တိံသမတ္တပါဝေယျကဘိက္ခုဝတ္ထု

1358ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၆။ တိံသမတ္တပါဝေယျကဘိက္ခုဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ဗာလဝဂ်

၆။ ပါဝေယျကတိုင်းသား ရဟန်းတို့ ဝတ္ထု

မုဟုတ္တမပိ စေ ဝိညူအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုံးကျိပ်မျှသော ပါဝေယျကတိုင်းသား ရဟန်းများကို အကြောင်းပြု၍ ဟောတော်မူလေ၏။

တစ်ခဏဖြင့် တရားသိခြင်း

မြတ်စွာဘုရားသည် မိန်းမတစ်ယောက်ကို လိုက်လံရှာဖွေကုန်သော သုံးကျိပ်သော ပါဝေယျကတိုင်းသားတို့အား ကပ္ပါသိကမည်သော တောအုပ်၌ ရှေးဦးစွာ တရားကို ဟောကြားတော်မူလေ၏။ ထိုအခါ သုံးကျိပ်မျှသော အလုံးစုံသောသူတို့သည် ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ ရောက်ကြပြီးလျှင် တန်ခိုးဖြင့်ပြီးသော သပိတ်သင်္ကန်းကို ဆောင်ကုန်သည်ဖြစ်၍ တစ်ဆယ့်သုံးပါးသော ဓူတင်ကျင့်ဝတ်တို့ကို ဆောက်တည်ကာ ကျင့်ကြံကြိုးကုတ် အားထုတ်ကြကုန်သဖြင့် တစ်ဖန်လည်း ရှည်စွာသော ကာလလွန်ပြီးသောအခါ မြတ်စွာဘုရားသို့ချဉ်းကပ်၍ အနမတဂ္ဂသုတ္တန် တရားဒေသနာကို ကြားနာရသဖြင့် ထိုနေရာ၌ပင်လျှင် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။ ရဟန်းတို့သည် “ဤရဟန်းသုံးကျိပ်တို့သည်ကား အံ့ဩဖွယ်ရှိစွ၊ လျင်မြန်စွာ တရားတော်ကို ထိုးထွင်း၍ သိအပ်ပေသည်တကား”ဟု တရားသဘင်၌ စကားကို ဖြစ်စေကြကုန်၏။ မြတ်စွာဘုရားသည် ထိုစကားကိုကြားတော်မူ၍ “ချစ်သားရဟန်းတို့- ဤသုံးကျိပ်သော ရဟန်းတို့သည် ယခုအခါ၌သာ တရားတော်ကို လျင်မြန်စွာ ထိုးထွင်း၍ သိသည်မဟုတ်သေး၊ ရှေးအခါ၌လည်း သုံးကျိပ်မျှလောက်သော် အဆွေခင်ပွန်း သေသောက်ကြူးတို့ဖြစ်၍ တုဏ္ဍိလဇာတ်၌ မဟာတုဏ္ဍိလဝက်မင်း၏ တရားဟောခြင်းကို ကြားနာရ၍လည်း လျင်မြန်စွာသာလျှင် တရားဒေသနာကို သိကြသဖြင့် ငါးပါးသောသီလတို့ကို ဆောက်တည်ကြလေကုန်ပြီ၊ ထိုသို့သော အကြောင်းဥပနိဿယကြောင့် ယခုအခါ ထိုင်နေသော နေရာဌာန၌ပင် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏”ဟု မိန့်တော်မူ၍ တရားဟောတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၆၅] မုဟုတ္တမပိ စေ ဝိညူ၊ ပဏ္ဍိတံ ပယိရုပါသတိ။
ခိပ္ပံ ဓမ္မံ ဝိဇာနာတိ၊ ဇိဝှာ သူပရသံ ယထာ။

ဇိဝှါ၊ လျှာသည်။ သူပရသံ၊ ဟင်း၏အရသာကို။ ဝိဇာနာတိ ယထာ၊ သိနိုင်သကဲ့သို့။ ဝိညူ၊ သိကြားလိမ္မာ ပညာရှိသောသူသည်။ မုဟုတ္တမပိ၊ တစ်ခဏမျှလည်း။ ပဏ္ဍိတံ၊ ပညာရှိသောသူကို။ စေ ပယိရုပါသတိ၊ အကယ်၍ ဆည်းကပ်သည် ဖြစ်ငြားအံ့။ ခိပ္ပံ၊ လျင်လျင်မြန်မြန်။ ဓမ္မံ၊ ဘုရားဟောကြား မြတ်တရားကို။ ဝိဇာတိ၊ သိ၏။

ဒေသနာတော်၏ အကျိုး

တရားဒေသနာတော်၏အဆုံး၌ များစွာသော ရဟန်းတို့သည် အရဟတ္တဖိုလ်သို့ ရောက်ကြလေကုန်၏။

သုံးကျိပ်မျှသော ပါဝေယျကတိုင်းသား ရဟန်းတို့ဝတ္ထု ပြီး၏။