1255ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၁။ ဉာအာတိကလဟဝူပသမနဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

သုခဝဂ်

၁။ ဉာတိကလဟဝူပသမနဝတ္ထု

သုသုခံ ဝတအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် သက္ကတိုင်းတို့၌ နေတော်မူစဉ် ခိုက်ရန်ဖြစ်သော အဓိကရုဏ်းကို ငြိမ်းစေခြင်းငှာ ဆွေတော်မျိုးတော်တို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ကပိလဝတ်နှင့် ကောလိယသားတို့ ရန်ပွဲ

သာကီဝင်မင်းသားတို့သည် ကပိလဝတ်ပြည်၏လည်းကောင်း, ကောလိယပြည်၏လည်းကောင်း အကြား၌ ရောဟိနီအမည်ရှိသော မြစ်တစ်ခုသည် ရှိ၏။ ထိုမြစ်ကို တစ်ခုတည်းသာဖြစ်သော ကန်သင်းအဆီးအတားဖြင့် ဖွဲ့စေ၍ ကောက်ပင်တို့ကို စိုက်ပျိုးလုပ်ဆောင်ကုန်သတတ်။ ထိုအခါ နယုန်လ၌ ကောက်ပင်တို့သည် ညှိုးနွမ်းကုန်သည်ရှိသော် နှစ်ပြည်ထောင်စလုံး၌ နေကြကုန်သောသူတို့၏ လယ်ထွန်,အမှုလုပ်သမားတို့သည် စည်းဝေးကြလေကုန်၏။ ထိုနှစ်ပြည်ထောင်သားတို့တွင် ကောလိယပြည်၌ နေသောသူတို့သည် “ဤရေကို နှစ်ပြည်ထောင်သားတို့ ဆောင်ယူအပ်သည်ရှိသော် သင်တို့အားလည်း မလုံလောက်လတ္တံ့၊ ငါတို့အားလည်း မလုံလောက်လတ္တံ့၊ ငါတို့၏ကောက်ပင်သည်ကား ရေတစ်ကြိမ်သွင်းခြင်းဖြင့်သာလျှင် အောင်မြင်ပြည့်စုံလတ္တံ့၊ ဤရေကို ငါတို့အား ပေးကြပါကုန်လော့”ဟု ဆိုကြလေကုန်၏။ ကပိလဝတ်ပြည်သားတို့သည်လည်း “သင်တို့သည် ကျီတို့၌ပြည့်စေ၍ နေကြကုန်သည်ရှိသော် ငါတို့သည် ဇမ္ဗူရဇ်ရွှေ, နီလာ, သို့မဟုတ် အညစ်အကြေးကင်းသော အသပြာပတ္တမြား, မည်းနက်သော အသပြာတို့ကိုလည်း ယူ၍ တောင်း,အိပ်,ပချုပ် စသည်တို့ကို လက်စွဲလျက် သင်တို့၏ အိမ်တံခါး၌ လှည့်လည်ခြင်းငှာမတတ်နိုင်ကြကုန်၊ ငါတို့၏ ကောက်ပင်သည်လည်း ရေတစ်ကြိမ် သွင်းခြင်းဖြင့်သာလျှင် အောင်မြင်ပြည့်စုံပေလတ္တံ့၊ ဤရေကို ငါတို့အား ပေးကြပါကုန်လော့”ဟု ဆိုကြလေကုန်၏။

