တေမိယဇာတ်တော်ကြီး/အခန်း-၀၈
ထိုသို့ မင်းကြီးအားလျှောက်၍ ညီညွတ်ကြပြီးသော် “ယခု သားတော်သည် ၁-လကျော် အရွယ်ခန့်သာ ရှိသေးသည်။ တစ်ပါးသောအလိုဖြင့် မစမ်းသင့်သေး။ ရှေးဦးစွာ နို့ရည်ဖြင့်ပင် အခါလည် ၁-နှစ်အရွယ်တိုင်အောင် စမ်းဦး။ မထူးမခြားမှ တစ်ပါးကို ပြောင်းရမည်”ဟု တစ်နေ့လုံး တစ်နေ့လုံး နို့ငတ်ထား၍ အလိုကို စမ်းကြကုန်၏။
ထိုသို့ အလိုစမ်းသောအခါ ဘုရားလောင်းမင်းသားသည် ရေဆာမွတ်သိပ်သည်ဖြစ်၍ ပြင်းစွာဆာလောင် ခြောက်ကပ်သော်လည်း နို့စို့အံ့သောငှာ အသံပေးခြင်း၊ ငိုကြွေးခြင်းကိုမပြုဘဲ ငရဲဘေးကိုရှုသဖြင့် သည်းခံတော်မူ၏။ ထိုသို့ တစ်နေ့လုံးလုံး နို့မတိုက်လတ်၍ မွတ်သိပ်လျက် မလှုပ်မယှက်နေသော သားတော်ကိုမြင်လျှင် မယ်တော်မိဖုရားကြီးသည် အလွန် သား၏ချစ်ခြင်းဖြင့် သည်းမခံနိုင်သည်ဖြစ်၍ “ငါ့သား နို့ငတ်လှပြီ။ မိခင်တိုက်မည်”ဟူ၍ ရံခါ ကိုယ်တိုင်ပင်တိုက်ပေ၏။ ရံခါရံခါလည်း နို့ထိန်းတို့ကို တိုက်စေ၏။
ဤသို့သောနည်းဖြင့် ၁-နှစ်ပတ်လုံး လစဉ်မပြတ် ရံဖန် တစ်နေ့တိုင်တိုင် နို့ငတ်ထားခြင်း အလိုစမ်းကြီးတို့ဖြင့်လည်းကောင်း၊ အမေးအခေါ် အဖျော်အမြှူ သူငယ်တို့ရွှင်ကြောင်း ဖြားယောင်းမျိုးအသွယ်သွယ် အလိုစမ်းငယ်တို့ဖြင့်လည်းကောင်း စမ်းကြကုန်၏။
ထိုသို့ အလိုစမ်းကြီး, အလိုစမ်းငယ်တို့ဖြင့် ၁-နှစ်ပတ်လုံး စမ်းကြသော်လည်း ဘုရားလောင်း၏အလိုတော်နှင့် အလျော်မသင့်၍ အခွင့်မရရှိလတ်လျှင် အမတ်အပေါင်းတို့သည် ကာသိကရာဇ်မင်းကြီးအား “အရှင်မင်းကြီး။ သားတော်၏အလိုကို နို့ရည်ဖြင့်စမ်း၍ ယခု ၁-နှစ်သာ လည်တော့သည်။ မည်သည့်ရက်တွင်မျှ အချက်မသင့် အခွင့်မရနိုင်ပါ။ အရွယ်အခါနှင့်လျော်အောင် တစ်သွယ်တရာရှာ၍ အလိုစမ်း စီရင်ဦးပါမှ သင့်ပါမည်”ဟု လျှောက်ထားကြကုန်၏။
ကာသိကရာဇ်မင်းကြီးလည်း “ကောင်းပြီ။ အလိုစမ်းမျိုး တစ်နည်းကြံ၍ စမ်းစေဦးမည်”ဟု ဆိုလျက်၊ အလိုစမ်းဖွယ်ကို တိုင်ပင်ကြံဆောင်ကြပြန်လေ၏။
(ဤကား ရှေးဦးစွာ ဘုရားလောင်းအား အရွယ်တော် ၁-နှစ်ပြည့်အောင် နို့ရည်ဖြင့် အလိုစမ်းခြင်းတည်း။)
ထိုအခါ “၁-နှစ် အခါလည်ကျော်ပြီးသော သူငယ်တို့ဓလေ့ကား တွေ့မြင်ရာအရာမျိုးကို ဆိုးကောင်းမရွေး ဆုပ်လွေး ကိုက်ခဲချင်မြဲဖြစ်သဖြင့် အရှင့်သားတော်လည်း သူငယ်ဖော်တကာတို့ ဓမ္မတာပြုချင်မြဲကို လမ်းမလွဲနိုင်ရာ။ ခံတွင်း,လျှာ အနုအထွား သွားပေါ်စသာဖြစ်၍ မသိမ်မွေ့သောအစာလည်း မလျောက်ပတ်။ သိမ်မွေ့ကောင်းမြတ်စွာ ရသာရွှင်ရွှင် သုံးချင်မရောင့်ရဲအောင် မုန့်ခဲဖွယ်စီရင်၍ ယခင်ထုံးကဲ့သို့ပင် ၁-နှစ်လုံးလုံး တစ်ခါမသုံး တစ်ခါသုံး နှလုံးအလို တော်,မတော်ကို အလျော်သင့်စမ်းရသော် ကောင်း၏”ဟု မင်းအမတ်အပေါင်း အညီအညွတ်တိုင်ပင်ကြပြီးသော်၊ ဖွားဖက်ရွေဖော် အမတ်သား ၅၀၀ အခြံအရံတို့နှင့်တကွ ဘုရားလောင်း တေမိမင်းသားကို နန်းရင်ပြင်၌ထား၍ အထူးထူးအပြားပြား များစွာသကာ, သကြား, ပျား, တင်လဲ ရောနှော၍လုပ်အပ်သော အဆုပ်အခဲ အဆိမ့်အချို အမျိုးမျိုးမြိန်နိုးဖွယ် အသွယ်သွယ်မုန့်တို့ကို မင်းသား၏မနီးမဝေး၌ ခင်းကျင်းပြီးလျှင် “သခင်အလိုရှိတိုင်း သုံးတော်မူပါ”ဟု အမြှူအချူ သူငယ်တို့အလိုလိုက် နှစ်ခြိုက်ရာချော့မော့ပြောဆို၍ ဖွားဖက်သတို့သား ၅၀၀-မှတစ်ပါး တစ်ယောက်မျှ မနေမချဉ်းစေဘဲ လွှဲဖယ်ပုန်းကွယ်ကာ တင့်တယ်ရာအရပ်က နန်းသူနန်းသားအများ မင်းသား၏အခွင့်အကြောင်းကို ချောင်းမြောင်းကြည့်ရှုကာနေ၍၊ တစ်နေ့လုံး တစ်နေ့လုံး ရံဖန်ရံဖန် အခါသင့်မပြတ်မလပ် ၁-နှစ်စပ်အောင် အလိုစမ်းကြကုန်၏။
ထိုသို့ အလိုစမ်းသောအခါ ဖွားဖက်ရွေဖော် အမတ်သား ၅၀၀တို့သည် နှစ်လိုဖွယ်သော မုန့်အထူးထူးကိုမြင်လျှင် သူ့အရင်ငါ ဝမ်းသာရွှင်လန်း ယူလှမ်းငင်ဆုပ် နှုတ်တစ်ဘက် လက် ၂-စ ရသမျှစွဲကိုင် နိုင်ရာအချင်းချင်း ငြင်းခုံတွန်းလှုပ် ခတ်ပုတ်လုယက် မာန်ခက်နှလုံးပြို ငိုသူရွှင်သူ အူအူတက်မျှ အားရအင်ရွဲ ခဲကိုက်လျက်စားကြကုန်၏။
ဘုရားလောင်း တေမိမင်းသားမူကား ဤသို့ မိမိကိုယ်ကို ဆုံးမတော်မူ၏။ “သတို့သား တေမိမင်းသား။ သင်သည် အစမထင် သံသရာက ဤမုန့်အရသာကဲ့သို့သော အရသာကို အခါမရေမတွက်နိုင်အောင် စားခဲ့ရလှလေပြီ။ နောင်သံသရာလည်း အဘယ်အခါမျှ ဆုံးမည်မသိ။ ဤထက်မကသော အရသာကိုပင်လည်း အခါမရေမတွက်နိုင်အောင် သင် စားရမည်ကားမချွတ်။ သံသရာဝဋ်မလွတ်မီ အထဲတွင် ငရဲမီးအရှိန်ကို စည်းစိမ်မှတ်ထင်၍ သင်ခံစားလိုလျှင် ထိုမုန့်ခဲဖွယ် အပါယ်တံခါးဝ လမ်းစအကြောင်းရင်း မင်းဖြစ်ဖို့အမြစ်ကို ချစ်ခင်နှစ်သက် မြိန်ရှက်စွာ ဆုပ်ကိုင်၍စားလော့။ နှလုံးထားအမြဲ ငရဲကိုမလိုလျှင် ထိုမုန့်၌ အခင်အမင်ကို သင် မလိုက်နှင့်”ဟု ငရဲဘေးဖြင့်ခြိမ်း၍ ဆုံးမတော်မူလျက် မျက်စိနှင့် ရူပါရုံဆိုင်လျှင် အနိုင်နှိပ်တတ်သော ရသတဏှာ ပေါ်လာခြင်းရှိ၍ သမာဓိအငြိမ်အသက် ပျက်အံ့သည်မှစိုးသောကြောင့် မြတ်နိုးခြင်း ရှင်းရှင်းသန့်သန့် ကွာစေလိုသဖြင့် ထိုမုန့်ခဲဖွယ်တို့ကို မော်၍မျှမကြည့်ရှု၊ ပြုမိရာမျက်နှာထားပြကတေ့ဖြင့် သိမ်မွေ့တည်ကြည်စွာ နေတော်မူ၏။
မယ်တော်, အထိန်းတော်တို့သည် မုန့်တချို့ကို ဘုရားလောင်း၏လက်၌ထား၍ တချို့မုန့်ကိုလည်း မိမိတို့ဖဲ့ခြွေကာ မြိန်ရေရှက်ရေ “ဤမုန့်မျိုးကား ချို၏၊ ဤမုန့်ကား ဆိမ့်၏”ဟုဆို၍ သူငယ်တို့အလိုပါ ချော့ရာသမျှ အလိုစမ်းငယ်တို့ဖြင့် ချော့မော့ဖြားယောင်းငြားသော်လည်း လှုပ်ရှားရုံမျှမရ လက်ဆွံ့နှုတ်အ အယောင်ဆောင်၍ နေတော်မူ၏။ ထိုမုန့်ခဲဖွယ်တို့ကို ခံတွင်းသို့ခွံမှသာလျှင် သုံးဆောင်တော်မူ၏။
ဤသို့ ၁-နှစ်တိုင်တိုင် အခါသင့် ရံဖန်ရံဖန် တစ်နေ့ပတ်လုံး, တစ်နေ့ပတ်လုံး မုန့်ခဲဖွယ်ဖြင့် အလိုစမ်းကြကုန်၏။ ထိုမုန့်ခဲဖွယ်ဖြင့် အလိုစမ်းလျက် ၂-ခ့လည်တိုင်အောင် ဘုရားလောင်းမင်းသား၌ တစ်စုံတစ်ခုသောအခွင့်ကိုမျှ မရလတ်သော် မှုးတော် မတ်တော်တို့သည် ရှေးနည်းအတူ မင်းကြီးအားလျှောက်ထား၍ အလိုစမ်းမျိုးတစ်နည်း တိုင်ပင်ကြံဆောင်ကြပြန်လေ၏။
(ဤကား ဘုရားလောင်းမင်းသား အရွယ်တော် ၂-နှစ်ရှိ၍ ၂-ကြိမ်မြောက်သော မုန့်ခဲဖွယ်ဖြင့် အလိုစမ်းခြင်းတည်း။)
ထိုအခါ “၂-နှစ်ကျော်ပြီးသော သူငယ်တို့ဓလေ့ကား သွားခံ့ကျန်းပြီဖြစ်၍ သစ်သီးခဲဖွယ်တို့ကို အငယ်အကြီးမဟူ လှမ်းယူကိုက်ခဲ ပြုမြဲဓမ္မတာ ဖြစ်တော့သည်။ မည်သည့်အသီးမဆို အချိုအချဉ် စားကောင်းသမျှ ကြီးငယ်မရွေး ရှေးနည်းအတူ အလိုစမ်းရသော်ကောင်း၏”ဟု မင်းအမတ်တို့ အညီအညွတ်တိုင်ပင်ကြပြီးလျှင် ရာသီလိုက် အခါသင့်ပေါ်သော သရက်, ပိန္နဲ, နရွဲ, သစ်မည်, စည်, တည်, လွန်, သစ်ကြား စားကောင်းသမျှသော သစ်သီးမျိုးတို့ဖြင့် အလှည့်လှည့်အပြောင်းပြောင်း ဘုရားလောင်းမင်းသား အမတ်သားရွေဖော်အစည်းအဝေး၌ ရှေးမုန့်ခဲဖွယ်မှာကဲ့သို့ နှစ်လို့စေကြောင်း ဖြားယောင်းပေးကမ်းလျက် မပြတ်လျှင် အလိုစမ်းကြကုန်၏။ အမတ်သား ၅၀၀တို့သည်လည်း မုန့်ခဲဖွယ်မှာကဲ့သို့ပင်လျှင် အချင်းချင်း ငြင်းခုံပုတ်ခတ်ခြင်းကိုပြု၍ လုယူမြိန်ရှက် နှစ်သက်ရွှင်လန်းစွာ စားကြကုန်၏။
