ဓမ္မဋ္ဌဝဂ်

၈။ တိတ္ထိတို့ဝတ္ထု

န မောနေနအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တိတ္ထိတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ထိုတိတ္ထိတို့သည် စားသောက်ရာဖြစ်သော နေရာအရပ်၌ လူတို့အား “ဘေးရန်ကင်းခြင်းသည် ဖြစ်ပါစေသတည်း၊ ချမ်းသာခြင်းသည် ဖြစ်ပါစေသတည်း၊ အသက်ရှည်ပါစေသတည်း၊ ဤမည်သောအရပ်၌ ရွှံ့ညွန်သည် ရှိ၏၊ ဤမည်သောအရပ်၌ ဆူးငြောင့်သည် ရှိ၏၊ ဤသို့ သဘောရှိသည် မည်သောအရပ်သို့ သွားရောက်ခြင်းငှာမသင့်၊” ဤသို့ အစရှိသောနည်းဖြင့် မင်္ဂလာစကား ပြောကြားမြွက်ဆို၍ ဖဲသွားကြကုန်၏၊ ရဟန်းတို့သည်ကား ပထမဗောဓိ၌ တရားဟော အနုမောဒနာပြုခြင်း စသည်တို့ကို ခွင့်ပြုတော်မမူသောကာလ၊ ဆွမ်းစားဇရပ်၌ လူတို့အား တရားဟော အနုမောဒနာပြုခြင်းကို မပြုမူ၍ ဖဲသွားကြကုန်၏။ လူတို့သည် “ငါတို့ကား တိတ္ထိတို့၏အထံမှ မင်္ဂလာစကားကို ကြားနာကြရကုန်၏။ အရှင်ကောင်းတို့သည်ကား ဆိတ်ဆိတ်နေလျက်သာ ဖဲကြွသွားကြကုန်၏”ဟု ကဲ့ရဲ့ကြလေကုန်၏၊ ရဟန်းတို့သည် ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ကြားကြလေကုန်၏။

တရားဟောရန် ခွင့်ပြုခြင်း

မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ဤနေ့မှစ၍ ဆွမ်းစားဇရပ် စသည်တို့၌ ချမ်းသာသည်အားလျော်စွာ အလိုရှိတိုင်း တရားဟော အနုမောဒနာပြုခြင်းကို ပြုကြကုန်လော့၊ အနီး၌ ချဉ်းကပ်နေထိုင်လာသောသူအား တရားစကား ပြောကြားခြင်းကို ပြုကြကုန်လော့၊ တရားတော်ကို ဟောကြားကြကုန်လော့”ဟု ခွင့်ပြုတော်မူ၏၊ ရဟန်းတို့သည် ထိုဘုရားရှင် ခွင့်ပြုတော်မူတိုင်း ဟောကြားကြလေကုန်၏။ လူတို့သည် အနုမောဒနာစသော တရားတို့ကို နာကြားကြရကုန်သောကြောင့် အားထုတ်ခြင်းသို့ ရောက်ကုန်သည်ဖြစ်၍ ရဟန်းတို့ကို ပင့်ဖိတ်ပြီးလျှင် ပူဇော်သက္ကာရကို ပြုကုန်လျက် သွားလာလှည့်လည်ကြကုန်၏။

ဆိတ်ဆိတ်နေကာမျှဖြင့် အကျင့်မြတ်ရှိသူဟု မဆိုနိုင်

တိတ္ထိတို့သည်ကား “ငါတို့သည် မုနိမည်သော အကျင့်ကို ကျင့်ကုန်လျက် ဆိတ်ဆိတ်နေခြင်းကို ပြုကြကုန်၏။ ရဟန်းဂေါတမ၏ တပည့်သာဝကတို့သည်ကား ဆွမ်းစားဇရပ် စသည်တို့၌ များစွာသောစကားကို ဆိုကုန်လျက် သွားလာလှည့်လည်ကြကုန်ဘိ၏”ဟု ကဲ့ရဲ့ကြလေကုန်၏၊ ဘုရားရှင်သည် ထိုအကြောင်းကို ကြားသိတော်မူရလျှင် “ချစ်သားရဟန်းတို့- ငါဘုရားသည် ဆိတ်ဆိတ်နေကာမျှဖြင့် မုနိမည်၏ဟူ၍ ဟောတော်မမူ၊ အချို့သောသူတို့သည် မသိကြကုန်သောကြောင့် မပြောဆိုတတ်ကြကုန်၊ အချို့သောသူတို့သည် ကြောက်ရွံ့ခြင်း မကင်းသောကြောင့် မပြောဆိုဝံ့ကြကုန်၊ အချို့သောသူတို့သည် ဆိတ်ဆိတ်နေခြင်းဖြင့် လွန်ကဲသော အနက်ရှိသော ဤအကြောင်းအရာကို သူတစ်ပါးတို့သည် မသိကြပါစေကုန်သတည်းဟု ဝန်တိုသောကြောင့် မပြောဆိုကြကုန်၊ ထို့ကြောင့် ဆိတ်ဆိတ်နေကာမျှဖြင့် မုနိမည်သောသူ မဟုတ်သေး၊ မကောင်းမှုကို ငြိမ်းစေသည်၏အဖြစ်ဖြင့်သာ မုနိမည်သောသူဖြစ်၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၆၈] န မောနေန မုနိ ဟောတိ၊ မူဠှရူပေါ အဝိဒ္ဒသု။
ယော စ တုလံဝ ပဂ္ဂယှ၊ ဝရမာဒါယ ပဏ္ဍိတော။

