို့သည်။ သရန္တု၊ အောက်မေ့စေကုန်သတည်း။ အနုညာတော၊ ပေါရိသာဒသည် အနူးအညွတ် ခွင့်လွှတ်အပ်သည်ဖြစ်၍။ သောတ္ထိ၊ ချမ်းသာစွာ။ တွံ၊ သင်ချစ်သားသည်။ မုဉ္စေဟိ၊ လွတ်စေသတည်း။

၈၁။ ဇာတု၊ စင်စစ်သဖြင့်။ အလီနသတ္တေ၊ ငါ့မောင်တော် အလီနသတ္တု မင်းသား၌။ အဟံ၊ ငါသည်။ အာဝီ ဝါ၊ မျက်မှောက်၌၎င်း။ ရဟော ဝါပိ၊ မျက်ကွယ်၌၎င်း။ မနောပဒေါသံပိ၊ စိတ်ဖြင့် ပြစ်မှားခြင်းကိုလည်း။ န သရေ၊ မအောက်မေ့။ ဘာတု၊ မောင်ကြီးနန်းလျာ ဥပရာ။ ဧတေန သစ္စေန၊ ဤသစ္စာကြောင့်။ ဒေဝါ၊ နတ်တို့သည်။ သရန္တု၊ အောက်မေ့စေကုန်သတည်း။ အနုညာတော၊ ပေါရိသာဒသည် ခွင့်ပြုအပ်သည်ဖြစ်၍။ သောတ္ထိ၊ ချမ်းသာစွာ။ တွံ၊ မောင်ကြီးနန်းလျာ ဥပရာသည်။ မုဉ္စေဟိ၊ လွတ်ပါစေသတည်း။

၈၂။ မေ၊ ငါ၏။ သာမိ၊ ချစ်လင်နန်းလျာ ဥပရာသည်။ ယသ္မာ စ၊ အကြင်ကြောင့်လည်း။ တွံ၊ သင်ချစ်လင်သည်။ အနဓိမာနောသိ၊ အကျွန်ုပ်ကိုလွှတ်၍ သူတပါးကို စိတ်နှလုံးဖြင့်လည်း မတောင့်တစဘူး။ ယသ္မာ စ၊ အကြင်ကြောင့်လည်း။ မေ၊ ငါ့အား။ မနသာပိ၊ စိတ်နှလုံးသည်လည်း။ အပ္ပိယော၊ မုန်းခြင်းသည်။ န စ အသိ၊ မဖြစ်ဘူးသည်သာတည်း။ တသ္မာ၊ ထို့ကြောင့်။ ဧတေန သစ္စေန၊ ဤသစ္စာကြောင့်။ ဒေဝါ၊ နတ်တို့သည်။ သရန္တု၊ အောက်မေ့စေ

ကုန်သတည်း။ သာမိ၊ ချစ်လင်နန်းလျာ ဥပရာ။ အနုညာတော၊ လူသားစားတတ်သော ပေါရိသာဒသည် ခွင့်ပြုအပ်သည် ဖြစ်၍။ သောတ္ထိ၊ ချမ်းသာစွာ။ တွံ၊ သင် ချစ်လင်နန်းလျာ ဥပရာသည်။ မုဉ္စေဟိ၊ လွတ်ပါစေသတည်း။

သားတော် အလီနသတ္တုမင်းသားသည်လည်း ခမည်းတော်မင်းကြီးသည် ကြားအပ်သောနည်းဖြင့် ပေါရိသာဒဘီလူးနေရာ ခရီးသို့ သွား၏။ ဘီလူးသည်လည်း ဤသို့ကြံ၏။ မင်းတို့မည်သည်ကား များသော မာယာရှိကုန်၏။ အဘယ်သူသည် သိနိုင်အံ့နည်း၊ အသို့ဖြစ်လတ္တံ့နည်းဟု ကြံ၏။ ကြံပြီးလျှင် သစ်ပင်သို့တက်၍ မင်း၏လာခြင်းကို ကြည့်မျှော်လျက် နေ၏။ ထိုဘီလူးသည် မင်းသား လာလတ်သည်ကို မြင်လျှင် အဖကိုပြန်စေ၍ သားလာသည် ဖြစ်လတ္တံ့၊ ငါ့အား ဘေးမရှိပြီဟု ကြံလျက် သစ်ပင်မှ ဆင်းသက်၍ ထိုမင်းသားအား ကျောကိုပြလျက် နေလင့်၏။ ထိုမင်းသားသည် လာလတ်၍ ဘီလူးရှေ့၌ ရပ်၏။ ထိုသို့ရပ်သောအခါ ဘီလူးသည် ထိုမင်းသားကို မေးလိုရကား-

၈၃။ ဗြဟာ ဥဇူ စာရုမုခေါ ကုတောသိ၊
န မံ ပဇာနာသိ ဝနေ ဝသန္တံ။
လုဒ္ဒံ မံ ဉတွာ ပုရိသာဒကောတိ၊
ကော သောတ္ထိ မာဇာနာမိဓာ ဝဇေယျ။

