3951ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး၁၃။ သုမနာဒေဝီဝတ္ထု (ဂါထာတော်သို့)အရှင်ဓမ္မဿာမီဘိဝံသ

ယမကဝဂ်

၁၃။ သုမနေဒေဝီ သူဌေးသမီးဝတ္ထု

ဣဓ နန္ဒတိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် သုမနဒေဝီကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ဝိသာခါ,အနာထပိဏ်တို့သည် ချစ်လှစွာသော သားမြေးတို့ကိုသာ ကုသိုလ်ရေး၌ ကိုယ်စားထားကြခြင်း

သာဝတ္ထိပြည်၌ အနာထပိဏ် သူဌေးကြီး၏နေအိမ်၌ နေ့တိုင်း,နေ့တိုင်း ရဟန်းနှစ်ထောင်တို့သည် ဆွမ်းဘုဉ်းပေးတော်မူကြကုန်၏။ ဝိသာခါ ဒါယိကာမကြီး၏ နေအိမ်၌လည်း ထို့အတူ ရဟန်းနှစ်ထောင်တို့သည် ဆွမ်းဘုဉ်းပေးတော်မူကြကုန်၏။ သာဝတ္ထိပြည်၌ အကြင် အကြင်သို့သော သူသည် အလှူဒါနကို ပေးလှူခြင်းငှါ အလိုရှိ၏။ ထိုထိုသို့သောသူသည် ထိုနှစ်ဦးကုန်သော အနာထပိဏ်, ဝိသာခါတို့ထံမှ အခွင့်ကိုရမှသာလျှင် အလှူဒါနကို ပြုရလေ၏။ အဘယ့်ကြောင့်နည်းဟူမူကား “သင်တို့၏ အလှူလှူရာအရပ်သို့ အနာထပိဏ်သူဌေးကြီးသည်လည်းကောင်း၊ ဝိသာခါ ဒါယိကာမကြီးသည်လည်းကောင်း လာရောက်ပါ၏လော”ဟု မေးသောအခါ “မလာမရောက်”ဟု ဆိုသည်ရှိသော် “တစ်သိန်းသော အသပြာကို အကုန်ခံ၍ လှူသော်လည်း ဤအလှူဒါနမည်သည် အဘယ်သို့သော အလှူဒါနပေနည်း”ဟု ကဲ့ရဲ့ရှုတ်ချကြကုန်၏။ နှစ်ယောက်ကုန်သော ထိုအနာထပိဏ်, ဝိသာခါတို့သည်ကား ရဟန်းသံဃာတော်မြတ် အပေါင်း၏ အလိုကိုလည်းကောင်း၊ လျောက်ပတ်သော အမှုတို့ကိုလည်းကောင်း အလွန်လျှင် သိတတ်ကြကုန်၏။ ထိုအနာထပိဏ်, ဝိသာခါတို့သည် ကြည့်ရှုစီရင်ကုန်သည်ရှိသော် ရဟန်းတို့သည် စိတ်တိုင်းကျကျ ဘုဉ်းပေးသုံးဆောင်တော်မူကြကုန်၏။ ထို့ကြောင့် အလုံးစုံကုန်သောသူတို့သည် အလှူဒါနကို ပေးလှူလိုကုန်သည်ရှိသော် ထိုအနာထပိဏ်, ဝိသာခါတို့ကို ဖိတ်ခေါ်၍သာလျှင် သွားကြလေကုန်၏။ ဤသို့လျှင် ထိုအနာထပိဏ်, ဝိသာခါတို့သည် မိမိတို့နေအိမ်၌ ရဟန်းတော်တို့ကို ကိုယ်တိုင် ဆွမ်းလုပ်ကျွေးခြင်းငှါ အခွင့်မရကြလေကုန်။

