မလဝဂ်

၃။ တိဿမထေရ်ဝတ္ထု

အယသာဝမလံအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တိဿမထေရ် အမည်ရှိသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူလေ၏။

သင်္ကန်း၌ စွဲလမ်းသောကြောင့် သန်းဖြစ်ခြင်း

ထိုတိဿမထေရ်သည် သာဝတ္ထိပြည်၌နေသော အမျိုးသားတစ်ယောက်ဖြစ်၍ ရဟန်းပြုပြီးလျှင် ရအပ်သော ပဉ္စင်းအဖြစ်ရှိရကား တိဿမထေရ်ဟု ထင်ရှားတော်မူသတတ်။ ထိုတိဿမထေရ်သည် နောက်အဖို့၌ ဇနပုဒ်ကျောင်း၌ ဝါဆိုသည်ဖြစ်၍ ရှစ်တောင်ရှိသော ထူထဲသော သင်္ကန်းလျာပုဆိုးကိုရသဖြင့် ဝါကျွတ်လတ်သည်ရှိသော် ထိုသင်္ကန်းလျာပုဆိုးကို ယူကာ ပြန်သွား၍ အစ်မ၏လက်၌ ထားလေ၏။ ထိုအစ်မသည် “ဤပုဆိုးကား ငါ့မောင်တော်အား မလျောက်ပတ်”ဟု ထိုပုဆိုးကို ထက်လှစွာသော ပဲခွပ်ဖြင့် ခုတ်စဉ်း၍ အမျှင်အမျှင် ပြုပြီးလျှင် ဆုံငယ်၌ ထောင်း၍ သိပ်သွင်း၍ ပုတ်ခတ်၍ လုံး၍ သိမ်မွေ့သော ချည်ဖြစ်အောင် ငင်၍ ပုဆိုးကို ရက်စေလေ၏။ တိဿမထေရ်သည်လည်း ချည်ကိုလည်းကောင်း၊ အပ်တို့ကိုလည်းကောင်း စီရင်ပြီးလျှင် သင်္ကန်းချုပ်တတ်သော ပဉ္စင်းပျို သာမဏေတို့ကို စည်းဝေးစေလျက် အစ်မ၏အထံသို့ သွား၍ “ငါ့ပုဆိုးကို ပေးကြကုန်လော့၊ သင်္ကန်းချုပ်စေတော့အံ့”ဟု ဆိုလေ၏။ ထိုအစ်မသည် ကိုးတောင်ရှိသော ပုဆိုးကို ထုတ်ဆောင်၍ မောင်ငယ်ဖြစ်သော တိဿမထေရ်၏လက်၌ ထားလေ၏။ တိဿမထေရ်သည် ထိုပုဆိုးကိုယူကာ ဖြန့်လျက် ကြည့်ရှုပြီးလျှင် “ငါ့ပုဆိုးသည် ထူ၏၊ ရှစ်တောင်ရှိ၏။ ဤပုဆိုးကာ သိမ်မွေ့၏၊ ကိုးတောင်ရှိ၏။ ဤပုဆိုးသည် ငါ့ပုဆိုးမဟုတ်။ ဤပုဆိုးသည် သင်တို့ပုဆိုးသာတည်း။ ငါ့အား ဤသင်တို့ပုဆိုးဖြင့် အလိုမရှိ။ ငါ့အား ထိုပုဆိုးကိုသာ ပေးကြပါလော့”ဟု ဆိုလေ၏။ “အရှင်ဘုရား- ဤပုဆိုးသည် အရှင်ဘုရားတို့၏ ပုဆိုးသာတည်း၊ ထိုပုဆိုးကိုသာ ယူတော်မူကြပါဘုရား”ဟု လျှောက်ကြာလတ်သော် တိဿမထေရ်သည် အလိုမရှိသည်သာ ဖြစ်လေ၏။