“ငါတို့ကား မပေးနိုင်ကြကုန်”ဟု ဆိုသော် “ငါတို့လည်း မပေးနိုင်ကြကုန်”ဟု ဆိုသဖြင့် ဤသို့ စကားကို ကျယ်ပွားစေလျက် တစ်ယောက်သောသူသည် ထ၍ တစ်ယောက်သောသူအား ပုတ်ခတ်ခြင်းကို ပေးလေ၏။ ထိုသူကလည်း ထိုသူအား ပြန်လည် ပုတ်ခတ်ခြင်းကို ပေးလေ၏။ ဤသို့ အချင်းချင်း ပုတ်ခတ်ကြ၍ မင်းမျိုးတို့၏ ဇာတ်ရင်းကို ထိခိုက်ချုပ်ခြယ်လျက် ခိုက်ရန် ငြင်းခုံခြင်းကို ပွားစေကြလေကုန်၏၊ ကောလိယပြည်သား လယ်အမှုလုပ်သမားတို့သည် “သင်တို့သည် ကပိလဝတ်ပြည်၌ နေကုန်သော သူငယ်တို့ကိုယူ၍ သွားကြကုန်လော့၊ အကြင် ကပိလဝတ်ပြည်သားတို့သည် အိမ်ခွေး,တောခွေးစသော သတ္တဝါတို့ကဲ့သို့ မိမိ၏နှမတို့နှင့် အတူတကွ ပေါင်းဖော်နေထိုင်ကြလေကုန်၏၊ ထိုကပိလဝတ်ပြည်သားတို့၏ ဆင်တို့သည်လည်းကောင်း၊ မြင်းတို့သည်လည်းကောင်း၊ ကာ,ဒိုင်း လက်နက်တို့သည်လည်းကောင်း ငါတို့အား အဘယ်သို့ အန္တရာယ်ကို ပြုနိုင်ကြကုန်လတ္တံ့နည်း”ဟု ဆိုကြကုန်၏၊ ကပိလဝတ်ပြည်သား လယ်အမှုလုပ်သမားတို့သည်လည်း “သင်တို့သည် ယခုအခါ နူနာစွဲသော သူငယ်တို့ကိုယူ၍ သွားကြကုန်လော့၊ အကြင် ကောလိယပြည်သားတို့သည် ကိုးကွယ်ရာမဲ့, နေစရာ အိုးအိမ်မဲ့ကုန်လျက် တိရစ္ဆာန်တို့ကဲ့သို့ ကလောပင်၌ နေကြရကုန်၏။ ထိုကောလိယပြည်သားတို့၏ ဆင်တို့သည်လည်းကောင်း၊ မြင်းတို့သည်လည်းကောင်း၊ ကာ,ဒိုင်း လက်နက်တို့သည် လည်းကောင်း ငါတို့အား အဘယ်သို့ အန္တရာယ်ပြုနိုင်ကြကုန်လတ္တံ့နည်း”ဟု ဆိုကြကုန်၏။ ထိုလယ်အမှုလုပ်သမားတို့သည် သွား၍ ထိုအမှု၌ စီရင်နိုင်ကုန်သော အမတ်တို့အား တိုင်ကြားပြောဆိုကြလေကုန်၏၊ အမတ်တို့သည် မင်းဆွေမင်းမျိုးတို့အား ပြောကြားကြကုန်၏။ ထို့နောင်မှ သာကီဝင်မင်းမျိုးတို့သည် “နှမတို့နှင့် အတူတကွ ပေါင်းဖော်ခြင်းကိုပြု၍ နေထိုင်ကုန်သော သူတို့၏ အစွမ်းကိုလည်းကောင်း၊ ခွန်အားကိုလည်းကောင်း ပြကြကုန်စို့အံ့”ဟု စစ်ရေးဆင်လျက် ထွက်ခဲ့ကြလေကုန်၏၊ ကောလိယမင်းသားတို့သည်လည်း ကလောပင်၌ နေကုန်သောသူတို့၏ အစွမ်းကိုလည်းကောင်း၊ ခွန်အားကိုလည်းကောင်း ပြကြကုန်စို့အံ့”ဟု စစ်ရေးဆင်လျက် ထွက်ခဲ့ကြလေကုန်၏။