ဟူသော ဤဂါထာကို ဆို၏။

၈၃။ မာဏဝ၊ လုလင်။ တွံ၊ သင်ကား။ ဗြဟာ၊ ကြီးသောကိုယ်လည်းရှိ၏။ ဥဇူ၊ ဖြောင့်မတ်သော ကိုယ်လည်း ရှိ၏။ စာရုမုခေါ၊ ရွှေအဆင်းနှင့်တူသော မျက်နှာလည်း ရှိ၏။ ကုတော၊ အဘယ်အရပ်က။ အာဂတော၊ လာသည်။ အသိ၊ ဖြစ်သနည်း။ ဝနေ၊ တောအရပ်၌။ ဝသန္တံ၊ နေသော။ မံ၊ ငါ့ကို။ န ပဇာနာသိ၊ သင်မသိသလော။ လုဒ္ဒံ၊ ကြမ်းကြုတ်စွာသော။ မံ၊ ငါ့ကို။ ပုရိသာဒကောတိ၊ လူသားစားဟူ၍။ ဉတွာ၊ သိပြီးလျက်။ သောတ္ထိံ၊ ချမ်းသာသည်၏ အဖြစ်ကို။ အာဇာနံ-အာဇာနန္တော၊ သိသည်ဖြစ်၍။ ဣစ္ဆန္တော၊ ချမ်းသာကို အလိုရှိလတ်သော။ ကော၊ အဘယ်သူသည်။ ဣဓ၊ ဤငါ့နေရာအရပ်သို့။ အာဝဇေယျ၊ လာရာအံ့နည်း။

ထိုစကားကိုကြား၍ အလီနသတ္တု မင်းသားသည် မိမိလာသောအကြောင်းကို ကြား၍ ဘီလူးအား စားစိမ့်သောငှါ ခွင့်ပြုလိုရကား-

၈၄။ ဇာနာမိ လုဒ္ဒ ပေါရိသာဒကောတိ၊
န နပ္ပဇာနာမိ ဝနေ ဝသန္တံ။
အဟဉ္စ ပုတ္တောသ္မိ ဇယဒိသဿ။
မမဇ္ဇ ခါဒ ပိတုနော ပမောက္ခာ။

ဟူသော ဤဂါထာကို ဆို၏။

၈၄။ လုဒ္ဒ၊ သွေးရှင် သောက်ထုတ် လွန်ကြမ်းကြုတ်သည့် တောအုပ်ပျော်မြူး နောင်ဘီလူး။ တံ၊ သင့်ကို။ ပေါရိသာဒကောတိ၊ လူသားစားဟူ၍။ ဇာနာမိ၊ ငါသိ၏။ ဝနေ၊ တော၌။ ဝသန္တံ၊ နေသော။ တံ၊ သင့်ကို။ နပ္ပဇာနာမိ၊ မသိသည်ကား။ ၊ မဟုတ်။ ဇာနာမိ ဧဝ၊ သိသည်သာလျှင်တည်း။ အဟဉ္စ၊ ငါသည်ကား။ ဇယဒိသဿ၊ မင်းမြတ် ဇယဒိသ၏။ ပုတ္တော၊ ရွှေရင်တော်နှစ် သားတော်စစ်သည်။ အသ္မိ၊ ဖြစ်၏။ အဇ္ဇ၊ ယခုအခါ၌။ ပိတုနော၊ ခမည်းတော် မင်းမြတ်၏။ ပမောက္ခာ၊ သင့်လက်မှ လွှတ်ခြင်းဟူသော အကြောင်းကြောင့်။ အာဂတော၊ လာ၏။ မံ၊ ငါ့ကို။ ခါဒ၊ သင် စားပါလော့။

ထို့နောင်မှ ဘီလူးသည် မင်းသားကို ချီးမွမ်းလိုရကား-

၇၅။ ဇာနာမိ ပုတ္တောသိ ဇယဒိသဿ၊
တထာဟိ ဝေါ မုခဝဏ္ဏော ဥဘိန္နံ။
သုဒုက္ကရဉ္စေဝ ကတံ တဝေဒံ၊
ယော မတ မိစ္ဆေ ပိတုနော ပမောက္ခာ။

ဟူသော ဤဂါထာကို ဆို၏။

၇၅။ ရာဇပုတ္တ၊ ရှင်မင်းသား။ တံ၊ သင့်ကို။ ဇာနာမိ၊ ငါသိ၏။ တွံ၊ သင်သည်။ ဇယဒိသဿ၊ ဇယဒိသမင်း၏။ ပုတ္တာ၊ သားတော်သည်။ အသိ၊ ဖြစ်၏။ ဥဘိန္နံ၊ နှစ်ယောက်ကုန်သော။ ဝေါ၊ သင် သားအဖတို့၏။ မုခဝဏ္ဏော၊ မျက်နှာ အဆင်းသဏ္ဌာန်သည်။ တထာဟိ၊ တူကြသလျှင်ကတည်း။ ယော တွံ၊ အကြင်သင်သည်။ ပိတုနော၊ ခမည်းတော်၏။ ပမောက္ခာ၊ လွတ်ခြင်းဟူသော အကြောင်းကြောင့်။ မတံ၊ သေခြင်းကို။ ဣစ္ဆေ၊ အလိုရှိ၏။ တဝ၊ ရှင်မင်းသား၏။ ကတံ၊ ပြုအပ်သော။ ဣဒံ၊ ဤအမှုသည်။ သုဒုက္ကရဉ္စေဝ၊ အလွန်ပြုနိုင်ခဲသည် သာလျှင်တည်း။

ထို့နောင်မှ အလီနသတ္တု မင်းသားသည် ထိုဘီလူးချီးမွမ်းသော စကားကို ဖြေဆိုသဖြင့် အဖကိုယ်စား မိမိလာခြင်း၌ အကြောင်းကို ဘီလူးအား ကြားလိုရကား-

၈၆။ န ဒုက္ကရံ ကိဉ္စိ မယှေတ္ထ မညေ၊
ယော မတ မိစ္ဆေ ပိတုနော ပမောက္ခာ။
မာတု စ ဟေတု ပရလောကံ ဂန္တွာ၊
သုခေန သဂ္ဂေန စ သမ္ပယုတ္တော။