ဘုရားလောင်းမင်းသားမူကား ရှေးနည်းအတူလျှင် ငရဲဘေးဖြင့်ခြိမ်း၍ မိမိကိုယ်ကိုဆုံးမလျက် ငဲ့ကွက်မယိမ်း မတိမ်းမလှည့် ရှုကြည့်မမူ အယူမယိုင် ခိုင်မတ်စွာနေတော်မူ၏။ ဤသို့ သစ်သီးကြီးငယ်ဖြင့် ၁-နှစ်ပတ်လုံး ရံဖန်ရံဖန် အလိုစမ်းကြသော်လည်း ဘုရားလောင်းအား တစ်စုံတစ်ခု ပြုမြဲသောအမူအရာမှ ထူးသောအခွင့်ကို မမြင်နိုင်ကြလတ်လျှင် အမတ်တို့သည် ရှေးနည်းအတူ မင်းကြီးအားလျှောက်ထား၍ မင်းသား၏အရွယ်နှင့်ချင့်လျက် အလျော်သင့်တစ်နည်း အလိုစမ်းရန် တိုင်ပင်ကြံဆောင်ကြပြန်လေ၏။
(ဤကား ဘုရားလောင်း အရွယ်တော် ၃-နှစ်ရှိ၍ ၃-ကြိမ်မြောက်သော သစ်သီးကြီးငယ်ဖြင့် အလိုစမ်းခြင်းတည်း။)
ထိုအခါ “၃-ခါလည်ကျော်ပြီးသော သူငယ်တို့မည်သည်ကား ယောက်ျားဖြစ်သော် ယောက်ျားအလိုက်, မိန်းမဖြစ်သော် မိန်းမအလိုက် အမျိုးတို့စရိုက်အားလျော်စွာလျှင် ဆင်ရုပ်, မြင်းရုပ်, ဆိတ်ရုပ်, ကြက်ရုပ်စသည် တိုက်၍ကစားခြင်း၊ ထွန်ငယ်, လှည်းငယ်, လှေငယ် စသည်ဖြင့်ကစားခြင်း၊ အိုးပုတ်ငယ်, ဗန်းငယ်, ဆန်ကောငယ် စသည်ဖြင့်ကစားခြင်း၊ ယဉ်မင်းငယ် စသည်ဖြင့်ကစားခြင်း မိဘတို့အလေ့နှင့်လျော်စွာ ထိုသို့ များစွာသောသူငယ်တို့ ကစားဖွယ်မှုကို အလိုရှိချင်ဖြစ်သည်။ ဤ သခင့်သားတော်အားလည်း အရွယ်နှင့်လျော်စွာ ဆင်ရုပ်, မြင်းရုပ်, နွားရုပ်, လားရုပ်, ဆိတ်ရုပ်, ကြက်ရုပ် စသော မင်းသားငယ်တို့ ကစားဖွယ်အရုပ်ဖြင့် အလိုစမ်းရသော်ကောင်း၏”ဟု အညီအညွတ်တိုင်ပင်ကြပြီးလျှင်၊ အထူးထူးအပြားပြား ရှုချင်ဖွယ်အဆင်းရှိသော ရွှေစင်ငွေစင် စသည်ဖြင့်ပြီးသည်ဖြစ်၍ ဆန်းကြယ်လှစွာ ပြုလုပ်စီရင်အပ်သော ဆင်ရုပ်, မြင်းရုပ်, နွားလားရုပ်, ဆိတ်ရုပ်, ကြက်ရုပ် စသည်များစွာ ကစားဖွယ်အရုပ်တို့ကို နန်းရင်ပြင်၌ အမတ်သား ၅၀၀ ခြံရံလျက် နေစေအပ်သော တေမိမင်းသား၏ရှေ့တူရူ မနီးမဝေးတွင် ခင်းကျင်းကာထား၍၊ “ဤအရုပ်ငယ်များကား ကစားချင်စဖွယ် အလွန်လှ၏။ ဆင်တိုက်ခြင်း, မြင်းတိုက်ခြင်း, နွားလားတိုက်ခြင်း, ဆိတ်တိုက်ခြင်း, ကြက်တိုက်ခြင်း စသည်ဖြင့် အလိုရှိရာ ကစားကြလော့”ဟု သူငယ်တို့အကြိုက် အလိုလိုက်ချော့မော့မြူးရွှင်မျိုး အလုံးစုံကိုပြု၍ ရှေးနည်းအတူပင် အလိုစမ်းကြပြန်လေ၏။ ဖွားဖက်တော် ရွေဖော် ၅၀၀တို့သည် ထိုဆင်ရုပ်, မြင်းရုပ်စသည်တို့ကိုမြင်လျှင် သူငယ်ဓမ္မတာ တန်ရာတွင်မရပ် လတ်လတ်ရွှင်ရွှင် မြင်တိုင်းလိုချင်ခြင်းဖြင့် အချင်းချင်း ငြင်းခုံခတ်နှက် လုယက်ဆိုယူ ကလူပျော်ပါး ကစားကြကုန်၏။
ဘုရားလောင်း တေမိမင်းသားမူကား ငရဲမီးတောက် အနီးရောက်သကဲ့သို့ ကြောက်လန့်ခြင်းဘေးဖြင့် ခြိမ်းသည်ဖြစ်၍ မတိမ်းမလှည့် ကြည့်ရှုမမူ ရှေးနည်းအတူ မိမိကိုယ်ကိုဆုံးမလျက် ငြိမ်သက်တည်ကြည်စွာ နေတော်မူ၏။ ဤသို့ သူငယ်တို့ ကစားဖွယ်ဖြစ်သော ဆင်ရုပ်, မြင်းရုပ်စသည်တို့ဖြင့် တစ်ကြိမ်မပါ တစ်ကြိမ်ပါ အခါသင့်ရံဖန်မပြတ် ၁-နှစ်ပတ်လုံး အလိုစမ်းကြကုန်၏။ ညဉ့်,နေ့ အခါမပြတ်လည်း အရွယ်နှင့်လျော်စွာ လိုရာချော့မော့ ဖြားယောင်းခြင်း အလိုစမ်းငယ်တို့ဖြင့်လည်း စမ်းကြကုန်၏။
ထိုသို့ အလိုစမ်းကြသော်လည်း ဘုရားလောင်းအား ထူးခြားသောအခွင့်ကို မမြင်နိုင်ကြလတ်လျှင် အမတ်တို့သည် မင်းကြီးအား အကြောင်းကို လျှောက်ထား၍ မင်းသားအရွယ်နှင့်ချင့်လျက် အလျော်သင့်တစ်နည်း အလိုစမ်းရန် တိုင်ပင်ကြံဆောင်ကြပြန်လေ၏။
(ဤကား ဘုရားလောင်း အရွယ်တော် ၄-နှစ်ရှိ၍ ၄-ကြိမ်မြောက်သော သူငယ်တို့ကစားဖွယ်ဖြင့် အလိုစမ်းခြင်းတည်း။)
ထိုအခါ “၄-ခါလည်ကျော်ပြီးသော သူငယ်မည်သည်ကား စားဖွယ်ခဲဖွယ်ကို ခင်မင်တတ်၏။ စားဖွယ်ခဲဖွယ် အထူးထူးစီရင်၍ အလိုစမ်းသော် ကောင်း၏”ဟု မင်းအမတ်တို့ အညီအညွတ်တိုင်ပင်ကြပြီးလျှင် အထူးအမြတ် ကောင်းမွန်မြန်နိုးရာ စီရင်အပ်ပြီးသော ထမင်းဟင်းလျာ ဘောဇဉ်တို့ကို ရှေးနည်းအတူ မင်းသားအထံ၌ ကပ်ပေကုန်၏။ သူငယ်ရွေဖော် ၅၀၀တို့သည် ထိုဘောဇဉ်မြိန်ရှက်ဖွယ်တို့ကိုမြင်လျှင် ခင်မင်စုံမက် နှစ်သက်ရွှင်လန်းစွာ ကိုင်ဆုပ်၍ အလုပ်အလွေ့ မြိန်ရေရှက်ရေ စားကြကုန်၏။
ဘုရားလောင်း တေမိမင်းသားမူကား ငရဲဘေးဖြင့် ခြိမ်းသည်ဖြစ်၍ မိမိကိုယ်ကို ဤသို့ ဆုံးမတော်မူ၏။ “ချစ်သား တေမိယကုမာရ။ အစမထင် ကျင်လည်ခဲ့ရသော သံသရာအယဉ်တွင် ဤဘောဇဉ်ကဲ့သို့ သုံးချင်မရက် နှစ်သက်ဖွယ်ရှိသောဘောဇဉ်ကို ကြဉ်ရှောင်သဖြင့် မစားရသောဘဝ, ဒုဗ္ဘိက္ခထိ၍ မရှိသဖြင့် မစားရသောဘဝ, နွမ်းနယ်ဆင်းရဲ ဇာတ်ကွဲ၍မထိုက်သဖြင့် မစားရသောဘဝတို့ကို ဂဏန်းသင်္ချာချ၍ ရေတွက်သော်လည်း မရေတွက်နိုင်၊ များစွာ ကြိမ်ခဲ့ရလှလေပြီ။ မြင့်မြတ်ချမ်းသာ ကောင်းစွာအမျိုးအလိုက် ထိုက်တန်သဖြင့် စားရသောဘဝ, သုဘိက္ခသမ္ပတ္တိ ဝပြောခြင်းရှိ၍ ပြည့်စုံသဖြင့် စားရသောဘဝတို့ကိုလည်း ဂဏန်းသင်္ချာချ၍ မရေတွက်နိုင်။ များလှစွာလေပြီ။ ယခုလည်း ငရဲဘေးကိုကြောက်သော သင်သည် အမျိုးအလိုက် ထိုက်တန်ကောင်းမြတ်စွာ ရှေ့သို့ရောက်လာသော ဤဘောဇဉ်ကို အဓိဋ္ဌာန်ခြင်း အင်္ဂါမပျက်အောင် ကြဉ်ရှောင်သဖြင့် အခွင့်လိုရာ အပြီးရောက်ကြောင်း မစောင်းမတိမ်း ဆောက်တည်လော့။ ငဲ့ကွက်ခြင်း သင်မရှိနှင့်”ဟု မိမိကိုယ်ကို ဆုံးမတော်မူ၍ ပြကတေ့ဣန္ဒြေမပျက် ငဲ့ကွက်မကြည့် မလှည့်မလည် တည်ကြည်စွာနေတော်မူ၏။
ထိုသို့ မလှုပ်မယှက် ငြိမ်သက်တည်ကြည်စွာနေသည်ကို မယ်တော်မိဖုရား တစ်ပါးကွယ်ရာက အခါလေးမြင့် စောင့်စားလျက် မခြားမထူးမြင်လျှင် လိုအင်မရ၍ ထတုံထိုင်ထုံ အာရုံမရောင့်ရဲ စိတ်ထဲအပူအပန်ကို သည်းမခံနိုင်သောနှလုံးဖြင့် ပုန်းကွယ်ရာကထွက်၍ စုံမက်သဖွယ် အသွယ်သွယ်ဖြားယောင်းလျက် ကောင်းစွာကျွေးမွေးပေ၏။ ဘုရားလောင်း မင်းသားသည်လည်း ထို ထမင်းဟင်းလျာ ဘောဇဉ်တို့ကို ခံတွင်းသို့ရောက်မှသာလျှင် သုံးဆောင်တော်မူ၏။ ဤသို့ မြိန်ရှက်ဖွယ်သော ဘောဇဉ်တို့ဖြင့် အခွင့်တစ်ခါမရ တစ်ခါရ ကောင်းလှစွာစီမံ၍ ကြိမ်ဖန်များစွာ အခါမပြတ် ၁-နှစ်ပတ်လုံး အလိုစမ်းကြကုန်၏။ အရွယ်နှင့် ထိုက်တန်ရာယှဉ်၍ အစဉ်မပြတ်သော အလိုစမ်းငယ်တို့ဖြင့်လည်း စမ်းကြကုန်၏။ ထိုသို့ အလိုစမ်းကြသော်လည်း ဘုရားလောင်းမင်းသားအား ထူး၍သော အခွင့်ကိုမမြင်နိုင်ကြလတ်လျှင် အမတ်တို့သည် ရှေးနည်းအတူ အကြောင်းကို မင်းကြီးအားလျှောက် အရွယ်နှင့်လျောက်၍ အရွယ်နှင့်လျောက်ပတ်သော အလိုစမ်းဖွယ်တစ်နည်း တိုင်ပင်ကြံစည်ကြပြန်လေ၏။
(ဤကား ဘုရားလောင်း အရွယ်တော် ၅-နှစ်ရှိ၍ ၅-ကြိမ်မြောက်သော ထမင်း, ဟင်းလျာ, ဘောဇဉ်ဖြင့် အလိုစမ်းခြင်းတည်း။)
