1504ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၁၄။ ဒွေသဟာယကဘိက္ခုဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ယမကဝဂ်

၁၄။ အဆွေခင်ပွန်းရဟန်းနှစ်ပါးဝတ္ထု

ဗဟုမ္ပိ စေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အဆွေခင်ပွန်းဖြစ်ကုန်သော နှစ်ပါးသော ရဟန်းတို့ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဓုရနှစ်ပါး ဖြည့်ကျင့်ရာ၌ အသီးအသီး အကျိုးထူးရရှိကြခြင်း

သာဝတ္ထိပြည်၌နေကုန်သော အဆွေခင်ပွန်း အမျိုးသားနှစ်ယောက်တို့သည် ကျောင်းသို့သွား၍ မြတ်စွာဘုရား၏ တရားတော်ကို နာရသဖြင့် ကာမဂုဏ်တို့ကို စွန့်ပစ်ပယ်ခွာပြီးလျှင် သာသနာတော်၌ ရင်ပေးလျက် ရဟန်းပြုကြလေကုန်၏။ ထိုသို့ ရဟန်းပြု၍ ငါးဝါတို့ပတ်လုံး ဆရာဥပဇ္ဈာယ်တို့၏ အထံ၌နေ၍ မြတ်စွာဘုရားသို့ ချဉ်းကပ်ပြီးလျှင် သာသနာတော်၌ ဆောင်ရွက်ဖြည့်ကျင့်အပ်သော ဓုရကို မေးလျှောက်၍ ဂန္ထဓုရကိုလည်းကောင်း၊ ဝိပဿနာဓုရကိုလည်းကောင်း အကျယ်အားဖြင့် ကြားနာရပြီးလျှင် ရဟန်းတစ်ပါးသည် „မြတ်စွာဘုရား- တပည့်တော်ကား ကြီးရင့်အိုမင်းသောအခါမှ ရဟန်းပြုရ၏။ ဂန္ထဓုရကို ဖြည့်ကျင့်ခြင်းငှာ မတတ်နိုင်ပါ။ ဝိပဿနာဓုရကို ဖြည့်ကျင့်ပါအံ့ဘုရား”ဟု လျှောက်ကြား၍ “အရဟတ္တဖိုလ်သို့ ရောက်သည်တိုင်အောင် ဝိပဿနာဓုရကို ဟောကြားတော်မူပါ”ဟု တောင်းပန်မှာကြားပြီးလျှင် အထပ်ထပ် စေ့ဆော် အားထုတ်သည်ရှိသော် ပဋိသမ္ဘိဒါလေးပါးနှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ ဤမှတစ်ပါးဖြစ်သော အဖော်ရဟန်းသည်ကား “ငါသည် ဂန္ထဓုရကို ဖြည့်ကျင့်ခြင်းငှါ စွမ်းနိုင်၏”ဟုကြံ၍ အစဉ်အတိုင်းအားဖြင့် ပိဋကတ်သုံးပုံဟုဆိုအပ်သော မြတ်စွာဘုရား စကားတော်ကို သင်ယူ၍ ရောက်ရာ,ရောက်ရာအရပ်၌ တရားစကားကို ဟောကြားလေ့ရှိ၏။ သရဘညဝတ်ကို ရွတ်လေ့ရှိ၏။ ငါးရာကုန်သော ရဟန်းတို့အား မြတ်စွာဘုရားစကားတည်းဟူသော တရားတော်ကို ပို့ချလျက် သွားလာလှည့်လည်လေ့ရှိ၏။ တစ်ဆယ့်ရှစ်ရပ်ကုန်သော ဂိုဏ်းကြီးတို့၏ ဆရာကြီးတစ်ပါး ဖြစ်လေသတည်း။

(သရဘညဝတ်ဟူသည်ကား အသံဖြင့် ထင်ရှားအောင် ဖောင်ဖောင်ရွတ်၍ ဟောခြင်းတည်း။ ထိုဝတ်သည် လှိုင်းတံပိုးကဲ့သို့ ရွတ်ရာသော တရင်္ဂဝတ်၊ ပုဆိုးဖွပ်သကဲ့သို့ ရွတ်ရာသော ဓောတကဝတ်၊ ချော်သကဲ့သို့ အယိုင်ရွတ်ရာသော ခလိတဝတ်စသည်ဖြင့် သုံးဆယ့်နှစ်ပါး ရှိ၏။)