ဟူသော ဤဂါထာကို ဆို၏။

၈၆။ ပေါရိသာဒ၊ လူသားစားတတ်သော ပေါရိသာဒ။ ယော၊ အကြင်ပုဂ္ဂိုလ်သည်။ ပိတုနော၊ အဘ၏။ မတပမောက္ခာ စ၊ သေဘေးမှ လွတ်ခြင်းဟူသော အကြောင်းကြောင့်၎င်း။ မာတု၊ အမိ၏။ ဟေတု စ၊ အကြောင်းကြောင့်၎င်း။ ပရလောကံ၊ တမလွန်ဘဝသို့။ ဂန္တွာ၊ သွားရသည်ရှိသော်။ သဂ္ဂေန၊ နတ်ပြည်၌ဖြစ်သော။ သုခေန၊ ချမ်းသာနှင့်။ သမ္ပယုတ္တော၊ ယှဉ်သည်။ ဘဝိတုံ၊ ဖြစ်ခြင်းငှာ။ ဣစ္ဆေ၊ အလိုရှိ၏။ တဿ၊ ထိုပုဂ္ဂိုလ်သည်။ ကိဉ္စိ၊ တစုံတခုသောအမှုကို။ ဒုက္ကရံ၊ ပြုနိုင်ခဲ၏ဟူ၍။ န မညေ၊ မအောက်မေ့။ မယှံပိ၊ ငါသည်လည်း။ ဧတ္ထ၊ ဤအမိအဖတို့၏ အကျိုးငှါ အသက်ကို စွန့်ရာ၌။ ကိဉ္စိ၊ တစုံတခုကို။ ဒုက္ကရံ၊ ပြုနိုင်ခဲ၏ဟူ၍။ န မညေ၊ မအောက်မေ့။

ထိုစကားကို ကြား၍ ပေါရိသာဒ ဘီလူးသည် မင်းသား- သေခြင်းမှ မကြောက်သော သတ္တဝါမည်သည် မရှိ၊ သင်မင်းသားသည် အဘယ့်ကြောင့် သေခြင်းမှ မကြောက်သနည်းဟု မေး၏။ မင်းသားသည် ထိုဘီလူးအား သေခြင်းမှ မကြောက်သော အကြောင်းကို ကြားလိုရကား-

၈၇။ အဟဉ္စ ခေါ အတ္တနော ပါပကိရိယံ၊
အာဝီ ဝါ ရဟောဝါပိ သရေ န ဇာတု။
သင်္ခါတဇာတိ မရဏော ဟမသ္မိ။
ယထေဝ မေ ဣဓ တထာ ပရတ္ထ။
၈၈။ ခါဒဇ္ဇ မံ ဒါနိ မဟာနုဘာဝ၊
ကရဿု ကိစ္စာနိ ဣမံ သရီရံ။
ရုက္ခဿ ဝါ တေ ပပတာမိ အဂ္ဂါ။
ဆာဒမာနော မယှံ တွ မဒေသိ မံသံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၈၇။ ယက္ခ၊ ဘီလူး။ အဟဉ္စ၊ ငါသည်ကား။ အာဝီ ဝါ၊ မျက်မှောက်၌၎င်း။ ရဟာ ဝါပိ၊ မျက်ကွယ်၌၎င်း။ အတ္တနော၊ မိမိ၏။ ပါပကိရိယံ၊ ကိုယ်နှုတ်နှလုံးဖြင့် မဖြောင့်စွာ ကျင့်ခြင်းကို။ ဇာတု၊ စင်စစ်သဖြင့်။ န သရေ၊ မအောက်မေ့။ အဟံ၊ ငါသည်။ သင်္ခတ ဇာတိမရဏော၊ ဉာဏ်ဖြင့် ကောင်းစွာ ပိုင်းခြားအပ်သော ဇာတိ မရဏ ရှိသောသူသည်။ အသ္မိ၊ ဖြစ်၏။ မေ၊ ငါ့အား။ ဣဓ၊ ဤပစ္စုပ္ပန်လောက၌။ မရဏတော၊ သေခြင်းမှ။ မုတ္တိ၊ လွတ်ခြင်းသည်။ နတ္ထိ ယထာ၊ မရှိသကဲ့သို့။ တထာ၊ ထို့အတူ။ ပရတ္ထ၊ တမလွန်လောက၌လည်း။ မရဏတော၊ သေခြင်းမှ။ မုတ္တိ နာမ၊ လွတ်ခြင်းမည်သည်။ နတ္ထိ၊ မရှိ။

၈၈။ မဟာနုဘာဝ၊ ကြီးသော အာနုဘော်ရှိသော။ ယက္ခ၊ ဘီလူး။ အဇ္ဇ၊ ယခု။ မံ၊ ငါ့ကို။ ခါဒ၊ စားလော့။ ကိစ္စာနိ၊ ငါ၏ကိုယ်ဖြင့် ပြုအပ်သော အမှုတို့ကို။ ဒါနိ-ဣဒါနိ၊ ဤအခါ၌။ ကရဿု၊ သင်ပြုလော့။ ကေ၊ သင့်အား။ ဣမံ သရီရံ၊ ဤငါ၏ကိုယ်ကို။ နိဿဋ္ဌာ၊ ငါစွန့်၏။ ရုက္ခဿ၊ သစ်ပင်၏။ အဂ္ဂါ ဝါ၊ အဖျားမှမူလည်း။ ပပတာပိ၊ ငါခုန်၍ သေအံ့။ တွံ၊ သင်သည်။ ဆာဒမာနော၊ နှစ်သက်သည်ဖြစ်၍။ မယှံ၊ ငါ၏။ မံသံ၊ အသားကို။ အဒေသိ၊ စားရာ၏။