ထိုအခါ ၅-နှစ်အရွယ် ရှိပြီးသော သူငယ်မည်သည်ကား ထွားနုသော ကိုယ်ဣန္ဒြေ သည်းခြေနှလုံးလည်း မငြိမ်သက်တုန်းအချိန် မီးအရှိန်အလျှံကို မခံစားဝံ့။ ထိတ်လန့်ကြောက်ရွံ့ခြင်း ပြင်းပြစွာရှိတတ်သည်ဖြစ်၍ “မနှစ်လိုဖွယ် အရှိန်ကြီးသောမီးဖြင့် အလိုစမ်းရသော်ကောင်း၏”ဟု မင်းအမတ်တို့ အညီအညွတ်တိုင်ပင်ကြပြီးလျှင် မင်းရင်ပြင် မုခ်နန်းတော်ရှေ့တလင်းတွင် အလျင်အမြန်ထွက်ပြေးသာအောင် များစွာထွက်ပေါက် တံခါးအဝထား၍ မင်းသားငယ်ကစားရာ ကြီးစွာတဲအိမ်မြေနန်း ဆောက်လုပ်စေလျက် ထန်းလက်ခက် ရွက်ခြောက်မိုးစေပြီးသော် ရွေဖော်အမတ်သား ၅၀၀ အခြံအရံနှင့်တကွ ဘုရားလောင်းမင်းသားငယ်ကို ထိုတဲအိမ်တွင်း မြေတလင်းပြင်၌ ကစားစေလိုသောအဖြစ်ဖြင့် အမှတ်မဲ့နေစေ၍ အလန့်တကြား တစ်ပါးမျက်နှာလွှဲကာ တဲအမိုးထမ်းရွက်ခြောက်ကို မီးတောက်ဖြင့် ရှို့မြှိုက်လေလျှင် လျင်စွာတဲ့မိုးအလုံး ဟုန်းဟုန်းတောက်မျှ လောင်လေ၏။ ထိုအခါ အမတ်သား ၅၀၀-တို့သည် မီးစွဲကူးသည်ကို ရှေးဦးစွာမြင်စဉ်ကလျှင် နီးရာတံခါးဖြင့် ထွက်သွားဟစ်အော် ကြွေးကြော်မြည်တမ်းလျက် ပရမ်းပတာ ပြေးကြလေ၏။
ဘုရားလောင်း တေမိမင်းသားမူကား ဤသို့ ကြံတော်မူ၏။ “ဤထန်းရွက်ခြောက်မီးသည် ပူသော်လည်း ငါ့ကို လောင်ရုံမြိုက်ရုံမျှသာ ရှိမည်။ အရိုးအသား ကျွမ်းလောင်အောင်မျှ အပူမကြီးရာ။ ငရဲအဝီစိမီးမူကား အနီးမတွေ့ အငွေ့အခိုးနှင့်ပင် အရိုးအသား ကြေကျွမ်းဘနန်း လျှမ်းလျှမ်းတက်မျှ ဤမီးထက် အဆအရာ, အဆအထောင်, အဆအသိန်းမက အရှိန်အပူ ကြီးစွာတုံသေး၏”ဟု ကြံလျက်၊ “ချစ်သား တေမိယကုမာရ။ ဤထန်းရွက်ခြောက်ကိုမျှ သည်းမခံနိုင်ထွက်ပြေးခဲ့လျှင် ငရဲမီးမှာ အသို့လျှင် သင် ခံနိုင်ပါအံ့နည်း။ ငရဲမီးကိုကြောက်၍ မင်းမပြုလိုလျှင် ဤမီးပူကို အဓိဋ္ဌာန်မပျက်အောင် သင်သည်းခံလော့”ဟု မိမိကိုယ်ကိုဆုံးမတော်မူ၍ ပူပြင်းကြောက်လန့်ဖွယ်သော အနိဋ္ဌာရုံ၌ တုန်လှုပ်ကြောက်လန့်တတ်သော “ဒေါသမူ ဗျာပါဒ”စိတ်ကို နင်းနှိပ်အောင်မြင်ပြီး မထေရ်ကြီး အဝါ ၆၀-ကျော်ရှိ နိရောဓသမာပတ်သို့ ဆည်းကပ်သောအခိုက်အခါ အနာဂါမ်ရဟန္တာ အရှင်မြတ်တို့ကဲ့သို့ နှစ်လို၍လည်းမဟုတ်, စက်ဆုပ်၍လည်း စိတ်မညစ်, လျစ်လျူသဘော လိုအပ်သောအမှုရင်း၌သာလျှင် နှလုံးသွင်းစွဲချည်လျက် တည်ကြည်စွာ မတုန်မလှုပ်နေတော်မူ၏။
ထိုသို့ မီးလျှံအရှိန်အဝါ ထလျက်လည်း မတုန်မလှုပ်နေသော မင်းသားကိုမြင်လျှင် အထိန်းတော်တို့သည် မင်းသား၏အနီးသို့ မီးရောက်လတ်သောအခါ မီးပွားမီးပေါက် ကျရောက်အံ့သည်မှစိုးသောကြောင့် ဘုရားလောင်းမင်းသားကို ပိုက်ချီသိမ်းယူကြကုန်၏။ ထိုသို့ မီးဖြင့် ရံဖန်ရံဖန် အခါမပြတ် ၁-နှစ်ပတ်လုံး တစ်ကြိမ်မကြောက် တစ်ကြိမ်ကြောက်အောင် ခြောက်ခြိမ်း၍ အလိုစမ်းကြကုန်၏။ အရွယ်နှင့်လျော်စွာ တစ်နေ့မပြတ်လည်း အလန့်တကြား ယောင်မှား၍စကားပြောအောင်၊ လက်,ခြေလှုပ်ရှားအောင်၊ နားလှည့်၍ထောင်အောင် ကြံဆောင်လျက် ထိုထိုတော်သင့်ရာ အလိုစမ်းငယ်တို့ဖြင့်လည်း စမ်းကြကုန်၏။
ထိုသို့လူတွင် ဆေးစီရင်နည်းကျမ်း၌ “ပူချမ်းဥတု၊ အိမ်မှုမှီကြူး၊ လန့်မူးကြောက်ထိတ်၊ စိတ်အကြံများ၊ အစားမတော်၊ အိပ်မပျော်နိုး၊ ရေချိုးမသင့်” ဤသို့အားဖြင့် ၇-ပါးသော အနာရောက်ကြောင်းတွင် ဘုရားလောင်း မင်းသားကိုယ်တော် ဖျော့တော့ ညှိုးကြုံ မတုန်မလှုပ်နေသောအနာကို ပညာရှိအများတွေးဆ၍ စိတ္တဇသာဖြစ်သည်ဟု စင်စစ် သိသဖြင့် အသင့်တော်ရာရှာ၍ ထိုသို့အလိုစမ်းဆေး ပေးကုစီရင်ကြသော်လည်း စိတ်တော်အကြိုက်နှင့် အလိုက်မသင့်၍ အခွင့်မရကြလတ်လျှင် အမတ်တို့သည် ရှေးနည်းအတူ အကြောင်းကို မင်းကြီးအား လျှောက်ထား၍ အရွယ်တော်တစ်ဦး ကူးပြောင်းပြန်သည်နှင့်လျော်စွာ ရှာကြံလျက် အလိုစမ်းတစ်နည်း တိုင်ပင်ကြံစည်ပြန်လေ၏။
(ဤကား ဘုရားလောင်း အရွယ်တော် ၆-နှစ်ရှိရင် ၆-ကြိမ်မြောက်သော မီးဖြင့် အလိုစမ်းခြင်းတည်း။)
ထိုအခါ “၆-နှစ်အရွယ်ရှိပြီးသော သူငယ်မည်သည်ကား အသွေးအသားနှလုံးနေ ဣန္ဒြေရင့်ချိန် လိမ္မာစအရွယ် ကြောက်မက်ဖွယ်, ပျော်ပါးဖွယ် ၂-သွယ်သောအမှု၌ စုဝေးနိုင်သဖြင့် ဆိုင်ပြိုင်တူရူ ရှေးရှုလာသော အမုန်ယစ်သောဆင်ကိုမြင်လျှင် ကြောက်လန့်တတ်သည်ဖြစ်၍ ဆင်ဖြင့်စမ်းရသော် ကောင်း၏”ဟု မင်းအမတ်တို့သည် တိုင်ပင်ညီညွတ်ကြပြီးလျှင် မင်းသားအား အန္တရာယ်မဖြစ်စေခြင်းငှာ လက္ခဏာဝင် ဆင်ကောင်းဆင်မြတ်တစ်စီးကို သူငယ်အလိုစမ်း ခြောက်ခြိမ်းသောအမှု၌ လိမ္မာစေကြောင်း ကောင်းစွာသင်ပြီးသော် ရွေဖော်အမတ်သား ၅၀၀ အခြံအရံနှင့်တကွ ဘုရားလောင်းမင်းသားကို မင်းရင်ပြင်မုခ် နန်းတော်ဦးမြေတလင်း၌ထား၍ ထိုဆင်ပြောင်ကို လွှတ်လိုက်လျှင် ချင်ချင်တက်မျှကြောက်မက်ဖွယ် ကြိုးကြာသံကဲ့သို့ မာန်သံပေးလျက် အမုန်ယစ်သော ဆင်အမူအရာသင်ခြင်း၌ လိမ္မာ၍ နှာမောင်းအိုးခွဲဖောက်လျက် ကြောက်လန့်ဖွယ် မြေ၌ ရိုက်ဆောင့်ပုတ်ခတ်ကာ ပြင်းစွာမာန်ကြီး အမြီးကိုတန်း၍ မှန်းရွယ်တူရူ စွယ်ဖြူဖွေးဖွေးခင်းလျက် မင်းသားငယ်တစ်စုကို ယခုလိုက်၍ တိုက်ထိုးနင်းပစ်ယောင်ဆောင်ကာ ပြေးဝင်လာလတ်သော် ဖွားဖက်ရွေဖော် အမတ်သား ၅၀၀တို့သည် ပြင်းစွာသောဘေးမှ ကြောက်လန့်ခြင်း နှလုံးမွန်သဖြင့် မြည်တွန်အော်ဟစ်လျက် မျက်နှာတူရူ ရှေးရှုမိရာအရပ်တို့သို့ လန့်ဖျပ်ငိုကြွေး ပြေးရှောင်ကြလေ၏။
ဘုရားလောင်း တေမိမင်းသားမူကား အမုန်ယစ်သောအသွင်ဖြင့် ထိုဆင်ပြောင် လာလတ်သည်ကိုမြင်လျှင် ဤသို့ ကြံတော်မူ၏။ “ငါသည် အခါမြင့်မြဲ ဆင်းရဲကြီးသောငရဲမီး၌ ကြမ်းကြုတ်စွာ ကြမ္မာစီရင်တိုင်းခံလျက် သေရသောထက် ဤဆင်ကြမ်းလက်တွင် တစ်ခဏတွက်ရုံမျှ နှိပ်စက်လတ္တံ့သော ဒဏ်ကိုခံလျက် သေရသော် အဆ အသိန်းအသန်းမက မြတ်သေး၏။ ကြောက်၍ ငါပြေးလျှင် အရေးကောင်းဟူသမျှ ပျက်သဖြင့် ရှက်ဖွယ်သာရှိတော့မည်။ တည်ကြည်စွာ အင်္ဂါ ၃-ပါး ဆောက်တည်ရင်းကိုသာ နှလုံးသွင်းခြင်း ဖြောင့်စင်းစေ”ဟု ဣန္ဒြေမပျက်စေဘဲ ငရဲဘေးဖြင့် ခြိမ်းခြောက်သည်ဖြစ်၍ မတုန်မလှုပ် ငြိမ်သက်စွာနေတော်မူ၏။
အခြောက်အခြိမ်းမှု၌ သင်ပြီးသည်ဖြစ်၍ လိမ္မာလှစွာသော ထိုဆင်ပြောင်သည်လည်း ကြောက်မက်ဖွယ်မာန်ဖြင့် လာလတ်ပြီးလျှင် ဘုရားလောင်းမင်းသားကို နှာမောင်းဖြင့် ပန်းစည်းကိုချီသည်နှင့်အတူ ပွေ့ယူချီပိုက်၍ ရိုက်ယောင်ပစ်ယောင် နင်းထိုးသတ်ညှစ်ဟန် အယောင်ဆောင်လျက် တောင်, မြောက်, ဘယ်, ညာ လှုပ်ရှားကာ ခြိမ်းခြောက်လျက် မြှောက်တုံနှိပ်တုံ မင်းသားအားလည်း မပင်မပန်းစေရအောင် ဖြည်းဖြည်းညင်းညင်း မြင်ကွင်းမခံဝံ့ရုံပြု၍ ရှုကြည့်သူအများ သနားခြင်းဖြစ်သောအခါမှ အသာအယာ နေရာမြဲတလင်းတွင် ချထားစေသဖြင့် လွတ်ရာဖဲခွာ၍ နေလေ၏။
ဤသို့ မာန်ယစ်သောဆင်ဖြင့် ရံဖန်ရံဖန် အခါမပြတ် ၁-နှစ်ပတ်လုံး ကြောက်လန့်ဖွယ်မှုပြု၍ အလိုစမ်းကြကုန်၏။ အရွယ်နှင့်တော်သင့်ရာ အလိုစမ်းငယ်တို့ဖြင့်လည်း တစ်နေ့မပြတ် စမ်းကြကုန်၏။ ထိုသို့စမ်းကြသော်လည်း အလိုတော်နှင့်မသင့်၍ အခွင့်အထူးအခြားကို မမြင်လတ်ကြလျှင် အမတ်တို့သည် ရှေးနည်းအတူ အကြောင်းကို မင်းကြီးအားလျှောက်ထား၍ နှစ်အရွယ်တော်တစ်ဦး ကူးပြောင်းပြန်သည်နှင့် လျော်စွာရှာကြံလျက် အလိုစမ်းနည်းတစ်နည်း တိုင်ပင်ကြံစည်ကြပြန်လေ၏။