တရားလက်လွတ်သော ကျမ်းဂန်တတ်ရဟန်း၏ မာန်မာနအညစ်အကြေး

ရဟန်းတို့သည် မြတ်စွာဘုရား အထံတော်၌ ကမ္မဋ္ဌာန်းကိုယူ၍ ဝိပဿနာဓုရကို ဖြည့်ကျင့်သော ရဟန္တာမထေရ်၏ နေရာအရပ်သို့သွား၍ ထိုမထေရ်၏ အဆုံးအမ၌တည်လျက် ရဟန္တာအဖြစ်သို့ ရောက်ပြီးလျှင် မထေရ်ကိုရှိခိုး၍ “တပည့်တော်တို့သည် မြတ်စွာဘုရားကို ဖူးမြော်ခြင်းငှါ အလိုရှိပါကုန်သည်ဘုရား”ဟု ခွင့်ပန် လျှောက်ကြားကြလေကုန်၏။ မထေရ်သည်လည်း “ငါ့ရှင်တို့- သွားကြကုန်လော့၊ ငါ၏စကားဖြင့် မြတ်စွာဘုရားကို ရှိခိုး၍ ရှစ်ကျိပ်ကုန်သော မထေရ်ကြီးတို့ကိုလည်း ရှိခိုးကြကုန်လော့။ ငါ၏အဖော်ဖြစ်သော မထေရ်ကိုလည်း တပည့်တော်တို့၏ ဆရာသည် အရှင်ဘုရားတို့ကို ရှိခိုးလိုက်ပါသည်ဟူ၍ လျှောက်ကြားကြကုန်လော့”ဟု မှာထားလွှတ်လိုက်လေ၏။ ထိုရဟန်းတို့သည် မြတ်စွာဘုရားကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကိုလည်းကောင်း၊ ရှစ်ကျိပ်ကုန်သော မထေရ်ကြီးတို့ကိုလည်းကောင်း ရှိခိုးကြ၍ ဂန္ထဓုရဖြည့်ကျင့်သော မထေရ်တို့ကိုလည်း ရှိခိုးပြီးလျှင် “အရှင်ဘုရား- တပည့်တော်တို့၏ ဆရာသည် အရှင်ဘုရားတို့ကို ရှိခိုးလိုက်ပါသည်”ဟူ၍ လျှောက်ကြားကြကုန်၏။ ထိုဂန္ထဓုရဖြည့်သော ရဟန်းသည်လည်း “အသင်တို့၏ ဆရာဖြစ်သော ထိုရဟန်းသည် အဘယ်သူဖြစ်သနည်း”ဟု မေးသည်ရှိသော် ရဟန်းတို့သည် “အရှင်ဘုရား- အရှင်ဘုရားတို့၏ အဖော်ဖြစ်သော ရဟန်းပါတည်း”ဟု ဆိုကြကုန်၏။

ဤသို့လျှင် ဝိပဿနာဖြည့်ကျင့်သော မထေရ်သည် အဖန်တလဲလဲ သတင်းစကားကို စေသည်ရှိသော် ထိုဂန္ထဓုရ ဖြည့်ကျင့်သော ရဟန်းသည် အနည်းငယ်သော ကာလပတ်လုံး သည်းခံ၍ နောက်အဖို့ကာလ၌ သည်းခံခြင်းငှါ မစွမ်းနိုင်သည်ဖြစ်ရကား “တပည့်တော်တို့၏ ဆရာသည် အရှင်ဘုရားတို့ကို ရှိခိုးလိုက်သည်”ဟု လျှောက်လာကြသဖြင့် “အသင်တို့၏ဆရာဖြစ်သော ထိုရဟန်းသည် အဘယ်သူဖြစ်သနည်း”ဟု မေးသည်ရှိသော် “အရှင်ဘုရားတို့၏ အဖော်ဖြစ်သော ရဟန်းပါတည်း”ဟု လျှောက်သောအခါ “သင်တို့သည် ထိုရဟန်း၏အထံ၌ အဘယ်ကို သင်ကြားအပ်သနည်း။ ဒီဃနိကာယ် စသည်တို့တွင် တစ်ပါးပါးသောနိကာယ်ကိုတည်း သင်ယူသလော၊ ပိဋကတ်သုံးပုံတို့တွင် တစ်ပုံပုံသော ပိဋကတ်ကိုတည်း သင်ယူသလော”ဟု မေးပြီးလျှင် “လေးပါဒမျှရှိသော ဂါထာကိုလည်း မသိမမြင်၊ ပံသုကူသင်္ကန်းကိုသာ ကောက်ယူ၍ ရဟန်းပြုပြီးသော ကာလ၌သာလျှင် တောသို့ဝင်လျက် များစွာကုန်သော အတွင်းနေတပည့်တို့ကို ရလေဘိတကား၊ ထိုရဟန်းလာသောအခါ ငါသည် ပြဿနာကို မေးခြင်းငှါ သင့်၏”ဟု ကြံစည်စိတ်ကူး၍ နေလေ၏။ နောက်အဖို့၌ ဝိပဿနာဖြည့်ကျင့်သော မထေရ်သည် မြတ်စွာဘုရားကို ဖူးမြင်ခြင်းငှါ လာသည်ရှိသော် အဖော်ဖြစ်သော မထေရ်၏အထံ၌ သပိတ်သင်္ကန်းကိုထားကာ သွား၍ မြတ်စွာဘုရားကိုလည်းကောင်း၊ ရှစ်ကျိပ်ကုန်သော မထေရ်ကြီးတို့ကိုလည်းကောင်း ရှိခိုးပြီးလျှင် အဖော်ဖြစ်သော ရဟန်း၏နေရာအရပ်သို့ ပြန်လည်လာခဲ့၏။