ပါရိသာဒ ဘီလူးသည် ထိုအလီနသတ္တုမင်းသား ဆိုသောစကားကို ကြားရလျှင် အလွန်ကြောက်လန့်သည်ဖြစ်၍ ငါသည် ဤမင်းသား အသားကို စားခြင်းငှါ မတတ်ကောင်း၊ တစုံတခုသော ဥပါယ်တမျဉ်ဖြင့် ထိုမင်းသားကို ပြေးစေအံ့ဟု ကြံ၍ ပြေးစေလိုရကား-

၈၉။ ဣဒဉ္စ တေ ရုစ္စတိ ရာဇပုတ္တ၊
စဇသိ ပါဏံ ပိတုနော ပမောက္ခာ၊
တသ္မာ ဟိ သော တွံ တရမာနရူပေါ၊
သမ္ဘဉ္ဇိ ကဋ္ဌာနိ ဇလေဟိ အဂ္ဂိံ။

ဟူသော ဤဂါထာကို ဆို၏။

၉။ ရာဇပုတ္တ၊ မင်းသား။ တေ၊ သင်၏။ ဣဒဉ္စ၊ ဤစကားသည်လျှင်။ ရုစ္စတိ၊ သင့်လျော်ပေ၏။ ပိတုနော၊ အဖ၏။ ပမောက္ခာ၊ သေဘေးမှ လွတ်ခြင်းဟူသော အကြောင်းကြောင့်။ ပါဏံ၊ မိမိအသက်ကို။ စဇသိ၊ သင်စွန့်၏။ တသ္မာဟိ၊ ထို့ကြောင့်လျှင်။ သော တွံ၊ ထိုသင်သည်။ တရမာနရူပေါ၊ လျင်မြန်စွာ။ ကဋ္ဌာနိ၊ ထင်းတို့ကို။ သမ္ဘဉ္ဇိ၊ ချိုးလော့။ အဂ္ဂိံ၊ မီးကို။ ဇာလေဟိ၊ ညှိလော့။

အလီနသတ္တုမင်းသားသည် ဘီလူးဆိုတိုင်းပြု၍ ထိုဘီလူးအထံသို့ သွား၏။ ထိုအကြောင်းကို ထင်ရှား ပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၉၀။ တတော ဟဝေ ဓိတိမာ ရာပုတ္တော၊
ဒါရုံ သမာဟရိတွာ မဟန္တ မဂ္ဂိံ။
သန္နိပယိတွာ ပဋိဝေဒယိတ္ထ၊
အာဒီပိတော ဒါနိ မယာ ယက္ခမဂ္ဂိံ။

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၉၀။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော၊ ထို့နောင်မှ။ ဟဝေ၊ စင်စစ်သဖြင့်။ ဓိတိမာ၊ ပညာရှိသော။ ရာဇပုတ္တော၊ မင်းသားသည်။ ဒါရုံ၊ ထင်းကို။ သမာဟရိတွာ၊ ဆောင်ယူ၍။ မဟန္တံ၊ ကြီးစွာသော။ အဂ္ဂိံ၊ မီးကို။ သန္နိပယိတွာ၊ ပြင်းစွာ ပွားစေပြီး၍။ ယက္ခ၊ ဘီလူးကြီး။ ဒါနိ-ဣဒါနိ၊ ယခုအခါ၌။ မယာ၊ ငါသည်။ အဂ္ဂိံ၊ မီးကို။ အာဒီပိတော၊ ညှိအပ်ပြီ။ ဣတိ၊ ဤသို့။ ပဋိဝေဒယိတ္ထ၊ ကြားလေ၏။

ပေါရိသာဒ ဘီလူးသည် မီးကိုညှိပြီး၍ လာလတ်သော မင်းသားကိုကြည့်လျက် ဤမင်းသားကား ကေသရရာဇာ ခြင်္သေ့မင်းကဲ့သို့ ရဲရင့်ခြင်းရှိသော ယောက်ျားတည်း၊ ထိုမင်းသားသည် သေခြင်းကိုလည်း ကြောက်ခြင်းမရှိ၊ ငါသည် ဤမျှလောက်သော ကာလပတ်လုံး ဤကဲ့သို့ ရဲရင့်ခြင်းနှင့် ပြည့်စုံသောသူ မည်သည်ကို မမြင်စဘူးဟု ကြံမှိုင်လျက် ကြက်သီးမွေးညှင်း ထခြင်းဖြစ်သဖြင့် မင်းသားကို အဖန်တလဲလဲ ကြည့်လျက်နေ၏။ မင်းသားသည် ထိုဘီလူး၏ အမူအရာကို မြင်၍ ထိုဘီလူးကို စားစိမ့်သောငှါ တိုက်တွန်းပြန်ရကား-

၉၁။ ခါဒဇ္ဇ မံ ဒါနိ ပသယှကာရီ၊
ကိံ မံ မုဟုံ ပေက္ခသိ ဟဋ္ဌလောမော။
တထာ တထာ တုယှ မဟံ ကရောမိ၊
ယထာ ယထာ ဆာဒမာနော အဒေသိ။