(ဤကား ဘုရားလောင်း အရွယ်တော် ၇-နှစ်ရှိ၍ ၇-ကြိမ်မြောက်သော ဆင်ဖြင့် အလိုစမ်းခြင်းတည်း။)
ထိုအခါ “၇-နှစ်အရွယ်ရှိပြီးသော သူငယ်မည်သည်ကား ထောက်ထားဆင်ခြင်တတ်သော ဉာဏ်သတိ ရှိလောက်ချိန် မဟုတ်။ စက်ဆုပ်ရွံရှာ ကြောက်စရာမြင်လျှင် လျင်စွာကြောက်လန့်တတ်သည်ဖြစ်၍ မြွေဖြင့်အလိုစမ်းရသော် ကောင်း၏”ဟု တိုင်ပင်ကြပြီးလျှင်၊ မြွေငန်း, မြွေဟောက်စသော ပါးပျဉ်းရှိသောမြွေတို့ကို များစွာဖမ်းယူစေ၍ မြွေသမားအလမ္ပာယ်တို့သည် အစွယ်နုတ်ခြင်း၊ နှုတ်အာမလှုပ် ချုပ်စပ်ဖွဲ့စည်းခြင်းတို့ဖြင့် အန္တရာယ်မဖြစ်စေကြောင်း ကောင်းစွာစီရင်ပြီးသော် ဖွားဖက်ရွေဖော် အခြံအရံ ၅၀၀နှင့်တကွ ဘုရားလောင်းမင်းသားကို ထိုဆင်နှင့်စမ်းရာ မြေတလင်း၌ပင်ထား၍ များစွာသောမြွေအပေါင်းကို ဘုရားလောင်းသို့ ရှေးရှုလွှတ်စေကုန်၏၊ ကြောက်မက်ဖွယ် ပါးပျဉ်းထလျက် လာလတ်သော မြွေအပေါင်းကိုမြင်လျှင် အမတ်သား ၅၀၀တို့သည် ပြင်းစွာအော်ဟစ်မြည်တမ်း၍ လမ်းသင့်ရာ တူရူအရပ်တို့သို့ ပြေးကြလေကုန်၏။
ဘုရားလောင်း တေမိမင်းသားမူကား “ငရဲဘေးဖြင့် ခြိမ်းသည်ဖြစ်၍ အဝီစိထဲ ငရဲ၏ခံတွင်းသို့ ဆင်းဝင်ရသော ဆင်းရဲခြင်းထက် ဤကြမ်းကြုတ်စွာသော မြွေ၏ခံတွင်းသို့ ရောက်ရခြင်းဆင်းရဲသည် အဆအသိန်း အဆအသန်းမက မြတ်လှစွာသေး၏”ဟု ဆင်ခြင်တော်မူလျက် မလှုပ်မယှက် ငြိမ်သက်တည်ကြည်စွာ နေလေ၏။ ထိုအခါ မြွေငန်းကြီးတစ်ခုသည် ဘုရားလောင်း၏ကိုယ်အလုံးကို အခွေဖြင့် အဆင့်ဆင့်ပတ်ရစ်၍ ဦးခေါင်းထက် ပါးပျဉ်းဖြန့်မိုးကာ နေ၏။ ထိုသို့ အခွေဖြင့် မြွေပတ်ရစ်လျက် ကြောက်မက်ဖွယ်ရှိသော်လည်း ဖမ်းမိသောရန်ကို ကြောက်ရွံ့၍ပြေးခိုက်တွင် တိုက်မိရိုက်မိသော ချုံဆူးငြောင့်ကို နှောင့်ယှက်သောရန်ဟု အကြံတစ်ခုပြ၍ မကြောက်သကဲ့သို့၊ ရောက်အံ့သောငရဲမီး ကြီးစွာသောရန်ကို ကြံ၍ကြောက်သဖြင့် လွတ်မြောက်အောင် ဆောင်ရွက်တုန်း နှလုံးသွင်းမြဲတော်မူ၍ မြွေရန်သူအနှောင့်အယှက်ကို ကြောက်မက်ဖွယ်မမှတ်၊ ၃-ရပ်သောအဓိဋ္ဌာန်ဖြင့် သည်းခံငြိမ်သက်စွာနေလျှင် မြွေကြည့်သူအများ သနားခြင်းဖြင့် မရှုကြည့်ဝံ့ အခန့်တန်မှ အလမ္ပာယ်ကိုစေ၍ ထိုမြွေကို သိမ်းယူစေ၏။
ထိုသို့ အဆိပ်ထန်သော မြွေမျိုးကြောက်မက်ဖွယ်ဖြင့် အသင့်စီမံ၍ ရံဖန်ရံဖန် ၁-နှစ်ပတ်လုံး အလိုစမ်းကြကုန်၏။ အရွယ်နှင့်လျောက်ပတ်ရာ များစွာသော အလိုစမ်းငယ်တို့ဖြင့်လည်း တစ်နေ့မပြတ် အလိုစမ်းကြကုန်၏။ ထိုသို့စမ်းကြသော်လည်း စိတ်တော်အကြိုက်နှင့် အလိုက်သင့်မကြုံ၍ တစ်စုံတစ်ခုမျှ ထူးသောအခွင့်ကို မမြင်ကြလတ်လျှင် အမတ်တို့သည် ရှေးနည်းအတူ မင်းကြီးအား လျှောက်ထားကြ၍ ၁-နှစ်စေ့လတ်သော် အရွယ်တော်နှင့်လျော်စွာ အလိုစမ်းတစ်နည်း တိုင်ပင်ကြံစည်ကြပြန်လေ၏။
(ဤကား ဘုရားလောင်း အရွယ်တော် ၈-နှစ်ရှိ၍ ၈-ကြိမ်မြောက်သော မြွေဖြင့် အလိုစမ်းခြင်းတည်း။)
ထိုအခါ “၈-နှစ်ရွယ်ကျော်ပြီးသော သူငယ်မည်သည်ကား စိတ်ရွှင်ပျော်ပါးခြင်း ပွဲသဘင်ကို ခင်မင်ချိန်ရောက်ပြီဖြစ်၍ ကချေသဘင်ဖြင့် အလိုစမ်းရသော် ကောင်း၏”ဟု တိုင်ပင်ညီညွတ်ကြပြီးလျှင် မင်းရင်ပြင်မုခ်နန်းတော်ဦး၌ ဘုရားလောင်းမင်းသားကို ဖွားဖက်ရွေဖော် သူငယ်တော် ၅၀၀ အခြံအရံနှင့်တကွ နေစေ၍ ကြီးစွာသောပွဲသဘင်ကို ပြုကြကုန်၏။ တိုင်တက်, ကွင်းလျှိုး, ကြိုးတန်းလျှောက်, ကျွမ်းသမားတို့သည်လည်း မျက်စိ, နား ပျော်ဖွယ်ရယ်ဖွယ် အသွယ်သွယ်အတတ်ကိုပြခြင်း၊ ကချေသည်, သီချင်းသည်တို့သည်လည်း မျက်စိ, နား ပျော်ဖွယ်အသွင်သွင် ကခြင်း၊ သီချင်း, ပတ်, စည်, နှဲ, ခရာ များစွာသော တီးမှုတ်ခြင်းမျိုးတို့ဖြင့်လည်း မျက်စိ,နား ပျော်ဖွယ်ရယ်ဖွယ် တီးမှုတ်ခြင်း, လက်ပမ်းသည်တို့သည်လည်း လက်ပမ်းကစားခြင်း၊ မျက်လှည့်သည်တို့သည်လည်း သန်လျက်မျိုခြင်း, မီးပုံဆင်းခြင်း, ကောင်းကင်တက်သွားခြင်း, ကိုယ်တစ်ခြမ်းကိုလှုပ်စေခြင်း စသော မျက်စိပျော်ဖွယ်ရယ်ဖွယ် အတတ်ကိုပြခြင်း စသည်တို့ဖြင့် များသော အလုံးစုံသော ကချေသဘင်မျိုးတို့ကို တစ်ဦးမရွှင် တစ်ဦးရွှင်စီရင်၍ အလှည့်လှည့်အခြားခြား များစွာပြစေလျက် အလိုစမ်းကြကုန်၏။ ဖွားဖက်ရွေဖော် ၅၀၀တို့သည် ထိုထိုသို့သော ပွဲသဘင်တို့ကိုမြင်လျှင် အလွန်ရွှင်ခြင်း, ဝမ်းမြောက်ခြင်းဖြင့် “ကောင်းစွ။ ကောင်းစွ”ဟု ဆိုကြကုန်လျက် ပြင်းစွာရယ်ခြင်းကို ပြုကြကုန်၏။
ဘုရားလောင်း တေမိမင်းသားမှာမူကား “ယခုသာ ကောင်းစေ, နောက်နောင် ဖြစ်ရာဖြစ်နေ”ဟု ပညာမသိမ်းဘဲ ပြိန်ဖျင်းသောလူတို့၏အယူကို နှလုံးမထား၍ “ချစ်သား တေမိယကုမာရ။ သင်သည် ငရဲခံရသောအခါ မျက်စိတစ်မှိတ် လျှပ်တစ်ပြက်ခန့်မျှ နှလုံးသာယာခြင်းကို ရဖူးသလော။ ဤသဘင်ကို သင် မရှုကြည့်ရသည်ဟူ၍ ငရဲထက်ဆင်းရဲသည် မဟုတ်။ အလွန် ချမ်းသာစွာသေး၏။ အဘယ့်ကြောင့် မဆောက်တည်နိုင်ပါအံ့နည်း”ဟု မိမိကိုယ်ကို ဆုံးမတော်မူလျက် ငြိမ်သက်တည်ကြည်စွာ မတုန်မလှုပ်နေတော်မူ၏။ ခဏချင်းဝင်၍ လှုပ်ချောက်တတ်သော ပျော်ရွှင်မှုစိတ် ချိတ်ရိပ်လာအံ့စိုးသောကြောင့် နှောင့်ယှက်လာသောပွဲသဘင်ကို မြင်ရုံမျှ ကြည့်တော်မမူ။
ဤသို့ ၁-နှစ်ပတ်လုံး ရံဖန်ရံဖန် ကြီးစွာသောကချေသဘင်တို့ဖြင့် အလိုစမ်းကြကုန်၏။ အရွယ်နှင့် လျောက်ပတ်ရာ များစွာအလိုစမ်းငယ်တို့ဖြင့်လည်း တစ်နေ့မပြတ် အလိုစမ်းကြကုန်၏။ ထိုသို့စမ်းကြသော်လည်း ဘုရားလောင်း၏ စိတ်တော်နှလုံးသွင်းကဲ့သို့ မင်းအဆက်ဆက် အသက်တမ်းအလီလီ ကုန်သော်လည်း ကြုံတွေ့ရခဲသောအမှုဖြစ်၍ အနုမာနဉာဏ်ဖြင့် အမှန်ကျကျ မဆမသိနိုင်ခြင်းကြောင့် အခွင့်အထူး မမြင်ကြလတ်လျှင် အမတ်တို့သည် ရှေးနည်းအတူ မင်းကြီးအားလျှောက်ထား၍ ၁-နှစ်ကုန်ငြားသဖြင့် ခြားပြန်သောအရွယ်နှင့်လျော်စွာ အလိုစမ်းတစ်နည်း တိုင်ပင်ကြံစည်ကြပြန်လေ၏။
(ဤကား ဘုရားလောင်းအရွယ်တော် ၉-နှစ်ရှိ၍၊ ၉-ကြိမ်မြောက်သော ကချေသဘင်ဖြင့် အလိုစမ်းခြင်းတည်း။)
ထိုအခါ “၉-နှစ်ကျော်ရွယ်ရှိပြီးသော သူငယ်မည်သည်ကား နှလုံးသည်းခြေမငြိမ် လန့်ထိတ်တတ်ချိန် အရွယ်ဖြစ်၍ သန်လျက်ကို ကြောက်တတ်၏။ သန်လျက်ဖြင့်အလိုစမ်းရသော် ကောင်း၏”ဟု တိုင်ပင်ညီညွတ်ကြပြီးလျှင် မင်းရင်ပြင်မုခ်နန်းတော်ဦး၌ အခြံအရံသူငယ်ဖော် ၅၀၀-တို့ကို ကစားစေလျက် ဘုရားလောင်းမင်းသားကို နေစေပြီးသော် ထိတ်လန့်ဖွယ်အသွင် အဆင်းကြမ်းခက်ပြက်ချော်စွာ သူငယ်တို့ကို ခြောက်ခြိမ်းတတ်သော ယောက်ျားတစ်ယောက်ကို ဖန်ရောင်ဝင်းဝင်းရှိန်ရှိန် ထိန်ထိန်လက်လက်တောက်သော ကြောက်မက်ဖွယ်သန်လျက်ကို ပေးအပ်၍ ခြောက်ခြိမ်းစေ၏။ ထို သန်လျက်စွဲသောယောက်ျားသည် ပုဆိုးကို တင်သီးနားပေါ်အောင် ခါးတောင်းကျိုက်၍ လက်ပန်းပေါက်ခတ်လျက် သန်လျက်စွဲကိုင်ကာ ကြုံးပကြွေးကြော် ခုန်လွှားခြင်းပြင်းပြစွာ အသံကြောက်ရွံ့ ထိတ်လန့်ဖွယ်အသွင်အပြင်ဖြင့် “ဟယ်၊ အချင်းတို့။ ကာသိကရာဇ်မင်းကြီးတွင် လူဖော်မဝင် အင်္ဂါချို့တဲ့သော သူယုတ်မာဆွံ့အ နားပင်းသားတစ်ယောက် ရှိ၏ဆိုသည်။ အဘယ်မှာနည်း။ ထိုသူငယ်ယုတ်၏ဦးခေါင်းကို ယခုပင် ဖြတ်မည်”ဟု ခြိမ်းမောင်းလျက် သူငယ်အပေါင်းကစားရာသို့ ရှေးရှုလျင်စွာ လိုက်လေ၏။ ထိုယောက်ျားကိုမြင်လျှင် အမတ်သား ၅၀၀တို့သည် ကိုးကွယ်ရာမရ ကြောက်လန့်ခြင်းရှိသည်ဖြစ်၍ မြည်တမ်းငိုကြွေးလျက် ပြေးပုန်းကြကုန်၏။