]

ထိုအခါ ထိုအာဂန္တုရဟန်းအား ကျောင်းနေ ရဟန်းသည် ဝတ်ကြီးဝတ်ငယ်ကို ပြုစေပြီးလျှင် တူမျှသော ပမာဏရှိသောနေရာကိုယူ၍ “အမေးပုစ္ဆာ ပြဿနာကိုမေးအံ့”ဟု ထိုင်လေ၏။ ထိုခဏ၌ မြတ်စွာဘုရားသည် “ဤဂန္ထဓုရဖြည့်ကျင့်သော ရဟန်းသည် ဤသို့သဘောရှိသော ငါ့သားတော်ကို ညှဉ်းဆဲ၍ ငရဲ၌ ဖြစ်လေရာ၏”ဟု မြင်တော်မူသဖြင့် ထိုရဟန်း၌ အစဉ်သနားသောစိတ် ရှိတော်မူသည်ဖြစ်၍ ကျောင်းစဉ်လှည့်လည်ခြင်းကို လှည့်လည်တော်မူဘိသကဲ့သို့ ထိုရဟန်းတို့၏ ထိုင်နေရာအရပ်သို့ ကြွသွားတော်မူ၍ ခင်းထားအပ်သော မြတ်သော ဘုရားနေရာတော်၌ ထိုင်နေ သီတင်းသုံးတော်မူလေ၏။

ဝိပဿနာဓုရဖြည့်ကျင့်သော ရဟန်းအား ကောင်းချီးပေးသဖြင့် မြတ်စွာဘုရားအား ကဲ့ရဲ့ကြခြင်း

ထိုသို့ ထိုင်နေ သီတင်းသုံးတော်မူပြီးလျှင် ကျမ်းဂန်တတ် ရဟန်းကို ပဌမဈာန်၌ အမေးပုစ္ဆာ ပြဿနာကို မေးတော်မူ၍ ထိုရဟန်းက ဖြေဆိုသည်ရှိသော် ဒုတိယဈာန်ကို အစပြု၍ ရှစ်ပါးသော သမာပတ်တို့၌လည်းကောင်း၊ ရုပ်နာမ်တို့၌လည်းကောင်း အမေးပုစ္ဆာပြဿနာကို မေးတော်မူ၏။ ကျမ်းဂန်တတ်ရဟန်းသည် အလုံးစုံကို ဖြေဆိုနိုင်၏။ ထိုအခါ ထိုရဟန်းကို သောတာပတ္တိမဂ်၌ အမေးပုစ္ဆာ ပြဿနာကို မေးတော်မူလေ၏။ ထိုရဟန်းသည် ဖြေဆိုခြင်းငှါ မတတ်နိုင်လေပြီ။ ထို့နောက်မှ ရဟန္တာမထေရ်ကို မေးတော်မူ၏။ ရဟန္တာမထေရ်သည် ဖြေဆို၏။ မြတ်စွာဘုရားသည် “သာဓု သာဓု ကောင်းလှပေ၏၊ ကောင်းလှပေ၏ ချစ်သားရဟန်း”ဟု ကောင်းချီးပေးခြင်းအားဖြင့် အလွန်နှစ်သက်တော်မူ၍ ကြွင်းသောမဂ်တို့၌လည်း အစဉ်အတိုင်းအားဖြင့် အမေးပုစ္ဆာပြဿနာကို မေးတော်မူလေ၏။ ကျမ်းဂန်တတ် ရဟန်းသည် တစ်စုံတစ်ခုကိုမျှသော်လည်း ဖြေဆိုခြင်းငှါ မတတ်နိုင်လေပြီ။ ရဟန္တာဖြစ်သော မထေရ်သည်ကား မေးတိုင်း မေးတိုင်းသော အမေးပုစ္ဆာပြဿနာကို ဖြေဆိုလေ၏။ မြတ်စွာဘုရားသည် လေးပါးကုန်သော မဂ်အရာဌာနတို့၌လည်း ထိုရဟန္တာမထေရ်အား ကောင်းချီးကို ပေးတော်မူ၏။ ထိုသို့ ကောင်းချီးပေးသံကိုကြားလျှင် ဘုမ္မစိုးနတ်တို့ကို အစပြု၍ ဗြဟ္မာပြည်တိုင်အောင် နေကုန်သော အလုံးစုံသော နတ်ဗြဟ္မာတို့သည်လည်းကောင်း၊ နဂါး, ဂဠုန်တို့သည်လည်းကောင်း ကောင်းချီးသံကို အဆင့်ဆင့် ပေးကြလေကုန်၏။