ဟူသော ဤဂါထာကို ဆို၏။

၉၁။ ပသယှကာရီ၊ နိုင်ထက်ကလူ မူတတ်သော ဘီလူး။ မံ၊ ငါ့ကို။ မုဟုံ၊ အဖန်တလဲလဲ။ ဟဋ္ဌလောမော၊ ကြက်သီးမွေးညှင်းထလျက်။ ကိံ၊ အဘယ့်ကြောင့်။ တွံ၊ သင်သည်။ ပေက္ခသိ၊ ကြည့်ဘိသနည်း။ ဒါနိ၊ ယခုအခါ၌။ မံ၊ ငါ့ကို။ ဆာဒမာနာ၊ စားလိုသောသင်သည်။ ယထာ ယထာ၊ အကြင်အကြင်သို့သော အခြင်းအရာဖြင့်။ အဒေသိ၊ စားလို၏။ တထာ တထာ၊ ထိုထိုသို့သော သင်စားလိုသော အခြင်းအရာဖြင့်။ ဝဒေဟိ၊ ဆိုလော့။ တုယှံ၊ သင်၏။ ဝစနံ၊ စကားကို။ အဟံ၊ ငါသည်။ ကရောမိ၊ လိုက်နာ၍ ပြုပါအံ့။

ထိုသို့ဆို၍ တိုက်တွန်းသော မင်းသား၏ စကားကို ကြား၍ ပေါရိသာဒဘီလူးသည် မိမိ မဝံ့သောအကြောင်းကို မင်းသားအား ပြောဆိုလိုရကား-

၉၂။ ကော တာဒိသံ အရဟတိ ခါဒိတာယေ။
ဓမ္မေ ဌိတံ သစ္စဝါဒိံ ဝဒညုံ။
မုဒ္ဓါပိ တဿ ဖလေယျ သတ္တဓာ၊
ယော တာဒိသံ သစ္စဝါဒိံ အဒေယျ။

ဟူသော ဤဂါထာကို ဆို၏။

၉၂။ ရာဇပုတ္တ၊ မင်းသား။ ဓမ္မေ၊ သူတော်ကောင်း တရား၌။ ဌိတံ၊ တည်သော။ သစ္စဝါဒိံ၊ မှန်သောစကားကို ဆိုလေ့ရှိသော။ ဝဒညုံ၊ သူတပါးပြောဆိုသော စကားကို သိလွယ်တတ်သော။ တာဒိသံ၊ သင်ကဲ့သို့သောသူကို။ ကော၊ အဘယ်သူသည်။ ခါဒိတာယေ၊ စားခြင်းငှါ။ အရဟတိ၊ ထိုက်အံ့နည်း။ ယော၊ အကြင်သူသည်။ တာဒိသံ၊ သင်ကဲ့သို့သော သဘောရှိသော။ သစ္စဝါဒိံ၊ မှန်သောစကားကို ဆိုလေ့ရှိသောသူကို။ အဒေယျ၊ စားငြားအံ့။ တဿ၊ ထိုသူ၏။ မုဒ္ဓါပိ၊ ဦးခေါင်းသည်လည်း။ သတ္တဓာ၊ ခုနစ်စိတ်။ ဖလေယျ၊ ကွဲရာ၏။

ထိုစကားကို ကြား၍ အလီနသတ္တုမင်းသားသည် ဘီလူး - သင် အကယ်၍ ငါ့ကို မစားလိုသည်ဖြစ်အံ့၊ ထိုသို့ မစားလိုဘဲလျက် အဘယ့်ကြောင့် ထင်းတို့ကို ချိုးစေ၍ မီးကို ညှိစေဘိသနည်းဟု ဆိုလတ်သော် ဤသို့ ပြုစေသည်ရှိသော် သင်သည် ပြေးလိမ့်လတ္တံ့ဟု သင့်ကို စုံစမ်းအံ့သောငှါ မီးကို ညှိစေ၏ဟု ဆိုသည်ရှိသော် သင်သည် ယခုအခါ၌ အဘယ့်ကြောင့် စုံစမ်းဘိသနည်း၊ အကြင် ငါသည် တိရစ္ဆာန်အမျိုး၌ ဖြစ်သော်လည်း သိကြား နတ်မင်းအားစင်လျက် မိမိကိုယ်ကို စုံစမ်းအံ့သောငှာ မပေးစဘူးဟု ဆို၍ ထိုအကြောင်းကို ပေါရိသာဒဘီလူးအား ပြောဆိုလိုရကား-

၉၃။ ဣဒံ ဟိ သော ဗြာဟ္မဏ မညမာနော၊
သသော အဝါသေသိ သကေ သရီရေ။
တေနေဝ သော စန္ဒိမာ ဒေဝပုတ္တော၊
သသတ္တကော ကာမရူဟဇ္ဇ ယက္ခ။

ဟူသော ဤဂါထာကို ဆို၏။

၉၃။ ယက္ခ၊ ဘီလူး။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ သော သသော၊ ထိုယုန်ပညာရှိသည်။ ဗြာဟ္မဏံ၊ ပုဏ္ဏားဟူသော အမှတ်ကို။ မညမာနော၊ ထင်မှတ်၍။ ဣဒံ၊ ဤငါ၏ကိုယ်ကို။ ခါဒိတွာ၊ စား၍။ ဣဓ၊ ဤအရပ်၌။ ဝသာဟိ၊ နေလော့။ ဧဝံ၊ ဤသို့။ သကေ သရီရေ၊ မိမိကိုယ်ကို။ ခါဒေတွာ၊ စားစေ၍။ အဝါသေသိ၊ နေစေ၏။ တသ္မာ၊ ထို့ကြောင့် သက္ကော၊ သိကြားမင်းသည်။ ပဗ္ဗတရသံ၊ တောင်၏အရည်ကို။ ပီဠေတွာ၊ ညှစ်ယူ၍။ စန္ဒမဏ္ဍလေ၊ လဝန်း၌။ သသလက္ခဏံ၊ ယုန်ရေးတံဆိပ်ကို။ အကာသိ၊ ပြု၏။ တေနေဝ၊ ထိုယုန်ရေး တံဆိပ်ကြောင့်လျှင်။ သော စန္ဒိမာဒေဝပုတ္တော၊ ထိုလနတ်သားသည်။ အဇ္ဇ၊ ယခုအခါ၌။ သသတ္တကော၊ ယုန်တံဆိပ် အမှတ်ရှိသည် ဖြစ်၍။ သသိ၊ သသိအမည်ရှိသည်ဖြစ်၍။ ကာမရူဟော၊ လူအပေါင်း၏ ချစ်ခြင်းကို ပွားစေလျက်။ ဝိရောစသိ၊ ထွန်းပ၏။

