ကဿပဒသဗလဿ သုဝဏ္ဏစေတိယဝတ္ထု
ဗုဒ္ဓဝဂ်
၉။ ကဿပဘုရား၏ ရွှေစေတီဝတ္ထု
ပူဇာရဟေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဒေသစာရီကို ကြွချီတော်မူစဉ် ကဿပ မြတ်စွာဘုရား၏ ရွှေစေတီတော်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။
အစဉ်အဆက်လာ စေတီနေရာဌာန
ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော ဂေါတမနွယ်ဖွား ငါတို့မြတ်စွာဘုရားသည် သာဝတ္ထိပြည်မှ ထွက်ခွာတော်မူခဲ့၍ အစဉ်အတိုင်းအားဖြင့် ဗာရာဏသီပြည်သို့ ကြွသွားတော်မူလတ်သည်ရှိသော် လမ်းခရီးအကြား တောဒေယျ ပုဏ္ဏားရွာအနီး၌ များစွာသော ရဟန်းသံဃာအပေါင်း ခြံရံတော်မူလျက် အမှတ်မရှိ တစ်ခုသော နတ်ကွန်းနေရာသို့ ကောင်းစွာ ရောက်တော်မူလေ၏။ ထိုအရပ်၌ သီတင်းသုံးနေထိုင်တော်မူသော မြတ်စွာဘုရားသည် တရားဘဏ္ဍာစိုးဖြစ်သော အရှင်အာနန္ဒာကို စေလွှတ်တော်မူ၍ မနီးမဝေးသော အရပ်၌ လယ်ထွန်ခြင်းအမှုကို ပြုလျက်နေသော ပုဏ္ဏားတစ်ယောက်ကို ခေါ်ခိုင်းတော်မူလိုက်လေ၏။ ထိုလယ်ထွန်သမား ပုဏ္ဏားသည် လာရောက်ပြီးလျှင် မြတ်စွာဘုရားကိုကား ရှိမခိုးမူ၍ ထိုနတ်ကွန်းနေရာကိုသာလျှင် ရှိခိုးလျက် ရပ်တည်နေလေ၏။ ကောင်းသောစကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည်လည်း “ပုဏ္ဏားကြီး- ဤနေရာကို အဘယ်အရာဝတ္ထုဟူ၍ မှတ်ထင် အောက်မေ့ဘိသနည်း”ဟု မိန့်တော်မူလေ၏။ “အရှင်ဂေါတမ- ဤနေရာကား အကျွန်ုပ်တို့၏ အစဉ်အဆက်မှလာသော စေတီနေရာဌာန ဟူ၍ အမှတ်ပြုကာ ရှိခိုးပါသည်”ဟု ဖြေကြားလတ်သော် “ပုဏ္ဏားကြီး- ဤနေရာကို ရှိခိုးသော အသင်သည် ကောင်းသောအမှုကို ပြုအပ်ပေ၏တကား”ဟု မြတ်စွာဘုရားသည် ထိုပုဏ္ဏားကြီးကို ကောင်းစွာ ရွှင်လန်း ဝမ်းသာစေတော်မူလေ၏။
စေတီထိုက်သူ ပုဂ္ဂိုလ် ၄-မျိုး၊ စေတီ ၃-မျိုး