ဘုရားလောင်း တေမိမင်းသားမှာမူကား “ဤသန်လျက်ဘေးသည် ငရဲဘေးထက် မကြီးနိုင်ရာပြီ”ဟု ဆင်ခြင်တော်မူလျက် မသိယောင်ကဲ့သို့ ပြကတေ့အတိုင်း နေတော်မူ၏။ သန်လျက်စွဲသောယောက်ျားသည် ဘုရားလောင်းကို သန်လျက်ဖြင့်ရွယ်လျက် “အချင်း သူယုတ်မာ။ သင့်ဦးခေါင်းကို ယခုဖြတ်မည်” ဟု အနီးအကပ် ကြပ်တည်းစွာ မောင်းမဲခြောက်ခြိမ်းလေ၏။ ထိုသို့ အစွမ်းရှိတိုင်းခြိမ်းခြောက်၍ ဘုရားလောင်း ကြောက်လန့်တုန်လှုပ်ခြင်း တစိုးတစိမျှမရှိသောအခါ လွတ်ရာရှဲပြန်လေ၏။
ဤသို့ ၁-နှစ်ပတ်လုံး အခါမပြတ် တစ်ကြိမ်နောက်တစ်ကြိမ် ကြောက်လိမ့်နိုးထိတ်လိမ့်နိုးထင်၍ ရံဖန်ရံဖန်သန်လျက်ဖြင့် အလိုစမ်းကြကုန်၏။ အရွယ်တော်နှင့်လျောက်ပတ်ရာ များစွာသော အလိုစမ်းငယ်တို့ဖြင့်လည်း တစ်နေ့မပြတ် အလိုစမ်းကြကုန်၏။ ထိုသို့စမ်းကြသော်လည်း သံဝေဂစိတ် အကျိတ်အခဲကို ခွဲစိတ်ဝေဖြန့် အခန့်လျော်ရာမသင့်၍ အခွင့်မရကြလတ်လျှင် မှူးမတ်တို့သည် ရှေးနည်းအတူ မင်းကြီးအားလျှောက်ထား၍ အရွယ်တော်တစ်ပါး ကူးပြန်သည်နှင့်လျော်စွာ အလိုစမ်းတစ်နည်း တိုင်ပင်ကြံစည်ကြပြန်လေ၏။
(ဤကား ဘုရားလောင်း အရွယ်တော် ၁၀-နှစ်ရှိ၍၊ ၁၀-ကြိမ်မြောက်သော သန်လျက်ဖြင့် အလိုစမ်းခြင်းတည်း။)
ထိုအခါ အမတ်ပညာရှိတို့သည် “ယခု မင်းသား အရွယ်တော် ၁၀-နှစ် ရှိပြီ။ အလီလီအခါခါ သင့်ရာသင့်ရာ အနည်းနည်းပြောင်းလှည့်၍ စမ်းကြလျက် အချက်မရရှိသည်မှာ အကယ်၍ ထိုမင်းသား နှလုံးအလို တစ်ခုခုအစွဲနှင့်သာ မတုန်မလှုပ် နေသည်မှန်လျှင် ဈာန်ရသောသူပင် ဖြစ်စေ၊ ဤ အထွေထွေအာရုံတွင် မတုန်မလှုပ်ဘဲ မရှိရာ။ ပဋိသန္ဓေအင်္ဂါပင် ချို့လေရာသည် မသိ။ နား, ရှိမရှိကိုသိသာအောင် ခရုသင်းဖြင့် စုံစမ်းရသော်ကောင်း၏”ဟု အညီအညွတ် တိုင်ပင်ကြပြီးလျှင် ဘုရားလောင်းမင်းသား၏ အိပ်ရာတိုက်ကို ပတ်ဝန်းကျင် တင်းတိမ်ကာရံပြီးသော် စက်မွေ့ရာသလွန်အောက်၌ ဘုရားလောင်းကိုမသိစေရဘဲ ခရုသင်းမှုတ်တတ်သူကိုနေစေ၍ တင်းတိမ် ၄-မျက်နှာတို့၌လည်း ပြင်က ချောင်းမြောင်းကြည့်ရှုသာရုံ အပေါက်အတန်ငယ်ထားပြီးသော် ဘုရားလောင်းကို ထိုမွေ့ရာသလွန်ထက်၌ တင်ထားပြီးသောအခါ သလွန်အောက်ကနေလျက် အလန့်အကြား ခရုသင်းကို မှုတ်စေ၏။
ဘုရားလောင်း တေမိမင်းသားသည်လည်း “ငရဲဘေးကို ရေးရေးအဆင်မပျက် ၃-ချက်သောအင်္ဂါကို ဆောက်တည်သည်မှစ၍လည်း ငါ့အလိုကို ထိုထိုအကြောင်းဖြင့် ပြောင်းလဲကာ စမ်းချေမည်တကား”ဟု ထောက်ထားမြော်မြင်ခြင်းရှိလျက်၊ သတိလည်း အခ့မပြတ် ပြုတော်မူသဖြင့် ယောင်မှား၍မျှ လက်လှုပ်ခြင်း, ခြေလှုပ်ခြင်း, စောင်းလှည့်ခြင်း တုန်လှုပ်ရုံကိုမျှကိုလည်း ပြုတော်မမူ။ အယူ တစ်ဖြောင့်တည်းဖြင့်သာ မလှုပ်မယှက် နေတော်မူ၏။ တင်းတိမ်ပြင်ကနေလျက် တင်းတိမ်ပေါက်ဖြင့် ချောင်း၍ကြည့်ကြကုန်သော အမတ်တို့သည် ဘုရားလောင်းမင်းသား သတိလွတ်၍ ခြေ,လက်လှုပ်ရှားခြင်းကိုမျှလည်း မမြင်ရဖြစ်လေ၏။
ဤသို့ တစ်နေ့မပြတ် ၁-နှစ်ပတ်လုံး ခရုသင်းမှုတ်ခြင်းဖြင့် အလိုစမ်းကြကုန်၏။ ထိုသို့စမ်းကြသော်လည်း ခရုသင်းမှုတ်သူ, ချောင်း၍ကြည့်သူ ကိုယ်လက်ညောင်းသဖြင့် တစ်ယောက်ပြောင်းလဲ၍ ကြည့်ရ မှုတ်ရလေမူလည်း ပြောင်းလဲ၍ခံသူ အဖော်မရှိဘဲ “သမ္မာသမ္ဗောဓိပတ္ထနာ” ပါရမီရှင်ကြီးရှင်မှာ ကိုယ်တော်စဉ်တစ်ပါးကောင်း အညောင်းအညာကိုသည်းခံကာ ငရဲဘေးကိုရှုလျက် အမှုမတူ အယူတစ်ဖြောင့်တည်း ငြိမ်သက်စွာနေတော်မူသဖြင့် အလိုစမ်းသူ အလျော်သင့်အခွင့်ထူးကို မမြင်ကြလတ်လျှင် အမတ်တို့သည် ရှေးနည်းအတူ မင်းကြီးအားလျှောက်ထား၍၊ အရွယ်တစ်ပါး ကူးပြန်သည်နှင့်လျော်စွာ တော်ရာ အလိုစမ်းတစ်နည်း တိုင်ပင်ကြံစည်ကြပြန်လေ၏။
(ဤကား ဘုရားလောင်း အရွယ်တော် ၁၁-နှစ်ရှိ၍ ၁၁-ကြိမ်မြောက်သော ခရုသင်းဖြင့် အလိုစမ်းခြင်းတည်း။)
ထိုအခါ မင်းအမတ်တို့သည် “ယခု မင်းသား ၁၁-နှစ်အရွယ် ကျော်ပြီဖြစ်သော်လည်း ယခင်စမ်းနည်းကဲ့သို့ပင် ခရုသင်းကိုသာပြောင်း၍ စည်ကြီးဖြင့် တစ်လှည့်စမ်းကြရသော် ကောင်း၏”ဟု တိုင်ပင်ညီညွတ်ကြသဖြင့် ရှေး ခရုသင်းမှာကဲ့သို့ပင် စည်ကြီးသံဖြင့် ၁-နှစ်ပတ်လုံး တစ်နေ့မပြတ် အလိုစမ်းကြပြန်လေ၏။ ထိုသို့ ပုန်းကွယ်ရာ အောက်ကနေ၍ ဗဟိုရ်စည်ကြီး ရိုက်တီးလျက် အလန့်တကြား လှုပ်ရှားလိမ့်ယောင် ထင်ကြသဖြင့် ၁-နှစ်ပတ်လုံး အလိုစမ်းကြသော်လည်း ဘုရားလောင်းအား ထူးသောအခွင့်ကို မမြင်ကြလတ်လျှင်၊ အမတ်တို့သည် မင်းကြီးအား ရှေးနည်းအတူ လျှောက်ထား၍ အရွယ်နှင့်လျော်စွာ အလိုစမ်းနည်းတစ်နည်း တိုင်ပင်ကြံစည်ကြပြန်လေ၏။
(ဤကား ဘုရားလောင်း အရွယ်တော် ၁၂-နှစ်ရှိ၍ ၁၂-ကြိမ်မြောက်သော စည်ကြီးဖြင့် အလိုစမ်းခြင်းတည်း။)
ထိုအခါ ဘုရားလောင်းတေမိမင်းသား အရွယ်တော် ၁၂-နှစ်ကျော်ပြီးသော် မင်းအမတ်တို့သည် “ယခုကား ဆီမီးဖြင့် တစ်လှည့်ပြောင်း၍ စမ်းရသော်ကောင်း၏”ဟု တိုင်ပင်ညီညွတ်ကြပြီးလျှင် ညဉ့်အဖို့သို့ ရောက်သောအခါ ဘုရားလောင်း၏ အိပ်ရာတိုက်ခန်း၌ ဆီမီးမထွန်းစေဘဲ အမိုက်တိုက်ဖြစ်စေ၍ ထိုအမိုက်တိုက်၌ ဘုရားလောင်းကိုသိပ်ထားလျက် “ညဉ့်အိပ်ပျော်ချိန်တိုင်သောအခါ ဆိတ်ကွယ်ရာကိုရသဖြင့် လှုပ်ရှားခြင်းဖြစ်၍ ခြေထား, လက်ထားမပျက်ဘဲ ဤမင်းသား မရှိနိုင်ရာ”ဟု ပညာကြီးပညာကျယ်တို့ ဥပါယ်တမျဉ် ကြံစည်ပြီးလျက် ဆီမီးတိုင်, ဆီမီးခွက်တို့ကို အိုးဖြင့် လွင်ပြင်သို့ အရောင်မထွက်စေရအောင် ကိုယ်စီဖုံးအုပ်၍ ဘုရားလောင်းအိပ်ရာ အမိုက်တိုက်သို့ ဝင်ကြပြီးလျှင်၊ အိုးကိုဖွင့်လှပ်သဖြင့် အလင်းကို တစ်ပြိုင်နက်ဖြစ်စေ၍ ဘုရားလောင်းအား “လျောင်းလျက်ထားရာမှ ထိုင်လျက်တည်း ရှိသလော၊ ရပ်လျက်တည်း ရှိသလော၊ လက်ထား, ခြေထားပျက်သလော”ဟု အနေအထားဣရိယာပုတ်ကို စူးစမ်းကြည့်ရှုကြကုန်၏။
ဘုရားလောင်း တေမိမင်းသားသည်လည်း စိုးစဉ်းမျှ ခြေ,လက်အနေအထား ပျက်ခြင်းမည်သည် မရှိ။ ထားတိုင်းသော ဣရိယာပုတ်ဖြင့်သာလျှင် ငရဲဘေးကိုရှုလျက် မလှုပ်မယှက် နေတော်မူ၏။ ဤသို့ တစ်ညဉ့်မပြတ် ၁-နှစ်ပတ်လုံး အမိုက်တိုက်၌ထား၍ ဆီမီးဖြင့် အလိုစမ်းကြကုန်၏။ အရွယ်နှင့်လျော်ရာ များစွာသော အလိုစမ်းငယ်တို့ဖြင့်လည်း အခါမပြတ် စမ်းကြကုန်၏။ ထိုသို့ မင်းသားသည် “ဤအမှုကား အကယ်မဟုတ် အစမ်းသာဖြစ်သည်”ဟု သိလောက်ချိန် အရွယ်ရှိပြီဖြစ်၍ သူငယ်တို့အလိမ္မာကို ဥပါယ်ပညာဖြင့် သိသာအောင်ပြုမည်ကြံစည်လျက် လျှို့ဝှက်သောအမှုဖြင့် အလိုစမ်းကြသော်လည်း သတိတော်မကင်း၍ အဓိဋ္ဌာန်ရင်းမပျက်သဖြင့် အခွင့်အထူးကို မမြင်ကြလတ်လျှင် အမတ်တို့သည် ရှေးနည်းအတူ မင်းကြီးအား လျှောက်ထား၍၊ အရွယ်နှင့်လျော်စွာ အလိုစမ်းတစ်နည်း တိုင်ပင်ကြံစည်ကြပြန်လေ၏။