ထိုသို့ ကောင်းချီးပေးသည်ကိုကြား၍ ကျမ်းဂန်တတ် မထေရ်၏ အတွင်းနေ တပည့်တို့သည်လည်းကောင်း၊ အတူနေ တပည့်တို့သည်လည်းကောင်း မြတ်စွာဘုရားကို ကဲ့ရဲ့ရှုတ်ချကြကုန်၏။ “မြတ်စွာဘုရားပြုသော ဤအမှုသည်ကား အဘယ်ပါနည်း၊ တစ်စုံတစ်ခုကိုမျှ မသိသော သက်ကြီးရွယ်ရင့်ဖြစ်သော မထေရ်အိုကြီးအား လေးပါးကုန်သော မဂ်အရာဌာနတို့၌ ကောင်းချီးကို ပေးတော်မူလေသည်။ အလုံးစုံ ပရိယတ်ကို ဆောင်တော်မူသော ရဟန်းငါးရာတို့၏ အကြီးအမှူးဖြစ်သော ငါတို့၏ဆရာ မထေရ်ကိုမူကား ချီးမွမ်းခြင်း အမှုကိုမျှသော်လည်းမပြု”ဟု ကဲ့ရဲ့ရှုတ်ချကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုရဟန်းတို့ကို “ချစ်သား ရဟန်းတို့- အဘယ်သို့သော စကားကို ပြောဆိုကြကုန်သနည်း”ဟု မေးတော်မူ၍ ထိုအကြောင်းကို လျှောက်ကြားအပ်သည်ရှိသော် “ချစ်သား ရဟန်းတို့- သင်တို့၏ဆရာသည် ငါဘုရား သာသနာတော်၌ အဖိုးအခတို့ဖြင့် နွားတို့ကို စောင့်ရှောက် ထိန်းကျောင်းရသောသူနှင့် တူ၏။ ငါ၏ သားတော်သည်ကား အလိုရှိတိုင်း နွားနို့အရသာငါးပါးတို့ကို သုံးဆောင်စားသောက်ရသော နွားရှင်နှင့်တူ၏”ဟု မိန့်တော်မူ၍ ဤဂါထာတို့ကို ဟောတော်မူလေ၏။

နွားကျောင်းသားနှင့် နွားရှင်ပမာ

[၁၉] ဗဟုမ္ပိ စေ သံဟိတံ ဘာသမာနော၊
န တက္ကရော ဟောတိ နရော ပမတ္တော။
ဂေါပေါဝ ဂါဝေါ ဂဏယံ ပရေသံ။
န ဘာဂဝါ သာမညဿ ဟောတိ။
[၂၀] အပ္ပမ္ပိ စေ သံဟိတံ ဘာသမာနော၊
ဓမ္မဿ ဟောတိ အနုဓမ္မစာရီ။
ရာဂဉ္စ ဒေါသဉ္စ ပဟာယ မောဟံ၊
သမ္မပ္ပဇာနော သုဝိမုတ္တစိတ္တော။
အနုပါဒိယာနော ဣဓ ဝါ ဟုရံ ဝါ၊
သ ဘာဂဝါ သာမညဿ ဟောတိ။