ထိုစကားကို ကြား၍ ပေါရိသာဒဘီလူးသည် မင်းသားကို လွှတ်လိုရကား-

၉၄။ စန္ဒော ယထာ ရာဟုမုခါ ပမုတ္တော၊

ဝိရောစတေ ပန္နရသေဝ ဘာဏုမာ။

ဧဝံ တုဝံ ပေါရိသာဒါ ပမုတ္တော၊

ဝိရောစ ကပိလေ မဟာနုဘာဝ။

ပမောဒယံ ပိတရံ မာတရဉ္စ၊

သဗ္ဗော စ တေ နန္ဒတု ဉာတိပက္ခော။

ဟူသော ဤဂါထာကို ဆို၏။

၉၄။ မဟာနုဘာဝ၊ ကြီးသော အာနုဘော်ရှိသော မင်းသား။ ပန္ဒရသေ၊ တဆယ့်ငါးရက်မြောက်သောနေ့၌။ ရာဟုမုခါ၊ ရာဟုခံတွင်းမှ။ ပမုတ္တော၊ လွတ်သော။ စန္ဒော ဝါ၊ လသည်၎င်း။ ဘာဏုမာ ဝါ၊ နေသည်၎င်း။ ဝိရောစတိ ယထာ၊ တင့်တယ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တုဝံ၊ သင်သည်။ ပေါရိသာဒါ၊ လူသားစားသော ငါ၏အထံမှ။ မုတ္တော၊ လွတ်သည်ဖြစ်၍။ ကပိလေ၊ ကပိလတိုင်း၌။ ဝိရောစ၊ ထွန်းပလေလော့။ ပိတရဉ္စ၊ အဖကို၎င်း။ မာတရဉ္စ၊ အမိကို၎င်း။ ပမောဒယံ၊ ဝမ်းမြောက်စေလျက်။ တေ၊ သင်၏။ သဗ္ဗော၊ အလုံးစုံသော။ ဉာတိပက္ခော၊ အဆွေအမျိုး အဆွေခင်ပွန်း အပေါင်းသည်လည်း။ နန္ဒတု၊ နှစ်သက်စေသတည်း။

ဤသို့ဆိုပြီး၍ ပေါရိသာဒဘီလူးသည် ကြီးမြတ်သော ဝီရိယရှိသောမင်းသား - သွားလေလော့ဟုဆို၍ ဘုရားလောင်း အလီနသတ္တုမင်းသားကို လွှတ်လိုက်၏။ ထိုဘုရားလောင်း အလီနသတ္တုမင်းသားသည်လည်း ထိုဘီလူးကို ယဉ်ကျေးသည်ကို ပြု၍ ငါးပါးသောသီလတို့ကို ပေးပြီးလျှင် ဤပေါရိသာဒသည် ဘီလူးစစ်ပင်လောဟု စုံစမ်းသည်ရှိသော် ဘီလူးတို့၏ မျက်စိတို့သည် နီကုန်၏။ မမှိတ်ကုန်၊ အရိပ်သည် မထင်၊ မကြောက်မလန့်သည် ဖြစ်ကုန်၏။ ဤပေါရိသာဒသည် ဘီလူးစစ်မဟုတ်၊ ဤပေါရိသာဒသည် လူသားစင်စစ်တည်း၊ ငါ့ခမည်းတော်၏ နောင်တော်သုံးယောက်တို့ကို ဘီလူးမသည် ယူသတတ်၊ ထိုနောင်တော်သုံးယောက်တို့တွင် နှစ်ယောက်သောသူတို့ကို စားသည်ဖြစ်လတ္တံ့၊ တယောက်ကိုမူကား သားကဲ့သို့ ချစ်သဖြင့် မွေးကျွေးသည် ဖြစ်လတ္တံ့၊ ဤပေါရိသာဒသည် ထိုမွေးကျွေးသောသူပင် ဖြစ်ရာ၏။ ဤပေါရိသာဒကို ဆောင်ယူ၍ ငါ၏ ခမည်းတော်မင်းကြီးအား ကြားလျှောက်၍ မင်းအဖြစ်၌ တည်စေအံ့ဟုကြံ၍ အချင်းပေါရိသာဒ လာလှည့်၊ သင်သည် ဘီလူးစစ်မဟုတ်၊ သင်သည် ငါ့ခမည်းတော်မင်းကြီး၏ အစ်ကိုကြီးတည်း၊ လာလှည့် ငါနှင့်တကွ သွား၍ အမျိုးတို့၏ ဥစ္စာဖြစ်သော မင်း၏အဖြစ်၌ ထီးဖြူကို ဆောင်းလော့ဟုဆိုလျှင် ပေါရိသာဒသည် ငါသည်ကား လူမဟုတ်ဟု ဆိုလတ်သော် သင်သည် ငါ၏စကားကို မယုံသည်ဖြစ်အံ့၊ ထိုသို့ မယုံသည်ရှိသော် အကြင်သူအား သင်သည် ယုံ၏။ ထိုယုံသောသူသည် ရှိသလောဟု မေး၍ ဤမည်သောအရပ်၌ ဒိဗ္ဗစက္ခုရသေ့သည် ရှိ၏ဟု ဆိုလတ်သော် ထိုပေါရိသာဒကို ခေါ်၍ ဒိဗ္ဗစက္ခု ရသေ့အထံသို့ သွား၏။