ထိုသို့ အခွင့်မရခြင်းကြောင့် ဝိသာခါ ဒါယိကာမကြီးသည် “အဘယ်သူသည် ငါ့အရာ၌တည်၍ ရဟန်းသံဃာတော်ကို ဆွမ်းလုပ်ကျွေးနိုင်ပါအံ့နည်း”ဟု စူးစမ်းဆင်ခြင်သည်ရှိသော် သား၏သမီးဖြစ်သော မြေးမကိုမြင်၍ ထိုမြေးမကိုပင် မိမိ၏အရာ၌ ထားလေ၏။ ထိုမြေးမသည် အဘွားဖြစ်သော ဝိသာခါ ဒါယိကာမကြီး၏နေအိမ်၌ ရဟန်းသံဃာတော်အပေါင်းကို ဆွမ်းလုပ်ကျွေးရလေ၏။ အနာထပိဏ်သူဌေးကြီးသည်လည်း မဟာသုဘဒ္ဒါမည်သော မိမိ၏ သမီးအကြီးကို ထားလေ၏။ ထိုမဟာသုဘဒ္ဒါသည် ရဟန်းတော်တို့၏ အမှုကိစ္စဟူသမျှကို ဆောင်ရွက်ပြုစုလျက် တရားတော်ကိုနာရသဖြင့် သောတာပန်ဖြစ်၍ ခင်ပွန်းသည်ယောက်ျား အမျိုးသား၏အိမ်သို့ လိုက်ပါသွားရလေ၏။ ထို့နောက် စူဠသုဘဒ္ဒါမည်သောသမီးကို ထားပြန်၏။ ထိုစူဠသုဘဒ္ဒါသည်လည်း ထိုအစ်မနည်းတူသာလျှင် ပြုစုလျက် သောတာပန်ဖြစ်၍ ခင်ပွန်းသည် ယောက်ျား၏အိမ်သို့ လိုက်ပါသွားရပြန်လေ၏။ ထိုအခါ သုမနဒေဝီ အမည်ရှိသော သမီးအငယ်ကို ထားရပြန်လေသတည်း။

ကိုယ်စားသမီးဖြစ်ပါလျက် ယောင်ယမ်းကာ သေရသည်ဟု ဘုရားအား ဝမ်းနည်းစွာ လျှောက်ထားခြင်း

ထိုသုမနဒေဝီသည်ကား သကဒါဂါမိဖိုလ်သို့ ရောက်ပြီး၍ သတို့သမီးပျို၏ အဖြစ်ဖြင့်သာလျှင် ထိုသို့သဘောရှိသော မချမ်းသာသောအနာ ပြင်းစွာနှိပ်စက်အပ်သဖြင့် အစားဖြတ်ခြင်းကိုပြုပြီးလျှင် ဖခင်ကို တွေ့မြင်လိုသောကြောင့် အခေါ်စေလိုက်လေ၏။ ထိုအနာထပိဏ် သူဌေးကြီးသည် တစ်ခုသော အလှူမဏ္ဍပ်ရုံ၌ သမီး၏မှာလိုက်သော သတင်းစကားကို ကြားသိရသည်ဖြစ်၍ ချက်ချင်းပြန်လာပြီးလျှင် “ချစ်သမီး သုမန- အဘယ်သို့ဖြစ်သနည်း”ဟု မေးလေ၏။ သုမနဒေဝီသည်လည်း အနာထပိဏ်သူဌေးကို “ငါ့မောင်ကလေး- အဘယ်နည်း”ဟု ပြန်ပြောလေ၏။ “ချစ်သမီး- ယောင်ယမ်း မြည်တမ်းသလော”ဟု မေးပြန်သည်ရှိသော် „ငါ့မောင်ကလေး- အစ်မကြီး မယောင်ယမ်း မမြည်တမ်းပါ”ဟု ပြန်ပြောလေ၏။ “ချစ်သမီး- ကြောက်သလော”ဟု မေးပြန်သည်ရှိသော် “ငါ့မောင်ကလေး- အစ်မကြီး မကြောက်ပါ”ဟု ဤမျှလောက်သော စကားကို ပြောဆို၍သာလျှင် ထိုသုမနဒေဝီ သတို့သမီးသည် စုတေ မနေ ကွယ်လွန်ရှာလေ၏။