ယော နရော၊ အကြင်သူသည်။ သံဟိတံ၊ အစီးအပွားရှိသော ပိဋကတ်သုံးပုံတည်းဟူသော ဘုရားစကားတော်ကို။ ဗဟုံ၊ အကြိမ်များစွာ။ ဘာသမာနောပိ၊ သင်ကြားပို့ချ ပြသပြောဟောငြားသော်လည်း။ ပမတ္တော၊ သတိမေ့လျော့ ပေါ့တန်သည်ဖြစ်၍။ တက္ကရော၊ ပြုသင့်ပြုထိုက်သော ကမ္မဋ္ဌာန်းကို နှလုံးသွင်းကာ ထိုအမှုကို ပြုသည်။ စေ န ဟောတိ၊ အကယ်၍ မဖြစ်ခဲ့ငြားအံ့။ ဧဝံသတိ၊ ဤသို့ ဖြစ်သည်ရှိသော်။ သော နရော၊ ထိုသူသည်။ ဂေါပေါ၊ နံနက်ယူကျောင်း ညဉ့်စောင်းပြန်ပို့ နေဖို့ခစား နွားကျောင်းသားသည်။ ဂါဝေါ၊ ကျောင်းအပ်သမျှ နွားတို့ကို။ ဂဏယံ-ဂဏယန္တော၊ စေ့ငှအောင် ရေတွက်လျက်။ ပရေသံ၊ နွားရှင်ဖြစ်ငြား သူတစ်ပါးတို့အား။ နိယျာဒေတိ ဣဝ၊ နို့ကား လိုတိုင်း မစားရ ဆောင်နှင်းလိုက်ရသကဲ့သို့။ ပရေသံ၊ ကျင့်ကြလိုချင် သူတော်စင်တို့အား။ နိယျာဒေတိ၊ ဆောင်နှင်းလိုက်ရသည်မည်၏။ သော နရော၊ ထိုအကျင့်ခေါင်းပါး အဟောများသော သူသည်။ သာမညဿ၊ ရဟန်းပြုခြင်း၏ အကျိုးဟု ဆိုအပ်သော မဂ်ဖိုလ်၏။ ဘာဂဝါ၊ အဖို့ရှိသည်။ န ဟောတိ၊ မဖြစ်။

ယော နရော၊ အကြင်သူသည်။ သံဟိတံ၊ အစီးအပွားရှိသော ပိဋကတ်သုံးပုံတည်းဟူသော ဘုရားစကားတော်ကို။ အပ္ပံ၊ အနည်းငယ်မျှ။ ဘာသမာနောပိ၊ သင်ကြားပို့ချ ပြသပြောဟောငြားသော်လည်း။ ဓမ္မဿ၊ လောကုတ္တရာ တရားတော်အား။ အနုဓမ္မစာရီ၊ လျော်သော စတုပါရိသုဒ္ဓိသီလ, ဓုတင်, အသုဘကမ္မဋ္ဌာန်း စသော တရားကိုကျင့်သည်။ စေ ဟောတိ၊ အကယ်၍ ဖြစ်ခဲ့ငြားအံ့။ ဧဝံသတိ၊ ဤသို့ဖြစ်သည်ရှိသော်။ သော နရော၊ ထိုသူသည်။ ရာဂဉ္စ၊ ရာဂကိုလည်းကောင်း။ ဒေါသဉ္စ၊ ဒေါသကိုလည်းကောင်း။ မောဟဉ္စ၊ မောဟကိုလည်းကောင်း။ ပဟာယ၊ ပယ်စွန့်၍။ သမ္မပ္ပဇာနော၊ ကောင်းစွာ အပြားအားဖြင့် သိသည်ဖြစ်၍။ သုဝိမုတ္တစိတ္တော၊ တဒင်္ဂ, ဝိက္ခမ္ဘန, သမုစ္ဆေဒ, ပဋိပ္ပဿဒ္ဓိ, နိဿရဏဝိမုတ္တိဖြင့် ကောင်းစွာလွတ်သော စိတ်ရှိသည်ဖြစ်၍။ ဣဓ ဝါ၊ ပစ္စုပ္ပန်လောက ဤဘဝ၌လည်းကောင်း။ ဟုရံ ဝါ၊ တမလွန်လောက နောင်ဘဝ၌လည်းကောင်း။ အနုပါဒိယာနော၊ လေးပါးသော ဥပါဒါန်တို့ဖြင့် စွဲလမ်းခြင်းမရှိသော ရဟန္တာအရှင်မြတ်သည်။ ဟုတွာ၊ ဖြစ်၍။ သာမညဿ၊ ရဟန်းပြုခြင်း၏ အကျိုးဟု ဆိုအပ်သော မဂ်ဖိုလ်၏။ ဘာဂဝါ၊ အဖို့ရှိသည်။ ဟောတိ၊ ဖြစ်၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

အဆွေခင်ပွန်း ရဟန်းနှစ်ပါးဝတ္ထု ပြီး၏။