ဒိဗ္ဗစက္ခုရသေ့သည် ထိုသူနှစ်ယောက်တို့ကို မြင်လျှင် အဘယ်အမှုကို ပြုလိုကုန်သည်ဖြစ်၍ သား, ဘကြီးတို့သည် တော၌ လှည့်လည်ကြကုန်သနည်းဟု ဆို၍ ထိုနှစ်ယောက်တို့၏ ဆွေမျိုးအဖြစ်ကို ပြောဆို၏။ ပေါရိသာဒ ဘီလူးသည်

ဒိဗ္ဗစက္ခုရသေ့ ပြောဆိုသောစကားကို ယုံကြည်၍ ချစ်သား- သင်ချစ်သားသည် သွားလေလော့၊ ငါသည် တဘဝတည်း၌လျှင် နှစ်ပါးပြားသော ကိုယ်ရှိသည်ဖြစ်၏။ ငါ့အား မင်းအဖြစ်ဖြင့် အလိုမရှိပြီ၊ ငါသည် ရဟန်းပြုအံ့ဟု ဆို၍ ဒိဗ္ဗစက္ခုရသေ့ အထံ၌လျှင် ရဟန်းပြု၏။ ထိုအခါ သားတော် အိမ်ရွှေမင်းဖြစ်သော အလီနသတ္တုမင်းသားသည် ဘကြီးတော် ပေါရိသာဒကို ရှိခိုး၍ နေပြည်တော်သို့ ပြန်ခဲ့၏။

ထိုအကြောင်းကို ထင်ရှားပြတော်မူလိုသော သဗ္ဗညူ မြတ်စွာဘုရားသည်-

၉၅။ တတော ဟဝေ ဓိတိမာ ရာဇပုတ္တော၊
ကတဉ္ဇလိံ ပဂ္ဂယှ ပေါရိသာဒံ။
အနုညာတော သောတ္ထိ သုခီ အရောဂေါ၊
ပစ္စာဂမာ ကပိလ မလီနသတ္တော၊

ဟူသော ဤဂါထာကို ဟောတော်မူ၏။

၉၅။ ဘိက္ခဝေ၊ ရဟန်းတို့။ တတော တဒါ၊ ထိုအခါ၌။ ဟဝေ၊ စင်စစ်သဖြင့်။ ဓိတိမာ၊ ပညာနှင့်ပြည့်စုံသော။ အလီနသတ္တော၊ အလီနသတ္တု အမည်ရှိသော။ ရာဇပုတ္တော၊ မင်းသားသည်။ ပေါရိသာဒံ၊ ပေါရိသာဒကို။ ကတဉ္ဇလိံ၊ လက်အုပ်ကို။ ပဂ္ဂယှ၊ ချီ၍။ အနုညာတော၊ ပေါရိသာဒသည် အနူးအညွတ် လွှတ်အပ်သည်ဖြစ်၍။ သောတ္ထိ၊ ချမ်းသာစွာ။ သုခီ၊ ဆင်းရဲခြင်း မရှိသည်ဖြစ်၍။ အရောဂေါ၊ အနာမရှိသည်ဖြစ်၍။ ကပိလံ၊ ကပိလတိုင်းသို့။ ပစ္စာဂမာ၊ တဖန်ပြန်လာ၏။

ဤဂါထာကို ဟောတော်မူပြီး၍ နေပြည်တော်သို့ တဖန် ပြန်လာသော ထိုအလီနသတ္တု မင်းသားအား ရွာနိဂုံးသူအစရှိသော သူတို့သည် ပြုအပ်သော အခြင်းအရာကို ပြတော်မူလိုသော သဗ္ဗညူမြတ်စွာဘုရားသည်-

၉၆။ တံ နေဂမာ ဇာနပဒါ သဗ္ဗေ၊
ဟတ္ထာရောဟာ ရထိကာ ပတ္တိကာ စ။
နမဿမာနာ ပဉ္ဇလိကာ ဥပါဂမုံ၊
နမတ္ထု တေ ဒုက္ကရကာရကောသိ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

၉၆။ ဘိက္ခဝေ၊ ရဟန်းတို့။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ နေဂမာ စ၊ ရွာနိဂုံးသူတို့သည်၎င်း။ ဇာနပဒါ စ၊ ဇနပုဒ်သူတို့သည်၎င်း။ ဟတ္ထာရောဟာ စ၊ ဆင်စီးသူရဲတို့သည်၎င်း။ ရထိကာ စ၊ ရထားစီး သူရဲတို့သည်၎င်း။ ပတ္တိကာ စ၊ ခြေသည် သူရဲတို့သည်၎င်း။ နမဿမာနာ၊ ရှိခိုးကုန်လျက်။ ပဉ္ဇလိကာ၊ လက်အုပ်ချီကုန်လျက်။ တေ၊ အရှင်မင်းသားအား။ နမော၊ ရှိခိုးခြင်းသည်။ အတ္ထု၊ ဖြစ်စေသတည်း။ တွံ၊ အရှင်မင်းသားသည်။ ဒုက္ကရကာရကော၊ အလွန် ပြုနိုင်ခဲသော အမှုကိုပြုသည်။ အသိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆိုကုန်၍။ တံ၊ ထိုအလီနသတ္တုမင်းသားသို့။ ဥပါဂမုံ၊ ကပ်လာကုန်၏။