အနာထပိဏ်သူဌေးသည် သောတာပန်ပုဂ္ဂိုလ်ဖြစ်သော်လည်း သမီးကိုစွဲ၍ဖြစ်သော စိုးရိမ်ခြင်းကို သည်းခံခြင်းငှာ မတတ်နိုင်သည်ဖြစ်ရကား အလောင်းကောင် သင်္ဂြိုဟ်ခြင်းအမှုကို ပြုပြီးလျှင် ငိုကြွေးလျက် ဘုရားအထံသို့ သွားရောက်သဖြင့် မြတ်စွာဘုရားသည် “သူဌေးကြီး- အဘယ့်ကြောင့် နှလုံးဆင်းရဲခြင်း ရှိသည်ဖြစ်၍ မျက်ရည်နှင့်မျက်ခွက် ငိုကြွေးလျက် လာခဲ့ရသနည်း”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား တပည့်တော်၏ သမီးငယ်ဖြစ်သော သုမနဒေဝီသည် ကွယ်လွန်ပါလေပြီဘုရား”ဟု လျှောက်ကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “အဘယ့်ကြောင့် ငိုကြွေးဘိသနည်း၊ အလုံးစုံသောသူတို့အား သေခြင်းသဘောသည် မလွဲဧကန် အမှန်ဖြစ်သည် မဟုတ်တုံလော”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- အလုံးစုံသောသူတို့အား သေခြင်းသဘော ဧကန်ဖြစ်သည်ကို တပည့်တော် သိပါ၏၊ ဤသို့ သဘောရှိသော တပည့်တော်၏သမီးသည် အရှက်အကြောက်နှင့် ပြည့်စုံပါလျက် သေခါနီးအခါ၌ သတိကို မြဲမြံခိုင်ခံ့စွာ တည်စေခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ ယောင်ယမ်းမြည်တမ်းကာ ကွယ်လွန်ရပါသည်။ ထို့ကြောင့် အတိုင်းမသိ များစွာသော နှလုံးမသက်သာခြင်းသည် တပည့်တော်အား ဖြစ်ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

ဖခင်ထက် သမီး ဂုဏ်သိက္ခာကြီးခြင်း၊ တုသိတာနတ်ပြည်၌ ဖြစ်ခြင်းတို့ကို ဟောကြားခြင်း

“သူဌေးကြီး- သင်၏သမီးသည် အဘယ်သို့သောစကားကို ဆိုသွားလေသနည်း”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား၊ တပည့်တော်သည် ထိုသမီးကို “ချစ်သမီး သုမန”ဟု ရှေးဦးစွာ ခေါ်လိုက်ပါသည်။ ထိုအခါ တပည့်တော်ကို “ငါ့မောင်ကလေး အဘယ်နည်း”ဟု စကားတုံ့ပြန်ပါသည်။ ထို့နောက် “ချစ်သမီး ယောင်ယမ်း မြည်တမ်းသလော”ဟု မေးပြန်သည်ရှိသော် “ငါ့မောင်ကလေး အစ်မကြီး မယောင်ယမ်း မမြည်တမ်းပါ”ဟု ပြန်ပြောပါသည်။ “ချစ်သမီး ကြောက်သလော”ဟု မေးပြန်သည်ရှိသော် “ငါ့မောင်ကလေး အစ်မကြီး မကြောက်ပါ”ဟု ဤမျှလောက်သောစကားကို ပြောဆို၍သာလျှင် စုတေပျက်ပြား ကွယ်လွန်သွားခဲ့ပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။