ထိုအခါ တိဿမထေရ်အား မိမိပြုအပ်သော ကိစ္စအလုံးစုံကို ပြောကြားလျှောက်ထားပြီးလျှင် “အရှင်ဘုရား- ဤပုဆိုးသည် အရှင်ဘုရားတို့၏ ပုဆိုးသာတည်း၊ ထိုပုဆိုးကိုသာ ယူတော်မူကြပါဘုရား”ဟု ဆက်ကပ်လေ၏။ ထိုတိဿမထေရ်သည် ပုဆိုးကိုယူ၍ ကျောင်းသို့ သွားပြီးလျှင် သင်္ကန်းချုပ်ခြင်းအမှုကို ဖြစ်စေလေ၏။ ထိုအခါ တိဿမထေရ်၏အစ်မသည် သင်္ကန်းချုပ်သော ပုဂ္ဂိုလ်တို့အလို့ငှာ ယာဂုဆွမ်း စသည်တို့ကို ပြည့်စုံစေလေ၏။ သင်္ကန်းချုပ်၍ ပြီးသောနေ့၌ကား ပိုလွန်သော ပူဇော်သက္ကာရကို ပြုစေလေ၏။ တိဿမထေရ်သည် သင်္ကန်းကိုကြည့်ရှုလျက် ထိုသင်္ကန်း၌ဖြစ်သော နှစ်သက်စုံမက်ခြင်း ရှိသည်ဖြစ်၍ “ယခုအခါ နက်ဖြန်၌ ထိုသင်္ကန်းကို ရုံတော့အံ့”ဟု နှလုံးသွင်းလျက် ခေါက်၍ သင်္ကန်းတန်းဝါး၌ ထားပြီးလျှင် ထိုညဉ့်အခါ၌ နံနက်က သုံးဆောင်အပ်သော အာဟာရကို အစာကြေစေခြင်းငှာ မတတ်နိုင်ရကား စုတေမနေ ပျံလွန်လေ၍ ထိုသင်္ကန်း၌ သန်းအဖြစ်ဖြင့် ဖြစ်ရရှာလေ၏။

သန်းဘဝမှ တုသိတာဘုံ၌ ဖြစ်ခြင်း

တိဿမထေရ်၏အစ်မသည်လည်း တိဿမထေရ် ပျံလွန်တော်မူခြင်းကို ကြားရလျှင် ရဟန်းတို့၏ ခြေတော်ရင်းတို့၌ လူးလဲလျက် ငိုကြွေးရှာလေ၏။ ရဟန်းတို့သည် ထိုတိဿမထေရ်၏ အလောင်းကောင်ကို သင်္ဂြိုဟ်ဖုတ်ကြည်းခြင်းကိစ္စကို ပြု၍ သူနာပြု အလုပ်အကျွေး မရှိခြင်းကြောင့် ထိုသင်္ကန်းသည် သံဃာအားသာလျှင် ရောက်၏။ “ထိုသင်္ကန်းကို ဝေဖန်ကြကုန်စို့အံ့”ဟု ထုတ်ယူကြလေကုန်၏။ ထိုသန်းသည် “ဤရဟန်းတို့ကား ငါ့ဥစ္စာကို လုယက်ဖျက်ဆီးကုန်၏”ဟု ဟစ်အော်မြည်တမ်းလျက် ထိုမှဤမှ ပြေးသွားလေ၏။ မြတ်စွာဘုရားသည် ဂန္ဓကုဋိ၌ နေတော်မူလျက်သာလျှင် ဒိဗ္ဗသောတအဘိညာဉ်ဖြင့် ထိုအသံကို ကြားတော်မူရ၍ “ချစ်သားအာနန္ဒာ- တိဿရဟန်း၏ သင်္ကန်းကို ခုနစ်ရက် ထားခြင်းငှာ ဆိုချေဦးလော့”ဟု မိန့်တော်မူလေ၏။ ရှင်အာနန္ဒာမထေရ်သည် ဘုရားမိန့်တော်မူတိုင်း ပြုစေလေ၏။

ထိုသန်းသည်လည်း ခုနစ်ရက်မြောက်သောနေ့၌ စုတေခြင်းကိုပြု၍ တုသိတာနတ်ပြည်၌ ဖြစ်လေ၏။ မြတ်စွာဘုရားသည် ရှစ်ရက်မြောက်သောနေ့၌ “တိဿရဟန်း၏ သင်္ကန်းကို ဝေဖန်၍ ယူကြကုန်လော့”ဟု အမိန့်ပေးတော်မူလေ၏။ ရဟန်းတို့သည် ဘုရားမိန့်တော်မူတိုင်း ပြုကြကုန်လေ၏။ ရဟန်းတို့သည် တရားသဘင်၌ “အဘယ့်ကြောင့် မြတ်စွာဘုရားသည် တိဿရဟန်း၏သင်္ကန်းကို ခုနစ်ရက်တို့ပတ်လုံး ထားစေ၍ ရှစ်ရက်မြောက်သောနေ့၌ ယူခြင်းငှာ ခွင့်ပြုတော်မူပါသနည်း”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခု ငါလာဆဲဖြစ်သောအခါ၌ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်ဘိသနည်း”ဟု မေးတော်မူသောကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- တိဿရဟန်းသည် မိမိ၏သင်္ကန်း၌ သန်းတိရစ္ဆာန်အဖြစ်ဖြင့် ဖြစ်လေ၏။ သင်တို့သည် သင်္ကန်းကို ဝေဖန်အပ်သည်ရှိသော် “ဤရဟန်းတို့သည် ငါ့ဥစ္စာကို လုယက်ဖျက်ဆီးကြကုန်၏”ဟု ဟစ်အော်မြည်တမ်းလျက် ထိုမှဤမှ ပြေးသွားလေ၏။”