ခမည်းတော် ဇယဒိသ မင်းကြီးသည်လည်း သားတော် လာပြီဟုကြားလျှင် ခရီးဦး ကြိုဆိုခြင်းကို ပြုတော်မူ၏။ သားတော် အလီနသတ္တု မင်းသားသည် များစွာသော လူအပေါင်း ခြံရံလျက် လာလတ်ပြီးလျှင် ခမည်းတော် မင်းကြီးကို ရှိခိုး၏။ ထိုသို့ ရှိခိုးသောအခါ သားတော်ကို ခမည်းတော် ဇယဒိသမင်းကြီးသည် အမောင် - အမောင်သည် အဘယ်အကြောင်းကြောင့် ထိုသို့ ကြမ်းကြုတ်စွာသော လူသားစားလက်မှ လွတ်သနည်းဟု မေး၏။ မြတ်သော ခမည်းတော်မင်းကြီး ဤပေါရိသာဒသည် ဘီလူးမဟုတ်၊ ခမည်းတော်ဘုရား၏ နောင်တော်တည်း၊ ဤပေါရိသာဒသည် အကျွန်ုပ် ဘကြီးတော်တည်းဟု အလုံးစုံသော အကြောင်းကို တင်လျှောက်၍ ခမည်းတော် မင်းကြီးတို့သည် အကျွန်ုပ် ဘကြီးတော်ကို ဖူးမြင်ခြင်းငှါ သင့်ပါ၏ဟု တင်လျှောက်၏။

ခမည်းတော် ဇယဒိသမင်းကြီးသည် ထိုခဏ၌လျှင် စည်လည်စေ၍ များစွာသော အခြံအရံဖြင့် ရသေ့တို့၏ အထံသို့သွား၏။ ဒိဗ္ဗစက္ခု ရသေ့ကြီးသည် ထိုပေါရိသာဒအား ဘီလူးမ ဆောင်ယူသဖြင့် မစားမူ၍ မွေးကျွေးထားသော အကြောင်းကို၎င်း, ဘီလူး၏အဖြစ်ကို ပြုခြင်းကို၎င်း, ထိုပေါရိသာဒနှင့် ဇယဒိသမင်းတို့၏ ဆွေမျိုးအဖြစ်ကို၎င်း အလုံးစုံကို အကျယ်အားဖြင့် ပြောဆို၏။ ဇယဒိသမင်းကြီးသည် နောင်တော်မင်းမြတ်- လာလှည့် တိုင်းပြည်ကို မင်းပြုလော့ဟု ဆို၏။ မြတ်သောမင်းကြီး- မသင့်ဟု ပယ်၏။ ထိုသို့တပြီးကား လာလှည့်ကုန်၊ အကျွန်ုပ်ဥယျာဉ်တော်၌ နေတော်မူကုန်လော့၊ အကျွန်ုပ်သည် နောင်တော်တို့အား ပစ္စည်းလေးပါးတို့ဖြင့် လုပ်ကျွေးပါအံ့ဟုဆို၏။ မြတ်သောမင်းကြီး- ငါ မလိုက်ပြီဟု ဆိုသည်ရှိသော် ဇယဒိသမင်းကြီးသည် ထိုရသေ့တို့၏ကျောင်းမှ မနီးမဝေးသော အရပ်၌ တခုသော တောင်ကြားကို ဆည်၍ ကြီးစွာသော တဘက်ဆည်ကန်ကို ပြုစေပြီးလျှင် လယ်တို့ကို ပြည့်စေ၍ မြတ်သော အမျိုးတထောင်ကို ဆောင်ယူပြီးလျှင် ကြီးစွာသောရွာကို တည်ထောင်၍ ရသေ့တို့၏ ဆွမ်းဝတ်ကို ဖြစ်စေ၏။

ထိုရွာသည် စူဠကမ္မာသဒမ္မ နိဂုံးမည်၏။ သုတသောမ အမည်ရှိသော ဘုရားလောင်းသည် ပေါရိသာဒကို ဆုံးမသော အရပ်ကား မဟာကမ္မာသဒမ္မ နိဂုံးမည်၏ဟူ၍ သိအပ်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ အမိအဖကို လုပ်ကျွေးသော မထေရ်သည် သေယတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ မြတ်သော သာကီဝင် မင်းမျိုးတို့သည် ထိုအခါ မယ်တော် ခမည်းတော်တို့သည် ဖြစ်ဘူးကုန်ပြီ။ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဒိဗ္ဗစက္ခုရသေ့ ဖြစ်ဘူးပြီ၊ ယခုအခါ အင်္ဂုလိမာလ မထေရ်သည် ထိုအခါ ပေါရိသာဒ ဖြစ်ဘူးပြီ၊ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ နှမငယ် ဖြစ်ဘူးပြီ၊ ယခုအခါ ရာဟုလာ မယ်တော်သည် ထိုအခါ အိမ်ရှေ့ မိဖုယားကြီး ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ အလီနသတ္တုမင်းသား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

မိဘတို့အား၊ လုပ်ကျွေးငြား၊ မှတ်သားမင်္ဂလာ

သုံးခုမြောက်သော ဇယဒိသဇာတ်သည် ပြီး၏။

*****