(ဤကား ဘုရားလောင်း အရွယ်တော် ၁၃-နှစ်ရှိ၍၊ ၁၃-ကြိမ်မြောက်သော ဆီမီးဖြင့် အလိုစမ်းခြင်းတည်း။)
ထိုအခါ “၁၃-နှစ်ကျော်ပြီးသော သူငယ်မည်သည်ကား နှလုံးရင့်စဖြစ်၍ သည်းမခံနိုင်။ ခွင့်ကြိမ်လျှင် လျင်စွာ တုန်လှုပ်တတ်သောကြောင့် သည်းခံနိုင်ခဲရာ တင်လဲဖြင့် အလိုစမ်းရသော်ကောင်း၏”ဟု အညီအညွတ် တိုင်ပင်ကြပြီးသော် ဘုရားလောင်းမင်းသား၏ ကိုယ်အလုံးကို တင်လဲရည်ဖြင့် သုတ်လူးလိမ်းကျံ၍ ခြင်,ယင်ရဲထူပြောရာအရပ်၌ ဘုရားလောင်းကို တစ်နေ့ပတ်လုံးထားလျက် အလိုစမ်းကြကုန်၏။ ထိုအခါ ခြင်,ယင်ရဲတို့သည် ဘုရားလောင်း၏ကိုယ်အလုံးကို ဝိုင်းအုံပျံနားလျက် အပ်ဖျားဖြင့် တစ်ကိုယ်လုံးကို ထိုးဆွဘိသကဲ့သို့ ထိုတင်လဲနံ့မှလျှောက်၍ အသွေးအသားကို ဆိတ်,ပေါက်သောက်ယူ ကိုက်ခဲကြကုန်၏။
အနာဂါမ်ရဟန္တာ သမာပတ်ရှင်တို့မှတစ်ပါး သာမညသူဖြစ်လျှင် ခြင်တစ်ကောင်အကိုက်ကိုမျှ နှစ်ခြိုက်မဆန် သည်းခံနိုင်ခဲသော ဆင်းရဲကြီးစွာကိုလျက်လည်း ဘုရားလောင်းသည် “ပဋိဃာနုသယ ဗျာပါဒ” မကင်းသေးသော ပုထုဇဉ်သာဖြစ်လျက် အဓိဋ္ဌာန်တော် မပျက်စေကြောင်း ကောင်းစွာငရဲဘေးဖြင့် ခြိမ်းခြောက်၍ “ချစ်သား တေမိယကုမာရ။ ဥဿဒရက်ငရဲ၌ လှံ, သန်လျက်, ချွန်းတောင်း လက်နက်မျိုးတို့ဖြင့် ငရဲထိန်းတို့ ထိုးဆွရိုက်သတ်ခြင်း၊ ငရဲခွေး, ငရဲငှက်တို့ ထိုးပေါက်ကိုက်ခဲခြင်း ဆင်းရဲနှင့် ထောက်စာသော် ဤခြင်,ယင်ရဲတို့ ကိုက်ခဲခြင်းဆင်းရဲသည်ကား အဆအသိန်း အဆအသန်းမက သင်၌ မြတ်တုံသေး၏။ ကောင်းစွာသည်းခံလော့”ဟု မိမိကိုယ်ကို ဆုံးမတော်မူလျက် စိတ်ဝိညာဉ်ရှိသော အနာဂါမ်ရဟန္တာကိုမျှ ဥပမာမနှုန်း စိတ်အားလုံးချုပ်၍ တိဇရုပ်သာ အကြွင်းရှိသော နိရောဓသမာပတ်သို့ ဆည်းကပ်ဝင်စားသည့် မဟာထေရ်ကြီးကဲ့သို့ မလှုပ်မယှက် ငြိမ်သက်တည်ကြည်စွာ နေတော်မူ၏။ ဤသို့ တင်လဲဖြင့်လူး၍ ၁-နှစ်ပတ်လုံး ရံဖန်ရံဖန် အလိုစမ်းကြသော်လည်း ဘုရားလောင်း၏အဓိဋ္ဌာန်အစွဲကို ဆွဲပစ်တွန်းခွာခြင်းငှာ အရာမသင့်၍ အခွင့်မရလတ်လျှင် အမတ်တို့သည် ရှေးနည်းအတူ မင်းကြီးအားလျှောက်ထား၍ အရွယ်အားလျော်စွာ အလိုစမ်းနည်းတစ်နည်း တိုင်ပင်ကြံစည်ကြပြန်လေ၏။
(ဤကား ဘုရားလောင်း အရွယ်တော် ၁၄-နှစ်ရှိ၍၊ ၁၄-ကြိမ်မြောက်သော တင်လဲဖြင့် အလိုစမ်းခြင်းတည်း။)
ထိုအခါ မင်းအမတ်တို့သည် “ယခု မင်းသားကိုယ်ကို ပြုပြင်ချိန်အရွယ်ရောက်ပြီ။ ၁၄-နှစ်ကျော် ရှိပြီးသော်ကား သူခပ်သိမ်းတို့ဓမ္မတာ လုလင်ပျို၊ သွေးတက်စဖြစ်၍ တစ်နေ့တွင်ပင် အကြိမ်များစွာ ရေချိုးလိုခြင်း၊ ကိုယ်၏ သန့်ရှင်းမွှေးထုံခြင်းကိုသာ အလိုရှိတတ်၏။ ကိုယ်၏ညစ်ညူးခြင်း, ညှီဟောက်နံစော် စက်ဆုပ်ဖွယ် ပုပ်နံ့လှိုင်ခြင်း, မသန့်ရှင်း မစင်ကြယ်သည်ကို အလိုမရှိ။ ထို့ကြောင့် အရွယ်အားဖြင့် အလိုမရှိကောင်းရာ ရွံရှာစက်ဆုပ်ဖွယ်မစင်ဖြင့် အလိုစမ်းရသော် ကောင်း၏”ဟု အညီအညွတ် တိုင်ပင်ကြပြီးလျှင်၊ ထိုတိုင်ပင်ကြပြီးသောနေ့မှစ၍ ဘုရားလောင်းအား ရေချိုးခြင်းကိုလည်း မပြု။ သန့်သက်အိမ်သို့ဆောင်၍ ကိုယ်လက်သုတ်သင်ခြင်း ပြုမြဲသောဝတ်ကိုလည်း မပြု။ တစ်ခုသောအိပ်ရာ၌ထား၍ လျောင်းလျက်သာလျှင် ကိုယ်မှဖြစ်သော ကျင်ကြီးကျင်ငယ် ရွံရှာဖွယ်တို့ဖြင့် အနံ့တလှောင်းလှောင်း ပြွမ်းစေ၏။
ထိုအခါ ဘုရားအလောင်းသည် ပုပ်နံ့တောက်အဲ့စွာ မကောင်းသဖြင့်လှောင်းသော ဂန္ဓာရုံခိုက်ယှဉ်၍ ဃာနဝိညာဉ်အတွေ့ မချမ်းမြေ့သော ဇော တဒါရုံ မှီရာနှလုံးနာခြင်းရှိလျက် အခါခါရှုရသဖြင့် အအူအသည်းလန်၍ အော့အန်မတတ် ချေဆတ်, ချောင်းဟတ်, မွှန်တက်သီးနင် ပင်ပန်းကြီးစွာ ခံတော်မူရ၏။ ပုပ်ညှီတောက်အဲ့စွာသော အနံ့ဖြင့် ယင်ရဲတို့သည်လည်း အစဉ်တက်နား၍ အများပင် ဝိုင်းအုံကိုက်ခဲကြကုန်၏။ အထိန်း အကြီး အချီတော်တို့သည်လည်း ဘုရားလောင်း၏ အနီးပတ်ဝန်းကျင်၌ ရံကုန်လျက် “သခင့်သား။ ယခု မိမိကိုယ်ကို မိမိပင် သုတ်သင်ချိန် ရောက်ပါပြီတကား။ သခင့်သားမှာ ၅-နှစ်အရွယ်, ၁၀-အရွယ် အငယ်များကကဲ့သို့သာ သူတစ်ပါးတို့၏အပြင်အဆင်ကို စောင့်စား၍ လူသားလိုမဟုတ်၊ စက်ဆုပ်ဖွယ် မစင်အလိမ်းလိမ်းနှင့် ထိန်းရသူကိုမျှလည်း မထောက်၊ ရှက်ကြောက်ချိန်တိုင်၍လည်း မရှက်သီး၊ ကျင်ကြီးကျင်ငယ် အညှီအဟောက်မှာ ပိုးလောက်မျှမတန်ခံ၍ မလှုပ်မယှက် တစ်ဘက်သားမြင်သူ မရှုချင်အောင် သခင် အဘယ့်ကြောင့် လျောင်းတုံကာနေဘိသနည်း။ ထ၍ ကိုယ်လက်သုတ်သင် ဆေးကြောပါဦး”ဟု အထူးထူးအပြားပြား နားမခံချိအောင် ထိပါးခိုက်တိုက်၍ စိတ်လိုက်မာန်ကြွ ဓားစက်ဆင်သကဲ့သို့ နားထင်ထိုးကြကုန်၏။
ထိုသို့သော ဆင်းရဲပင်ပန်းခြင်းသို့ ရောက်သောအခါ ဘုရားလောင်း တေမိမင်းသားသည် ဤသို့ကိုယ်ကို ဆုံးမတော်မူ၏။ “ချစ်သား တေမိယကုမာရ။ မစင်တွင်းငရဲ၌ ခံရသောထက် သင်ယခုခံရခြင်းသည် ခံသာ၏။ အနံ့မကောင်း လှောင်းသည်မဟုတ်။ စက်ဆုပ်ဖွယ် ထိုငရဲအပုပ်အနံ့ အခန့်ယူဇနာ ၁၀၀လောက်ကနေ၍ လေတွင်အငွေ့မျှကို ရှူမိသူပင်လည်း အအူ, သည်းပွတ် ပြတ်၍ လှိုက်ဆန်အန်ထွက်မတတ် ဖြစ်၏။ သင်ခံရသော ဤမစင်အနံ့ကား အခန့်ကိုဆိုလျှင် နန်းရင်ပြင်ကမျှ မနံ။ ခံသာလှပေတောင်းရကား။ အယူတစ်ချောင်းတည်း တစ်မျဉ်းကြောင်း ဖြောင့်စေ”ဟု ဆုံးမတော်မူလျက် မစင်တွင်းငရဲကိုသာ အခါခါအဖန်ဖန် ကြံဆင်ခြင်၍ ကိုယ်တွင်ရောက်သော မစင်နံ့ဆင်းရဲဘေးကို အလေးမမှတ် ဆုံးဖြတ်ရင်းအဓိဋ္ဌာန်မပျက် ငြိမ်သက်တည်ကြည်စွာ မလှုပ်မယှက်နေတော်မူ၏။
ထိုသို့ ဘုရားလောင်းနေသဖြင့် အခန့်မတန်အောင် မစင်အနံ့ အားကြီးလှသောအခါမှ အထိန်းအကြီးတို့သည် မင်းသားကို ဆေးကြောသုတ်သင်ပြန်၍ တစ်ဖန် အလိုစမ်းလတ်သော် ရှေးနည်းအတူ မသုတ်မသင် ထားပြန်လေ၏။ ဤသို့ ရံဖန်ရံဖန် ၁-နှစ်ပတ်လုံး အလိုစမ်းကြသော်လည်း အလိုတော်မသင့်၍ အခွင့်မရလတ်လျှင် အမတ်တို့သည် ရှေးနည်းအတူ မင်းကြီးအားလျှောက်ထား၍၊ အရွယ်တော် ၁-နှစ်ကူးပြန်သည်နှင့်လျော်စွာ အလိုစမ်းတစ်နည်း တိုင်ပင်ကြံစည်ပြန်လေ၏။
(ဤကား ဘုရားလောင်း အရွယ်တော် ၁၅-နှစ်ရှိ၍ ၁၅-ကြိမ်မြောက်သော မစင်ဖြင့် အလိုစမ်းခြင်းတည်း။)
