ပဏ္ဍိတဝဂ်

၁၀။ ဓမ္မဿဝနဝတ္ထု

အပ္ပကာ တေ မနုဿေသု အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် တရားနာခြင်းကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မရိုမသေ တရားနာကြခြင်း

သာဝတ္ထိပြည်ကြီးဝယ် တစ်ခုသောလမ်းခရီး၌ နေကြကုန်သော လူတို့သည် အညီအညွတ်ဖြစ်၍ အပေါင်းအစုဖွဲ့ သဖြင့် အလှူဒါနကို ပေးလှူပြီးလျှင် ညဉ့်သုံးယံပတ်လုံး တရားနာခြင်းကို ပြုကြကုန်သတတ်။ ညဉ့်သုံးယံလုံး တရားဟောသော်လည်း နာကြားခြင်းငှာ မတတ်နိုင်ကြကုန်ရကား အချို့သောသူတို့သည် ကာမဂုဏ်၌ မွေ့လျော်ခြင်းကို မှီကုန်သည်ဖြစ်၍ တစ်ဖန် အိမ်သို့သာလျှင် ပြန်သွားကြကုန်၏။ အချို့သောသူတို့သည် ဒေါသကို မှီကုန်သည်ဖြစ်၍၊ အချို့သောသူတို့သည် မာနကို မှီကုန်သည်ဖြစ်၍ အိမ်သို့ပြန်သွားကြကုန်၏။ အချို့သောသူတို့သည် ငိုက်မျဉ်းခြင်းနှင့် ပေါင်းမိကုန်သည်ဖြစ်၍ ထိုအရပ်၌ပင် ထိုင်ကုန်လျက် မှိတ်တုပ်မှိတ်တုပ်လှုပ်သော မျက်စိရှိကုန်သည်ဖြစ်၍ ငိုက်မျဉ်းကုန်၍ တရားနာခြင်းငှာ မတတ်နိုင်ကြကုန်၊ တစ်ဖန် မိုးသောက်သောနေ့၌ ရဟန်းတို့သည် ထိုအကြောင်းကို သိကြလျှင် တရားသဘင်၌ စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည်လည်း ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးနေထိုင်ကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးနေထိုင်ကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ဤသတ္တဝါတို့ မည်သည်ကား များသောအားဖြင့် ဖြစ်ရာဘဝကို မှီကြကုန်သည်ဖြစ်၍ ဘဝတို့၌သာလျှင် ငြိကပ်ကုန်လျက် နေကြကုန်၏။ နိဗ္ဗာန်ဟူသော တစ်ဘက်ကမ်းသို့ရောက်သော သတ္တဝါတို့မည်သည်ကား နည်းပါးလှကုန်၏”ဟု အနုသန္ဓေစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာအပေါင်းကိုဟောကြားတော်မူလေ၏။

ဒေသနာတော်

[၈၅] အပ္ပကာ တေ မနုဿေသု၊ ယေ ဇနာ ပါရဂါမိနော။
အထာယံ ဣတရာ ပဇာ၊ တီရမေဝါနုဓာဝတိ။
[၈၆] ယေ စ ခေါ သမ္မဒက္ခာတေ၊ ဓမ္မေ ဓမ္မာနုဝတ္တိနော။
တေ ဇနာ ပါရမေဿန္တိ၊ မစ္စုဓေယျံ သုဒုတ္တရံ။

မနုဿေသု၊ လူတို့တွင်။ ယေ ဇနာ၊ အကြင်လူတို့သည်။ ပါရာဂါမိနော၊ နိဗ္ဗာန်ဟူသော ကမ်းတစ်ဘက်သို့သာ ရောက်နိုင်ကြကုန်၏။ တေ ဇနာ၊ ထိုလူတို့သည်။ အပ္ပကာ၊ နည်းပါးလှကုန်၏။ ဣတရာ၊ နိဗ္ဗာန်သို့ သွားရောက်နိုင်ကြကုန်သောသူမှ တစ်ပါးသော။ အယံ ပဇာ၊ ဤသတ္တဝါအပေါင်းသည်။ တီရမေဝ၊ သက္ကာယဒိဋ္ဌိတည်းဟူသော ဤမှာဘက်သို့သာလျှင်။ အနုဓာဝတိ၊ အစဉ်ပြေးဝင်လေ၏။

ယေ စ ဇနာ၊ အကြင်သူတို့သည်ကား။ သမ္မဒက္ခာတေ၊ ကောင်းစွာဟောကြားအပ်သော။ ဓမ္မေ၊ တရားတော်၌။ ခေါ၊ စင်စစ်။ ဓမ္မာနုဝတ္တိနော၊ လောကုတ္တရာတရား ကိုးပါးနှင့်လျော်သော တရားတော်ကို မှတ်သားကြားနာ အတုလိုက်ကာ ကျင့်ကြကုန်၏။ တေ ဇနာ၊ ထိုလူတို့သည်။ သုဒုတ္တရံ၊ အလွန်ကူးမြောက်နိုင်ခဲသော။ မစ္စုဓေယျံ၊ ကိလေသာလျှံ မစ္စုမာရ်၏ နေရာဖြစ်သော တေဘူမက ဝဋ်ဘဝကို။ တရိတွာ၊ လွန်မြောက်ကူးခတ်၍။ ပါရံ၊ နိဗ္ဗာန် ဟူသော ကမ်းတစ်ဘက်သို့။ ဧဿန္တိ၊ ရောက်နိုင်ကြကုန်လတ္တံ့။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ဓမ္မဿဝနဝတ္ထုပြီး၏။