ထိုစကားကိုကြားရလျှင် ရဟန်းတို့သည် “အဘယ်သို့သော အကြောင်းဖြင့် မြတ်စွာဘုရားသည် ဤသို့ ကောင်းစွာ ရွှင်လန်းဝမ်သာစေတော်မူဘိသနည်း”ဟု ယုံမှားသံသယကို ဖြစ်စေကြလေကုန်၏။ ထို့နောက်မှ မြတ်စွာဘုရားသည် ထိုရဟန်းတို့၏ ယုံမှားသံသယကို ပယ်ဖျောက်ခြင်းငှာ မဇ္ဈိမနိကာယ်၌လာသော ဃဋိကာရသုတ္တန်ကို ဟောတော်မူပြီးလျှင် တန်ခိုးအာနုဘော်တော်အားဖြင့် ကဿပမြတ်စွာဘုရား၏ တစ်ယူဇနာ အမြင့်ရှိသော ရွှေစေတီတော်ကိုလည်းကောင်း၊ တစ်ပါးသော ရွှေစေတီတော်ကိုလည်းကောင်း ကောင်းကင်၌ ဖန်ဆင်းထုတ်ဆောင်တော်မူ၍ များစွာသော လူအပေါင်းကို ဖူးမြင်စေတော်မူလျက် “ပုဏ္ဏားကြီး- ဤသို့ သဘောရှိကုန်သော ပူဇော်ခြင်းငှာ ထိုက်ကုန်သော စေတီတော်တို့အား ပူဇော်ရခြင်းသည် အထူးအားဖြင့် သင့်လျော်သည်သာတည်း”ဟု မိန့်တော်မူသဖြင့် မဟာပရိနိဗ္ဗာနသုတ္တန်၌ ပြတော်မူအပ်သောနည်းအားဖြင့်သာလျှင် ဘုရား, ပစ္စေကဗုဒ္ဓါ, ရဟန္တာသာဝက, စကြဝတေးမင်းဟု ဆိုအပ်သော လေးဦးသော စေတီထိုက်သော ပုဂ္ဂိုလ်တို့ကို ဟောပြတော်မူပြီးလျှင် ကိုယ်တော်ဓာတ်တော် စသော “သရီရ”စေတီတော်ကိုလည်းကောင်း၊ ရုပ်ပွားဆင်းတုဟူသော “ဥဒ္ဒိဿ” စေတီတော်ကိုလည်းကောင်း၊ သင်္ကန်းစသော ပရိက္ခရာနှင့်တကွ သုံးဆောင်ရာ ဗောဓိပင်စသော “ပရိဘောဂ” စေတီတော်ကိုလည်းကောင်း ဤသို့ စေတီတော် သုံးမျိုးတို့ကို အထူးအားဖြင့် ဟောပြတော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။
ဒေသနာတော်
ပပဉ္စ သမတိက္ကန္တေ၊ တိဏ္ဏသောက ပရိဒ္ဒဝေ။
[၁၉၆] တေ တာဒိသေ ပူဇယတော၊ နိဗ္ဗုတေ အကုတောဘယေ။
န သက္ကာ ပုညံ သင်္ခါတုံ၊ ဣမေတ္တမပိ ကေနစိ။
ပူဇာရဟေ၊ ပူဇော်ခြင်းငှာ ထိုက်ကုန်သော။ ပပဉ္စ သမတိက္ကန္တေ၊ တဏှာ, ဒိဋ္ဌိ, မာနဟူသော သံသရာနယ်ချဲ့ တရား သုံးပါးတို့ကို လွန်မြောက်ပြီးကုန်သော။ တိဏ္ဏသောကပရိဒ္ဒဝေ၊ စိုးရိမ်ပူဆွေး ငိုကြွေးခြင်းတို့ကို လွန်မြောက်ပြီးကုန်သော။ ဗုဒ္ဓေ ဝါ၊ သဗ္ဗညု ဘုရားရှင်တို့ကိုလည်းကောင်း။ ယဒိဝါ၊ ထိုမှတစ်ဖြာ ပစ္စေကဗုဒ္ဓါတို့ကိုလည်းကောင်း။ သာဝကေ ဝါ၊ ဘုရားတပည့်သား သာဝကတို့ကိုလည်းကောင်း။ ပူဇယတော စ၊ ပူဇော်သောသူ၏လည်းကောင်း။ တာဒိသေ၊ ထိုသို့ ဆိုအပ်ပြီးသော သဘောရှိကုန်သော။ နိဗ္ဗုတေ၊ ကိလေသာမီးငြိမ်းပြီး နိဗ္ဗာန်စံလွန်တော်မူကြကုန်သော။ အကုတောဘယေ၊ ဘဝအာရုံ တစ်စုံတစ်ခုမှ ဘေးရန်မခကြကုန်သော။ တေ၊ ထိုနိဗ္ဗာန်စံကြ ဘုရား,ပစ္စေကဗုဒ္ဓါ, သာဝကတို့ကို။ ပူဇယတော စ၊ ပူဇော်သောသူ၏လည်းကောင်း။ ပုညံ၊ ကောင်းမှုကို။ ဧတ္တံ၊ အကျိုးဤမျှရှိ၏။ ဣတိ၊ ဤသို့။ ကေနစိ အပိ၊ ဗြဟ္မာနတ်လူ တစ်စုံတစ်ယောက်သော သူသည်လည်း။ တစ်နည်းကား။ ကေနစိ အပိ၊ တစ်စုံတစ်ခုသော မှန်းဆခြင်း, ချိန်ဖြင့် ချိန်းခြင်း, ခွက်ဖြင့် ချင့်ခြင်းအားဖြင့်လည်း။ သင်္ခါတုံ၊ အကျိုးအာနိသင်အားဖြင့် ရေတွက်ခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။
တိဋ္ဌန္တေ နိဗ္ဗုတေစာပိ၊ သမေ စိတ္တေ သမံ ဖလံ။
စေတောပဏိဓိဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂ္ဂတိံ။
တိဋ္ဌန္တေ စ၊ သက်တော်ထင်ရှား ဘုရားစသည်၌လည်းကောင်း။ နိဗ္ဗုတေစာပိ၊ နိဗ္ဗာန်ယူသွား ဘုရားစသည်၌လည်းကောင်း။ စိတ္တေ၊ စိတ်သည်။ သမေ၊ ညီမျှသည်ရှိသော်။ ဖလံ၊ အကျိုးသည်။ သမံ၊ ညီမျှလေ၏။ စေတောပဏိဓိဟေတု ဟိ၊ စိတ်ကြည်ညိုခြင်း အကြောင်းကြောင့်သာလျှင်။ သတ္တာ၊ သတ္တဝါတို့သည်။ သုဂ္ဂတိံ၊ သုဂတိဘဝသို့။ ဂစ္ဆန္တိ၊ လားကြ ရောက်ကြကုန်၏။ ဤသို့ ဟောတော်မူလေပြီဟူလို)။
ဒေသနာတော်၏အကျိုး
ဒေသနာတော်၏အဆုံး၌ ထိုလယ်ထွန်သမား ပုဏ္ဏားကြီးသည် သောတာပန်ပုဂ္ဂိုလ် ဖြစ်လေ၏၊ တစ်ယူဇနာရှိသော ရွှေစေတီတော်ကြီးသည် ခုနှစ်ရက်ပတ်လုံး ကောင်းကင်၌သာလျှင် တည်လေ၏။ ကြီးကျယ်သောအားဖြင့် အစည်းအဝေးကြီးသည်လည်း ဖြစ်လေ၏။ ခုနစ်ရက်ပတ်လုံး စေတီတော်ကြီးကို အထူးထူး အပြားပြားအားဖြင့် ပူဇော်ကြလေကုန်၏၊ ထိုအခါ ပျက်သော အယူဝါဒရှိသော မိစ္ဆာဒိဋ္ဌိတို့အား မိစ္ဆာအယူ ပျက်စီးခြင်း ဖြစ်လေ၏။ ဘုရားရှင်၏ အာနုဘော်အားဖြင့် ထိုစေတီတော်ကြီးသည် မိမိနေရာသို့သာ ရောက်သွားလေ၏။ ထိုနေရာ၌သာလျှင် ထိုခဏ၌ ကြီးကျယ်သော ကျောက်စေတီတစ်ဆူ ဖြစ်ပေါ်လာတော်မူလေ၏ ထိုအစည်းအဝေး၌ ရှစ်သောင်းလေးထောင်သော သူတို့အား သစ္စာလေးပါးတရားကို ထိုးထွင်း၍သိခြင်းသည် ဖြစ်လေ၏။