ထိုအခါ အမတ်တို့သည် “ဤမင်းသားကဲ့သို့ မကြားစဘူး အထူးထူးအပြားပြားများစွာ ဤမျှလောက်အလိုစမ်းလျှင် နားကန်း, အ,သည်ပင်ဖြစ်စေ၊ အဘယ်သူ မလှုပ်မရှား နေနိုင်ပါအံ့နည်း။ အသည်းနှလုံးထဲ အစွဲတစ်ခုခုနှင့် ယခုအရွယ်တိုင်အောင် ဆွံ့အ,နားပင်းယောင်ဆောင်၍ မလှုပ်မယှက်နေသောအချက်ကို ဆက်ဆက်မသိရ။ ပြင်းပြစွာအပူတိုက်၍ ထိခိုက်နာကျင်အောင်ပြုရလျှင် အမှုကို သည်းခံနိုင်မည်မဟုတ်၊ တုန်လှုပ်သင့်ဖွယ်ရာ ရှိ၏။ မီးမယ်ဖျူးဖြင့် ယခု စမ်းကြရသော် ကောင်း၏”ဟု တိုင်ပင်ညီညွတ်ကြပြီးလျှင် အထိန်းတော်တို့သည် ဘုရားလောင်းမင်းသားကို သုတ်သင်ဆေးကြောလျက် ညောင်စောင်းသလွန်ပေါ် ထက်ထား၍ မင်းသား၏ကိုယ်ကို အခိုးအလျှံအရှိန်ခိုက်အောင် သလွန်အောက်၌ မီးမယ်ဖျူးထား၍ အလိုစမ်းကြကုန်၏။ ထိုအခါ ကျပ်တင်သကဲ့သို့ မီးကျီးခဲအရှိန်အငွေ့ တခြောင်းခြောင်းထိခိုက်၍ ဘုရားလောင်း၏ ကိုယ်အလုံး မီးလောင်မာ ဖူးရရူးပေါက်လျက် အလွန်ပူခြင်း, နာကျင်ခြင်းသို့ ရောက်တော်မူ၏။
ထိုသို့ မီးမယ်ဖျူးဖြင့် အခြစ်ကင်၍ နာကျင်ပူပြင်းစွာ ခံတော်မူရသောအခါ ဘုရားလောင်းသည် ဤသို့ ကြံတော်မူ၏။ “အဝီစိငရဲမီးပူခြင်းကား အလျှံတွင်းသို့မရောက်ဘဲ ၁၀၀လောက်ယူဇနာ ကွာရာအရပ်တိုင်နှံ့စပ်၍ မခံနိုင်အောင်ပူ၏။ ဤမီးပူကား တစ်သူမျှလောက် အလျှံမတက်။ သက်သက်သာသာ အဆအရာ အသိန်းအသန်းမက ခံသာလှတုံသေး၏”ဟု ငရဲမီးကို ဆင်ခြင်မြော်ထောက် ဆောက်တည်လျက် စိတ်ဝိညာဉ် လွင့်စဉ်စဲချုပ်သော ပုဂ္ဂိုလ်ကဲ့သို့ မတုန်မလှုပ် ငြိမ်သက်စွာနေတော်မူ၏။ ဤသို့ တစ်နေ့လုံး မီးမယ်ဖျူးဖြင့်ကင်၍ ရံဖန်ရံဖန် ၁-နှစ်ပတ်လုံး အလိုစမ်းကြကုန်၏။
မယ်တော်, ခမည်းတော်တို့သည်လည်း မီးပူခြင်းဆင်းရဲကို သည်းခံလျက် မလှုပ်မယှက်နေသော သားတော်ဘုရားလောင်းကိုမြင်လျှင် သား၏ကြင်နာခြင်းဖြင့် နှလုံးကွဲကြေ သေချင်မအား များစွာပင်ပန်းခြင်းရှိသည်ဖြစ်၍ အထိန်းအကြီး အချီတော် နန်းတွင်းသူနန်းတွင်းသားအပေါင်းတို့ကို တစ်ပါးလွတ်ရာ ဖဲခွာစေလျက် မီးမယ်ဖျူးကိုလည်း ပယ်စေပြီးမှ မျက်နှာညှိုးငယ် သနားဖွယ်သောအမူအရာဖြင့် ဘုရားလောင်းအနီး၌ နေကြလတ်ပြီးလျှင် ဤသို့ ပြောဆိုဖျောင်းဖျကြကုန်၏။
“ချစ်သား တေမိယကုမာရ။ မောင် နားပင်း, ဆွံ့အ မဟုတ်သည်ကို အမယ်တို့ သိကြပါ၏။ ဆွံ့သူ, အသူ, နားပင်းသူတို့၏ လက်, ခြေ, ခံတွင်း, နားတွင်းတို့နှင့် တစ်စုံတစ်ခုမျှ မောင့်တွင်မတူ။ အလွယ်တကူ မထင်မရှား မွေးဖွားသည့်သားလည်း မဟုတ်။ ဥပုသ်သီတင်း မိခင်သုံး၍ “ဘုန်းလက္ခဏာနှင့်ပြည့်စုံသော သားကောင်းကိုရပါစေ”ဟု ရိုသေနေ့ည တောင့်တခြင်းပတ္ထနာဖြင့် သန္ဓေအခါစွဲဦးကပင် ယောက်ျားထူး၏ တိတ်နိမိတ် အရိပ်အရှိန်ကို ဝဇိရစိန်ဝင်သကဲ့သို့ ထင်ရှားစွာပြလျက် ဖွားစကပင်လည်း ဗေဒင်နိမိတ် ပုရောဟိတ်အပေါင်းတို့ လက္ခဏာကောင်းကိုမြင်လျှင် ၄-ကျွန်းရှင်ဖြစ်ထိုက်ကြောင်း အကောင်း,အမြတ်အသွယ်သွယ် ဖတ်ကြားကြသည်နှင့် မောင့်ခမည်းတော်လည်း အားရရွင်ဖြိုး မောင့်တန်ခိုးဘုန်းရောင်ထွန်း၍ တစ်ကျွန်းလုံး ကျော်စောခြင်းဖြင့် မင်းတကာတို့ ရိုညွတ်လျက်ရှိပါပြီကို အလိုရှိရာသော်လည်း မပြု၊ အမှုရေးကို မေးပါ၍လည်း မရ၊ အယောင် ဆွံ့ယောင် နားပင်းယောင် ဤကဲ့သို့သာ မတုန်မလှုပ်နေချေလျှင် မိခင်ဖခင်တို့မှာ စေတနာပြတ်ပြတ် ယုံမှတ်ကြသူ ဇမ္ဗူသောင်းတွင်း ထီးဖြူဆောင်းချင်း မင်းပရိသတ်တို့အလယ်၌ ရှက်ဖွယ်ကြီးစွာ ဖြစ်ရတော့မည်တကား။ မောင့်အားလိုဖွယ် အမယ်တို့အကြိုက် အထိုက်အလိုက် ၂-ဦးသင့်အောင် အခွင့်ကိုမောင်ဆောင်ပါမှ ပရိသတ်ဘောင်ကဲ့ရဲ့ဖွယ် အမယ်တို့ လွတ်ပါမည်။ မိခင်, ဖခင်တို့နှလုံး ပျက်ပြုန်းကြေကွဲအောင် မပြုပါလင့်။ မောင်အလိုရှိရာ အခွင့်ကို ပြောသင့်သည်။ မိ,သား,ခမည်း ၃-ယောက်တည်း ယခုသူတစ်ပါး နားမကြားစေရအောင် ဖုံးဝှက်ပါမည်။ တိုးတိုးသက်သက် အမြွက်မျှဆိုစမ်းပါ”ဟု များစွာအသွယ်သွယ် အလှယ်လှယ်စကားသံဖြင့် တောင်းပန်ဖြားယောင်းကြကုန်၏။
ထို့သို့ ခမည်းတော်,မယ်တော်တို့ တောင်းပန်ဖျောင်းဖျကြသော်လည်း ဘုရားလောင်းမင်းသားသည် မကြားယောင်ဆောင်၍ မတုန်မလှုပ်ထားတိုင်းသော လျောင်းလျက်ဖြင့် ငြိမ်သက်စွာနေတော်မူ၏။ မယ်တော်,ခမည်းတော်တို့သည် ကျောသပ်လက်ပိုက် ပြုထိုက်သမျှချော့မော့ရိုး မြတ်နိုးသနားဖွယ် အလှယ်လှယ် အပြောင်းပြောင်း တောင်းပန်ငြားသော်လည်း ဘုရားလောင်း၏ ထူးသောအမူအရာ တစ်စုံတစ်ခုကိုမျှ မရကြလတ်လျှင် ရင်သပ်လက်မှိုင် အိုင်သောမျက်ရည်ကိုသုတ်၍ တရှုတ်ရှုတ်ငိုကြွေးလျက် နှလုံးသွေးလှိုက်ဆူ ပူပင်ညှိုးနွမ်းသောမျက်နှာဖြင့် မသက်မသာ ဖဲခွာကြလေ၏။
ဤသို့နည်းဖြင့် မီးမယ်ဖျူးကင်ပြီးသည်၏ နောက်နောက်တို့၌ ရံခါရံခါလည်း မယ်တော်တစ်ယောက်တည်းသာ ရံခါရံခါလည်း ခမည်းတော်တစ်ယောက်တည်းသာ မယ်တော်, ခမည်းတော် ၂-ဦးအစုံ ၁-နှစ်ပတ်လုံး သနားဖွယ်တောင်းပန် ဖြားယောင်းကြကုန်၏။
ဤသို့ အလိုစမ်း၍ ဘုရားလောင်း၏ ထူးခြားသောအခွင့်ကို မမြင်ကြလတ်သဖြင့် ၁-နှစ်ခန့်ပြတ်လျှင် အမတ်တို့သည် မင်းကြီးအား လျှောက်ထား၍ အရွယ်အားလျော်စွာ အလိုစမ်းတစ်နည်း တိုင်ပင် ကြံစည်ကြပြန်လေ၏။
(ဤကား ဘုရားလောင်း ၁၆-နှစ်ရွယ်ရှိ၍ ၁၆-ကြိမ်မြောက်သော မီးမယ်ဖျူးဖြင့် အလိုစမ်းခြင်းတည်း။)
ထိုအခါ ပညာရှိအမတ် နိမိတ်ဖတ် ပုရောဟိတ်တို့သည် ဤသို့တိုင်ပင်ကြကုန်၏။ “ဆွံ့အသူ နားပင်းသူဖြစ်စေကာ ကာမဂုဏ်သားအလျောက် အရွယ်ရောက်လတ်လျှင် တပ်အပ်သောအာရုံနှင့်ယှဉ်လျက် မတပ်သောသူမည်သည်မရှိ။ ရှုကြည့်ချင်ဖွယ် အာရုံနှင့်ယှဉ်လျက် မရှုကြည့်လိုသောသူမည်သည် မရှိ။ အချိန်အခါရောက်သောပန်းသည် ပွင့်မြဲဓမ္မတာ၊ အခါအရွယ်ရောက်သော လုလင်သည်လည်း ရွှင်မြဲဓမ္မတာ။ တစ်ပါးအရာမှာ ပညာသိမ်းဆည်း၍ သည်းခံချုပ်တည်းနိုင်သော်လည်း အရွယ်နှိုးဆော်သဖြင့် အတော်အသင့် အာရုံကြိမ်လတ်လျှင် ငြိမ်ဝပ်အောင်နှိပ်ကွပ်နိုင်ခဲသော နှလုံးရှိမြဲတမ်းကိုတက်လှမ်း၍ ဤမင်းသား မလွန်မြောက်နိုင်ကောင်း။ အကြောင်းသင့် မင်းသားပျော်ဖွယ် အရွယ်မျိုး, အဆင်းသီတင်း ဖြားယောင်းခြင်း မာယာလက္ခဏာမျိုး အပြည့်အစုံ ကာမဂုဏ်မှု၌ သူ့အလိုသို့ပါအောင်ငင်တတ်သော သမီးလုလင်ဖြင့် အလိုစမ်းရသော် ကောင်း၏”ဟု အညီအညွတ် တိုင်ပင်ကြပြီးလျှင် နတ်ကညာကဲ့သို့ လက္ခဏာအရောင်အဆင်း ကောင်းခြင်းဟူသမျှ အရပ်ရပ် မြတ်သောတင့်တယ်ခြင်းနှင့် ပြည့်စုံစွာ ကိုယ်,နှုတ် အပျောင်းအနွဲ့ အဖွဲ့အဆို၌ မင်းသားပျိုတို့စိတ်ကို ယိုဖိတ်၍ဝင်အောင် သွေးဆောင်ရွှင်မြှူ ချူယူတတ်ခြင်းသတ္တိရှိ၍ နာဋကိတ္ထိဟုဆိုအပ်သော သမီးပျိုတို့ကို မင်းကြီးအမိန့်နှင့် ရွေးချယ်ကောက်ယူ ခေါ်စေပြီးသော် “သင်တို့သည် မင်းသားနှလုံးအကျိတ်အခဲကို အစွဲပြေအောင် အထွေထွေအပြားပြား ဖြားယောင်းခြင်းဖြင့်ရွှင်စေ၍ ကိလေသာအဖွဲ့အနှောင်ဖြင့် ဆောင်ယူပိုက်နိုင်မူ မည်သူမဆို အလိုတူရာမင်းသားနှင့် ထိမ်းမြားစုံဖက်၍ မင်းသားကို ထီးနန်းအပ်နှင်းသောအခါ မိဖုရားကြီးအရာတင်မည်။ ရည်ရည်စားစား အားထုတ်ကြိုးပမ်းကြလေ”ဟု သေချာယုံမှတ် ပြတ်သားအောင် ပြောဆိုသွန်သင် မိန့်ကြားပြီးမှ တေမိမင်းသားအားလည်း ၁၆-နှစ်တွင်းက မသန့်မရှင်းကြိမ်ရသဖြင့် ညှိုးတိမ်လေသော လက္ခဏာအရောင်အသွေးကို