မြတ်စွာဘုရား ကြွသွားဆုံးမခြင်း

မြတ်စွာဘုရားသည်လည်း နံနက်စောစောအခါ၌ လောကကို ကြည့်ရှုတော်မူလတ်သည်ရှိသော် ဆွေတော်မျိုးတော်တို့ကို မြင်ရလျှင် “ငါဘုရား ကြွမသွားသည်ရှိသော် ဤသူတို့သည် ပျက်စီးကြကုန်လတ္တံ့၊ ငါဘုရားသည် သွားခြင်းငှာသင့်၏”ဟု ကြံ၍ တစ်ကိုယ်တော်တည်းသာလျှင် ကောင်းကင်ဖြင့် ကြွသွားတော်မူပြီး ရောဟိနီမြစ်၏အလယ် ကောင်းကင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူလေ၏၊ ဆွေတော်မျိုးတော်တို့သည် မြတ်စွာဘုရားကို မြင်တဲ့လျှင် လက်နက်တို့ကိုစွန့်လျက် ရှိခိုးကြလေကုန်၏။

ရေနှင့် မင်းမျိုး ဘယ်အရာက တန်ဖိုးကြီးသနည်း

ထိုအခါ မင်းသားတို့ကို မြတ်စွာဘုရားသည် “မြတ်သော မင်းကြီး- ဤခိုက်ရန်ဖြစ်ခြင်းမည်သည် အဘယ်အကြောင်းကြောင့် ဖြစ်သနည်း”ဟု မိန့်တော်မူလေ၏၊ “မြတ်စွာဘုရား- မသိပါဘုရား”ဟု လျှောက်လတ်သော် “အဘယ်သူ ယခု သိမည်နည်း”ဟု မေးတော်မူပြန်၏၊ “အိမ်ရှေ့မင်း သိပါလတ္တံ့၊ စစ်သူကြီး သိပါလတ္တံ့”ဟု ဤသို့သောနည်းဖြင့် ဤအမှုလုပ်တို့တိုင်အောင်သော သူတို့ကို မေးတော်မူသောကြောင့် “မြတ်စွာဘုရား- ရေအတွက် ခိုက်ရန် ငြင်းခုံခြင်း အဓိကရုဏ်း ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားကြလေကုန်၏၊ “မြတ်သောမင်းကြီး- ရေသည် အဘယ်မျှ ထိုက်တန်သနည်း”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား- ရေသည် အနည်းငယ်မျှသာ အဖိုးထိုက်တန်ပါသည်ဘုရား”ဟု လျှောက်ကုန်၏၊ “မြတ်သောမင်းကြီး- မင်းမျိုးတို့သည် အဘယ်မျှ အဖိုးထိုက်တန်ကြကုန်သနည်း”ဟု မေးတော်မူပြန်လျှင် “မြတ်စွာဘုရား- မင်းမျိုးတို့မည်သည်ကား အဖိုး အတိုင်းမသိ ထိုက်တန်ကြပါသည်ဘုရား”ဟု လျှောက်ကြကုန်၏၊ “သင်တို့အား အနည်းငယ်မျှသော ရေကိုမှီ၍ အဖိုး အတိုင်းမသိ ထိုက်တန်သော မင်းတို့ကို ဖျက်ဆီးခြင်းငှာ မသင့်လေစွတကား”ဟု မိန့်တော်မူလျှင် ထိုသူတို့သည် ဆိတ်ဆိတ်နေကြလေကုန်၏။ ထိုအခါ ထိုလူတို့ကို မြတ်စွာဘုရားသည် ခေါ်တော်မူ၍ “မြတ်သောမင်းကြီး- ဤသို့ သဘောရှိသောအမှုကို အဘယ့်ကြောင့် ပြုကြကုန်ဘိသနည်း၊ ငါဘုရား မရှိလတ်သည်ရှိသော် ယနေ့ သွေးသည် မြစ်ကဲ့သို့ စီးသည် ဖြစ်ရာပြီ၊ သင်တို့ပြုသောအမှုသည် မသင့်လေစွတကား၊ သင်တို့သည် ငါးပါးသော ရန်ဖြင့် ရန်ရှိကြကုန်သည်ဖြစ်၍ နေကြကုန်ဘိ၏၊ ငါဘုရားသည် ရန်မရှိသည်ဖြစ်၍ နေတော်မူ၏။ သင်တို့သည် ကိလေသာဖြင့် နာကျင်ခြင်း ရှိကုန်သည်ဖြစ်၍ နေကြကုန်ဘိ၏၊ ငါဘုရားသည် ကိလေသာဖြင့် နာကျင်ခြင်း မရှိသည်ဖြစ်၍ နေတော်မူ၏၊ သင်တို့သည် ကာမဂုဏ်ကို ရှာမှီးရာ၌ လုံ့လကြောင့်ကြ ပြုကြ၍ နေကြကုန်ဘိ၏။ ငါဘုရားသည် လုံ့လကြောင့်ကြ မရှိသည်ဖြစ်၍ နေတော်မူ၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၁၉၇] သုသုခံ ဝတ ဇီဝါမ၊ ဝေရိနေသု အဝေရိနော။
ဝေရိနေသု မနုဿေသု၊ ဝိဟရာမ အဝေရိနော။

