နာရဒဇာတ်တော်ကြီး/အခန်း-၀၂
ထိုမင်း၌ အမှုကြီးငယ်ကို စီရင်ဆုံးဖြတ်တတ်သော အမတ်ကား ဝိဇယမည်သော အမတ်, သုနာမမည်သော အမတ်, အလာတမည်သော အမတ်၊ ဤ၃-ယောက်တို့သည် အမှုကြီးငယ်ကို စီရင်ဆုံးဖြတ်တတ်သော အမတ်တို့တည်း။
တစ်ရံရောအခါ မိုး၄-လ အဆုံးဖြစ်သော တန်ဆောင်မုန်းလပြည့်နေ့ ကြတ္တိကာနက္ခတ်သဘင် ဖြစ်လက်သော်၊ နတ်ပြည်ကဲ့သို့ မိထိလာပြည်ကိုလည်းကောင်း, နန်းတော်ကိုလည်းကောင်း တန်ဆာဆင်၍ မင်းကြီးသည် ဦးခေါင်းဆေးလျှော်ပြီးလျှင် နံ့သာလိမ်းပြီး၍၊ ခပ်သိမ်းသော မင်း၏တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် ညစာထမင်း စားတော်ခေါ်ပြီးလျှင် ခြင်္သေ့ခံသော လေသာနန်းတံခါးသို့ ဖွင့်လျက် ပြာသာဒ်ထက်၌ အမတ်ပေါင်းခြံရံလျက် ပျော်စံတော်မူ၏။
ထိုသို့ စံပျော်စဉ် ဖြူသောရောင်ခြည်ဖြင့် ထွန်းတောက်ပသော လပြည့်ဝန်းကို မင်းကြီး မြင်တော်မူ၍ “အချင်းအမတ်တို့။ အမိုက်အပေါင်းကိုဖျောက်၍ အလင်းကိုဆောင်လျက် အရှေ့မျက်နှာမှတက်၍ ထွန်းပသော လပြည့်ဝန်းလည်းရှိသော ယခုညဉ့်သည်ကား အလွန်မွေ့လျော်ဖွယ် ရှိ၏။ အဘယ်မည်သော မွေ့လျော်ခြင်းဖြင့် ငါတို့ မွေ့လျော်ကြရကုန်အံ့နည်း။ သင်တို့နှစ်သက်ရာ လျှောက်ကုန်လော့”ဟုဆို၏။
အမတ်တို့လည်း အလိုရှိရာ လျှောက်အံ့သောငှာ အသီးအသီး ကြံကြကုန်၏။ ထိုအမတ်တို့တွင် စစ်သူကြီးဖြစ်သော အလာတအမတ်ကြီးသည် ဤသို့လျှောက်၏။
“အရှင်မင်းကြီး။ များစွာသော စစ်အင်္ဂါ ၄-ပါး မှူးမတ် ဗိုလ်ခြေ သူရဲသင်းပင်းတို့ကို စည်းဝေးစေ၍ စစ်ထိုးအံ့သောအစီအရင်ဖြင့် ထွက်တော်မူပါလော့။ အရှင်မင်းကြီး အလိုသို့မလိုက်သော လူတို့ကိုလည်းကောင်း မအောင်သေးသော ရန်သူတို့ကိုလည်းကောင်း အကျွန်ုပ်တို့ အောင်စေကုန်အံ့။ ဤသည်လျှင် အကျွန်ုပ်၏အလိုတည်း”ဟုလျှောက်၏။
အလာတအမတ်ကြီးစကားကို ကြားလျှင် သုနာမအမတ်ကြီးသည် ဤသို့လျှောက်၏။
“အရှင်မင်းကြီး အရှင်မင်းကြီး၏အလိုသို့ မလိုက်သောသူ မည်သည်လည်း မရှိ၊ ခပ်သိမ်းသော ရန်သူတို့သည်လည်း လက်နက်ကိုချ၍ ဝင်ကြလေကုန်ပြီ။ ယနေ့ကား မြတ်သော ဥပုသ်နေ့တည်း၊ စစ်ထိုးခြင်းကို အကျွန်ုပ် မနှစ်သက်။ ယခုညဉ့်၌ မြတ်သော ခဲဖွယ်, ဘောဇဉ် အဖျော် စသည်တို့ကိုသောက်စား၍ ကခြင်း,သီခြင်း အစရှိသော အထူးထူးသောကာမဂုဏ်တို့ဖြင့် မွေ့လျော်တော်မူလော့။ ဤကား အကျွန်ုပ်၏အလိုတည်း”ဟု လျှောက်၏။
သုနာမအမတ်ကြီးစကားကို ကြားလျှင် ဝိဇယအမတ်ကြီးကား ဤသို့လျှောက်၏။