ကဿပဘုရား၏ ရွှေစေတီဝတ္ထု ပြီး၏။
ရွှေစေတီဝတ္ထုကို နှိုင်းချိန်စရာ ပြခြင်း
ရာဇဂြိုဟ်ပြည်၌ မထင်ရှားသော ပုဏ္ဏားတစ်ယောက်သည် ရဟန်းကြီးဂေါတမ၏ အတိုင်းအရှည်ပမာဏကို ယူခြင်းငှာ မတတ်ကောင်းဟု ကြားသိရသဖြင့် မြတ်စွာဘုရား၏ ဆွမ်းအလို့ငှာ ကြွဝင်တော်မူသောအခါ အတောင်ခြောက်ဆယ်ရှိသော ဝါးလုံးကိုယူ၍ မြို့တံခါး၏အပ၌ ရပ်တဲ့ပြီးလျှင် ဘုရားရှင် ကြွရောက်တော်မူလတ်သည်ရှိသော် ဝါးလုံးကိုင်လျက် အနီး၌ ရပ်လေ၏။ ဝါးလုံးသည် မြတ်စွာဘုရား၏ ပုဆစ်ဒူးခေါင်းတော်မျှလောက်သာ ရောက်လေ၏။ တဖန် မိုးသောက် နောက်တစ်နေ့၌ နှစ်ခုသော ဝါးလုံးတို့ကို ဆက်၍လျှင် အနီး၌ ရပ်တည်နေလေ၏။ ဘုရားရှင်သည်လည်း နှစ်ခုသော ဝါးလုံးတို့၏ အထက်၌ ခါးတော်မျှကိုသာလျှင် ထင်ရှားစွာ ပြုတော်မူလျက် “ပုဏ္ဏား.. အဘယ်အမှုကို ပြုဘိသနည်း”ဟု မိန့်တော်မူလေ၏။ “ရှင်တော်ဘုရားတို့၏ အတိုင်းအရှည်ပမာဏကို ယူပါသည်”ဟု လျှောက်ကြားလတ်သော် “ပုဏ္ဏား.. သင်သည် အလုံးစုံသော စကြဝဠာတိုက်ကို ပြည့်စေလျက် တည်ရှိကုန်သော ဝါးတို့ကိုဆက်စပ်ကာ အကယ်၍လည်း လာခဲ့ငြားအံ့၊ ငါဘုရား၏ အတိုင်းအရှည်ပမာဏကို ယူခြင်းငှာ မတတ်နိုင်လတ္တံ့၊ ထိုစကား မှန်၏။ ငါဘုရားသည် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး အကြင်အခြင်းအရာအားဖြင့် ငါ၏ အတိုင်းအရှည်ပမာဏကို သူတစ်ပါး ယူနိုင်ရာ၏။ ထိုအခြင်းအရာအားဖြင့် ပါရမီတော်တို့ကို ဖြည့်ကျင့်အပ်သည် မဟုတ်ကုန်။ ပုဏ္ဏား- ရှေးဘုရားတို့ကဲ့သို့ လာခြင်းကောင်းတော်မူသော ဘုရားရှင်သည် အတုမရှိ မနှိုင်းယှဉ်အပ်”ဟု မိန့်တော်မူ၍ ဓမ္မပဒ၌-
န သက္ကာ ပုညသင်္ခါတုံ၊ ဣမေတ္တမပိ ကေနစိ။
ဟူ၍--ဤဂါထာကို ဟောကြားတော်မူလေ၏။ ဂါထာ၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သူတို့သည် အမြိုက်နိဗ္ဗာန်တရားတော်ကို သောက်စို့ကြရလေကုန်၏။
ဤကား သုသီလက္ခန် အဋ္ဌကထာ။ ၄-သောဏဒဏ္ဍသုတ်၌ ပါရှိသော စကားရပ်ဖြစ်၏။