နာရဒဇာတ်တော်ကြီး/အခန်း-၀၁
ရှေးလွန်လေပြီးသောအခါ ဝိဒေဟရာဇ်တိုင်း မိထိလာပြည်၌ “အင်္ဂတိ”အမည်ရှိသောမင်းသည် မင်းပြု၏။ ထိုမင်းကား မင်းကျင့်တရား ၁၀-ပါးနှင့် ပြည့်စုံ၏။ တရားကိုလည်း စောင့်၏။
ထိုမင်း၏သမီးတော်ကား “ရုဇာ” အမည်ရှိ၏။ အလွန်အဆင်းလှ၏။ ရှုဖွယ်တင့်တယ် ကြည်ညိုဖွယ်သဏ္ဌာန် ကြန်အင်လက္ခဏာလည်း ရှိ၏။ ကမ္ဘာ ၁-သိန်း ကာလပတ်လုံး တောင်းအပ်ပန်အပ်သော ဆုအထူးနှင့်လည်း ပြည့်စုံ၏။ ဘုန်းပညာ လက္ခဏာနှင့်လည်း ပြည့်စုံ၏။ တောင်ညာနန်းမ အဂ္ဂမဟေသီ မိဖုရားကြီး၏ သမီးပေတည်း။
၁-သောင်း ၆-ထောင်သော မိဖုရားငယ်, မောင်းမတို့၌ သားသမီး တစ်ယောက်မျှ မရှိ။ အမြုံမနှင်နှင်ချည်းတည်း။ အင်္ဂတိမင်းကြီးသည် သမီးတော်တစ်ယောက်တည်းသာ ရှိ၍လည်းကောင်း ဘုန်းပညာ လက္ခဏာနှင့်တကွ ချစ်နှစ်လိုဖွယ် ရှိသည်ဖြစ်၍လည်းကောင်း ထိုသမီးတော် ရုဇာမင်းသမီးအား အထိန်းနှင့်တကွ သူငယ်ဖော် မှူးမတ်သမီး ၅၀၀-တို့ဖြင့် ခြံရံခစားစေလျက် ဘုံ၇-ဆင့်ရှိသော ပြာသာဒ်ထက်၌ နေစေ၏။ သဇင်, စံကား, ချရား အစရှိသော အထူးထူးသော ပန်းတို့ဖြင့်ပြည့်သော ရွှေတံဆံကျင် ၂၅-ခုတို့ကိုလည်းကောင်း, အဖိုး အတိုင်းမသိထိုက်သော သိမ်မွေ့နူးညံ့လှစွာသော အဝတ်တန်ဆာတို့ကိုလည်းကောင်း ဝတ်ဆင်စိမ့်သောငှာ နေ့တိုင်းနေ့တိုင်း ပေးတော်မူ၏။ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို ပေးခြင်း၌ကား အတိုင်းအရှည်မသိ။ လခွဲတစ်ကြိမ် အလှူပေးစိမ့်သောငှာ ဥစ္စာ ၁၀၀၀-ကိုလည်း ပေးတော်မူ၏။ ဤကား မင်းသမီး၌ ပြုမြဲသောဝတ်တည်း။