“အရှင်မင်းကြီး။ ခပ်သိမ်းကုန်သော ကာမဂုဏ်တို့ဖြင့် နေ့တိုင်းနေ့တိုင်း စံပျော် မွေ့လျော်တော်မူရ၏။ ကာမဂုဏ်ကို ရခဲသည်မဟုတ်။ အထွတ်အမြတ်ဖြစ်တော်မူသော အရှင်မင်းကြီးတို့အား အလွန်ရလွယ်၏။ ကာမဂုဏ်၌ မွေ့လျော်သည်ကို အကျွန်ုပ် မနှစ်သက်။ အကြားအမြင် ဗဟုသုတနှင့် ပြည့်စုံသော ရဟန်း,ပုဏ္ဏားတို့ကို ဆည်းကပ်ရသော် ကောင်းအံ့။ အကျိုးစီးပွားကိုသိတတ်သော ရသေ့ရဟန်းတို့သည် အရှင်မင်းကြီး၏ယုံမှားခြင်းကို ပယ်ဖျောက်ပေလတ္တံ့”ဟု လျှောက်၏။
ဝိဇယအမတ်ကြီးစကားကို ကြားလျှင် အင်္ဂတိမင်းကြီးသည် “ဝိဇယအမတ်ကြီးလျှောက်သောစကားကို ငါ နှစ်သက်တော်မူ၏။ ဗဟုသုတနှင့်ပြည့်စုံသော ရဟန်း,ပုဏ္ဏားတို့သို့ ဆည်းကပ်ရသော် ကောင်း၏။ အကျိုးစီးပွားကို မြင်မြော်ကုန်သော ရသေ့ရဟန်းတို့သည် ငါတို့၏ယုံမှားခြင်းကို ဖျောက်ပေလတ္တံ့”ဟု ဆို၏။
ထိုသို့ မင်းကြီးဆိုလျှင် အလာတအမတ်ကြီးသည် ဤသို့လျှောက်ပြန်၏။
“အရှင်မင်းကြီး၊ ဗဟုသုတနှင့်ပြည့်စုံသော ရသေ့ရဟန်းတို့သို့ ဆည်းကပ်တော်မူလိုသော် မိဂဒါဝုန်တော၌ အဝတ်လည်းမဝတ်ထသော, ပညာရှိဟူ၍လည်း သမုတ်အပ်ထသော တက္ကတွန်းဆရာသည် ရှိ၏။ ဤတက္ကတွန်းဆရာကား အမျိုးအားဖြင့် ကဿပ အမျိုးတည်း။ အကြားအမြင်လည်း များ၏။ အဆန်းတကြယ် နာပျော်ဖွယ်သောစကားကိုလည်း ဆိုတတ်၏။ အခြွေအရွေကိုလည်း ဆောင်တတ်၏။ ထိုဆရာသို့လျှင် အကျွန်ုပ်တို့ ဆည်းကပ်ကုန်အံ့။ အကျွန်ုပ်တို့ ယုံမှားခြင်းကို ဖျောက်ပါလတ္တံ့”ဟုဆို၏။
မင်းကြီးသည်လည်း “အလာတအမတ်ကြီးသည် ညွှန်အပ်သောဆရာသို့ ဆည်းကပ်အံ့”ဟု ရထားထိန်းကို ခေါ်တော်မူ၍ “မြင်းရထားကို ဆောင်ချေ”ဟု စေတော်မူ၏။ မှူးမတ်တို့သည်လည်း အလုံးစုံသော အခင်းအကျင်းကို စီရင်ကြကုန်၏။ ရထားထိန်းသည် ဆင်စွယ်အတိပြီးသော ငွေလက်တင်တို့ဖြင့် ဆန်းကြယ်ပြေပြစ်လှစွာသော, လပြည့်ဝန်းနှင့်တူသော, ဖြူစင်လှစွာသောရထား၌ ကြာဖြူအဆင်းကဲ့သို့ ဖြူသောအဆင်းရှိသော ကြာညိုအဆင်းကဲ့သို့ ညိုသောခွာရှိသော သိန္ဓောအမျိုးဖြစ်သော မြင်း၄-စီးတို့ကို ရွှေစည်ပေါင်း စသည်တို့ဖြင့် ဆင်ယင်ပြီးသော် က,လတ်၍ ထီးဖြူနှင့်တကွ မင်းအား ဆက်ကပ်လေ၏။
ထီး, သားမြီးယပ်, ရထား, မြင်း အလုံးစုံ အဖြူချည်းဖြစ်၍ လဝန်းကဲ့သို့ အလွန်တင့်တယ်၏။ အလုံးစုံစီရင်ပြီးသော် အင်္ဂတိမင်းကြီးသည် မြင်းရထားစီးလျက်, မှူးမတ်ဗိုလ်ပါအပေါင်းတို့သည် မြင်းစီးလျက် ထက်ဝန်းကျင်ခြံရံ၍ ကဿပတက္ကတွန်းထံသို့ ဆည်းကပ်အံ့သောငှာ ထွက်ကုန်၏။
တက္ကတွန်း၏နေရာအနီးသို့ ရောက်လတ်သော် ယာဉ်မှသက်၍ ခြေဖြင့်သာလျှင် တက္ကတွန်း၏အထံသို့ ဆည်းကပ်ကုန်၏။ ပုဏ္ဏား, သူကြွယ်တို့လည်း မင်းပရိသတ်နှင့်အတူ လိုက်၍ ဆည်းကပ်ကြကုန်၏။
အင်္ဂတိမင်းကြီးသည် ကဿပတက္ကတွန်းထံသို့ ရောက်လျှင် တင့်အပ်သောမင်းနေရာ၌ နေပြီးသော် “အရှင်ကဿပ။ ခန့်ကျန်းတော်မူပါ၏လော၊ ပစ္စည်းမျှလောက်ပါ၏လော၊ ကိုယ်,စိတ် ချမ်းသာပါ၏လော။ မျက်စိ မသီမဝေ ပကတိရှိပါ၏လော”ဟု မင်းကြီး မေး၏။