“သန်းဖြစ်ရှာသော ထိုတိဿရဟန်းသည် သင်တို့ သင်္ကန်းကို ယူအပ်သည်ရှိသော် သင်တို့၌ စိတ်ပြစ်မှား၍ ငရဲ၌ဖြစ်ရာ၏။ ထို့ကြောင့် ငါဘုရားသည် သင်္ကန်းကို ဆိုင်းထားစေ၏။ ယခုအခါ၌ကား ဤတိဿရဟန်းသည် တုသိတာနတ်ပြည်၌ ဖြစ်ပြီ။ ထို့ကြောင့် သင်ချစ်သားတို့အား ငါဘုရားသည် သင်္ကန်းကိုယူခြင်း၌ ခွင့်ပြုတော်မူ၏”ဟု မိန့်တော်မူ၍ တစ်ဖန် ရဟန်းတို့က “မြတ်စွာဘုရား- ဤတဏှာမည်သည် ဝန်လေးလှပါသည်တကား”ဟု လျှောက်ပြန်လတ်သော် “ချစ်သားရဟန်းတို့- ဤသတ္တဝါတို့၏ တဏှာမည်သည်ကား ဝန်လေးသည် မှန်ပေ၏။ ဥပမာကား သံမှဖြစ်သော အညစ်အကြေး သံချေးသည် တက်၍ သံကိုသာလျှင် စား၏၊ ဖျက်ဆီး၏၊ မသုံးဆောင်ကောင်းအောင် ပြု၏။ ဤအတူလျှင် ဤတဏှာသည် ဤသတ္တဝါတို့၏ ကိုယ်တွင်းသန္တာန်၌ဖြစ်၍ ထိုသတ္တဝါတို့ကို ငရဲစသည်တို့၌ ဖြစ်စေလေ၏။ ပျက်စီးခြင်းသို့ ရောက်စေဘိ၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

[၂၄၀] အယသာဝ မလံ သမုဋ္ဌိတံ၊ တတုဋ္ဌာယ တမေဝ ခါဒတိ။
ဧဝံ အတိဓောနစာရိနံ၊ သာနိ ကမ္မာနိ နယန္တိ ဒုဂ္ဂတိံ။

မလံ၊ အညစ်အကြေး သံချေးသည်။ အယသာဝ၊ သံမှသာလျှင်။ သမုဋ္ဌိတံ၊ ဖြစ်၏။ တတော၊ ထိုသံမှ။ ဥဋ္ဌာယ၊ ထ၍။ တမေဝ၊ ထိုသံကိုပင်လျှင်။ ခါဒတိ ဣဝ၊ စားသကဲ့သို့။ ဧဝံတထာ၊ ဤအတူ။ အတိဓောနစာရိနံ၊ ပစ္စည်းလေးပါးကို မဆင်ခြင်မူ၍ သုံးဆောင်သော ရဟန်းကိုသာ။ သာနိ ကမ္မာနိ၊ မိမိ၌ဖြစ်၍ မိမိဥစ္စာဖြစ်ကုန်သော ထိုအကုသိုလ်ကံတို့သည်။ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝသို့။ နယန္တိ၊ ဆောင်ကြကုန်၏။

(ပစ္စည်းလေးပါးကို ဓောနဟု ခေါ်သည်။ “ဤအကျိုးငှာ ဤပစ္စည်း မှီဝဲပါ၏”ဟု ဆင်ခြင်၍ သုံးဆောင်ခြင်း အမှတ်သညာကို ပြုရသည်။ ထိုအမှတ်သညာကို မပြုဘဲ လွန်၍ကျင့်သော ရဟန်းသည် အတိဓောနစာရိရဟန်း မည်၏။ ပစ္စည်းလေးပါးတို့ကို မဆင်ခြင်ဘဲ သုံးဆောင်သော ရဟန်းဟူလို)။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသော သူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

တိဿမထေရ်ဝတ္ထု ပြီး၏။