ထိုအခါ အနာထပိဏ်သူဌေးကြီးကို မြတ်စွာဘုရားသည် „သူဌေးကြီး- သင်၏သမီးသည် ယောင်ယမ်းမြည်တမ်းသည် မဟုတ်”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- ထိုသို့ မယောင်ယမ်းမမြည်တမ်းပါလျှင် အဘယ့်ကြောင့် ဤသို့ “ငါ့မောင်ကလေး”ဟု ခေါ်ဝေါ်ပြောဆိုပါသနည်း”ဟု မေးလျှောက်လေ၏။ “သူဌေးကြီး- သင်၏ ငယ်ခြင်းကြောင့်သာလျှင် ဤသို့ ငါ့မောင်ကလေးဟု ခေါ်ဝေါ်ပြောဆိုလေ၏။ ထိုစကားသည် မှန်၏။ သူဌေးကြီး- သင်၏သမီးသည် မဂ်ဖိုလ်တို့ဖြင့် အသင်သူဌေးကြီးထက် ကြီးပေသည်၊ သင်သည်ကား သောတာပန်ပုဂ္ဂိုလ်သာတည်း၊ သင်၏သမီးသည်ကား သကဒါဂါမ် ပုဂ္ဂိုလ်တည်း၊ ထိုသင်၏သမီးသည် မဂ်ဖိုလ်တို့ဖြင့် အသင့်ထက်ကြီးသည့်အဖြစ်ကြောင့် သင့်ကို ဤသို့ “ငါ့မောင်ကလေး”ဟု ခေါ်ဝေါ်ပြောဆိုလေသည်”ဟူ၍ မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- ဤအတိုင်းပင် ဟုတ်မှန်ပါသလားဘုရား”ဟု လျှောက်ကြားပြန်လေ၏။ “သူဌေးကြီး- ဤအတိုင်းပင် ဟုတ်မှန်ပေ၏”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- ယခု အဘယ်ဘုံ၌ ဖြစ်ပါသနည်း”ဟု မေးလျှောက်၏။ “တုသိတာနတ်ဘုံ၌ ဖြစ်လေပြီ”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- တပည့်တော်၏သမီးသည် ဤလူ့ပြည်၌ ဆွေမျိုးတို့၏အလယ်၌ နှစ်သက်ဝမ်းမြောက်စွာ လှည့်လည်ပြီး၍ ဤပစ္စုပ္ပန်ဘဝမှ ပြောင်းသွားရပါသော်လည်း နှစ်သက်ဝမ်းမြောက်ရာ အရပ်၌ပင် ဖြစ်ပါပေသည်ဘုရား”ဟုလျှောက်ကြားလေ၏။ ထိုအခါ မြတ်စွာဘုရားသည် “သူဌေးကြီး- ရဟန်းဖြစ်စေ၊ လူဖြစ်စေ မမေ့မလျော့သော သူတို့မည်သည် ဤဘဝ၌လည်းကောင်း၊ တမလွန်ဘဝ၌လည်းကောင်း နှစ်သက် ဝမ်းမြောက်ကြရကုန်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူလေ၏။

ကုသိုလ်ကောင်းမှု၏ သဘာဝ

[၁၈] ဣဓ နန္ဒတိ ပေစ္စ နန္ဒတိ၊
ကတပုညော ဥဘယတ္ထ နန္ဒတိ။
ပုညံ မေ ကတန္တိ နန္ဒတိ၊
ဘိယျော နန္ဒတိ သုဂတိံ ဂတော။

ကတပုညော၊ ပြုအပ်ပြီးသော ကုသိုလ်ကောင်းမှုရှိသောသူသည်။ ဣဓ၊ ဤပစ္စုပ္ပန် လောက၌လည်း။ နန္ဒတိ၊ နှစ်သက် ဝမ်းမြောက်ရ၏။ ပေစ္စ၊ တမလွန်လောက၌လည်း။ နန္ဒတိ၊ နှစ်သက်ဝမ်းမြောက်ရ၏။ ဥဘယတ္ထ၊ ပစ္စုပ္ပန် တမလွန် နှစ်တန်သော လောက၌။ နန္ဒတိ၊ နှစ်သက် ဝမ်းမြောက်ရ၏။ မေ၊ ငါသည်။ ပုညံ၊ ကောင်းမှုကို။ ကတန္တိ၊ ပြုအပ်ပြီ ဟူ၍။ နန္ဒတိ၊ နှစ်သက် ဝမ်းမြောက်ရ၏။ သုဂတိံ၊ သုဂတိ ဘဝသို့။ ဂတော၊ ရောက်သည်ဖြစ်၍။ ဘိယျော၊ လွန်စွာ။ နန္ဒတိ၊ နှစ်သက် ဝမ်းမြောက်ရ၏။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပန် စသည်တို့ ဖြစ်ကြကုန်၏။ လူများအပေါင်းအား အကျိုးရှိသော တရားဒေသနာ ဖြစ်တော်မူလေ၏။

သုမနဒေဝီ သူဌေးသမီးဝတ္ထု ပြီး၏။