[၂၆၉] ပါပါနိ ပရိဝဇ္ဇေတိ၊ သ မုနီ တေန သော မုနိ။
ယော မုနာတိ ဥဘော လောကေ၊ မုနိ တေန ပဝုစ္စတိ။

မူဠှရူပေါ၊ အချည်းနှီးသော သဘောရှိသော။ အဝိဒ္ဒသု၊ သိကြားလိမ္မာခြင်း ကင်းသောသူသည်။ မောနေန၊ ဆိတ်ဆိတ်နေသဖြင့်။ မုနိ၊ မုနိမည်သည်။ န ဟောတိ၊ မဖြစ်။

(မောနေယျအကျင့်ဟု ဆိုအပ်သော မဂ်ဉာဏ်ဖြင့် ဆိတ်ဆိတ်နေမှသာ စင်စစ် မုနိမည်၏၊ အကျင့်ကင်းလျက် ဆိတ်ဆိတ်နေသဖြင့် မုနိမမည်။ အချည်းနှီးသော သဘောရှိသောသူ အသိအလိမ္မာ ဉာဏ်ပညာကင်းသောသူသာဖြစ်၏ဟူလို။)

ယော စ ပဏ္ဍိတော၊ အကြင်ပညာရှိသောသူသည်ကား။ တုလံ၊ ချိန်ကို။ ပဂ္ဂယှ၊ ချီမြှောက်၍။ ဌိတော ဝိယ၊ တည်သောသူကဲ့သို့။ ဟုတွာ၊ ဖြစ်၍။ ဝရံ၊ မြတ်သောတရားကို။ အာဒါယ၊ ယူ၍။ ပါပါနိ၊ မကောင်းမှု အကုသိုလ်တို့ကို။ ပရိဝဇ္ဇေတိ၊ ကြဉ်၏။ တေန၊ ထို့ကြောင့်။ သော ပဏ္ဍိတော၊ ထိုပညာရှိသောသူသည်။ မုနီ၊ မုနိ မည်၏။

(ဥပမာကား- ချိန်ခွင်ကို ကိုင်ယူလျက် တည်သောသူသည် လွန်လျှင် ဆောင်ယူတတ်၏၊ ယုတ်မူ ဖြည့်စွက်တတ်၏၊ ဤအတူ အကြင်ပုဂ္ဂိုလ်သည် လွန်လျှင် ထုတ်ဆောင်သကဲ့သို့ မကောင်းမှုကို ထုတ်ဆောင်တတ်၏။ ရှောင်ကြဉ်တတ်၏၊ ယုတ်မူ ဖြည့်စွက်သကဲ့သို့ ကုသိုလ်ကို ပြည့်အောင် ဖြည့်ကျင့်တတ်၏၊ ဤသို့ပြုသည်ရှိသော် သီလ သမာဓိ ပညာ ဝိမုတ္တိဉာဏဒဿနဟု ဆိုအပ်သော မြတ်သောတရားကိုသာယူ၍ မကောင်းမှု အကုသိုလ်ကံတို့ကို ရှောင်ကြဉ်နိုင်၏၊ ထိုဆိုအပ်ပြီးသော အကြောင်းကြောင့် ထိုပုဂ္ဂိုလ်သည် မုနိမည်၏ဟူလို။)

ယောမုနိ၊ အကြင်ရဟန်းသည်။ ဥဘော လောကေ၊ အဇ္ဈတ္တိကခန္ဓာ, ဗာဟိရခန္ဓာဟု ဆိုအပ်သော နှစ်ပါးသော လောကတို့ကို။ မုနာတိ၊ သိ၏။ တေန၊ ထို့ကြောင့်။ သောမုနိ၊ ထိုရဟန်းကို။ မုနိ၊ မုနိဟူ၍။ ပဝုစ္စတိ၊ ဆိုအပ်၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

တိတ္ထိတို့ဝတ္ထု ပြီး၏။