[၁၉၈] သုသုခံ ဝတ ဇီဝါမ၊ အာတုရေသု အနာတုရာ။
အာတုရေသု မနုဿေသု၊ ဝိဟရာမ အနာတုရာ။

[၁၉၉] သုသုခံ ဝတ ဇီဝါမ၊ ဥဿုကေသု အနုဿုကာ။
ဥဿုကေသု မနုဿေသု၊ ဝိဟရာမ အနုဿုကာ။

ယေမယံ၊ အကြင်ငါတို့သည်။ ဝေရိနေသု၊ ငါးပါးသော ရန်ရှိကုန်သော။ မနုဿေသု၊ လူတို့၌။ အဝေရိနော၊ ရန်မရှိကုန်သည်ဖြစ်၍။ ဝိဟရာမ၊ နေနိုင်ကြကုန်၏။ တေမယံ၊ ထိုငါတို့သည်။ ဝေရိနေသု၊ ရန်ငါးပါးရှိကုန်သောသူတို့၌။ အဝေရိနော၊ ရန်ကင်းကုန်လျက်။ သုသုခံ၊ အလွန်ချမ်းသာစွာ။ ဇီဝါမ ဝတ၊ အသက်ရှည်ကြရကုန်၏တကား။

ယေမယံ၊ အကြင်ငါတို့သည်။ အာတုရေသု၊ ကိလေသာဖြင့် နာကျင်ခြင်းရှိကြကုန်သော။ မနုဿေသု၊ လူတို့၌။ အနာတုရာ၊ ကိလေသာဖြင့် နာကျင်ခြင်း မရှိကုန်သည်ဖြစ်၍။ ဝိဟရာမ၊ နေနိုင်ကြကုန်၏။ တေမယံ၊ ထိုငါတို့သည်။ အာတုရေသု၊ ကိလေသာဖြင့် နာကျင်ခြင်းရှိကုန်သောသူတို့၌။ အနာတုရာ၊ နာကျင်ခြင်း ကင်းကုန်လျက်။ သုသုခံ၊ အလွန်ချမ်းသာစွာ။ ဇီဝါမ ဝတ၊ အသက်ရှည်ကြရကုန်၏တကား။

ယေမယံ၊ အကြင်ငါတို့သည်။ ဥဿုကေသု၊ ကာမဂုဏ် ရှာဖွေမှု လုံ့လကြောင့်ကြ ပြုကြကုန်သော။ မနုဿေသု၊ လူတို့၌။ အနုဿုကာ၊ လုံ့လကြောင့်ကြ မပြုကုန်သည်ဖြစ်၍။ ဝိဟရာမ၊ နေနိုင်ကြကုန်၏။ တေမယံ၊ ထိုငါတို့သည်။ ဥဿုကေသု၊ ကာမအရာ လွန်စွာကြောင့်ကြအားထုတ်ခြင်းရှိကြသော သူတို့၌။ အနုဿုကာ၊ အားထုတ်ခြင်း ကင်းကုန်လျက်။ သုသုခံ၊ အလွန်ချမ်းသာစွာ။ ဇီဝါမ ဝတ၊ အသက်ရှည်ကြရကုန်၏တကား။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဉာတိကလဟဝူပသမနဝတ္ထု ပြီး၏။