ရေမွှေးနံ့သာရည် ချိုးသွန်းခြင်းဖြင့်ဖော်လျက် အရွယ်တော်တန်ခိုးဖြင့် မြတ်နိုးကြည်ညိုဖွယ်မှာ တင့်တယ်စွာ နတ်မင်းသားကဲ့သို့ မပြားမခြားအောင် မင်းသားအိမ်ရှေ့ရှင်တို့ ဆင်ထိုက်သော အဝတ်တန်ဆာဖြင့် ဆင်စေ၍၊ မင်းသား၏နေရာ ကျက်သရေတိုက်ကိုလည်း နံ့သာဆိုင်း, ပန်းဆိုင်း အခိုးအထုံ ကာမဂုဏ်အဆောင်အသုံး တစ်ခန်းလုံးအမွှေးအကြိုင်ဖြင့် လှိုင်စေလျက် နတ်မင်းနေရာ သလွန်ဘုံခန်းကဲ့သို့ ရွှင်လန်းနှစ်လိုဖွယ် တန်ဆာဆင်စေပြီးသော်၊ ဘုရားလောင်း တေမိမင်းသားကို ထိုစံပျော်ဖွယ် ကျက်သရေတိုက်ခန်း၌ စက်မြန်းဖွယ်အုံးမွေ့ရာ သလွန်တော်ဝယ်နေစေလျက် နန်းသူ, နန်းသား, ယောက်ျား, မိန်းမ အလွတ်ဟူသမျှတို့ကို လွတ်ရာဖဲခွာစေပြီးမှ လှပမွန်ရည် ကိုယ်ထည်လက္ခဏာ ဇာတိအကောင်း မင်းထိုက်မင်းသုံး ရတနာအဝတ်တန်ဆာသင့်ရာ အဝေအဖန်မွမ်းမံဆင်ပြင်ခြင်း အကောင်းအပေါင်းညီမျှသဖြင့် တောက်ပလျှံညှီး နတ်သမီးကဲ့သို့တင့်တယ်သော ထိုသမီးပျိုတစ်စုတို့ကို ကျက်သရေတိုက်တွင်းသို့သွင်း၍ မင်းသား၏အနီး၌ အသီးအသီး မငြီးမငွေ့သာအောင် များစွာသွယ်သွယ်ဖြင့် ဖြားယောင်းစေ၏။
ထိုအခါ ကိုယ်လက်အနွဲ့အပျောင်း ကောင်းစွာကခြင်း၌လိမ္မာကုန်သော မင်းသမီးတို့သည် မင်းသား၏ မျက်စိဣန္ဒြေ အနေပျက်၍ မက်မောစိတ်ပေါ်အောင် ဖျော်ဖျောင်းသွေးချူကြကုန်၏။ ဧချင်း, တေး, ဘွဲ့ အနွဲ့အပျောင်း သီချင်းအမှု၌လိမ္မာကုန်သော မင်းသမီးတို့သည်လည်း နားတော်ဣန္ဒြေ အနေပျက်၍ မက်မော စိတ်ပေါ်အောင် ဖျော်ဖျောင်းသွေးချူးကြကုန်၏။ ချိုအေးသာယာ ကာမစကားဖြင့် ဖြားယောင်းပြောဆိုတတ်သော မင်းသမီးတို့သည်လည်း နှုတ်တော်ဆို့ပိတ်၍ ဆိတ်ဆိတ်မနေနိုင် ယိုင်၍ နှုတ်လက်ဝင်စွက်တိမ်းမှားအောင် စကားဆိတ်တို့ ကြိုးငဲ့ဖျော်ဖြောင်း ဖြားယောင်းကြကုန်၏။ နူးညံ့ထွားမွတ်စွာ ကိုယ်အတွေ့အထူးရှိကြကုန်သော မင်းသမီးတို့သည်လည်း အမြင်အတွေ့ကောင်းရာ ကာမဂုဏ်အညံ့အသက်ဖြင့် ကိုယ်လက်ထိပါး ကစားရွှင်မြူး အထူးစိတ်တော်ဝင်အောင် ရွှင်ပျော်မှုအထွေထွေဖြင့် ဖျော်ဖြေဖြားယောင်း ဖျောင်းဖျကြကုန်၏။
ထိုသို့ တစ်ခုမလိုက် တစ်ခုလိုက် အကြိုက်သင့်တော်ရာရည်ရော်၍ အသီးအသီးမင်းသမီးတို့ ဖြားယောင်းဖျောင်းဖျကြသောအခါ ဘုရားလောင်းတေမိမင်းသားသည် ပါရမီပြည့်ကြောင်း ကောင်းမှုအလီလိချီပင့်၍ ရင့်ခိုင်သော ပညာတော်ဖြင့် “ငါကား ဖွားစကပင် ဆင်ခြင်မြော်တွေးသဖြင့် ငရဲဘေးကိုမြင်လျှင် ပြည်ကြီးရှင်မပြုလိုသောကြောင့် မိမိကိုယ်ကိုမိမိ အရိအပန်း အနွမ်းအနယ်ခံ၍ အဓိဋ္ဌာန်မပျက်အောင် အသက် ၁၆-နှစ်ပတ်လုံး တနှုန်းတည်းစိတ် မလိပ်မလည်းကြိုးပမ်းသဖြင့် ဆိပ်ကမ်းသို့ ယခုရောက်လုမှတစ်ခါ ဤကာမဂုဏ်ဘီလူး ပူးယှဉ်သည်ကို ကြည်ညိုညံ့သက် မျက်နှာချိုပေးမှားလျှင် အပါးမကွာ မြဲစွာကပ်စွဲခြင်း အပြင်းဖမ်း၍ လမ်းရိုးအဓိဋ္ဌာန်ပျက်ခဲ့သော် ရှက်ဖွယ်တကား။ ဤလူတွင် မတူနိုင်သောငါ၌ ရှက်ဖွယ်ဖြစ်ရာ၏။ ဆင်းရဲခံပါသမျှသော ကိုယ်အကျိုးလည်း အချည်းအနှီး ဖြစ်ခဲ့ရာ၏။ ငါသို့သောသူမှ အယူပျက်အောင် နှောင့်ယှက်လာသော ဤကာမဂုဏ်ကို မလွန်မြောက်လျှင် နောက်အဆက်ဆက်လည်း ရမ္မက်ကိလေသာ အာရုံလတ်လတ်ကပ်ယှဉ်က ပုထုဇဉ်သာမှန်လျှင် မလွန်နိုင်ရာဟု ကာမဂုဏ်ကိုဦးစားထား၍ ငါ့အားသက်သေထူသဖြင့် သူခပ်သိမ်းအများ ဝဋ်တရား၌ ရှည်ကြာဖွယ်လည်း ဖြစ်ခဲ့ရာ၏။ ငါ ဤရန်စစ်ကို မလစ်ရအောင် အဓိဋ္ဌာန်ဖြင့် ပယ်လွှဲစွန့်ပစ်နိုင်လျှင် တစ်ပြိုင်တည်း ကိုယ့်အကျိုး သူ့အကျိုး ကောင်းမှုမျိုး တက်ဖြိုးပြည့်စုံ ကာမဂုဏ်ဘီလူးကို ရှေးဦးစွာ ငါတစ်ယောက်နိုင်လိုက်သဖြင့် နောက်လိုက်သူအများ ခံ့ညားခြင်းမဲ့ အတင်းနှိပ်ကွပ်၍ ဝဋ်ပြတ်ရာတရားကို အားထုတ်ခြင်းမပျက် အဆက်ဆက်သူတို့ နည်းယူရာထုံးကောင်း လမ်းကြောင်းလည်း တွင်ရစ်စေတော့ဟု အသွယ်သွယ်အပြားပြား များစွာဆင်ခြင် မြော်မြင်တော်မူသည်ဖြစ်၍ မျက်စိအတွေ့, နားအတွေ့, နှာခေါင်းအတွေ့တို့ကို အငွေ့ အရိပ်မျှ တို့ဆိတ်သူခံရလျှင် အဖန်ဖန်အကြိမ်ကြိမ် စည်းစိမ်ကောင်းပြု၍ အမှုရှာအံ့သည်တကား”ဟု မရှုမကြည့် မလှည့်မတိမ်း မှိန်းမှိန်းယှက်ယှက် မျက်နှာတော်မထူး ရှေးဦးကဣန္ဒြေ နေမြဲပြကတေ့ဖြင့် “ငါ၏ကိုယ်အတွေ့ သိမ်မွေ့သောဖောဋ္ဌဗ္ဗာရုံကို ဤအလုံးစုံမိန်းမ ချူသမျှတို့ မရသည်သာ ဖြစ်စေသတည်း”ဟု ဓိဋ္ဌာန်တော်မူလျက် ထွက်သက်ဝင်သက်ကို ထွက်ရှူမှန်းမသိအောင် သိမ်းအုပ်၍ချုပ်သကဲ့သို့ ထင်စေသဖြင့် အရေအသား ထွားထွားမွတ်ညက်ခြင်းကင်းလျက် ကိုယ်လက် ခက်ကြမ်းမာချော်တော်မူ၏။
ကိုယ်လက်ထိပါး ကစားရွှင်မြူးကြကုန်သော မင်းသမီးတို့သည် ဘုရားလောင်း၏ ကိုယ်တော်၌ နူးညံ့သော အတွေ့ကိုမျှ မရကြလတ်လျှင် “ဤသခင်၏ကိုယ်လက်ကား ဖက်ရွက်ကြမ်းကဲ့သို့ စမ်းသပ်ရခြင်းအရသာလည်း ဘယ်ဆီမှာမျှ မမွတ်ညက်။ အသက်လည်း မရှူ။ အမူလည်းမထူး။ လူဘီလူး ဖြစ်ရာအံ့တကား”ဟု ရွှင်ပါးခြင်းပျောက်၍ ကြောက်စိတ်ဝင်ကြသဖြင့် အကြာအတင်မရပ်တည် ပြန်လည်မကြည့် ပြေးလေကုန်၏။
ဤသို့ ၁-နှစ်ပတ်လုံး အခါမပြတ် မိန်းမမြတ်ကချေသည် အသွေးအရည်အခြားခြား များစွာအလှယ်လှယ် အသွယ်သွယ်အပြောင်းပြောင်း ကောင်းနိုးရာကာမဂုဏ်ဖြင့် အလိုစမ်းကြကုန်၏။ ထိုသို့ အလိုစမ်းကြသော်လည်း တစ်ယောက်သောမင်းသမီးမျှ မင်းသား၏ ငြိမ်သက်သောနှလုံးကို နုံးနုံးခွေ့ခွေ့ မျဉ်း၍ပါအောင် မတတ်နိုင်ကြလတ်လျှင် မင်းအမတ်တို့သည် မကြံတတ်အောင် နှလုံးမသာ ဖြစ်ကြလေကုန်၏။
(ဤကား ဘုရားလောင်း အရွယ်တော် ၁၇-နှစ်ရှိ၍ ၁၇-ကြိမ်မြောက်သော ကချေသည် သမီးလုလင်တို့ဖြင့် အလိုစမ်းခြင်းတည်း။)
ထိုသို့ ဖွားတော်မူစ ၁-လကျော်အရွယ်မှ ၁၇-နှစ်တိုင်အောင် ၁-နှစ်စီ အလိုစမ်းဖွယ်အထည်ထည် နို့ရည်ဖြင့်တစ်သွယ်, မုန့်ခဲဖွယ်ဖြင့် ၁-နှစ်, သစ်သီးဖြင့် တခြား, ကစားဖွယ်ဖြင့် တယှဉ်, ဘောဇဉ်ဖြင့် တစ်သီး, မီးဇရုံးတစ်တန်၊ မာန်ဆင်ဖြင့်တစ်ထွေ, မြွေဖြင့်တစ်သွင်, သဘင်တစ်ချက်, သန်လျက်တစ်မှု, ခရုသင်းတတည်, စည်ကြီးသံတသီး, ဆီမီးဖြင့်တကွဲ, တင်လဲဖြင့်တစီရင်, မစင်ဖြင့်တထူး, မီးမယ်ဖျူးဖြင့် တဝ, မိန်းမလှနောက်ပိတ် အစိတ်အကြားတွင် များစွာအလိုစမ်းငယ် အသွယ်သွယ်အထူးထူးဖြင့် ၈-ဦးသောလောကဓံကို အဖန်ဖန်အလှည့်လှည့် ကြိမ်စေလျက် စိတ်နှလုံးထဲ စွဲယူသောအလိုကို ထိုထိုအခွင့်စမ်း ရမ်းဆ၍ပြုကြသော်လည်း သူ့စရိုက်အာသယကို ဘုရားမှတစ်ပါး ထင်ရှားဧကန် အမှန်မသိနိုင်ကောင်းသဖြင့် ဘုရားလောင်း၏ အလိုတော်နှလုံးသွင်းကို လွတ်ရှင်းပျောက်ကွာအောင် တော်သင့်ရာစရိုက်ဖြင့် ပိုက်ကျုံးခြင်းငှာ မတတ်စွမ်းနိုင် ဖြစ်ကြလေ၏။
ဤတွင်ရွေ့ကား မင်းမပြုလို၍ မတုန်မလှုပ်နေသော ဘုရားလောင်းအလိုကို နှစ်, လ, ရက်ရှည်ကြာစွာ အလှယ်လှယ်အပြောင်းပြောင်း ဆိုးကောင်းမြင့်နိမ့် နှစ်သိမ့်ချရှုတ် ယုတ်ယုတ်မြတ်မြတ်တို့ဖြင့် မင်းအမတ်တို့ စမ်းသည့်အခြင်းအရာကို ဆိုသော အခန်းကား ပြီး၏။